← Chapters

အခန်း (၁၅၁)

Vol. 15 Ch. 151

အခန်း (၁၅၁)

Vol. 15 Ch. 151

နှစ်ရှည်လများ တရားထိုင်ကျင့်ကြံပြီးနောက် အလင်းရောင်များ စတင်ကျရောက်လာကာ မိုးသောက်အရုဏ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ယွင်ရှန်း သတိပြုမိလိုက်သည်။

ယနေ့သည် ဟွမ်ထိန်မုဆိုးအဖွဲ့အတွက် အဆင့် B မုဆိုးအဖွဲ့ အကဲဖြတ်ပွဲနှင့် ယှဉ်ပြိုင်ပွဲ ပထမအဆင့်ကို စတင်ရန် မုဆိုးသမဂ္ဂသို့ စောစောစီးစီး သွားရမည့်နေ့ ဖြစ်သည်။

ဤတိုက်ကြီးပေါ်ရှိ မုဆိုးများ အဆင့်တက်ခြင်းဆိုင်ရာ စည်းမျဉ်းများအရ တစ်ဦးချင်းဖြစ်စေအဖွဲ့လိုက်ဖြစ်စေ တူညီသောအဆင့်ရှိသော မုဆိုး သို့မဟုတ် အဖွဲ့ ၅ ဖွဲ့ကို စိန်ခေါ်ရမည်

ဖြစ်သည်။ ထို ၅ ပွဲယှဉ်ပြိုင်မှုတွင် အနည်းဆုံး ၃ ပွဲနိုင်သူ ဖြစ်ရမည်ဖြစ်ပြီး ထိုစိန်ခေါ်မှု အောင်မြင်ပြီးနောက်မှသာ အဆင့် B မုဆိုးအဖွဲ့တစ်ဖွဲ့နှင့် ထပ်မံယှဉ်ပြိုင်ကာ အကဲဖြတ်မှုကို အောင်မြင်အောင် လုပ်ဆောင်ရခြင်းဖြစ်သည်။

မုဆိုးသမဂ္ဂသည် အဆင့်တက်ရန် လျှောက်ထားသောအဖွဲ့ရှိ အဖွဲ့ဝင်အရေအတွက်အပေါ် မူတည်၍ စိန်ခေါ်ခံရမည့် အဖွဲ့များကို ရွေးချယ်ပေးလေ့ရှိသည်။

အဆင့် C အဖွဲ့များနှင့် ယှဉ်ပြိုင်ရမည့်အပေါ် ဟွမ်ထိန်အဖွဲ့သားများက သိပ်ပြီး အလေးမထားကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အင်အားမှာ မဟာကျိုးနိုင်ငံရှိ အဆင့် C မုဆိုးအဖွဲ့များထဲတွင် ထိပ်တန်း ၁၀ ဖွဲ့စာရင်းဝင် ဖြစ်နေသောကြောင့်ပင်။ သို့သော်လည်း မကြာသေးမီက ရောက်ရှိလာသော နိုင်ငံခြားမုဆိုးအဖွဲ့များကြောင့် လက်ဝှေ့ကွင်းအတွင်း အခြေအနေမှာ အတန်ငယ် မတည်မငြိမ် ဖြစ်နေသည်။

မဟာကျိုးနိုင်ငံမှ အခြားမုဆိုးအဖွဲ့အချို့လည်း အကဲဖြတ်ပွဲအတွက် ရောက်ရှိနေကြသည်။ သူတို့အားလုံးမှာ အချင်းချင်း ရင်းနှီးပြီးသားသူများဖြစ်သဖြင့် သမဂ္ဂအတွင်းသို့ ဝင်လာစဉ် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကြရင်း သူတို့၏ ပထမအဆင့် ပြိုင်ဘက်များကို စောင့်ဆိုင်းနေကြသည်။

ယွင်ရှန်းနှင့် အခြားသူများ သမဂ္ဂအတွင်းသို့ ရောက်ရှိပြီး မကြာမီမှာပင် ပြင်းထန်သော မြေဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ တစ်စုံတစ်ယောက်က မြေအောက်ထဲမှ ပေါက်ကွဲထွက်လာတော့မည့်အလား ခံစားရစေသည်။

ထို့နောက် နိုင်ငံခြားမုဆိုးအဖွဲ့အချို့ ဝင်ရောက်လာကြသည်။ ထိုအဖွဲ့များ ဝင်လာသည်နှင့် တစ်ပြိုင်နက် မုဆိုးသမဂ္ဂ ခန်းမကြီးတစ်ခုလုံးမှာ ရုတ်တရက် ကျဉ်းမြောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

မဟာကျိုးနိုင်ငံအတွင်းတွင် ဖန်းကု၏ အရပ်မှာ အတော်လေး ရှည်သည်ဟု ယွင်ရှန်း အမြဲထင်ခဲ့သော်လည်း ယခု ဟောက်ချင်မုဆိုးများ ဝင်လာသောအခါတွင်မူ ဖန်းကု၏ အရပ်မှာ သာမန်အရပ်အမောင်းမျှသာ ရှိတော့သကဲ့သို့ ထင်ရလေတော့သည်။

မုဆိုးအဖွဲ့ သုံးဖွဲ့ ဝင်ရောက်လာရာ တစ်ဖွဲ့မှာ အဖွဲ့ဝင် ငါးဦးပါဝင်ပြီး ကျန်နှစ်ဖွဲ့မှာ လေးဦးစီ ဖြစ်သည်။ အဖွဲ့ဝင် ငါးဦးပါသောအဖွဲ့မှာ အထူးပင် လူထုအာရုံကို ဖမ်းစားနိုင်စွမ်းရှိသည်။ သူတို့အားလုံးသည် ဖြူဝင်းသော အသားအရေ၊ ရွှေရောင်ဆံနွယ်များနှင့် ရေခဲနှင်းများဖြင့် ထုဆစ်ထားသကဲ့သို့ အလွန်တရာ လှပချောမောသော မျက်နှာများကို ပိုင်ဆိုင်ထားကြသည်။

ကျန်ရှိသော အဖွဲ့နှစ်ဖွဲ့မှာမူ ဟောက်ချင်မုဆိုးအဖွဲ့များ ဖြစ်ကြသည်။ ပထမဆုံး ဝင်လာသောအဖွဲ့ဝင်များ၏ ပျမ်းမျှအရပ်မှာ ၆ ပေခွဲခန့် ကျော်လွန်နေသည်။ သူတို့ရှေ့တွင် ရပ်နေသော ဖန်းကုသည်ပင် ရွေ့လျားနေသော မျှော်စင်တုံးကြီး လေးခုကြား ရောက်နေသကဲ့သို့ ထင်ရသည်။

၎င်းတို့လေးဦးစလုံးသည် အနက်ရောင် သံမဏိများဖြင့် သွန်းလုပ်ထားသော စစ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး အစိတ်အပိုင်းတစ်ခုစီမှာ အနည်းဆုံး ကီလိုဂရမ် ၂၀ ခန့် လေးလံသည်။ တစ်ကိုယ်လုံးစာ ချပ်ဝတ်တန်ဆာနှင့် ခြေစွပ်များအပါအဝင် စုစုပေါင်း အလေးချိန်မှာ အနည်းဆုံး ကီလိုဂရမ် ၁၀၀ ခန့်ရှိကာ ရင်ဘတ်ချပ်ကာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲခေါင်းပုံကို ထွင်းထုထားသည်။

အကယ်၍ မှော်ဆရာတစ်ဦးသာ ဤမျှလေးလံသော အလေးချိန်ကို ထမ်းထားရပါက အသားဖတ်များဖြစ်အောင် ဖိခြေခြင်း ခံရမည်ဖြစ်သော်လည်း ဤလူစုမှာမူ ဝင်လာစဉ်တွင် ခြေလှမ်းများမှာ စည်းချက်ကျလှပြီး အသက်ရှူသံမှာလည်း မှန်ကန်တည်ငြိမ်နေသည်။ သူတို့မှာ အထူးလေ့ကျင့်ထားသော သိုင်းပညာရှင်များဖြစ်ကြောင်း ထင်ရှားလှသည်။

ဤကဲ့သို့သော အဖွဲ့မျိုးနှင့် အနီးကပ်တိုက်ခိုက်ရမည်ဆိုပါက သေလမ်းကို ရွေးချယ်လိုက်သည်နှင့် မခြားပေ။

မုဆိုးသမဂ္ဂအတွင်းရှိ ဟွမ်ထိန်အဖွဲ့သားအချို့သာ တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း ကျန်ရှိသော မုဆိုးအဖွဲ့များ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားကြသည်။ ယနေ့ ရောက်ရှိနေသော မုဆိုးအဖွဲ့များသည် မကြာမီ လက်ဝှေ့ကွင်းအတွင်း ထိပ်တိုက်တွေ့ဆုံနိုင်ခြေရှိရာပြိုင်ဘက်၏ ထူးကဲသော အရှိန်အဝါကြောင့် မှော်ဆရာအများစု ပါဝင်သောအဖွဲ့အချို့မှာ စတင်တုန်လှုပ်နေကြပြီ ဖြစ်သည်။

၎င်းတို့မှာ ဟောက်ချင်နိုင်ငံမှ အနက်ရောင်ကျား မုဆိုးအဖွဲ့ ဖြစ်သည်။ ဟေးတာ၊ ဟေးအာ၊ ဟေးဆန်း နှင့် ဟေးစိ ဟုခေါ်သော ညီအစ်ကိုလေးဦးဖြင့် ဖွဲ့စည်းထားသည့် အဆင့်တက်ခါစ အဖွဲ့သစ်ဖြစ်ပြီး သိုင်းပညာရှင် သုံးဦးနှင့် တိုက်ခိုက်ရေးသားရဲ ဆင့်ခေါ်သူတစ်ဦး ပါဝင်သည်။ ကျန်သိုင်းပညာရှင် သုံးဦး၏ အစွမ်းမှာ သိုင်းဆရာကြီးအဆင့်ဝန်းကျင်တွင် ရှိကြသည်။

သူတို့၏ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သည့် အထူးသဖြင့် ဝိုင်းရံတိုက်ခိုက်ပုံမှာ အလွန်ပင် ထူးချွန်ပြောင်မြောက်လှသည်။

ဝမ်ရန်ရွှီသည် ဤမုဆိုးအဖွဲ့၏ နောက်ခံအကြောင်းအရာကို အဖွဲ့သားများအား အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။ ဝမ်ရန်ရွှီသည် ဟွမ်ထိန်အဖွဲ့၏ သတင်းပေးဟုပင် ဆိုနိုင်သည်။ မနေ့က တည်းခိုခန်းသို့ မပြန်မီ တောက်ယဲ့တောင်သို့ ဝင်ထွက်သွားလာနေသော မုဆိုးအဖွဲ့အမျိုးမျိုး၏ အကြောင်းကို သူ စုံစမ်းထားခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနက် အနက်ရောင်ကျားအဖွဲ့မှာ အခုတလော နာမည်အဆိုးဆုံး ဖြစ်သည်။

"ဒါ မဟာကျိုးနိုင်ငံက မုဆိုးအဖွဲ့တဲ့လား။ ဘယ်တုန်းကများ စံနှုန်းတွေ ဒီလောက်ထိ နိမ့်ကျသွားရတာလဲ။ မင်းတို့ဆီမှာ မုဆိုးတံဆိပ်တွေသာ မပါရင်တော့ မင်းတို့ကို တိုက်ခိုက်ဖို့ အင်အားမရှိတဲ့ ပုရွက်ဆိတ်တွေလို့တောင် ငါ ထင်မိတော့မလို့"

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် မုဆိုးအုပ်စုက ရိုင်းစိုင်းစွာ တဟားဟား ရယ်မောလိုက်ကြသည်။

သူတို့၏ ဆိုလိုရင်းမှာ တောက်ယဲ့တောင်ရှိ မုဆိုးများမှာ အဆင့်မမှီဟု စော်ကားလိုက်ခြင်းပင်။

သို့သော်လည်း ထိုအချိန်တွင် မည်သူမျှ ပြန်လည်တုံ့ပြန်ရန် မဝံ့ရဲကြပေ။ ဤအနက်ရောင် နတ်ဆိုးမုဆိုးများသည် မြို့အတွင်း ရက်စက်ကြမ်းကြုတ်သော ကျော်ကြားမှု ရှိကြသည်။ သူတို့သည် တောက်ယဲ့တောင်သို့ ရောက်ရှိလာသည်မှာ တစ်လခန့်သာ ရှိသေးပြီး လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ကမှ အဆင့် C အကဲဖြတ်ပွဲကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရက်ပိုင်းအတွင်းမှာပင် အဆင့် B မုဆိုးအဖွဲ့အဖြစ်သို့ တက်လှမ်းရန် ထပ်မံစိန်ခေါ်နေကြခြင်း ဖြစ်သည်။

အနက်ရောင်ကျားအဖွဲ့နှင့် ယှဉ်ပြိုင်ခဲ့သည့် အဆင့် D မုဆိုးအဖွဲ့ ၅ ဖွဲ့နှင့် စိန်ခေါ်ခြင်း ခံရသည့် အဆင့် C အဖွဲ့ ၁ ဖွဲ့စလုံးမှာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိခြင်းများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုမှာ တောက်ယဲ့တောင်တစ်ခွင်၌ ထင်ရှားကျော်ကြားလျက် ရှိသည်။

သို့ရာတွင် မုဆိုးအဆင့်တိုး စာမေးပွဲများ၌ လူတိုင်းသည် အသေအပျောက် တာဝန်မယူကြောင်း ဝန်ခံကတိကို လက်မှတ်ရေးထိုးထားရသဖြင့် မုဆိုးသမဂ္ဂ အနေဖြင့်လည်း ဤဆုံးရှုံးမှုများအတွက် ကြိတ်မှိတ်သည်းခံရုံမှတစ်ပါး တစ်စုံတစ်ရာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။

အမျက်ဒေါသ အကြီးဆုံးဖြစ်နေသည့် မူနန်ယန့်သည် ဤစကားများကို ကြားသိရသည့်အခါ ပေါက်ကွဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေ၏။

"ခေါင်းဆောင်ဖန်း... ဒါတွေက ဟောက်ချင်နိုင်ငံက မုဆိုးတွေလားဟင်။ သူတို့ဆီမှာ မုဆိုးတံဆိပ်တွေသာ မပါရင်တော့ တောထဲက ထွက်လာတဲ့ တောဝက်တွေလို့တောင် သမီးက မှားတော့မလို့။ သူတို့ လေးယောက်က ကြည့်ရတာ ငါတို့တောင်ပေါ်က ရွှေကြံ့ဝက်တွေနဲ့ တူလိုက်တာ။ လမ်းလျှောက်တာရော မြေကြီးကို နင်းသွားတာရောကအစ မြေကြီးတွေတောင် အော်ဟစ်နေရတဲ့အထိ အတူတူပဲ"

နုနယ်ပြီး အပြစ်ကင်းစင်ဟန်ရှိသော အသံလေးတစ်ခုက မဆီမဆိုင် ထွက်ပေါ်လာသည်။

ထိုစကားကြောင့် အနက်ရောင်ကျားအဖွဲ့ဝင်များ၏ မျက်နှာမှာ အိုးမဲသုတ်ထားသည့်အလား မည်းမှောင်သွားတော့သည်။

ယွင်ရှန်း၏ ပြောစကားကြောင့် လူတိုင်းက သတိပြုမိသွားကြသည်မှာ အနက်ရောင်ကျားအဖွဲ့ဝင် လေးဦးစလုံးသည် ပုံမှန်ဟောက်ချင်လူမျိုးများနှင့် မတူဘဲ နဖူးကျဉ်းကျဉ်း၊ နှာခေါင်းပြားပြား၊ သွားခေါခေါနှင့် သန်မာလွန်းသော ခြေလက်များကို ပိုင်ဆိုင်ထားကြရာ အမှန်တကယ်ပင် ထုံထိုင်းလှသော ရွှေကြံ့ဝက်များနှင့် ဆင်တူနေခြင်းပင်။

ဘေးနားတွင် ရပ်နေသော ရွှေရောင်ဆံပင်နှင့် မုဆိုး ၅ ဦးအနက်မှ အလွန်လှပသော အမျိုးသမီးမုဆိုးတစ်ဦးမှာလည်း တခိခိနှင့် စတင်ရယ်မောလေတော့သည်။

"သေချင်နေတာလား... ဒီကလေးမက ဘယ်ကရောက်လာလို့ ငါတို့ကို လာစိန်ခေါ်နေတာလဲ"

ထိုသို့အော်ဟစ်ကာ ဟေးဆန်းက ရှေ့သို့ ခုန်တက်ပြီး ယွင်ရှန်းကို လက်သည်းဖြင့် ကုတ်ခြစ်ရန် ယမ်းလိုက်သည်။

သို့သော် ဖန်းကုက ဟေးဆန်းထက် ပို၍မြန်လှသည်။ သူသည် အနက်ရောင်ကျားအဖွဲ့ဝင်များက ငြိမ်နေမည်မဟုတ်သည်ကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်ရာ ယွင်ရှန်း စကားပြောပြီးသည်နှင့် သူမကို ပခုံးပေါ်သို့ မတင်လိုက်ပြီးဖြစ်သည်။

သူ၏ မှော်လှံတံကို ဝှေ့ယမ်းလိုက်ရာ မြေတောင်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဟေးဆန်း၏ တိုက်ကွက်ကို ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝမ်ရန်ရွှီနှင့် မူနန်ယန့်တို့လည်း လှုပ်ရှားလိုက်ကြသည်။ သူတို့နှစ်ဦးစလုံး မှော်လှံတံများကို ထုတ်ကာ ဂါထာများ ရွတ်ဆိုလိုက်ကြရာ မုဆိုးသမဂ္ဂ ခန်းမအတွင်း၌ မှော်ဓာတ်များ စုစည်းလာပြီး တင်းမာနေသော အခြေအနေကို ပို၍ အရှိန်မြင့်သွားစေသည်။

"ဟေးဆန်း... မင်းကို တခြားသူတွေက ကြောက်ချင်ကြောက်မယ် ဒါပေမဲ့ ဟွမ်ထိန်အဖွဲ့ကတော့ မကြောက်ဘူး။ မင်းလို သိုင်းသူရဲကောင်းအဆင့်ရှိတဲ့သူက ဒီလို ဆင့်ခေါ်သူလေးတစ်ယောက်ကို အနိုင်ကျင့်တယ်ဆိုတာသာ သတင်းထွက်သွားရင် မင်းတို့ အနက်ရောင်ကျားအဖွဲ့ ဒီလောကမှာ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး"

ဖန်းကုက ခက်ထန်သော မျက်လုံးများဖြင့် ပြောလိုက်သည်။

"ဟွမ်ထိန်အဖွဲ့... မင်းက လူရူးကြီးဖန်းကုလား။ ဒါဆို ဟိုလူက နှင်းမင်းသားဝမ်ရန်ရွှီနဲ့ မီးနတ်သမီးမူနန်ယန့်ပေါ့လေ"

အနက်ရောင်ကျားအဖွဲ့သားများက ကြိုတင်ပြင်ဆင်လာပုံရသည်။ သူတို့သည် အဆင့် C အဖွဲ့များထဲတွင် အင်အားအကောင်းဆုံးဟု ကျော်ကြားသော ဟွမ်ထိန်အဖွဲ့အကြောင်းကို ကြားဖူးနားဝ ရှိထားကြသည်။

သို့သော် သူတို့ရရှိထားသော သတင်းများအရ ဟွမ်ထိန်အဖွဲ့တွင် ဆင့်ခေါ်သူ မရှိခြင်းကြောင့် အဆင့်မတက်နိုင်ဘဲ ဖြစ်နေခြင်းဖြစ်သည်။ အခုတော့ မမျှော်လင့်ဘဲ ဆင့်ခေါ်သူတစ်ဦးကို သူတို့ ရှာတွေ့ထားပြီ ဖြစ်သည်။

ဒါပေမဲ့... တကယ်ပဲ ဒီစပ်စပ်စုစု ကလေးမလေးက သူတို့ရဲ့ ဆင့်ခေါ်သူ ဖြစ်နေတာလား။

All Chapters