အခန်း (၁၅၂)
Vol. 15 Ch. 152
ငယ်ရွယ်လွန်းပြီး စိတ်လိုက်မာန်ပါ ရှိလှသော ဤကလေးမလေးကြောင့် ဟွမ်ထိန်အဖွဲ့သည် ယခုတစ်ကြိမ်တွင်တော့ အခက်တွေ့ရတော့မည်ဟု လူအများက ထင်မှတ်နေကြသည်။
တစ်ချိန်တည်းမှာပင် မုဆိုးသမဂ္ဂအတွင်းရှိ မဟာကျိုးနိုင်ငံမှ မုဆိုးအဖွဲ့များရော သမဂ္ဂဝန်ထမ်းများပါ ဟွမ်ထိန်အဖွဲ့အတွက် ချွေးစေးများ ထွက်လာကြသည်။
လူရူးကြီးဖန်းကု၊ နှင်းမင်းသားဝမ်ရန်ရွှီ နှင့် မီးနတ်သမီးမူနန်ယန့်တို့မှာ မဟာကျိုး မုဆိုးလောက၏ ထိပ်သီးပုဂ္ဂိုလ်များဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားကြသည်။ သိုင်းနှင့်မှော် အစုံကျင့်ကြံသူ ဖန်းကု ဦးဆောင်သော ဤသုံးယောက်တွဲ အဖွဲ့သည် အဆင့် C အဖွဲ့များအားလုံးထဲတွင် ထိပ်ဆုံး ၃ ဖွဲ့စာရင်းဝင် ဖြစ်သည်မှာ သေချာလှသည်။
သို့သော်လည်း သူတို့သည် အဆင့်တက်ရန်အတွက် အားနည်းပြီး နုနယ်လှသော ဤဆင့်ခေါ်သူလေးကိုမှ အဖွဲ့ထဲ ထည့်သွင်းခဲ့ကြသည်။ သူမသည် ငယ်ရွယ်သော်လည်း စတင်ဝင်ရောက်လာကတည်းက အနက်ရောင်ကျားအဖွဲ့ကို ရန်စမိသွားပြီဖြစ်သည်။ အကယ်၍သာ လက်ဝှေ့ကွင်းထဲတွင် ထိပ်တိုက်တွေ့ခဲ့လျှင် စိတ်ပုတ်သော ဟေးဆန်းနှင့် အခြားသူများက သူမကို အလွတ်ပေးမည် မဟုတ်ပေ။
လက်ဝှေ့ကွင်းအတွင်း၌ လက်သီးလက်မောင်းများမှာ မျက်စိမပါသလို အသက်နှင့်သေခြင်းမှာလည်း ကံတရားအပေါ်၌သာ မူတည်သည်။ ဤဆင့်ခေါ်သူလေးမှာ အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာမည်မှာ အမှန်ပင်။
"ဘယ်သူမဆို ယန့်ယွင်ကို ထိရဲရင် ငါ ဝမ်ရန်ရွှီက အရင်ဆုံး ခွင့်လွှတ်မှာ မဟုတ်ဘူး"
ဝမ်ရန်ရွှီက ပြောလိုက်ရာ သူ၏ ချောမောလှပသော မျက်နှာထက်တွင် လူသတ်ငွေ့များ ရုတ်တရက် ဖုံးလွှမ်းသွားသည်။ ဤအချိန်တွင် သူ၏ အရှိန်အဝါမှာ အမှန်တကယ်ပင် နှင်းမင်းသားတစ်ဦးနှင့် တူလှသည်။
မူနန်ယန့်ကလည်း ဝင်ရောက်ထောက်ခံသည်။
"ငါတို့ကို လာရန်စတဲ့သူတွေကို ငါ့ရဲ့မှော်ပညာ အရသာ မြည်းစမ်းခိုင်းဖို့ ဝန်မလေးဘူး"
မှော်လှံတံ အမြောက်အမြား၏ ဖိအားအောက်တွင် အနက်ရောင်ကျားအဖွဲ့ဝင်များမှာလည်း စိတ်ထင်တိုင်း လှုပ်ရှားရန် မဝံ့ရဲကြတော့ပေ။
"တောက်... လူတွေက ဘာလို့ ဒီလောက်တောင် စိတ်ကျဉ်းမြောင်းကြတာလဲ။ ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ရဲ့ စကားကို အတည်ယူနေကြတာလား။ တစ်စုံတစ်ယောက်က ဝက်လို့ ခေါ်ခံရတာနဲ့ တကယ်ပဲ ဝက်ဖြစ်သွားလို့လား"
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးမုဆိုးက တအံ့တဩနှင့် ရယ်မောလိုက်သည်။
သူမသည် ကျော့ရှင်းသော အမူအရာဖြင့် ဟေးဆန်းနှင့် ဖန်းကုတို့ ရှိရာသို့ လျှောက်လှမ်းလာခဲ့လေသည်။
သူမက လက်ကလေးတစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ဖန်းကု ဖန်တီးထားသော မြေတောင်ကုန်းမှော်မှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်။
ဖန်းကု၏ မျက်နှာမှာ အလိုလို ပျက်ယွင်းသွားပြီး ကျန်အဖွဲ့သားနှစ်ဦးလည်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ထိုအမျိုးသမီးမုဆိုးမှာ မြစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ရွှေရောင်ဆံနွယ်များမှာ ကောင်းကင်မှ နေမင်းကဲ့သို့ တောက်ပနေကာ မျက်နှာမှာလည်း အပြစ်ဆိုဖွယ်မရှိအောင် လှပချောမောလှသည်။
သူမသည် ယွင်ရှန်းအနားသို့ ပေါ့ပါးစွာ လျှောက်လာပြီး အားနာမှုမရှိဘဲ ယွင်ရှန်း၏ ပါးကို ဆွဲညှစ်လိုက်သည်။ ယွင်ရှန်း ရှောင်ရန် ကြိုးစားသော်လည်း ထိုအမျိုးသမီးက ကြိုသိနေသည့်အလား သူမ၏ လက်အနေအထားကို ပြောင်းလဲကာ ယွင်ရှန်း၏ ဖောင်းအိနေသော ပါးပြင်ကို တိတိကျကျပင် ဆွဲညှစ်လိုက်လေသည်။
"ကလေးမလေးက ကြည့်ရတာ ကောက်ညှင်းလုံးလေးနဲ့ တူလိုက်တာ။ ဟေး... ခေါင်းဆောင် ကျွန်မတို့လည်း ဒီလို လိုလီဆင့်ခေါ်သူလေးတစ်ယောက်လောက် ရှာရအောင်လား။ ညကျရင် ဖက်အိပ်လို့ရတာပေါ့။ ဒီကလေးမလေးဆီက ဆေးနံ့သင်းသင်းလေးတောင် ရသေးတယ်"
ထိုမိန်းကလေး၏ မျက်လုံးများမှာ အရောင်တောက်နေပြီး ယွင်ရှန်းကို ဖန်းကု၏ ပခုံးပေါ်မှ ဆွဲယူကာ အတင်းဖက်ထားချင်သည့် အမူအရာမျိုး ဖြစ်နေသည်။
ထိုစကားကြောင့် ယွင်ရှန်းတစ်ကိုယ်လုံး ကြက်သီးများပင် ထသွားတော့သည်။
ရွှေရောင်ဆံပင်နှင့် အဖွဲ့ခေါင်းဆောင်က စိတ်ပျက်လက်ပျက်ဖြင့် တိဖုန်း... မမေ့ပါနဲ့ဦး ငါတို့အဖွဲ့ရဲ့ ဆင့်ခေါ်သူက မင်းပဲလေ" ဟု သတိပေးလိုက်ရသည်။
"အော်... ဟုတ်သားပဲ ကျွန်မက ဆင့်ခေါ်သူ ဖြစ်နေတာကို မေ့သွားလို့"
သူမ၏ ပေါ့ပျက်ပျက် အမူအရာကို ကြည့်ပြီး အဖွဲ့ခေါင်းဆောင်မှာ စိတ်ညစ်ညစ်ဖြင့် မျက်နှာကို လက်နှင့်အုပ်ကာ တာဝန်မဲ့လှသော အဖွဲ့ဝင်ကို နောက်သို့ ဆွဲခေါ်သွားရသည်။
ထွက်မသွားမီ ထိုရွှေရောင်ဆံပင်နှင့် မိန်းကလေးမှာ ယွင်ရှန်းကို လက်ပြနှုတ်ဆက်ရန် မမေ့ခဲ့ပေ။
"လိုလီလေး... ငါ့နာမည်က တိဖုန်းပါ။ ရှန်းကျူ နိုင်ငံက လာတာ။ ရှင်ကျူဝိညာဉ်စိုးမိုးသူမုဆိုးအဖွဲ့ကပေါ့။ အခုကျင်းပမယ့် စာမေးပွဲမှာ အစွမ်းကုန် ကြိုးစားနော် ဟုတ်ပြီလား"
ရှန်းကျူနိုင်ငံမှ ထိုအဖွဲ့မှာလည်း အခြားနိုင်ငံမှ လာသော အဖွဲ့ဖြစ်သော်လည်း ဟောက်ချင်နိုင်ငံမှ အဖွဲ့နှင့် ယှဉ်လျှင်မူ ဤအဖွဲ့ကို အလှနတ်သားနှင့် အလှနတ်သမီးအဖွဲ့ဟုပင် ခေါ်ဆိုနိုင်သည်။ အဖွဲ့ဝင်တိုင်းသည်လည်း အစွမ်းအစ အလွန်ထက်မြက်ကြသည်။
ယွင်ရှန်း၏ ရှန်းနုန်မျက်စိ ဖြင့်ပင် ထိုအဖွဲ့ဝင်အချို့၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ဘဲ ဖြစ်နေသည်။ အထူးသဖြင့် တိဖုန်းဆိုသော အမျိုးသမီးပင်။ စောစောက သူမ သုံးသွားသော နည်းလမ်းမှာ မှော်ပညာလား သို့မဟုတ် တိုက်ခိုက်ရေးစွမ်းရည်လားဆိုသည်ကို ခွဲခြား၍မရသော်လည်း ဖန်းကု၏ အလယ်အလတ်အဆင့် မြေဓာတ်မှော်ကို တိုက်ရိုက်ဖျက်စီးပစ်နိုင်ခြင်းက သူမ၏ အစွမ်းမှာ အဖွဲ့ထဲတွင် အမြင့်ဆုံးဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။
ဤကဲ့သို့သော အဖွဲ့မျိုးက အဆင့် B အကဲဖြတ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ သို့သော် သူတို့မှာ ငါးဦးပါသောအဖွဲ့ ဖြစ်သဖြင့် လေးဦးသာပါသော ဟွမ်ထိန်အဖွဲ့နှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ရန်မှာတော့ မဖြစ်နိုင်သလောက်ပင်။
ယွင်ရှန်းသည် သူမ၏ ပါးပြင်ကို ပြန်ပွတ်နေမိသည်။ ထိုသူ၏ လက်အားမှာ အတော်လေး သန်လှသဖြင့် တကယ်ပဲ အမျိုးသမီးတစ်ယောက် ဟုတ်ပါလေစဟုပင် သံသယဝင်မိသည်။
အနက်ရောင်ကျားအဖွဲ့သည်လည်း ဤသို့ အနှောင့်အယှက် ခံလိုက်ရပြီးနောက် ရှန်းကျူဝိညာဉ်စိုးမိုးသူအဖွဲ့၏ ရောက်ရှိလာမှုကြောင့် သူတို့၏ ရန်လိုနေသော အရှိန်အဝါများမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။ မုဆိုးအဖွဲ့ အသီးသီးသည် သီးခြားစီ ရပ်နေကြပြီး မုဆိုးသမဂ္ဂ၏ အစီအစဉ်များကို စောင့်ဆိုင်းနေကြသည်။
"ရှန်းလေး... ဘာဖြစ်သွားသေးလဲ"
ဝမ်ရန်ရွှီက ယွင်ရှန်းကို အနီးကပ် ကြည့်ကာ မေးလိုက်သည်။ ရှန်းကျူမုဆိုးမလေး၏ လှုပ်ရှားမှုမှာ မြန်လွန်းလှသဖြင့် သူပင် ကြိုတင်မကာကွယ်နိုင်ဘဲ ယွင်ရှန်း အစနောက်ခံလိုက်ရသည်မှာ အတော်လေး စိတ်တိုစရာ ကောင်းလှသည်။ သူကိုယ်တိုင်ပင် ယွင်ရှန်း၏ပါးကို မဆွဲရသေးသည် မဟုတ်ပါလား။
"သမီး ဘာမှမဖြစ်ပါဘူး။ အဲဒီလူဆီမှာ ရန်လိုတဲ့စိတ် မရှိဘူး"
ယွင်ရှန်းက ပြန်ပြောလိုက်သည်။ အမှန်တကယ်တော့ ရန်လိုစိတ် မရှိရုံတင်မကဘဲ ထိုတိဖုန်းဆိုသူထံမှ ထူးဆန်းပြီး ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုးကိုပါ သူမ ခံစားနေရခြင်း ဖြစ်သည်။
ဒါပေမဲ့ သူစိမ်းတစ်ယောက်အပေါ် ငါ ဘာလို့ ဒီလို ခံစားနေရတာလဲ။ ယွင်ရှန်းက ဇဝေဇဝါဖြင့် စဉ်းစားနေမိသည်။
"ဒါနဲ့... ဒီကလူတွေ အားလုံးက ဘာလို့ အဲဒီ ရှန်းကျူမုဆိုးအဖွဲ့ကို ကြောက်နေကြတာလဲဟင်"
ယွင်ရှန်း၏ အကဲခတ်မှုမှာ အလွန်စူးရှသည်။ ရက်စက်လှသော အနက်ရောင်ကျားအဖွဲ့ပင်လျှင် ရှန်းကျူအဖွဲ့ရှေ့တွင် အိန္ဒြေမပျက်အောင် ထိန်းနေရသည်ကို သူမ သတိပြုမိသည်။
"ဘာလို့လဲဆိုတော့ သူတို့က ရှန်းကျူက လာတဲ့အဖွဲ့မို့လို့ပဲ။ မင်း ရှန်းကျူနိုင်ငံကို တစ်ခါမှ မရောက်ဖူးသေးဘူးမလား။ ရွှေရောင်ဆံပင်ဆိုတာ ရှန်းကျူရဲ့ သွေးနှောတွေရဲ့ သင်္ကေတပဲ။ အဲဒီအဖွဲ့က ရိုးရိုးရှင်းရှင်းတော့ မဟုတ်ဘူး။ ပြီးတော့ တိဖုန်းဆိုတဲ့ တစ်ယောက်ကိုလည်း သူ့ရဲ့ လှပတဲ့ရုပ်ရည်ကို ကြည့်ပြီး အထင်မသေးနဲ့"
ဝမ်ရန်ရွှီသည် မိန်းမလှလေးများအပေါ် ပေါ့ပျက်ပျက် နေတတ်သော်လည်း ရှန်းကျူမှ သွေးနှောများကိုမူ စိတ်ကူးနှင့်ပင် မပြစ်မှားရဲပေ။
"ဘယ်လို ဆိုလိုတာလဲ။ ရှန်းကျူကလည်း ပဒေသရာဇ်နိုင်ငံ ၅ ခုထဲက တစ်ခုပဲ မဟုတ်ဘူးလား။ မဟာကျိုးနဲ့ ဟောက်ချင်နဲ့ ဘာကွာလို့လဲ"
ယွင်ရှန်းသည် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ ၆ နှစ်သာ ရှိသေးပြီး ယူကျင်းမြို့တွင် နေထိုင်သည်မှာလည်း ၁ နှစ်သာ ရှိသေးရာ အခြားနိုင်ငံများအကြောင်းကို စာအုပ်ထဲမှ ဖတ်ဖူးရုံနှင့် သင်ခန်းစာများထဲက သိရုံမျှသာ ရှိသေးသည်။
ရှန်းကျူနိုင်ငံသည် မဟာကျိုးနိုင်ငံနှင့် အဝေးဆုံးတွင် တည်ရှိပြီး မဟာကျိုးမြို့တော်အတွင်း ရှန်းကျူလူမျိုးများကို တွေ့ရခဲလှသည်။
"ရှန်းကျူနိုင်ငံကို နတ်သမီးမျိုးနွယ်ဆက်တွေရဲ့ နယ်မြေလို့လည်း ခေါ်ကြတယ်။ သူတို့ရဲ့ နန်းတော်ကိုတောင် ကောင်းကင်ဗေဒင်မျှော်စင်ရဲ့ အပေါ်မှာ တည်ဆောက်ထားတာ။ ရှန်းကျူနိုင်ငံထဲမှာ လူသားမျိုးနွယ်နဲ့ သွေးနှောဆိုပြီး ခွဲခြားထားတယ်။ သွေးနှောတွေက မတူဘူး။ သူတို့အထဲမှာ နတ်သမီးမျိုးနွယ်သွေး ပါနေတတ်ကြတယ်။ သူတို့ထဲက ဆင့်ခေါ်သူတွေဆိုရင် တိုက်ပွဲမှာ နတ်သမီးတွေကိုပါ ဆင့်ခေါ်နိုင်တယ်လို့ ပြောကြတယ်"
ဝမ်ရန်ရွှီသည် ငယ်စဉ်က မိသားစုအစီအစဉ်ဖြင့် နေရာအနှံ့ ခရီးသွားခဲ့ဖူးရာ ရှန်းကျူနိုင်ငံသို့ ရောက်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည်များကို ယနေ့တိုင် မမေ့နိုင်သေးပေ။
"ကျွန်မလည်း ကြားဖူးတယ် ရှန်းကျူက သွေးနှောတွေမှာ ထူးခြားချက်တစ်ခု ရှိတယ်တဲ့။ သူတို့က လူသားနဲ့မတူဘဲ အရမ်းလှကြတယ်။ အသက် ၂၀ ပြည့်မှ လူလားမြောက်ကြတာ။ အဲဒီမတိုင်ခင်အထိ သူတို့ရဲ့ ကျားမ ခွဲခြားဖို့က အရမ်းခက်တယ်တဲ့"
မူနန်ယန့်ကလည်း တိဖုန်းအပေါ် သဘောမကျသည့် အမူအရာဖြင့် ဝင်ပြောသည်။
နတ်သမီးတွေကို ဆင့်ခေါ်နိုင်တယ်ပေါ့။ ကျားမလည်း ခွဲခြားလို့ မရဘူးလား။
ဒါဟာ ယွင်ရှန်း သိထားတဲ့ ကမ္ဘာကြီးရဲ့ အသိဥာဏ်ကို အလုံးစုံ ပြောင်းလဲပစ်လိုက်ခြင်းပင်။
မုဆိုးသမဂ္ဂအတွင်းရှိ မည်သည့်အဖွဲ့မှ ရှန်းကျူအဖွဲ့နှင့် ထိပ်တိုက်မတွေ့ရဲခြင်းမှာ မဆန်းတော့ပေ။ နတ်သမီးမျိုးနွယ်ဆိုသည်မှာ နတ်ဘုရားမျိုးနွယ်ပြီးလျှင် အစွမ်းအထက်ဆုံးနှင့် ထူးခြားသော တည်ရှိမှုတစ်ခုပင်။