အခန်း (၁၅၃)
Vol. 15 Ch. 153
အနက်ရောင်ကျားနှင့် ဟွမ်ထိန်အကြား ပဋိပက္ခဖြစ်ပွားပြီးနောက် မုဆိုးသမဂ္ဂသည် မလိုလားအပ်သော အငြင်းပွားမှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် အလုပ်လုပ်နှုန်းကို မြှင့်တင်လိုက်ပြီး ပထမနေ့၏ တိုက်ပွဲစဉ်များကို လျင်မြန်စွာ ထုတ်ပြန်ပေးလိုက်သည်။
တစ်ဦးနှင့်တစ်ဦး ကြည့်မရဖြစ်နေကြသော ဟွမ်ထိန်နှင့် အနက်ရောင်ကျားတို့သည် ပထမအဆင့်တွင် ထိပ်တိုက်မတွေ့ကြပေ။
ဟွမ်ထိန်အဖွဲ့၏ ပြိုင်ဘက်မှာ မဟာကျိုးနိုင်ငံ၊ ယုကျင်းဒေသမှ အဆင့် C ရှိ သူတော်စင်အာမားမုဆိုးအဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့တွင် ဆင့်ခေါ်သူ တစ်ဦး၊ သိုင်းပညာရှင် နှစ်ဦးနှင့် မှော်ဆရာ တစ်ဦး ပါဝင်သည်။
အနက်ရောင်ကျားအဖွဲ့၏ ပြိုင်ဘက်မှာ မဟာကျိုးနိုင်ငံ အနောက်မြောက်ပိုင်းမှ မုဆိုးအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
ယွင်ရှန်းအတွက် အတွေ့အကြုံသစ်များ ရရှိစေရန် ဖန်းကုနှင့် အဖွဲ့သားများမှာ သူမနှင့် တိုင်ပင်ပြီးနောက် အနက်ရောင်ကျားအဖွဲ့နှင့် ထရန့်ချ်မုဆိုးအဖွဲ့တို့၏ တိုက်ပွဲကို ကြည့်ရှုရန် တောက်ယဲ့တောင် လက်ဝှေ့ကွင်းသို့ စောစီးစွာ ရောက်ရှိလာခဲ့ကြသည်။
တောက်ယဲ့တောင် လက်ဝှေ့ကွင်းတွင် အဓိကအားဖြင့် ပြိုင်ပွဲ နှစ်မျိုးရှိသည်။
ကြည့်ရှုဖျော်ဖြေရေး ပြိုင်ပွဲမှာ အများပြည်သူနှင့် မုဆိုးများ လက်မှတ်ဝယ်ယူ၍ ကြည့်ရှုရသည့် ပြိုင်ပွဲဖြစ်သည်။ ပြိုင်ပွဲဝင်သူအများစုမှာ ရရှိမည့် ဆုကြေးငွေဖြင့် အသက်မွေးကြသူများ ဖြစ်သည်။ ထိုင်ခုံနေရာအလိုက် လက်မှတ်ဈေးနှုန်းမှာ ရွှေဒင်္ဂါး ၅ ပြားမှ ၅၀၀ အထိ ကွာခြားပြီး အထူးတန်းနေရာအချို့မှာ မှူးမတ်များနှင့် နာမည်ကြီး မုဆိုးအဖွဲ့အစည်းများအတွက်သာ သီးသန့်ဖြစ်ပေသည်။
မုဆိုးအဆင့်အတန်း အကဲဖြတ်ပွဲမှာ မုဆိုးများ၏ အစွမ်းအစကို တိုင်းတာရန် သီးသန့်စီစဉ်ထားခြင်း ဖြစ်သည်။ ကြည့်ရှုဖျော်ဖြေရေးပွဲများလောက် လူမစည်ကားသော်လည်း တိုက်ပွဲများမှာမူ ပို၍ စိတ်လှုပ်ရှားစရာကောင်းပြီး ပြင်းထန်လှသည်။
မုဆိုးအဆင့်အတန်း အကဲဖြတ်ပွဲများကို တစ်ဦးချင်းပြိုင်ပွဲနှင့် အဖွဲ့လိုက်ပြိုင်ပွဲဟူ၍ ခွဲခြားထားသည်။
ဤအဓိက အကဲဖြတ်ပွဲများသည် မုဆိုးလောကတွင် အရည်အချင်းရှိသူများကို ရှာဖွေစုဆောင်းရာ နေရာများအဖြစ် ကျော်ကြားသည်။ ယွင်ရှန်း၏ ယခင်ကမ္ဘာမှ ဘောလုံး သို့မဟုတ် ဘတ်စကတ်ဘော ကစားသမားများကို လူရွေးချယ်သကဲ့သို့ပင်။ ထူးချွန်သော မုဆိုးများကို နာမည်ကြီး မုဆိုးတပ်ဖွဲ့ကြီးများသို့မဟုတ် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများက ရွေးချယ်ကာ ပရော်ဖက်ရှင်နယ် ကြေးစားမုဆိုးများ အဖြစ် လေ့ကျင့်ပေးလေ့ရှိကြသည်။
အကဲဖြတ်ပွဲ ကျင်းပရာနေရာများမှာ တောက်ယဲ့တောင် လက်ဝှေ့ကွင်း၏ အရန်ကွင်းများတွင် တည်ရှိသည်။ မုဆိုးတံဆိပ်ရှိသူ မည်သူမဆို ရွှေဒင်္ဂါး ၁၀ ပြား ပေးဆောင်ကာ ဝင်ရောက်
ကြည့်ရှုနိုင်ပြီး ထိုနေ့တွင် ပြိုင်ပွဲဝင်မည့်သူများမှာမူ ၂၀ ရာခိုင်နှုန်း လျှော့ဈေး ရရှိကြသည်။
လက်ဝှေ့ကွင်းအတွင်း ရရှိသော အောင်ပွဲများသည် မုဆိုးအမှတ်အဖြစ် သတ်မှတ်ခံရပြီး အဆင့်တက်ရန်အတွက် အထောက်အကူပြုသည်။ လပေါင်းများစွာ ကြာမြင့်နိုင်သော မုဆိုးတာဝန်များနှင့် ယှဉ်လျှင် မိနစ်ပိုင်းမှ ရက်အနည်းငယ်သာ ကြာမြင့်သည့် ဤပြိုင်ပွဲများသည် အဆင့်တက်ရန် အမြန်လမ်းတစ်ခုပင်။
ယွင်ရှန်းသည် မကြာသေးမီကမှ မုဆိုးဖြစ်လာသူ ဖြစ်သဖြင့် အဆင့် E မုဆိုးတစ်ဦးသာ ရှိသေးသည်။ အကယ်၍ သူမသာ အဆင့် E ပြိုင်ပွဲပေါင်း ၃၀ တွင် အနိုင်ရရှိပါက အဆင့် D မုဆိုးတံဆိပ်ကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော် ယွင်ရှန်းသည် ဤလမ်းစဉ်ကို မရွေးချယ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ လက်ရှိရည်ရွယ်ချက်မှာ ဟွမ်ထိန်အဖွဲ့ကို ကူညီရန်သာ ဖြစ်သောကြောင့်ပင်။
ဖန်းကုသည် အလွန်တော်သော အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ၎င်းသည် ယွင်ရှန်းအနေဖြင့် သူတစ်ပါးလက်အောက်တွင် အမြဲနေလိုသည်ဟု မဆိုလိုပေ။ ထို့အပြင် ဟွမ်ထိန်အဖွဲ့မှာ နာမည်ကျော်ကြားပြီးသား ဖြစ်သဖြင့် သူမသည် ထိုကျော်ကြားမှုကို အမှီပြု၍ အဆင့်မတက်လိုပေ။ ယွင်ရှန်းသည် ဤအကဲဖြတ်ပွဲ ပြီးဆုံးပါက ယုကျင်းမြို့သို့ ပြန်ကာ သူမ၏ သူငယ်ချင်းများဖြစ်သော ဂူဖုန်းနှင့် ချီယီတို့နှင့်အတူ ကိုယ်ပိုင်မုဆိုးအဖွဲ့တစ်ခု တည်ထောင်ရန်ပင် တိတ်တဆိတ် စီစဉ်ထားပြီး ဖြစ်သည်။
သို့သော် ဤပြိုင်ပွဲများကို လွယ်ကူသော လမ်းစဉ်ဟု ထင်မှတ်သူများ ရှိပါက သူတို့မှာ အကြီးအကျယ် မှားယွင်းပေလိမ့်မည်။
ယွင်ရှန်းသည် မနေ့က တောက်ယဲ့တောင်အတွင်းရှိ လက်ဝှေ့ကွင်းသို့ မရောက်ဖြစ်ခဲ့ပေ။ ယနေ့ ကွင်းအတွင်းသို့ ရောက်ရှိလာသောအခါတွင်မူ သူမ၏ရှေ့တွင် မြင်တွေ့ရသော ကျောက်တုံးကြီးများဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသည့် အဆောက်အဦးကြီးကို ကြည့်ကာ အလွန်အမင်း အံ့အားသင့်သွားရလေတော့သည်။
တောက်ယဲ့တောင် လက်ဝှေ့ကွင်းကြီးမှာ ရှေးဟောင်းရောမ ခေတ်က အားကစားကွင်းကြီးများကဲ့သို့ ခိုင်ခံ့ထည်ဝါလှသည်။ အပြင်ဘက် တံတိုင်းများမှာ မီတာ ၅၀ ခန့် မြင့်မားပြီး ကျောက်တုံးကြီးများကို တစ်ခုနှင့်တစ်ခု ဓားဖျားပင် လျှိုသွင်း၍မရအောင် စေ့စပ်သေချာစွာ စီရီထားသည်။ ဤအဆောက်အဦးမှာ သားရဲဒီရေလှိုင်းတစ်သောင်း၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်ဟု ကျော်ကြားသည်။ လက်ဝှေ့ကွင်းအတွင်း၌ ပြိုင်ပွဲများကို အဆင့်ကြီး ၄ ဆင့်နှင့် အရန်ကွင်း ၁၂ ကွင်းဟူ၍ ခွဲခြားထားသည်။
မိုးကောင်ကင် အဆင့်မှာ ပွဲ ၅၀နှင့်အထက် ဆက်တိုက်နိုင်သူများအတွက်ဖြစ်ကာ မြေပြင်
အဆင့်မှာ ၂၅၀ ပွဲ ဆက်တိုက်နိုင်သူများအတွက်ပင်။ လူသားအဆင့်မှာ ၁၀၀ ပွဲ ဆက်တိုက်
နိုင်သူများအတွက်ဖြစ်ကာ သဟဇာတအဆင့်မှာ ၃၀ ပွဲ ဆက်တိုက်နိုင်သူများအတွက်ပင်။
ပုံမှန်အားဖြင့် အဆင့် B နှင့် အောက်အဆင့်ရှိသော မုဆိုးအကဲဖြတ်ပွဲများကို အရန်ကွင်းများ၌သာ ကျင်းပလေ့ရှိသည်။
ဟွမ်ထိန်အဖွဲ့၏ ပြိုင်ပွဲမှာ နောက်တစ်နာရီအကြာတွင် အမှတ် ၈ အရန်ကွင်း၌ ကျင်းပမည်
ဖြစ်ပြီး ယခု သူတို့ကြည့်ရှုမည့် အနက်ရောင်ကျားအဖွဲ့၏ တိုက်ပွဲမှာ အမှတ် ၁၁ အရန်ကွင်း၌ ဖြစ်သည်။
ယွင်ရှန်း ကွင်းအတွင်းသို့ ဝင်လာချိန်တွင် ပြိုင်ပွဲမှာ စတင်ခါစပင် ရှိသေးသည်။ ကွင်းအတွင်း၌ မုဆိုးပေါင်း ၅၀၀ မှ ၆၀၀ ခန့် ရောက်ရှိနေကြပြီး အများစုမှာ မဟာကျိုးနိုင်ငံသားများဖြစ်ကာ ဟောက်ချင်နိုင်ငံသား ၁၀ ဦးကျော်လည်း ပါဝင်သည်။ မဟာကျိုးနိုင်ငံသားများမှာ အိမ်ရှင်ပီပီ မိမိတို့နိုင်ငံမှ မုဆိုးအဖွဲ့ကို အားတက်သရော အော်ဟပ်အားပေးနေကြသည်။
"တောက်ယဲ့တောင် လက်ဝှေ့ကွင်းကနေ မုဆိုးပရိသတ်အားလုံးကို ကြိုဆိုပါတယ်... ကျွန်မကတော့ ဒီပွဲရဲ့ ဒိုင်လူကြီး လန်လန်ပါ။ လေဓာတ်မှော်ဆရာမတစ်ဦးပါ"
ကောင်းကင်ယံ၌ ပေါလောပေါ်လျက် အပြာရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက မိတ်ဆက်လိုက်သည်။
သူမသည် အသက် ၂၀ ကျော်ခန့်ရှိပြီး နုနယ်သော ရုပ်ရည်ရှိကာ မှော်ကျင့်ကြံမှုမှာလည်း မဆိုးလှပေ။ သူမသည် ပျံလွှားအတတ်ကို အသုံးပြုထားစဉ်မှာပင် လေထဲ၌ အသံချဲ့ထွန်းသည့် မှော်ဝင်အစီရင်တစ်ခုကို လျင်မြန်စွာ ထုတ်လွှတ်လိုက်သည်။
လန်လန်၏ အသံမှာ အဆပေါင်းများစွာ ကျယ်လောင်သွားပြီး စိတ်လှုပ်ရှားနေကြသော မုဆိုးတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။ ဆူညံပွက်လောရိုက်နေသော မုဆိုးများမှာ ရုတ်တရက် စိတ်တည်ငြိမ်သွားကြပြီး သူတို့၏ ရင်ထဲမှ အပူအပင်များလည်း သိသိသာသာ လျော့ပါးသွားကြသည်။
လန်လန်ဆိုသော ထိုမှော်ဆရာမသည် အသံချဲ့မှော်အစီရင်အတွင်း၌ စိတ်ကိုအေးချမ်းစေသည့် အထောက်အကူပြုမှော်တစ်မျိုးကိုပါ ထည့်သွင်းအသုံးပြုထားကြောင်း ယွင်ရှန်း ရိပ်မိလိုက်သည်။
"တောက်ယဲ့တောင် လက်ဝှေ့ကွင်းက ကြိုတင်ပြင်ဆင်ထားပုံရတယ်။ အဲဒီမှော်ဆရာမက တောက်ယဲ့တောင်ဒေသမှာ နာမည်ကြီးတဲ့ ကုသရေးမှော်ဆရာမတစ်ဦးပဲ။ သူက လေဓာတ်ကိုသုံးပြီး စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့မှော်ကို အထူးပြုတတ်တာ။ အရင်ပွဲစဉ်တွေမှာ အနက်ရောင်ကျားအဖွဲ့ကြောင့် သေပျောက်ဒဏ်ရာရတာတွေ များခဲ့တော့ မဟာကျိုး မုဆိုးလောကမှာ လူထုဒေါသက တော်တော်လေး ထွက်နေကြတာ"
မူနန်ယန့်က အခြေအနေကို ရှင်းပြလိုက်သည်။
"အနက်ရောင်ကျား မုဆိုးအဖွဲ့ ကွင်းထဲဝင်လာပါပြီ"
ဧရာမ လူသန်ကြီး လေးဦးသည် ကွင်း၏ ထောင့်လေးထောင့်တွင် အသီးသီး နေရာယူလိုက်ကြသည်။ ထို့နောက် မဟာကျိုးနိုင်ငံမှ သူတော်စင်အာမားအဖွဲ့လည်း ဝင်ရောက်လာသည်။ ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ထားသော အနက်ရောင်ကျားအဖွဲ့နှင့် ယှဉ်လျှင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော သူတော်စင်အာမားအဖွဲ့မှာ သိပ်ပြီး ခြိမ်းခြောက်နိုင်စွမ်းရှိပုံမရပေ။ အနက်ရောင်ကျားအဖွဲ့၏ ရက်စက်မှုကို ကြားသိထားကြသဖြင့် သူတော်စင်အာမား အဖွဲ့ဝင်များ၏ မျက်နှာမှာ ဖြူဖျော့နေကြသည်။
ကွင်းပြင်ပမှ မုဆိုးများ၏ အော်ဟစ်သံများက မိုးထိုးမတတ် ဆူညံနေသည်။
"ဟောက်ချင်က ကောင်တွေကို သတ်ပစ်လိုက်စမ်း သူတော်စင်အာမား မဟာကျိုး မုဆိုးတွေအတွက် ဂုဏ်ဆောင်ပေးကြ"
"အနက်ရောင်ကျား... အဝေးကို လွင့်သွားလိုက်စမ်း"
ဒိုင်လူကြီး လန်လန်က တိတ်တိတ်နေရန် အချက်ပြပြီး နှစ်ဖက်စလုံး၏ စွမ်းအားများကို တရားဝင် ကြေညာစေသည်။ အနက်ရောင်ကျား ညီအစ်ကိုလေးဦးသည် သူတို့၏ လက်နက်များနှင့် မှော်လှံတံများကို တစ်ပြိုင်နက် ထုတ်ဖော်ပြသလိုက်ကြသည်။
ဟေးတာ၊ သိုင်းသူရဲကောင်းအဆင့်၊ လက်နက်မှာ တိုက်ပွဲသုံး ပုဆိန်ကြီး။
ဟေးအာ၊ သိုင်းသူရဲကောင်း အဆင့်၊ လက်နက်မှာ တိမ်တိုက်ထိုးဖောက်လေး။
ဟေးဆန်း၊ မှော်ဆရာကြီးအဆင့်၊ မီးဓာတ်ရှိသော ဝိညာဉ်ကျောက်တုံးနှစ်ခုကို ပိုင်ဆိုင်
ထားခြင်း။
ဟေးစိ၊ တိုက်ခိုက်ရေးသားရဲ ဆင့်ခေါ်သူ။
သိုင်းသူရဲကောင်း နှစ်ဦး၊ မှော်ဆရာကြီး တစ်ဦးနှင့် ဆင့်ခေါ်သူ တစ်ဦး အဆင့် D မုဆိုးလောကကို သုတ်သင်ရှင်းလင်းလာခဲ့သော ဤအဖွဲ့၏ အင်အားမှာ အမှန်တကယ်ပင် ကြောက်ခမန်းလိလိပင်။ ၎င်းကို ကြားလိုက်ရသောအခါ သူတော်စင်အာမား အဖွဲ့ဝင်များမှာ ပို၍ပင် မျက်နှာပျက်သွားကြသည်။ အကယ်၍ ပရိသတ်များ၏ အားပေးမှုသာ မရှိပါက သူတို့မှာ အရှုံးပေးပြီး ထွက်ပြေးသွားကြလောက်ပြီ ဖြစ်သည်။
သူတော်စင်အာမားအဖွဲ့တွင် သိုင်းသူရဲကောင်း တစ်ဦး၊ မှော်ဆရာကြီး တစ်ဦး၊ မှော်ညွှန်ကြားရေးမှူးတစ်ဦးနှင့် ဆင့်ခေါ်သူ တစ်ဦး ပါဝင်သည်။
ယွင်ရှန်း သတိပြုမိသည်မှာ နှစ်ဖက်စလုံးမှ ဆင့်ခေါ်သူများသည် သူတို့၏ သားရဲများကို ချက်ချင်း ဆင့်မခေါ်ကြသေးခြင်းပင်။ ဖန်းကု ပြောခဲ့ဖူးသကဲ့သို့ပင် အင်အားချင်း မတိမ်းမယိမ်းဖြစ်နေသော ပွဲစဉ်များတွင် ဆင့်ခေါ်သူတို့၏ သားရဲများသည် အောင်ပွဲအတွက် အဆုံးအဖြတ်ပေးနိုင်သော လျှို့ဝှက်လက်နက်များ ဖြစ်ကြသည်။
ဘေးနားတွင် စိတ်ဝင်တစား စောင့်ကြည့်နေသော ယွင်ရှန်းကို ကြည့်ရင်း ဖန်းကုမှာ စိတ်ထဲတွင် စိုးရိမ်စိတ်တစ်ခု ပေါ်လာသည်။
ငါ... ယွင်ရှန်းကို ဒီပွဲ လာကြည့်ခိုင်းတာ မှားသွားပြီလား မသိဘူး။