အခန်း (၁၅၅)
Vol. 15 Ch. 155
ယွင်ရှန်း၏ နောက်ကွယ်တွင် ဖန်းကုသည် အနက်ရောင်ကျားအဖွဲ့၏ အလစ်အငိုက် တိုက်ခိုက်မှုကို သတိထား စောင့်ကြည့်နေရသလို တစ်ဖက်တွင်လည်း ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ယွင်ရှန်း၏ စိတ်ဓာတ်ရေးရာ ထိခိုက်ပြီး လာမည့်ပြိုင်ပွဲအပေါ် သက်ရောက်မှု ရှိသွားမည်ကို စိုးရိမ်နေမိသည်။
မည်သို့ပင်ဆိုစေ သူမသည် ကလေးတစ်ယောက်သာ ရှိသေးသည် မဟုတ်ပါလား။
ကွင်းအတွင်း၌ ခုနကတင် ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှု၏ အနံ့အသက်များ မပြယ်သေးသလို မြေပြင်ပေါ်ရှိ သွေးစက်များမှာလည်း ခြောက်သွေ့ခြင်း မရှိသေးပေ။ မုဆိုးလောကသို့ ခြေစုံပစ်ဝင်ကာစ ဖြစ်သော ယွင်ရှန်းအတွက် ဤမြင်ကွင်းများက လွန်ကဲလွန်းနေမည်လား။
အခုတင်ပဲ ဒီကလေးမလေး လဲကျသွားရင်တော့ အကောင်းဆုံးပဲ။
အနက်ရောင်ကျားအဖွဲ့ဝင်များကမူ ယွင်ရှန်းသာ စိတ်ဓာတ်ပျက်ပြားသွားပါက ဟွမ်ထိန်အဖွဲ့တွင် ဆင့်ခေါ်သူ မရှိတော့ဘဲ အဆင့် B အကဲဖြတ်ပွဲကို ဝင်ပြိုင်ခွင့် ဆုံးရှုံးသွားမည်ဟု တွေးကာ ယုတ်မာစွာ မျှော်လင့်နေကြသည်။ သူတို့သည် အရုပ်မလေးကဲ့သို့ ချစ်စရာကောင်းသော ဤဆင့်ခေါ်သူလေး ကွင်းအလယ်တွင် ကြောက်လန့်တုန်ရီကာ လဲကျသွားခြင်းဖြင့် မဟာကျိုးမုဆိုးများ၏ တိုက်ခိုက်လိုစိတ်ကို အမြစ်ပြတ် ချေမှုန်းပစ်ချင်နေကြသည်။
အဆင့် C မှ အဆင့် B သို့ တက်လှမ်းမည့် မုဆိုးများသည် မုဆိုးလောက၏ ထိပ်သီးများ မဟုတ်ကြသေးသော်လည်း အရေအတွက် အများဆုံးနှင့် နိုင်ငံတစ်နိုင်ငံ၏ မုဆိုးအင်အားစု၏ ပင်မအသက်သွေးကြောများ ဖြစ်ကြသည်။ မကြာသေးမီနှစ်များအတွင်း မဟာကျိုးနိုင်ငံ၏ အင်အားမှာ မှေးမှိန်လာနေသည်။ မဟာကျိုး၏ သိုင်းသူတော်စင်ကြီး ယန်ပါးဟိုမှာလည်း လူမြင်ကွင်းသို့ မထွက်သည်မှာ ရှစ်နှစ်နီးပါး ရှိနေပြီဖြစ်သည်။
ပြင်ပလောကတွင် မဟာကျိုး သိုင်းပညာရှင်များ၏ ကျဆုံးမှုအကြောင်း ကောလာဟလများ ပျံ့နှံ့နေချိန်တွင် ယနေ့ သူတော်စင်အာမားအဖွဲ့ တစ်ချက်တည်းနှင့် ပြိုလဲသွားပုံကို ကြည့်ရသည်မှာ မဟာကျိုးသည် တကယ်ပင် အားနည်းသွားပြီလားဟု ထင်မှတ်စရာပင်။
ထိုစဉ် တစ်ကွင်းလုံး တိတ်ဆိတ်သွားပြီး မျက်လုံးအားလုံးမှာ ထိုဆင့်ခေါ်သူမလေးထံသို့ စုပြုံရောက်ရှိနေသည်။
ရုတ်တရက် ဂျွတ်ခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်။ အသံချဲ့ထွန်းသည့် မှော်အစီရင်ကြောင့် ထိုအသံမှာ တစ်ကွင်းလုံး၌ အထင်းသား ကြားလိုက်ရသည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော တိဘက်ခွေးလေး၏ လည်ပင်းမှာ ပျော့ခွေကျသွားပြီး အသက်ရှူသံမှာလည်း လုံးဝ ပြတ်တောက်သွားတော့သည်။
ယွင်ရှန်းသည် သူမ၏ လက်ကလေးများကို ဖယ်လိုက်လေသည်။
သူမ... အဲဒီခွေးလေးကို သတ်ပစ်လိုက်တာလား။
ယွင်ရှန်းသည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အစအနမျှ မပြဘဲ တိဘက်ခွေးလေး၏ မျက်လုံးများကို အသာအယာ ပိတ်ပေးလိုက်သည်။ ၎င်း၏ ဦးခေါင်းခွံမှာ ကြေမွနေပြီဖြစ်ရာ ဤတိဘက်ခွေးလေး၏ သက်စောင့်အားမှာ မဲမဲလေးကဲ့သို့ မသန်မာပေ။ ထို့ကြောင့် ဝေဒနာခံစားနေရမည့်အစား သေဆုံးခြင်းကသာ ၎င်းအတွက် အကောင်းဆုံး ရလဒ်ဖြစ်ပေသည်။
"သေဆုံးခြင်းကလည်း လွတ်မြောက်ခြင်းတစ်မျိုးပါပဲ။ စိတ်မပူနဲ့... မင်းရဲ့ရန်သူတွေရဲ့ လည်ပင်းကို ကြက်ကလေးတွေလို တစ်ယောက်မကျန် ငါ ပြန်ချိုးပေးမယ်"
ယွင်ရှန်းက ပြောလိုက်ရင်း သူမ၏ အကြည့်ကို အနက်ရောင်ကျားအဖွဲ့ထံသို့ သိမ်မွေ့စွာ ပို့လိုက်သည်။
ဤစကားကို ကြားလိုက်ရသူတိုင်း အသက်ရှူအောင့်သွားကြသည်။
အရမ်းမောက်မာလွန်းတာပဲ။
ဒီကလေးမလေးကတော့ တကယ့်ကို အလန်းစားပဲဟေ့။
ဤမိန်းကလေးငယ်လေးက အနက်ရောင်ကျားအဖွဲ့ခေါင်းဆောင် ဟေးတာ၏ ခေါင်းကို လိမ်ချိုးပစ်မည်ဟု လူအများရှေ့တွင် တရားဝင် ပြောလိုက်ခြင်း မဟုတ်ပါလား။
ထိုစကားကို ကြားသည်နှင့် ဟေးတာမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။
"ဒီကလေးမ... နင် သေချင်နေတာပဲ"
ဟေးတာသည် အလွန်အမင်း ဒေါသထွက်သွားသည်။ သူ၏ ကျင့်ကြံမှုနှင့် အင်အားအရ နှစ်
ရက်ဆက်တိုက် လူအများရှေ့တွင် ဤသို့ အစော်ကားခံရခြင်းပင်။ ၎င်းမှာလည်း အတွေ့အကြုံမရှိသေးသော မုဆိုးအသစ်လေးတစ်ဦး၏ လက်ချက်ဖြစ်နေခြင်းကို သူ လုံးဝ သည်းမခံနိုင်တော့ပေ။
ဟေးတာ ဒေါသတကြီးဖြင့် ပေါက်ကွဲတော့မည့်အချိန်မှာပင် သူ၏အကြည့်သည် ယွင်ရှန်း၏ မျက်ဝန်းများနှင့် ဆုံမိသွားသည်။
သူမ၏ မျက်ဝန်းများမှာ နက်ရှိုင်းလှသော ရေတွင်းအလား မှောင်မိုက်နေပြီး ထိုမှတစ်ဆင့် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။
ဟေးတာသည် သူ၏ဦးခေါင်းထဲ၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ယိုင်တိုင်တိုင်ဖြစ်ကာ မြေပြင်ပေါ်သို့ လဲမကျအောင် အသည်းအသန် ထိန်းလိုက်ရသည်။
"အစ်ကိုကြီး"
ဟေးတာ၏ နောက်ကွယ်မှ ဟေးအာ၊ ဟေးဆန်းနှင့် ဟေးစိတို့မှာ တစ်ခုခု ဖြစ်သွားပြီဟု ထင်မှတ်ကာ သူ့ကို ထိန်းရန် အလျင်အမြန် ရှေ့သို့ တိုးလာကြသည်။
"နင် ဘာမှော်အတတ်တွေ သုံးလိုက်တာလဲ... ငါ့အစ်ကိုကြီးကို ဘာလုပ်လိုက်တာလဲ"
ဟေးအာသည် ဒေါသတကြီး အော်ဟပ်လိုက်သည်။ သူ၏အစ်ကိုဖြစ်သူ ဤမျှအထိ ယိုင်နဲ့သွားသည်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ယွင်ရှန်း၏ လက်ချက်ဖြစ်မည်မှာ သေချာသည်ဟု သူ ယုံကြည်နေသည်။
"ဒီလောက် လူကောင်ကြီးတာကို သမီးက ဘာလုပ်နိုင်မှာလဲ။ ဘာလဲ... ဆက်ပြီး ရန်လိုချင်သေးတာလား။ ဆရာမ လန်လန်က ဒီအတိုင်း ထိုင်ကြည့်နေမယ်လို့ တကယ်ပဲ ထင်နေတာလား"
ယွင်ရှန်းက အေးစက်စက် ပြန်ပြောလိုက်ရင်း စိတ်ထဲမှ လှောင်ရယ်မိသည်။
ရှန်းနုန်မျက်စိ၏ အစွမ်းမှာ သိုင်းပညာရှင်များအပေါ်တွင် ပို၍ ထိရောက်ပုံရသည်။ ရှန်းနုန်မျက်စိတွင် စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်နိုင်သည့် စိတ်ညှို့ဓာတ်အစိတ်အပိုင်းတစ်ခု ပါဝင်နေသည်။ သိုင်းပညာရှင်များသည် စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းတွင် မှော်ဆရာများလောက် မသန်မာကြပေ။
ဆရာမ လန်လန်သည် နှစ်ဖက်စလုံးကြားသို့ ချက်ချင်းဝင်ရောက် တားဆီးလိုက်သည်။
ထိုစဉ်မှာပင် မြေကြီးတစ်ခုလုံး သိသိသာသာ တုန်ခါသွားပြီး အမှတ် ၁၀ အရန်ကွင်းအနီး၌ ဧရာမ လေဆင်နှာမောင်းကြီး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။
ခဏချင်းအတွင်းမှာပင် အမှတ် ၁၁ နှင့် အမှတ် ၉ အရန်ကွင်းများပါ သက်ရောက်မှု ခံလိုက်ရသည်။ တံတိုင်းများ ပြိုကျကုန်ပြီး မြေပြင်ပေါ်တွင်လည်း တွားသွားနေသော သားရဲများအလား အက်ကြောင်းကြီးများစွာ ပေါ်ထွက်လာသည်။
ကွင်းအတွင်းရှိ မုဆိုးများမှာလည်း ထိတ်လန့်တုန်လှုပ်ကာ ပရမ်းပတာ ဖြစ်ကုန်ကြသည်။ တစ်ဦးနှင့်တစ်ဦး အငြင်းပွားနေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ လွတ်ရာသို့ ထွက်ပြေးကြလေတော့သည်။
ဖန်းကုသည် စကားတစ်လုံးမှ မဆိုဘဲ ယွင်ရှန်းကို သူ၏ပခုံးပေါ်သို့ မတင်လိုက်ပြီး လေဆင်နှာမောင်းကြောင့် လွင့်စင်လာသော ကျောက်တုံးကြီးများကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
ထူးဆန်းသည်မှာ ကောင်းကင်ယံမှာ ကြည်လင်နေဆဲဖြစ်ပြီး လေဆင်နှာမောင်း မလာမီ ဖြစ်လေ့ရှိသော မှောင်မိုက်အုံ့မှိုင်းသည့် လက္ခဏာမျိုး လုံးဝ မရှိခဲ့ခြင်းပင်။ ဤလေဆင်နှာမောင်းမှာ အလွန်ကြီးမားပြီး မည်သည့်သတိပေးချက်မှ မရှိဘဲ ပေါ်လာခြင်း ဖြစ်သည်။
၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြောက်ခမန်းလိလိပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ၎င်းသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ကောင်းကင်ယံသို့ ပြန်လည်မြင့်တက်ကာ လိပ်တက်နေသော တိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ထိုခဏတာအတွင်းမှာပင် အရန်ကွင်း ၂ ကွင်း၊ ၃ ကွင်းခန့်မှာ အပျက်အစီးများအောက် ရောက်ရှိသွားခဲ့ပြီး ပရိသတ်စင်များနှင့် လက်ဝှေ့ကွင်းများမှာလည်း အလုံးစုံ ပျက်စီးသွားခဲ့ရလေသည်။
အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သည့် ပရိသတ်အချို့မှာ ပြိုကျလာသော ကျောက်တုံးကြီးများအောက်တွင် ပိမိကုန်ကြသည်။
ထိုအချိန်တွင် ဆရာမ လန်လန်အပါအဝင် လက်ဝှေ့ကွင်းမှ မှော်ဆရာများသည် ကွင်းအတွင်းရေးများကို ဂရုမစိုက်နိုင်တော့ဘဲ ဒဏ်ရာရသူများကို ကူညီရန် အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့သည် ပျံလွှားအတတ်ကို အသုံးပြု၍ ကျောက်တုံးကြီးများကို မကာ ဒဏ်ရာရသူများကို ဆေးကုသပေးနေကြသည်။
"ဘာတွေဖြစ်ကုန်တာလဲ။ အမှတ် ၁၀ အရန်ကွင်းမှာ ခုနကတင် ပွဲစနေတာ မဟုတ်လား။ ဘယ်လိုလုပ် လေဆင်နှာမောင်းကြီးက ဘယ်ကမှန်းမသိ ပေါ်လာရတာလဲ"
ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများက အံ့ဩတကြီး ဆွေးနွေးနေကြသည်။
တစ်စုံတစ်ယောက်က ယနေ့ပွဲစဉ်ဇယားကို ရုတ်တရက် သတိရသွားပြီး "ငါမှတ်မိပြီ... အမှတ် ၁၀ ကွင်းမှာ ပြိုင်နေတာ ရှန်းကျူက လာတဲ့ မုဆိုးအဖွဲ့ မဟုတ်လား" ဟု အော်ပြောလိုက်သည်။
ဖန်းကု၏ ပခုံးပေါ်တွင် ထိုင်နေသဖြင့် အမြင့်မှ မြင်နေရသော ယွင်ရှန်းက ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ... လူတစ်ယောက် ရှိနေတယ်"
လေဆင်နှာမောင်းမှာ အရှိန်လျော့သွားပြီဖြစ်ပြီး ကောင်းကင်ယံတွင် တိမ်တိုက်ဝဲဂယက်လေးတစ်ခုသာ ကျန်ရှိတော့သည်။ ထိုနေရာတွင် လူရိပ်တစ်ခု ပေါ်လာသည်။
၎င်းမှာ မုဆိုးသမဂ္ဂတွင် ယွင်ရှန်းနှင့် တွေ့ဆုံခဲ့သော တိဖုန်းပင်။ သူမသည် နေရောင်ခြည်
အောက်တွင် လေထဲ၌ ရပ်နေပြီး နတ်သမီးသွေးနှောပါသော သူမ၏ မျက်နှာမှာ ကြည်လင်ဝင်းပနေသည်။ သူမ၏ ကျောပေါ်တွင် စိမ်းလောင်သော လေဓာတ်အတောင်ပံတစ်စုံရှိနေပြီး ကြည့်ရသည်မှာ လေနတ်သမီးတစ်ပါးနှင့်ပင် တူလှသည်။
သူမသည် အတောင်ပံများကို ခတ်လိုက်ကာ ကောင်းကင်ယံ၌ လှပသော အစိမ်းရောင် မျဉ်းကွေးတစ်ခုကို ရေးဆွဲရင်း မြေပြင်သို့ ဆင်းသက်လာခဲ့သည်။ ယွင်ရှန်းကို မြင်လိုက်ရသည်နှင့် သူမက တောက်ပသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"လိုလီလေး... နင် ဒီမှာရှိနေမယ်လို့ ငါပြောသားပဲ။ ခုနက ဘေးကွင်းကနေ နင့်အသံကို ကြားလိုက်လို့ နင့်ကိုတွေ့ဖို့ တံတိုင်းကို တိုက်ရိုက်ကျော်လာခဲ့တာ"
ယွင်ရှန်းသည် သူမ၏စကားက အတည်လား နောက်တာလား မဝေခွဲနိုင်သဖြင့် မျက်နှာလေး တင်းထားမိသည်။
"တိဖုန်း... နင် အရမ်းလွန်သွားပြီ။ အရန်ကွင်း ၃ ကွင်းကို ဖျက်ဆီးခဲ့ရုံတင်မကဘူး မုဆိုး ၅၀ ၆၀ လောက်လည်း ဒဏ်ရာရကုန်ပြီ။ ပြိုင်ဘက်မုဆိုးအဖွဲ့ဆိုရင် အစအနတောင် မကျန်တော့ဘူး"
ဆရာမ လန်လန် ဦးဆောင်သော မှော်ဆရာများနှင့် မုဆိုးများက ဝိုင်းအုံလာပြီး ပြစ်တင်ကြသည်။
အမှတ် ၁၀ ကွင်းတွင် ဖြစ်ပျက်ခဲ့သမျှမှာ မယုံနိုင်စရာကောင်းလောက်အောင် တိဖုန်း တစ်ဦးတည်း၏ လက်ချက်ဖြစ်ကြောင်း သူတို့ အတည်ပြုပြီးခဲ့ပြီဖြစ်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ ကွင်းအတွင်းရှိ မုဆိုးများမှာလည်း ဆူညံသွားကြသည်။
ဤမျှလောက် ပြင်းထန်သော ဖျက်ဆီးမှုမျိုးကို မျက်မြင်မတွေ့ခဲ့ပါက မည်သူမျှ ယုံကြည်ကြမည်မဟုတ်ပေ။ ယနေ့ ပွဲကြည့်လက်မှတ် ဝယ်ထားသူများမှာ အမှန်တကယ်ပင် တန်သွားကြသည်။
မုဆိုးတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။
ဘယ်လောက်တောင် ရက်စက်လိုက်သလဲ။ အခုခေတ် မုဆိုးအလုပ်က ဒီလောက်တောင် အန္တရာယ်များနေပြီလား။
ရှင်ကျူဝိညာဉ်စိုးမိုးသူအဖွဲ့၏ နည်းလမ်းများမှာ စောစောက အနက်ရောင်ကျားအဖွဲ့ထက် အဆပေါင်းများစွာ ပို၍ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။