← Chapters

အခန်း (၁၅၈)

Vol. 15 Ch. 158

အခန်း (၁၅၈)

Vol. 15 Ch. 158

တစ်ဖက်လူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖော်ရွေပျူငှာသော အသွင်ရှိသည်ကို မြင်သောအခါ လင်းယောင်အာသည် သူမအနားသို့ လျှောက်သွားလိုက်သည်။

"မမလင်း... ခုနက ဆေးခန်းမှာ မမအဖေရဲ့ရောဂါအကြောင်း ပြောနေတာ သမီးကြားလိုက်

တယ်။ မမအဖေက အဆစ်အမြစ်ကိုက်ခဲတဲ့ရောဂါ ခံစားနေရတာလား"

ယွင်ရှန်းက ကြင်နာစွာ မေးလိုက်သည်။ ယွင်ရှန်းသည် စောစောက လင်းယောင်အာ ကိုင်ထားသော ဆေးညွှန်းကို တစ်ချက်ကြည့်လိုက်ရာ ဝါးဖြူ၊ ကျောက်နက်နှင့် လိပ်ခွံတို့ ပါဝင်နေသည်ကို တွေ့ခဲ့သည်။ ထိုဆေးများမှာ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေသည့် ဆေးများဖြစ်ပြီး ခေတ်သစ်ဆေးပညာတွင် နာတာရှည် အဆစ်အမြစ်ရောင်ရောဂါရှင်များအတွက် အသုံးများသော ဆေးများပင် ဖြစ်သည်။

"အဆစ်အမြစ် ကိုက်ခဲတဲ့ရောဂါလား။ ညီမလေး... အဲဒါက ဘာလဲဆိုတာ မမ မသိဘူး"

လင်းယောင်အာက ပြန်ပြောသည်။ ယွင်ရှန်းသည် အသက် ၁၅၊ ၁၆ နှစ်အရွယ်ရှိပြီး စကားပြောပုံမှာလည်း ယဉ်ကျေးသိမ်မွေ့သဖြင့် လူကောင်းတစ်ဦးဟု သူမ ထင်မှတ်လိုက်သည်။

ဝူကျီတိုက်ကြီးပေါ်တွင် အဆစ်အမြစ်ကိုက်ခဲသည့် ရောဂါကို အမည်တစ်မျိုးဖြင့် ခေါ်ဝေါ်ပုံရသည်။

ယွင်ရှန်းက ပြုံးလိုက်ရင်း "သမီး အခေါ်အဝေါ် မှားသွားတာပါ။ အဆစ်အမြစ် ကိုက်ခဲတဲ့ရောဂါဆိုတာ သမီးတို့ ရွာဘက်က အခေါ်အဝေါ်ပါ။ ရောဂါလက္ခဏာတွေကတော့ အဆစ်တွေ ရောင်ရမ်းမယ်။ ချမ်းလိုက် ပူလိုက်ဖြစ်မယ်။ နှစ်တွေကြာလာရင် အဆစ်တွေက မည်းလာပြီး လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့တာမျိုးပေါ့။ အထူးသဖြင့် ဒီရက်ပိုင်းမှာ မမအဖေက တော်တော်လေး နာကျင်ခံစားနေရပြီး ညဘက်ဆိုရင်လည်း အိပ်လို့တောင် ရမှာမဟုတ်ဘူး"

ယွင်ရှန်း၏ စကားအဆုံးတွင် လင်းယောင်အာမှာ အံ့ဩတကြီးဖြင့် ယွင်ရှန်း၏လက်ကို လှမ်းဆွဲလိုက်မိသည်။

"ညီမလေး ဘယ်လိုလုပ် သိတာလဲ။ ညီမလေးကလည်း ဆရာဝန်ပဲလား။ မမအဖေ ဒီရောဂါဖြစ်နေတာ ၃ နှစ်၊ ၄ နှစ် ရှိပါပြီ။ နာမည်ကြီး ဆရာဝန်တွေ ဆေးညွှန်းပေါင်းစုံနဲ့ ဆေးဖော်စပ်နည်း အမျိုးမျိုးကို စမ်းခဲ့ပေမဲ့ ဘာမှ မထူးခြားခဲ့ဘူး"

"အဆစ်အမြစ်ရောဂါဆိုတာ နာတာရှည်ရောဂါမို့ ဆေးသောက်ရုံနဲ့ မပျောက်ဘူး။ သမီးကို မမအဖေဆီ ခေါ်သွားပေးပါ။ သူ့ရောဂါကို ကုသနိုင်မယ့် နည်းလမ်း သမီးဆီမှာ ရှိတယ်လို့ ထင်ပါတယ်"

ယွင်ရှန်းက ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် စီအန်းဆေးတိုက်လေးဆီသို့ ထွက်လာခဲ့ကြသည်။

ထိုဆေးတိုက်မှာ ဟောင်းနွမ်းနေပြီဖြစ်သော်လည်း ဆေးတိုက်၏ အကျယ်အဝန်းကို ကြည့်ခြင်းဖြင့် တစ်ချိန်က မည်မျှ ခမ်းနားခဲ့မည်ကို ခန့်မှန်းနိုင်သည်။ ဆိုင်ထဲတွင် အသက်ကြီးကြီး ဆိုင်စောင့်တစ်ဦးနှင့် ၁၀ နှစ်အရွယ် ဆေးကြိတ်သည့် ကလေးငယ်တစ်ဦးသာ ရှိတော့သည်။

ယွင်ရှန်းက အေးစက်စက်ဖြစ်နေသော ဆေးတိုက်ကို လှည့်ပတ်ကြည့်နေသည်ကို မြင်သောအခါ လင်းယောင်အာက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"မမအဖေ အိပ်ရာပေါ် လဲသွားပြီးနောက်ပိုင်း ဆေးတိုက်ကို မမတစ်ယောက်တည်း စီမံနေရတာပါ။ မမကိုယ်တိုင်ကလည်း ဆေးပညာမှာ သိပ်မကျွမ်းကျင်တော့ ဆိုင်က အရောင်းအဝယ်တွေ ပါးသွားရတာပေါ့"

လင်းယောင်အာက ထိုသို့နှိမ့်ချပြောဆိုသော်လည်း ဆေးတိုက်၏ ခင်းကျင်းပုံနှင့် ဆိုင်သားများက သူမအပေါ် ရိုသေလေးစားပုံကို ကြည့်ခြင်းဖြင့် ဤ ၁၃၊ ၁၄ နှစ်အရွယ် မိန်းကလေးသည် ရုပ်ရည်လှပရုံတင်မကဘဲ အမှန်တကယ် အရည်အချင်းရှိသူတစ်ဦး ဖြစ်ကြောင်း ယွင်ရှန်း ရိပ်မိလိုက်သည်။

လင်းယောင်အာက ယွင်ရှန်းကို အခန်းတွင်းပိုင်းသို့ ခေါ်ဆောင်သွားရာ ထိုနေရာ၌ အလွန်အမင်း ပူအိုက်နေသည်ကို တွေ့ရသည်။ အခန်း၏ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် မှော်အစီရင်နှစ်ခုကို ခင်းကျင်းထားသည်။

အဆစ်အမြစ်ကိုက်ခဲသူများမှာ အအေးဓာတ်ကို ကြောက်ရွံ့တတ်ကြသဖြင့် လင်းယောင်အာသည် မီးဓာတ်မှော်အစီရင်ကို အသုံးပြု၍ အခန်းကို ခြောက်သွေ့နွေးထွေးအောင် ဖန်တီးထားခြင်းဖြစ်သည်။ ဤနည်းလမ်းက နာကျင်မှုကို အထိုက်အလံ သက်သာစေနိုင်သည်။

"မမက မှော်ဆရာမလား"

ဤကဲ့သို့သော အခြေခံ မီးဓာတ်မှော်အစီရင်မျိုးကို မှော်ဆရာအဆင့်ရှိသူမှသာ ခင်းကျင်းနိုင်သည်။

"ဟုတ်တယ် အရင်က အနီးနားမြို့က မှော်ကျောင်းတော်မှာ ပညာသင်ခဲ့တာ။ ဒါပေမဲ့ အဖေ နေမကောင်းဖြစ်တာနဲ့ ပညာသင်ဆုဝက်နဲ့ပဲ ပြန်လာခဲ့ရတာပါ"

လင်းယောင်အာက ရိုးသားစွာ ခေါင်းညိတ်ပြသည်။

လင်းယောင်အာ၏ ဖခင်ဖြစ်သူ ဆရာဝန်လင်းသည် အသက် ၄၀ ခန့်သာ ရှိသေးသော်လည်း ရောဂါဝေဒနာကို နှစ်ရှည်လများ ခံစားနေရသဖြင့် အရိုးပေါ် အရေတင်ဖြစ်နေကာ လင်းယောင်အာ၏ အဖိုးအရွယ်လောက်အထိ အိုမင်းရင့်ရော်နေပုံရသည်။

ယွင်ရှန်းသည် ဤမြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးမိသည်။ လင်းယောင်အာသည် အခြေအနေကို လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းရှိသူဖြစ်သည်။ သူမသည် ဆရာဝန်မိသားစုမှ လာသူဖြစ်သော်လည်း မှော်ပညာနှင့် ဆေးပညာကို မည်သို့ပေါင်းစပ်ရမည်ကို သိရှိနေသည်။ သူမ၏ အယူအဆနှင့် လုပ်ဆောင်ပုံများမှာ ဆရာဝန်ဖန်း၏ နည်းလမ်းများနှင့် တိုက်ဆိုင်စွာပင် တူညီနေသည်။

ယွင်ရှန်းက လင်းယောင်အာကို သူမ၏ဖခင်အား ထိုင်နိုင်အောင် ကူညီခိုင်းလိုက်ပြီး ဖခင်ဖြစ်သူ၏ အဆစ်အမြစ်များကို စစ်ဆေးကြည့်ရာ မူလအရွယ်အစားထက် နှစ်ဆခန့် ပို၍ ရောင်ရမ်းနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ခြေဆစ်များမှာ နီရဲနေပြီး အမည်းစက်များ စတင်ပေါ်ပေါက်နေပြီဖြစ်သည်။ အကယ်၍ အဆစ်များ လုံးဝမည်းသွားပြီး အာရုံကြောများ သေဆုံးသွားပါက ဆရာဝန်လင်း၏ ခြေထောက်များမှာ လုံးဝ အသုံးမဝင်တော့ပေ။

"အချိန်မီ ရှာဖွေတွေ့ရှိခဲ့တာ ကံကောင်းတယ်။ အခုထိ ကုသလို့ ရပါသေးတယ်။ သွား... ရေချိုးတဲ့ သစ်သားစည်ပိုင်းကြီးကြီး တစ်ခုရှာခဲ့။ ပြီးတော့ အဲဒီထဲမှာ ပူနေတဲ့ သဲတွေကို ပြင်ထားပေးပါ"

လင်းယောင်အာသည် ယွင်ရှန်း ဘာလုပ်မည်ကို မသိသော်လည်း သူမ၏ စကားကို နားထောင်ကာ ချက်ချင်းပင် သွားရောက်ပြင်ဆင်လေသည်။ လင်းယောင်အာနှင့် ယွင်ရှန်းတို့မှာ စကားအနည်းငယ်သာ ပြောရသေးသော်လည်း အကြောင်းရင်းမသိဘဲ ယွင်ရှန်းအပေါ်တွင် အပြည့်အဝ ယုံကြည်မိနေသည်။

သဲပူနှင့် သစ်သားစည်ပိုင်း အသင့်ဖြစ်သောအခါ သူတို့နှစ်ဦးသည် အားနည်းနေသော ဆရာဝန်လင်းကို သဲပူများထဲသို့ ထည့်ကာ သဲဖြင့် ရေချိုးပေးသည့်ပုံစံ ပြုလုပ်ပေးလိုက်ကြသည်။ ထိုစဉ် ဆရာဝန်လင်း နိုးလာပြီး သူ၏သမီးနှင့်အတူ ထူးဆန်းသော မိန်းကလေးငယ်တစ်ဦးကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။

"အဖေ... သူက သမီးပြောတဲ့ ဆရာဝန်လေးပါ။ ဆရာဝန်ယွင်တဲ့။ သူက အဖေ့ရောဂါကို ကုပေးနိုင်မယ်လို့ ပြောတယ်"

လင်းယောင်အာမှာ မိုက်မဲသူမဟုတ်ပေ။ သူမသည် ယွင်ရှန်း၏ ဆရာဝန်လက်မှတ်ကို ကြိုတင်မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။

ဖခင်ဖြစ်သူ လင်းသည် သဲစည်ပိုင်းအတွင်း ထိုင်လိုက်သည်နှင့် တစ်ကိုယ်လုံး နီမြန်းလာကာ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။

"ညီမလေး... ဒါက ဘယ်လိုကုထုံးမျိုးလဲ။ မမ တစ်ခါမှ မကြားဖူးပါဘူး"

လင်းယောင်အာသည် သူမ၏ဖခင် နာကျင်နေသည်ကို မြင်ရသဖြင့် ရင်ထဲတွင် တဆစ်ဆစ် နာကျင်လာရသည်။ ယခုအခါ သူမတွင် မိသားစုဆို၍ သူမ၏ဖခင်တစ်ဦးတည်းသာ ကျန်ရှိတော့သည် မဟုတ်ပါလား။

"ဒါကို သဲကုထုံးလို့ ခေါ်တယ်။ စိတ်မပူပါနဲ့ နာရီဝက်လောက်ပဲ စောင့်ကြည့်လိုက်ပါ"

ယွင်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ဆရာဝန်လင်း၏ ခန္ဓာကိုယ်မှာ ပြုတ်ထားသော ပုစွန်တစ်ကောင်ကဲ့သို့ နီရဲနေသော်လည်း အံ့ဩစရာကောင်းသည်မှာ သူ၏ ရောင်ရမ်းနေသော အဆစ်အမြစ်များမှာ သိသိသာသာ ပြန်လည် လျော့ကျသွားခြင်းပင်။

သူ သဲစည်ပိုင်းထဲမှ ထွက်လာသည်နှင့် ယွင်ရှန်းသည် လေးရာသီ ဖန်စီအပ်ထဲမှ မီးဓာတ်အပ်ကို ထုတ်ယူလိုက်သည်။

အပ်ထိပ်ဖျားက သူ၏ ဒူးခေါင်းကို ထိုးဖောက်လိုက်ချိန်တွင် ဆရာဝန်လင်းသည် တစ်ကိုယ်လုံး ပူနွေးသွားပြီး အတွင်း၌ မီးတောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ခဏအကြာတွင် သူ၏ ဒူးခေါင်းမှ သွေးများ ထွက်လာသည်။ ထိုသွေးများမှာ အဆိပ်ရည်များကဲ့သို့ မည်းနက်နေပြီး ပုပ်စော်နံလှသည်။

ယွင်ရှန်းသည် ဆရာဝန်လင်း၏ လက်ဆစ်၊ ခြေဆစ်များတွင် အပ်အချို့ကို ထပ်မံ စိုက်လိုက်ရာသူ၏ နာကျင်နေသော အမူအရာမှာ တဖြည်းဖြည်း ပြေလျော့သွားပြီး အနားယူနိုင်သော အခြေအနေသို့ ရောက်ရှိသွားသည်။ လေးလံထိုင်းမှိုင်းနေသော သူ၏ အင်္ဂါအစိတ်အပိုင်းများမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

နှစ်ပေါင်းများစွာ နာတာရှည် အဆစ်အမြစ်ရောဂါ၏ နှိပ်စက်မှုကို ခံခဲ့ရသော ဆရာဝန်လင်းသည် ယခုမှပင် ပထမဆုံးအကြိမ်အဖြစ် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

"အဖေ ဘယ်လိုနေသေးလဲဟင်"

ဖခင်ဖြစ်သူ အိပ်ပျော်သွားသည်ကို မြင်သောအခါ လင်းယောင်အာသည် ဝမ်းသာသလို စိုးလည်း စိုးရိမ်နေမိသည်။

"ဘာမှ စိုးရိမ်စရာမရှိပါဘူး။ သူ့ခြေထောက်က ရောဂါက တော်တော်လေး ရင့်နေပြီမို့ သဲရေချိုးတာနဲ့ အပ်စိုက်ကုတာကို နောက်ထပ် အနည်းငယ် ထပ်လုပ်ဖို့ လိုပါလိမ့်မယ်။ လက်ဆစ်တွေကတော့ နောက် ၃ ရက်ဆိုရင် စိတ်ကြိုက် လှုပ်ရှားလို့ ရပါပြီ"

ယွင်ရှန်းသည် အပ်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။ သူမအနေဖြင့် ဤလေးရာသီ ဖန်စီအပ်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သော်လည်း ထင်ထားသည်ထက် ပို၍ လက်ဝင်သည်ကို တွေ့ရသည်။ အထူးသဖြင့် မှော်ဓာတ်သတ္တိများ ကိန်းအောင်းနေသဖြင့် ဤကဲ့သို့သော ထူးခြားသည့် ကုသမှုများတွင် ပို၍ ထိရောက်မှု ရှိလှသည်။

"ကျေးဇူးတင်ပါတယ် နတ်ဆေးဆရာမလေး ယွင်ရှန်းရယ်... မမ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ဒီကျေးဇူးကို ဆပ်ဖို့အတွက်ဆိုရင် မီးထဲပဲဆင်းရဆင်းရ ရေထဲပဲ တိုးရတိုးရ မမ အသင့်ပါပဲ"

လင်းယောင်အာက မျက်ရည်များဖြင့် ပြောရှာသည်။ စောစောက ချီစန်း၏ အရှက်ခွဲမှုကို ခံခဲ့ရစဉ်က သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန်အထိပင် တွေးတောခဲ့ဖူးသည်။

သို့သော် အိမ်တွင် မကျန်းမမာဖြစ်နေသော ဖခင်နှင့် ဆေးတိုက်မှ လူအချို့ကို ထောက်ပံ့ရန်အတွက်သာ လင်းယောင်အာမှာ ကြိတ်မှိတ် သည်းခံခဲ့ရခြင်း ဖြစ်သည်။ ယွင်ရှန်းကဲ့သို့သော နတ်ဆေးဆရာမနှင့် တွေ့ဆုံရလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ယွင်ရှန်းသည် မိမိကိုယ်ကို ဆရာဝန်တစ်ဦးအဖြစ်သာ မိတ်ဆက်ခဲ့သော်လည်း သူမ၏ ကုသမှုနည်းလမ်းများမှာ ဤတိုက်ကြီးပေါ်တွင် တစ်ခါမှ မကြားဖူးသော နည်းလမ်းများ ဖြစ်နေသည်။ ထို့ကြောင့် လင်းယောင်အာက ယွင်ရှန်းသည် တစ်နေရာရာတွင် လူသူမသိအောင် တိတ်တဆိတ် နေထိုင်နေသည့် နိုင်ငံကျော် ဆရာဝန်ကြီးတစ်ဦး၏ တပည့်ရင်းဖြစ်မည်ဟု တိတ်တဆိတ် ခန့်မှန်းနေမိသည်။

"မီးထဲဆင်းဖို့ ရေထဲတိုးဖို့ မလိုပါဘူး။ ဆေးကုသခလည်း မယူပါဘူး။

ဒါပေမဲ့ သမီးမှာ တောင်းဆိုချက်တစ်ခုတော့ ရှိတယ်။ ဒီစီအန်းဆေးတိုက်ရဲ့ နာမည်ကို ခဏလောက် ငှားသုံးချင်လို့ပါ"

ယွင်ရှန်းသည် လူများ ငိုယိုကာ ဦးတိုက်နေသည်ကို မြင်ရသည်မှာ အားနာလှသဖြင့် လင်းယောင်အာကို အသာအယာ ထူလိုက်ပြီး သူမ၏ အဓိက လိုလားချက်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

All Chapters