အခန်း (၁၆၁)
Vol. 16 Ch. 161
ဟေးဟုအဖွဲ့နှင့် စိန်ခေါ်ပွဲကို သန်ဘက်ခါအတွက် သတ်မှတ်လိုက်သောကြောင့် ဟွမ်ထိန်အဖွဲ့သားများအတွက် အနားယူရန် နှစ်ရက် အချိန်ရရှိသွားသည်။
ဤသတင်းကို သိရှိပြီးသည်နှင့် ယွင်ရှန်းသည် ဝမ်ရန်ရွှီထံသို့ တိတ်တဆိတ် ချဉ်းကပ်သွားတော့သည်။
"ရှန့်အာလေးက ပိုက်ဆံချေးချင်တာလား။ ပြဿနာမရှိပါဘူး ဘယ်လောက်လဲသာ ပြော အစ်ကို ဝမ်ရန် စီစဉ်ပေးမယ်"
ဝမ်ရန်ရွှီက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
"ကျွန်မ ရွှေဒင်္ဂါး နှစ်သိန်းလောက် ချေးချင်လို့ပါ"
ယွင်ရှန်းက အားနာမှုမရှိဘဲ အကြီးအကျယ် တောင်းဆိုလိုက်သည်။
"ဟဲဟဲ... နှစ်သိန်းလား ရပါတယ်။ နေပါဦး... နင်က အဲဒီလောက် အများကြီးကို ဘာလုပ်ဖို့လဲ"
ဝမ်ရန်ရွှီ၏ မိသားစုမှာ ဆင်းရဲခြင်းမရှိပေ။ ဖန်းကုနှင့်သာ မတွေ့ဆုံခဲ့ပါက သူသည် မြို့တော်ယုကျင်း၏ ပုံမှန် အပျော်အပါးမက်သော သူဌေးသားလေးတစ်ဦး ဖြစ်နေမည်ပင်။ ထို့ကြောင့် ငွေကြေးမရှိသော ယွင်ရှန်းက ပထမဆုံး ချေးငှားရန် ဝမ်ရန်ရွှီကို သတိရလိုက်ခြင်းမှာ အံ့ဩဖွယ်ရာ မဟုတ်ပေ။
"လောင်းကစားလုပ်မလို့လေ။ ဒီနေ့ တည်းခိုခန်းမှာတွေ့တာ... သန်ဘက်ခါ ကျွန်မတို့နဲ့ ဟေးဟု တိုက်မယ့်ပွဲကို လူတွေ လောင်းကြေးထပ်နေကြတာ မြင်ခဲ့တယ်။ အဆနှုန်းတွေကလည်း တော်တော်လေး မြင့်တယ်"
ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဖန်းကုက လူတိုင်းကို တည်းခိုခန်း၌သာ နေထိုင်ပြီး ကျင့်ကြံရန် အမိန့်ပေးထားသောကြောင့် ဝမ်ရန်ရွှီမှာ အပြင်ဘက်မှ သတင်းများကို မသိရှိရှာပေ။ လူရှိသည့်နေရာတွင် လောင်းကစားဆိုသည်မှာ အမြဲရှိစမြဲပင်။ တောက်ယဲ့တောင် လက်ဝှေ့ကွင်း ပတ်ဝန်းကျင်ရှိ လောင်းကစားလုပ်ငန်းများမှာ ကြာမြင့်လှပြီဖြစ်သကဲ့သို့ မုဆိုးသမဂ္ဂကလည်း ယင်းကို သိရှိလျက်နှင့် လျစ်လျူရှုထားပေးသည်။
ယခုတစ်ခါ ဟွမ်ထိန်နှင့် ဟေးဟုပွဲမှာမူ ယခင်က အကဲဖြတ်ပွဲများထက် ပိုမိုလူစိတ်ဝင်စားမှု ရရှိနေသကဲ့သို့ ပွဲကြည့်စင် လက်မှတ်များမှာလည်း ရောင်းချပြီးသည်နှင့် ချက်ချင်း ကုန်စင်သွားသည်ဟု ပြောကြသည်။
"ငါတို့ပွဲကို လောင်းကြေးထပ်နေကြတာလား။ အဆနှုန်းက ဘယ်လောက်လဲ။ လူတိုင်းက ငါတို့နိုင်မယ်လို့ လောင်းနေကြတာ မဟုတ်ဘူးလား"
လောင်းကစားအကြောင်း ကြားသိလိုက်ရသည်နှင့် ဝမ်ရန်ရွှီသည် စိတ်ဝင်တစား ဖြစ်သွားတော့သည်။
"အဆနှုန်းက တော်တော်မြင့်တယ် ငါးဆတောင်ရှိတယ်။ ကျွန်မတို့ဘက်က နိုင်ရင် ငါးဆပြန်ရမှာဖြစ်ပြီး ဟေးဟုဘက်ကတော့ တစ်ဆပဲ ရမှာတဲ့။ လူတိုင်းက ဟေးဟုပဲ နိုင်မှာလို့ ပြောနေကြတယ်"
ယွင်ရှန်းက စိတ်ပျက်ဟန်မပြဘဲ ငွေမက်သော ကလေးငယ်တစ်ဦးကဲ့သို့ မျက်လုံးများတောက်ပလျက် ပြောလိုက်သည်။
"ငါးဆ ဟုတ်လား။ ဘယ်သူက ဒီလောက်အဆနှုန်း သတ်မှတ်လိုက်တာလဲ။ ငါတို့က ဟွမ်
ထိန်အဖွဲ့လေ အကဲဖြတ်ပွဲ သုံးပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့တဲ့အဖွဲ့။ ငါတို့ ရှုံးမယ်လို့ သူတို့ ဘယ်လိုတောင် တွေးရဲကြတာလဲ"
ဝမ်ရန်ရွှီသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ အပြင်သို့ပြေးထွက်ကာ အငြင်းအခုန်သွားလုပ်ချင်စိတ်များ ပေါက်သွားတော့သည်။
"အဆနှုန်းမြင့်လေ ကောင်းလေပဲပေါ့။ ကျွန်မကို ရွှေဒင်္ဂါး နှစ်သိန်းလောက် ချေးပါ။ ငါးဆဆိုတော့ ကျွန်မတို့သာ နိုင်ခဲ့ရင် သိန်းဆယ်ဂဏန်းလောက် မြတ်မှာ"
ယွင်ရှန်းက ဝမ်ရန်ရွှီနောက်သို့ တကောက်ကောက်လိုက်ကာ မလွှတ်တမ်း တောင်းဆိုတော့သည်။
"ရှန့်အာလေး... အစ်ကိုဝမ်ရန် ပြောပြမယ် လောင်းကစားဆိုတာ မကောင်းဘူး အထူးသဖြင့် ညီမလေးလို ကလေးငယ်တစ်ယောက်အတွက် ပိုတောင်မကောင်းသေးတယ်"
ဝမ်ရန်ရွှီက မျက်နှာရှုံ့မဲ့လျက် ပြောလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်ပင် ဟေးဟုဘက်က လောင်းချင်စိတ် ပေါက်နေမိသော်လည်း ဤအကြောင်းကို ခေါင်းဆောင်ဖန်းသာ သိသွားပါက သူ သေလူဖြစ်သွားမည်ကို ကောင်းစွာသိထားသည်။
သို့သော် နောက်ဆုံးတွင် ယွင်ရှန်း၏ ဇွဲနပဲကြီးစွာ ပူဆာမှုကို မတွန်းလှန်နိုင်တော့သဖြင့် ဝမ်ရန်ရွှီသည် ရွှေဒင်္ဂါး နှစ်သိန်းကို ချေးပေးလိုက်ရတော့သည်။ ယွင်ရှန်းကလည်း ပြိုင်ပွဲပြီးသည်နှင့် အရင်းကို ချက်ချင်းပြန်ဆပ်မည်ဟု ကတိပေးခဲ့သည်။ ဝမ်ရန်ရွှီအနေဖြင့် ယွင်ရှန်းက အကြွေးမဆပ်ဘဲ နေမည်ကို မစိုးရိမ်ပေ အကြောင်းမှာ ယွင်ရှန်း၏ ဆေးဖော်စပ်ခြင်းပညာမှာ အဖိုးမဖြတ်နိုင်သောကြောင့်ဖြစ်သလို ယခုတစ်ကြိမ်တွင် ဟွမ်ထိန်အဖွဲ့အား အခြေအနေမရွေး ကူညီပေးနေမှုမှာလည်း ကြီးမားသော ကျေးဇူးတရား ဖြစ်နေသောကြောင့်ပင်။
တောက်ပသော ခရမ်းရောင်ရွှေကတ်ကို ရရှိပြီးနောက် ယွင်ရှန်းသည် တည်းခိုခန်းမှ ခိုးထွက်လာခဲ့သည်။ ထို့နောက် ရုပ်ဖျက်မှော်အတတ်ကို အသုံးပြုကာ စီအန်းဆေးတိုက်ရှိ လင်းယောင်အာထံသို့ သွားရောက်ခဲ့သည်။ လင်းယောင်အာမှာလည်း ယွင်ရှန်းကို မျှော်နေသည်မှာ ရက်အတော်ကြာပြီဖြစ်သဖြင့် သူမကို မြင်လိုက်ရချိန်တွင်မှ သက်ပြင်းချနိုင်တော့သည်။
စကားပင် မပြောရသေးမီ လင်းယောင်အာက ဆေးညွှန်းတစ်ခုကို ထုတ်ပြလိုက်သည်။ သူမသည် သီးသန့်ဆေးအော်ဒါ လက်ခံကြောင်း ကြေညာထားသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော်လည်း ပထမရက်တွင် ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပေ။ သို့သော် ယနေ့နံနက် ဆေးတိုက်ဖွင့်ပြီး မကြာမီမှာပင် ထူးဆန်းသော ဝတ်စုံဝတ်ဆင်ထားသည့် ဖောက်သည်တစ်ဦး ရောက်ရှိလာပြီး အလတ်စား ဆေးညွှန်းတစ်ခုနှင့်အတူ စရန်ငွေအဖြစ် ရွှေဒင်္ဂါး ၁၀၀ ကို ပေးအပ်သွားခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ လင်းယောင်အာ ပထမဆုံးရရှိသော သီးသန့်အော်ဒါဖြစ်သဖြင့် သူမအနေဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဖြစ်နေရသည်။ သီးသန့်ဖောက်သည် ရောက်ရှိလာသည်ဟု ကြားလိုက်ရသဖြင့် ယွင်ရှန်းသည် ထိုဆေးညွှန်းကို လှမ်းယူကာ တစ်ချက် ကြည့်ရှုစစ်ဆေးလိုက်လေသည်။
"ကျွန်မ စစ်ဆေးကြည့်ပြီးပြီ။ ဒီဆေးညွှန်းက မခက်ခဲပါဘူး။ အလတ်စား အဆင့်ရှိတဲ့ ဆေးတစ်မျိုးပဲဆိုတော့ မမလည်း ဖော်စပ်နိုင်မှာပါ"
လင်းယောင်အာက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ဒါက အလတ်စားအဆင့် ဆေးရည်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မ အမှားမရှိဘူးဆိုရင် ဒီဆေးညွှန်းက ဆေးဘုရင်နန်းဆောင်က ထုတ်ပေးထားတဲ့ ဆေးညွှန်းပဲ"
ယွင်ရှန်းသည် သူမ၏ စူးရှသော အမြင်အာရုံဖြင့် ဆေးညွှန်းရေးထားသော စက္ကူမှာ ဆေးဘုရင်နန်းဆောင်မှ သီးသန့်အသုံးပြုသည့် အမျိုးအစားဖြစ်ကြောင်း မှတ်မိလိုက်သည်။
"နတ်ဆေးဆရာမလေးယွင်... ကျွန်မ ဒုက္ခများအောင် လုပ်မိပြီလား။ ဒါပေမဲ့ ဒါက တကယ့်ကို သာမန်ဆေးညွှန်းတစ်ခုပါပဲ"
လင်းယောင်အာက ထိတ်လန့်တကြား မေးရှာသည်။
"ဒီဆေးညွှန်းရဲ့ အမည်က ဖူရုံအလှကုန်ခရင်မ်ပဲ။ အခြေခံအားဖြင့်တော့ အမျိုးသမီးတွေအတွက် အလှပြင်ခရင်မ်ပေါ့။ ကြည့်ရတာ သာမန်လို့ ထင်ရပေမဲ့ ဒီလောက်အထိ ရိုးရှင်းနေတာကပဲ သံသယဖြစ်စရာပဲ။ ချီစန်းဆိုတဲ့လူက ကျွန်မတို့ဆီကို ဒီအတိုင်း သက်သက်သာသာနဲ့ ပိုက်ဆံလာပေးမှာ မဟုတ်ဘူး"
ယွင်ရှန်းက သူမ၏ မျက်ခုံးအစုံကို ကျုံ့ကာ အသေအချာ စဉ်းစားနေမိသည်။
"ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတို့က အော်ဒါကို လက်ခံပြီးသားဖြစ်နေတော့ အခုမှ ငြင်းလိုက်ရင် ဆေးတိုက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်"
လင်းယောင်အာသည် အနည်းငယ် ပျာယာခတ်သွားသော်လည်း ချက်ချင်းပင် တစ်ခုခုကို သတိရသွားကာ မျက်နှာဝင်းပသွားသည်။
"ကျွန်မ သိပြီ။ ဒီအလှကုန်ခရင်မ်က ဈေးအရမ်းကြီးတော့ မြို့ထဲမှာ လူနည်းစုပဲ ဝယ်နိုင်တာ။ မကြာသေးခင်က ဘယ်သူတွေ ဒါကို ဝယ်သွားသလဲဆိုတာ ကျွန်မ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်"
လင်းယောင်အာသည် အကျပ်အတည်းနှင့် တွေ့ကြုံရချိန်တွင် အမှန်တကယ်ပင် တည်ငြိမ်သူဖြစ်သည်။ သူမ စုံစမ်းခိုင်းလိုက်သော သတင်းများမှာ မကြာမီပင် ပြန်ရောက်လာတော့သည်။
"ဆရာမလေးယွင်ရဲ့ ခန့်မှန်းချက်က မမှားဘူး။ အဲဒီကုန်သည်က ရုပ်ဖျက်ထားတာပဲ။ မူလက ဒီခရင်မ်ကို မြို့ထဲက သူဌေးကြီး ကျားပိုင်ဝမ်ရဲ့ ခုနစ်ယောက်မြောက် မယားငယ်က အသုံးပြုခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်ဘဲ သူမရဲ့ မျက်နှာပေါ်မှာ အနီစက်တွေ ထွက်လာခဲ့တယ်။ ဒေါသထွက်သွားတဲ့ ကျားပိုင်ဝမ်က ဆေးဘုရင်နန်းဆောင်ကို ဒီခရင်မ်ကို အသစ်ပြန်ဖော်ပေးဖို့ အမိန့်ပေးခဲ့တာပဲ"
ချီစန်းသည် ရက်အတော်ကြာ သုတေသနလုပ်သော်လည်း ကျားပိုင်ဝမ်၏ မယားငယ်ကို ကုသရန် နည်းလမ်းမရှာနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ဆေးညွှန်းကို မြို့တော်ယုကျင်းသို့ ပြန်ပို့ကာ အကြောင်းပြန်ကို စောင့်နေရခြင်းဖြစ်သည်။ သို့သော် စီအန်းဆေးတိုက်က သီးသန့်ဆေးဖော်စပ်ပေးမည်ဟု ကြားလိုက်ရချိန်တွင် သူက ယုတ်မာသော စိတ်ဖြင့် ဤဆေးညွှန်းကို ပို့လိုက်ခြင်းပင်။
"ချီစန်းက တကယ်ကို အရှက်မရှိတဲ့လူပဲ။ ကျားပိုင်ဝမ်ရဲ့ မယားငယ် အခြေအနေကိုလည်း ကျွန်မ တိတ်တဆိတ် စုံစမ်းကြည့်တော့ သူမရဲ့ မျက်နှာညာဘက်ခြမ်းက အနီစက်တွေက ရောင်ရမ်းနေပြီး လုံးဝမသက်သာဘူးတဲ့။ ဆေးဘုရင်နန်းဆောင်က ဆရာဝန်တွေအပါအဝင် ဘယ်သူမှ မကုနိုင်ကြဘူး"
လင်းယောင်အာက မကျေမနပ် ပြောလိုက်သည်။
"ယောင်ယောင်... စိတ်မဆိုးပါနဲ့ဦး။ အဲဒီအနီစက်တွေရဲ့ အခြေအနေကို အသေးစိတ် ပြန်ပြောပြပါဦး"
ယွင်ရှန်းက အသေးစိတ် မေးမြန်းပြီးနောက် ကောက်ချက်တစ်ခု ချလိုက်သည်။
"ဆေးညွှန်းကို ယူလာခဲ့ ကျွန်မ ဆေးတစ်သုတ် ဖော်စပ်လိုက်မယ်။ ဖော်ပြီးရင် ဆေးဘုရင်နန်းဆောင်ကို သွားပေးစရာမလိုဘူး ကျားအိမ်တော်ကို တိုက်ရိုက်သွားပို့လိုက်"
ယွင်ရှန်းသည် ထိုအမျိုးသမီးမှာ ဓါတ်မတည့်ခြင်းခံစားနေရကြောင်း အသေအချာ သိလိုက်သည်။ ဆေးဘုရင်နန်းဆောင်၏ ဆေးညွှန်းတွင် ပါဝင်သော ဆေးပင်အချို့မှာ သာမန်လူများအတွက် အသားအရေ လှပစေသော်လည်း ဝတ်မှုန်နှင့် ဓါတ်မတည့်သူများအတွက်မူ လင်းယောင်အာ ပြောပြသကဲ့သို့ ယားယံခြင်းနှင့် အနီစက်ထွက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။
သူမအနေဖြင့် ထိုဆေးပင်များကို အခြားအရာဖြင့် အစားထိုးကာ အလင်းဓာတ်အနည်းငယ် ထည့်သွင်းဖော်စပ်လိုက်ရုံဖြင့် ဓါတ်မတည့်သည့် လက္ခဏာများမှာ သဘာဝအတိုင်း ပျောက်ကွယ်သွားပေလိမ့်မည်။
ခရင်မ်ကို ဖော်စပ်ပြီး ကျားအိမ်တော်သို့ ပို့ဆောင်စေပြီးနောက် ယွင်ရှန်းက လင်းယောင်အာကို ခေါ်ကာ "အဲဒီဆေးအတွက် စိတ်မပူနဲ့တော့။ ဒီမှာ ကျွန်မဆီက ငွေအချို့ကို အကြိုထုတ်ပေးထားမယ်။ မြို့ထဲမှာ ကျွန်မတို့သိတဲ့ ဆိုင်တွေကို ဆက်သွယ်ပေးပါ။ သန်ဘက်ခါ မုဆိုးပြိုင်ပွဲ မတိုင်ခင် အားလုံး အဆင်သင့်ဖြစ်နေအောင် စီစဉ်ထားပေးပါ"
လင်းယောင်အာသည် ယွင်ရှန်း ကမ်းပေးလိုက်သော အရာကို ကြည့်ကာ မှင်တက်သွားတော့သည်။ ၎င်းမှာ တော်ဝင် ခရမ်းရောင်ရွှေကတ်တစ်ခု ဖြစ်နေသောကြောင့်ပင်။