အခန်း (၁၆၅)
Vol. 16 Ch. 165
ဟေးစီသည် ယွင်ရှန်းကို သတိပြုမိလိုက်ချိန်တွင် ပထမဆုံးအနေဖြင့် အံ့အားသင့်သွားခဲ့သည်။ ထိုအံ့အားသင့်မှုကပင် သူ့အတွက် ဦးအောင်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားစေခဲ့သည်။
ယွင်ရှန်းသည် သူမ၏လက်ကို မြှောက်လိုက်ရာ စိမ့်စမ်းအေးစက်သော ခွဲစိတ်ဓားတစ်လက်မှာ လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားသည်။ ဟေးစီအနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီမှာပင် သူ၏လက်ကောက်ဝတ်နှစ်ဖက်စလုံး တစ်ပြိုင်နက်တည်း အလှီးခံလိုက်ရသဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရတော့သည်။
ဟေးစီသည် နာကျင်လွန်းသဖြင့် အသည်းအသန် အော်ဟစ်တော့သည်။ လက်ကောက်ဝတ်ရှိ အဓိက သွေးလွှတ်ကြောများ ဖြတ်တောက်ခံလိုက်ရသဖြင့် သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာခဲ့သည်။
ယွင်ရှန်းဆိုသည်မှာ ဘယ်သူလဲ။ သူမသည် သေခြင်းနှင့် ရှင်ခြင်းကို လက်ဖျားတွင် ထိန်းချုပ်ထားနိုင်သော ခေတ်သစ် နတ်ဆေးဆရာမတစ်ဦး ဖြစ်သည်။ သူမ၏ ခွဲစိတ်ဓားအောက်တွင် မရေမတွက်နိုင်သော လူနာပေါင်းများစွာ အသက်ဆက်နိုင်ခဲ့ကြသည်။ သို့သော် သူမသည် လိုအပ်လာပါက တစ်ချက်တည်းဖြင့် အသက်ကို နှုတ်ယူနိုင်သော သွေးစွန်းသည့် သေမင်းတစ်ဦးလည်း ဖြစ်လာနိုင်ပေသည်။
ကွင်းအတွင်းရှိ လူများမှာ အခြားသူများ၏ တိုက်ခိုက်မှုကိုသာ အာရုံစိုက်နေကြခြင်း ဖြစ်သည်။ ဟေးစီ၏ အော်ဟစ်သံကို ကြားလိုက်ရချိန်တွင်မူ သူတို့အားလုံးမှာ ထူးဆန်းအံ့သြဖွယ် မြင်ကွင်းတစ်ခုကိုသာ တွေ့မြင်လိုက်ရတော့သည်။
ယွင်ရှန်း၏ ဓားချက်မှာ မြန်ဆန်လွန်းလှသည်။ ဆေးတက္ကသိုလ်မှ ထိပ်တန်း ခွဲစိတ်ဆရာဝန်
တစ်ဦး၏ ကျွမ်းကျင်မှုနှင့်အတူ ယန်လင်၏လက် ဒုတိယအဆင့်ကိုပါ ပေါင်းစပ်လိုက်သောအခါ သူမ၏ လက်အမြန်နှုန်းမှာ အဆပေါင်းများစွာ မြန်ဆန်သွားခဲ့ခြင်း ဖြစ်သည်။
အခြားသူများ၏ အမြင်တွင်မူ လင်းခနဲဖြစ်သွားသော အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပြီး ထို့နောက်တွင် လက်ကောက်ဝတ်များ ပြတ်တောက်ကာ မြေပြင်ပေါ်၌ အဆက်မပြတ် လူးလိမ့်အော်ဟစ်နေသော ဟေးစီကိုသာ တွေ့လိုက်ရတော့သည်။
သွေးလွှတ်ကြောများ အားလုံး ပြတ်တောက်သွားကာ သွေးအလွန်အကျွံ ထွက်နေသဖြင့် နောက်ထပ် ၁၅ မိနစ်အတွင်းမှာပင် ဟေးစီသည် သေဆုံးရန် သေချာသလောက် ရှိနေပြီဖြစ်သည်။
ယွင်ရှန်း၏ မျက်ဝန်းအစုံတွင်မူ အေးစက်သော သတ်ဖြတ်လိုစိတ်များသာ ကျန်ရှိတော့သည်။ ဟေးဟုညီအစ်ကိုများ၏ လုပ်ရပ်မှာ သေထိုက်သည့် အပြစ်များပင်။ သူတို့ ကွင်းအတွင်းသို့ ခြေချလိုက်သည့် အချိန်ကတည်းက ယွင်ရှန်းသည် သူမ၏ စိတ်ထဲတွင် သူတို့ကို သေဒဏ်ပေးပြီးသား ဖြစ်နေခဲ့သည်။
ဆင့်ခေါ်သူ ဒဏ်ရာရရှိသွားသည်နှင့် တစ်ပြိုင်နက် သူ၏ အသက်ဆက်ဆင့်ခေါ်သားရဲသည်လည်း သေလုမျောပါး ဒဏ်ရာကို ရရှိသွားတော့သည်။ ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ မူနန်ယန့်သည် သူမ၏ မှော်လှံတံဖြင့် ချပ်ဝတ်ခွဲသားရဲ၏ ဦးခေါင်းကို အားကုန်လွှဲရိုက်ကာ ဝေးရာသို့ လွင့်စင်သွားစေခဲ့သည်။
"ညီလေး"
ဟေးတာသည် ဟေးစီနှင့် အနီးဆုံးတွင် ရှိနေသူဖြစ်ရာ ဟေးစီ၏ ဒဏ်ရာကို စစ်ဆေးရန် အပြေးအလွှား ရောက်ရှိလာသည်။
"မဲမဲလေး... တိုက်ခိုက်စမ်း"
သို့သော် ယွင်ရှန်းက သူ့ကို ထိုသို့သော အခွင့်အရေးမျိုး ပေးပါမည်လော။ သူမသည် လင်လုံသားရဲမျှော်စင်အတွင်းမှ မဲမဲလေးကို ဆင့်ခေါ်လိုက်သည်။ တစ်ဆက်တည်းမှာပင် ကောင်းကင်မျို တိုက်ပွဲနည်းဗျူဟာကို စတင်လိုက်တော့သည်။
ဝံပုလွေတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ လက်ဝှေ့ကွင်းတစ်ခုလုံးသည် ရုတ်တရက်ဆိုသလို အမှောင်ထုအတွင်းသို့ ကျရောက်သွားတော့သည်။ နေ့ခင်းကြောင်တောင်မှ ညအမှောင်ထုသို့ ချက်ချင်းကူးပြောင်းသွားသကဲ့သို့ပင်။
ထိုကဲ့သို့ အမည်းရောင်အတိ ဖုံးလွှမ်းနေသော အမှောင်ထုအတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိရှိနိုင်ကြတော့ပေ။ သို့သော် ဝံပုလွေဟိန်းသံကဲ့သို့သော အသံကြောင့် ဤသည်မှာ မည်သည့်မှော်သားရဲ၏ တိုက်ပွဲနည်းဗျူဟာဖြစ်နိုင်ကြောင်း အချို့က ခန့်မှန်းနေကြသည်။ ကောင်းကင်ပြင်၏ ဖြစ်စဉ်ကိုပင် ချက်ချင်းပြောင်းလဲပစ်နိုင်သော ဤတိုက်ပွဲနည်းဗျူဟာကို ပိုင်ဆိုင်ထားသည့် သားရဲမှာ မည်ကဲ့သို့သော မိစ္ဆာသားရဲမျိုး ဖြစ်နိုင်သနည်းဟု လူအများ အံ့ဩနေကြတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
ဟေးစီ ပြင်းထန်စွာ ဒဏ်ရာရသွားပုံနှင့် မူနန်ယန့် လွတ်မြောက်လာပုံကို မြင်လိုက်ရသည့် ဖန်းကုနှင့် ဝမ်ရန်ရွှီတို့သည် ချက်ချင်းပင် နိုးနိုးကြားကြားရှိစွာဖြင့် အသင့်ပြင်လိုက်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားသဖြင့် ဟေးဟုအဖွဲ့၏ အလစ်အငိုက် တိုက်ခိုက်မှုကို ခံရမည်စိုးသောကြောင့် အထူးသတိထား၍ ကာကွယ်နေကြသည်။
အမှန်စင်စစ်တွင်မူ ဖန်းကုတို့အဖွဲ့၏ စိုးရိမ်ပူပန်မှုမှာ လုံးဝမလိုအပ်ဘဲ ဖြစ်နေခဲ့သည်။ အကြောင်းမှာ ဟေးစီ၏ ထူးဆန်းသော ဒဏ်ရာနှင့် ရုတ်တရက် ကောင်းကင်ကြီး မှောင်ကျသွားမှုကြောင့် ဟေးဟုအဖွဲ့သားများမှာ ယခုအချိန်တွင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေကြသောကြောင့်ပင်။ ဟေးတာသည် ဟေးစီကို ကယ်တင်ရန် ရှေ့သို့တိုးချင်သော်လည်း အမှောင်ထုအတွင်း၌ လားရာလမ်းပျောက်ကာ ရောင်ချာချာ ဖြစ်နေရရှာသည်။
ဤအမှောင်ထုသည် အလွန်ထူးဆန်းလှသည်။ ဟေးတာကဲ့သို့ သာမန်လူထက် အာရုံခံစားမှု အဆပေါင်းများစွာ သာလွန်သည့် ကိုယ်ခံပညာအရှင်သခင်တစ်ဦးပင်လျှင် ဤအမှောင်ထုအတွင်း၌ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။
ထိုအမှောင်ထုကြားထဲမှပင် နက်မှောင်သော လျှပ်စီးတန်းတစ်ခုကဲ့သို့ ပုံရိပ်တစ်ခုသည် ဟေးတာ၏ လည်ပင်းပေါ်သို့ ခုန်တက်လိုက်သည်။
"ကျွန်မ အရင်က ပြောခဲ့ဖူးတယ်နော်... ရှင့်လည်ပင်းကို ကြက်တစ်ကောင်ကို ချိုးသလိုမျိုး လိမ်ချိုးပစ်မယ်လို့"
ယွင်ရှန်းသည် ဟေးတာ၏ ပုခုံးပေါ်တွင် ခွစီးလျက်သား ရှိနေသည်။ သူမ၏ သေးငယ်သော ကိုယ်ထည်နှင့် ဟေးတာ၏ ထွားကျိုင်းလွန်းသော ခန္ဓာကိုယ်မှာ သိသိသာသာ ကွာခြားလှသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုဖုံးလွှမ်းနေသဖြင့် ပရိသတ်များအနေဖြင့် ကွင်းအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အသေးစိတ် မမြင်နိုင်ကြပေ။
ဟေးတာသည် သူ၏ မျက်လုံးများအတွင်း၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် ယွင်ရှန်းကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ငါးရှဉ့်တစ်
ကောင်ကဲ့သို့ ချောကျိနေပြီး လွတ်ထွက်သွားခဲ့သည်။ ထိုစဉ် ယွင်ရှန်း၏ လက်ထဲမှ လေးရာသီ ဖန်စီအပ်များသည် ဟေးတာ၏ ဦးခေါင်းထိပ်ရှိ အချက်အချာကျသော နေရာသို့ ရက်စက်စွာ ထိုးစိုက်ဝင်သွားတော့သည်။
ကိုယ်ခံပညာအရှင်သခင်အဆင့်သို့ ရောက်ရှိထားသူများ၏ အရေပြား၊ အရိုးနှင့် သွေးကြောများမှာ သံမဏိကဲ့သို့ မာကျောလှသဖြင့် သာမန်ဓား၊ လှံများဖြင့် တိုက်ခိုက်၍ မရနိုင်ပေ။ သို့သော် လူ့ခန္ဓာကိုယ်တွင် ကိုယ်ခံပညာရှင်တစ်ဦးပင် မပြောင်းလဲနိုင်သော အရေးကြီးသော အချက်အချာ အပ်စိုက်မှတ်များ ရှိနေပါသေးသည်။ မှော်စွမ်းအင်များ ထည့်သွင်းထားသော လေးရာသီအပ်များ ဦးခေါင်းအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ပူလောင်လှသော အပူရှိန်နှင့် အရိုးထဲအထိ စိမ့်အေးသွားသော အအေးဓာတ်တို့ ပေါင်းစပ်သွားကာ ဟေးတာမှာ မှော်အတတ်ပေါင်းများစွာဖြင့် တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းသွားစဉ်မှာပင် ယွင်ရှန်း၏ လက်နှစ်ဖက်မှာ နွယ်ပင်များကဲ့သို့ သူ၏လည်ပင်းကို ရစ်ပတ်ကာ အရိုးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အားကုန်သုံး၍ လိမ်ချိုးလိုက်ပါတော့သည်။
"ဂျောက်"
အရိုးကျိုးသံနှင့်အတူ ဟေးတာ၏ နောက်ဆုံးအချိန်တွင် သူသိလိုက်ရသည်မှာ သူ၏လည်ပင်းသည် ကျစ်ဆံမြီးတစ်ခုကဲ့သို့ လိမ်ထွက်သွားခြင်းပင်။
အမှောင်ထုမှာ တဖြည်းဖြည်း လွင့်ပါးသွားချိန်တွင် ဟေးတာမှာ မူလရပ်နေသည့် ပုံစံအတိုင်း ရှိနေဆဲပင်။ သူ၏ လက်နှစ်ဖက်မှာ ယွင်ရှန်းကို ဖမ်းဆွဲရန် ကြိုးစားနေသည့် အနေအထားရှိသော်လည်း သူ၏ ဦးခေါင်းကို မြင်လိုက်ရချိန်တွင်မူ သေခြင်းတရားနှင့် စွန့်စားခန်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော ဝါရင့်မုဆိုးများပင် အသက်ရှူမှားသွားကြတော့သည်။
ဟေးတာ၏ ဦးခေါင်းမှာ သဘာဝမဟုတ်ဘဲ နောက်ပြန်လည်ထွက်နေပြီး မျက်လုံးများမှာ ပြူးထွက်လျက် သေလူတစ်ယောက်၏ မကျေနပ်သော အငွေ့အသက်များ ခိုအောင်းနေသည်။ မျက်နှာရှိ အပေါက်တိုင်းမှ သွေးများ ယိုစီးကျနေသလို တစ်ပြိုင်နက်တည်းမှာပင် မီးလောင်ရာများနှင့် နှင်းကိုက်နာများက မျက်နှာအနှံ့ ဖုံးလွှမ်းနေသည်မှာ မှော်အတတ်ပေါင်းများစွာဖြင့် တိုက်ခိုက်ခံထားရသည့်အတိုင်းပင်။
အမှောင်ထုအတွင်း၌ သူသည် သေစေနိုင်သော ထိုးနှက်ချက်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရပုံရသည်။ မြေပြင်ပေါ်ရှိ ဟေးစီမှာလည်း သွေးများကုန်ခမ်းကာ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားခဲ့လေပြီ။
"အစ်ကိုကြီး... ညီလေး"
ဟေးအာနှင့် ဟေးဆန်းတို့မှာ နာကျင်စွာ အော်ဟစ်လိုက်ကြသော်လည်း မည်သူမျှ ရှေ့သို့ တိုးမလာရဲကြတော့ပေ။
ကျယ်ပြောလှသော လက်ဝှေ့ကွင်းအတွင်း၌ အုပ်စုလေးစုမှာ ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုဖြင့် ရပ်တန့်နေကြသည်။ ဟေးဟုအဖွဲ့ဝင်များ၊ ဟွမ်ထိန်အဖွဲ့သားများ၊ ပရိသတ် ရာပေါင်းများစွာနှင့် သူမ၏ တာဝန်ကိုပင် မေ့လျော့နေသော ဒိုင်လူကြီး လန်လန်တို့၏ အကြည့်များမှာ လူတစ်ဦးတည်းထံသို့သာ စုပြုံကျရောက်နေတော့သည်။
"အပ်တစ်ချောင်း နှစ်ချောင်း သုံးချောင်း လေးချောင်း..."
ယွင်ရှန်းသည် ခြင်ဆီသန့်စင်ပညာကို အသုံးပြုကာ ဟေးတာ၏ ဦးခေါင်းခွံအတွင်းမှ သေမင်းအပ်လေးချောင်းကို ပြန်လည်ထုတ်ယူလိုက်သည်။ ထို့နောက် အပ်များပေါ်ရှိ သွေးများကို ဟေးတာ၏ ခန္ဓာကိုယ်ပေါ်တွင် စေ့စေ့စပ်စပ် သုတ်လိုက်လေသည်။ သူမသည် တည်ငြိမ်စွာဖြင့် အပ်များကို သန့်ရှင်းရေးလုပ်ပြီးနောက် သူမ၏ အကြည့်မှာ ဟေးအာနှင့် ဟေးဆန်းတို့ထံသို့ ကျရောက်သွားသည်။ ထို့နောက် လက်ဝှေ့ကွင်းတစ်ခုလုံးကို သုံးခါထပ် တုန်ဟီးသွားစေမည့် စကားတစ်ခွန်းကို ဆိုလိုက်ပါတော့သည်။
"နှစ်ယောက်လုံး အတူတူလာခဲ့ကြလေ အဲဒါမှ အလုပ်ပိုတွင်မှာ"
"ရှူး"
ပုံပြောသူက ဇာတ်လမ်း၏ ဤအပိုင်းသို့ ရောက်သောအခါ အရက်ဆိုင်အတွင်းရှိ လူအားလုံးမှာ အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။ မဟာကျိုးနိုင်ငံတော် တစ်ခုလုံးကို ဟိုးဟိုးကျော်သွားစေခဲ့သော အဆင့် B မုဆိုးအကဲဖြတ်ပွဲ ပြီးဆုံးသွားသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သော်လည်း ပုံပြောသူက ဆင့်ခေါ်သူမလေးသည် ဟေးစီနှင့် ဟေးတာတို့ကို ဘယ်လိုသတ်ဖြတ်ခဲ့ကြောင်း အထူးသဖြင့် ဟေးတာ၏ နဖူးပေါ်မှ အပ်များကို ပြန်လည်ထုတ်ယူပုံကို ဖော်ပြသည့်အခါတိုင်း လူတိုင်းသည် မိမိတို့၏ နဖူးပေါ်တွင် အပ်များ အထိုးခံထားရသကဲ့သို့ အေးစိမ့်သွားကြရသည်။
ပြိုင်ပွဲ၏ ရလဒ်မှာ ပြောစရာပင် မလိုတော့ဘဲ ဟွမ်ထိန်အဖွဲ့က အပြတ်အသတ် အောင်နိုင်ခဲ့သည်။ ရန်သူအဖွဲ့မှ နှစ်ဦးသေဆုံးကာ ကျန်နှစ်ဦးမှာလည်း ကြောက်လန့်တကြားဖြင့် ရူးသွပ်မတတ် ဖြစ်သွားခဲ့ရသည်။ သတိပြန်ဝင်လာသော ဒိုင်လူကြီး လန်လန်က ဟေးဟုအဖွဲ့အား မေးမြန်းသည့်အခါတွင်လည်း သူတို့က အရှုံးပေးကြောင်း ဝန်ခံလိုက်ကြသဖြင့် ဟွမ်ထိန်အဖွဲ့မှာ အငြင်းပွားဖွယ်မရှိဘဲ အဆင့် B မုဆိုးအရည်အချင်းကို ရရှိသွားခဲ့သည်။
ထိုအကဲဖြတ်ပွဲမှာ တကယ့်ကို အားရကျေနပ်စရာ ကောင်းလှသော်လည်း လူအများကို စွဲမက်စေဆုံးမှာ အားအနည်းဆုံးဟု ထင်ရသော ဆင့်ခေါ်သူမလေးက နောက်ဆုံးတွင် ဘယ်လို ပေါက်ကွဲထွက်လာခဲ့သည်ဆိုသည့် အချက်ပင်။ အချို့က သူမမှာ ဆင့်ခေါ်သူသက်သက် မဟုတ်ဘဲ မှော်နှင့် တိုက်ခိုက်ရေး ပူးတွဲကျင့်ကြံသူပါရမီရှင်တစ်ဦးဖြစ်မည်ဟု ပြောကြသည်။ သို့မဟုတ်ပါက ကျွမ်းကျင်သော မုဆိုးကြီးနှစ်ဦးကို မှော်ပညာပင် မသုံးဘဲ လက်ဗလာဖြင့် ဘယ်လိုလုပ် သတ်ဖြတ်နိုင်မှာလဲ။
ပြိုင်ပွဲအပြီးတွင် လူပေါင်းများစွာမှာ ယွင်ရှန်း၏ မျက်နှာအစစ်အမှန်ကို မြင်တွေ့လိုသဖြင့် တောက်ယဲ့တောင် လက်ဝှေ့ကွင်းကို ဝိုင်းရံထားကြသည်။ သို့သော်လည်း ဟွမ်ထိန်အဖွဲ့သားများ၏ ကာကွယ်ပေးမှုနှင့် ယွင်ရှန်းကိုယ်တိုင်က မျက်လှည့်စွမ်းအင် နားကပ်ကို အသုံးပြု၍ ရုပ်ဖျက်ထားခြင်းကြောင့် ပြင်ပလောကမှလူများ သိရှိလိုက်ရသည်မှာ သူမ၏ ကိုယ်ဟန်အနေအထားနှင့် မုဆိုးသမဂ္ဂတွင် မှတ်ပုံတင်ထားသော အမည်ဝှက်ကိုသာ ဖြစ်သည်။
ယွင်ရှန်း၏ ရုပ်ရည်နှင့် နောက်ခံအကြောင်းအရာများကို အသေးစိတ် မသိကြသော်လည်း သူမ၏ ရက်စက်ပြတ်သားသော လုပ်ရပ်နှင့် ငယ်ရွယ်သော အသက်အရွယ်တို့ကြောင့် ထိုတိုက်ပွဲအပြီးတွင် ယွင်ရှန်းမှာ ဟိုးဟိုးကျော်သွားသော ဘွဲ့အမည်တစ်ခု ရရှိသွားခဲ့လေပြီ။ ၎င်းမှာ... သွေးစွန်းသော လော်လီမလေးပင်။