← Chapters

အခန်း (၁၆၆)

Vol. 16 Ch. 166

အခန်း (၁၆၆)

Vol. 16 Ch. 166

တောက်ယဲ့တောင်၏ မုဆိုးသမဂ္ဂခွဲမှ အဆင့် B မုဆိုးအဖွဲ့ အတည်ပြုချက်ရလဒ်ကို စောင့်ဆိုင်းနေစဉ်အတွင်း ဟွမ်ထိန်အဖွဲ့ဝင် သုံးဦးမှာ မြို့ထဲရှိ ဇိမ်ခံစားသောက်ဆိုင်တစ်ခုတွင် ကောင်းပေ့ဆိုသော ဝိုင်များနှင့် အရသာရှိလှသော ဟင်းလျာများကို မြိန်ယှက်စွာ သုံးဆောင်နေကြသည်။

သို့သော် အကြီးမားဆုံးသော စွမ်းဆောင်ရှင်ဖြစ်သည့် ယွင်ရှန်းမှာမူ ထိုနေရာ၌ မရှိပေ။ သူမ ထိုင်ရမည့်နေရာတွင်မူ မဲမဲလေးသည် အသေအချာ ချက်ပြုတ်ထားသော မိစ္ဆာသားရဲအရိုးများကို ပျော်ရွှင်စွာ ကိုက်ခဲနေလေသည်။

"လူက ကောင်းကင်ဘုံတက်ရင် ခွေးကပါ နတ်သားဖြစ်တယ်" ဆိုသလိုပင် မဲမဲလေးသည် ကောင်းကင်မျိုတိုက်ပွဲနည်းဗျူဟာကို အသုံးပြုနိုင်ကြောင်း အတည်ပြုပြီးနောက်တွင် ဟွမ်ထိန်အဖွဲ့သားများ၏ မျက်စိထဲတွင် ၎င်း၏အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်သွားခဲ့သည်။

"သွေးစွန်းတဲ့ လော်လီမလေး ဟုတ်လား။ အဲဒီလူတွေကတော့ တကယ်ကို လွန်လွန်းလှပြီ။ ရှန့်အာလေးလို ချစ်စရာကောင်းတဲ့ ကလေးမလေးကို ဘယ်လိုဖြစ်ပြီး ဒီလိုဘွဲ့အမည်မျိုး ပေးရတာလဲ"

ဝမ်ရန်ရွှီက ပြောရင်း မဲမဲလေးအား သားရဲခြေထောက်တစ်ဖက်ကို လှမ်းကျွေးလိုက်သည်။

မဲမဲလေးမှာမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ စားပွဲပေါ်မှ အခြားသားရဲခြေထောက်တစ်ဖက်ကိုသာ ကောက်ယူစားသုံးပြီး ဝမ်ရန်ရွှီပေးသည်ကို လျစ်လျူရှုထားလေသည်။ ၎င်းသည် သူမ၏သခင် ယွင်ရှန်းပေးသော အစားအစာကိုသာ လက်ခံလေ့ရှိသည် မဟုတ်ပါလား။

"တကယ်တော့... အခြေအနေက တော်တော်လေးကို သွေးစွန်းခဲ့တာပါ။ ယွင်ရှန်းရဲ့ အပ်စိုက်

ပညာက ဒီလောက်အထိ ထက်မြက်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး"

မူနန်ယန့်သည် ထိုနေ့က ကွင်းအတွင်း၌ ယွင်ရှန်းနှင့် အနီးဆုံးရှိနေသူ ဖြစ်သည်။ ယွင်ရှန်း ဘယ်လိုလှုပ်ရှားသွားသည်ကို သူမ မမြင်လိုက်ရသော်လည်း သူမ၏ နည်းစနစ်များမှာ အဖွဲ့ခေါင်းဆောင် ဖန်းကုထက်ပင် ပိုမိုမြန်ဆန်ကြောင်းကိုမူ သူမ အသေအချာ အာမခံနိုင်သည်။

မိခင်ဝမ်းဗိုက်ထဲကတည်းက တိုက်ခိုက်ရေးနှင့် သတ်ဖြတ်ခြင်းပညာကို လေ့ကျင့်မလာခဲ့လျှင် ဤမျှငယ်ရွယ်သော မိန်းကလေးတစ်ဦးက ဟေးတာနှင့် ဟေးစီတို့ကို အလွယ်တကူ ဘယ်လိုသတ်နိုင်မှာလဲ။ ထိုနေ့က လတ်ဆတ်သော သွေးများအကြား၌ ရပ်နေရင်း သတ်ဖြတ်

လက်နက်ဖြစ်သော အပ်များကို တည်ငြိမ်စွာ ပြန်ထုတ်နေသည့် ယွင်ရှန်း၏ပုံစံမှာ ယမမင်းတစ်ပါးနှင့်ပင် ဆင်တူလှသည်။ သွေးစွန်းသော လော်လီမလေးဟူသော ဘွဲ့မှာ သူမနှင့် တကယ်ကို လိုက်ဖက်လှပေသည်။

"ဒီအကြောင်းကို ယွင်ရှန်းရှေ့မှာ မပြောကြတာ အကောင်းဆုံးပဲ။ အဲဒီကလေးနဲ့ သိတာ မကြာသေးပေမဲ့ သူမက တဖြည်းဖြည်းနဲ့ အရောင်ထွက်လာတဲ့ ဖုန်တင်နေတဲ့ ပုလဲတစ်လုံးလိုပဲ။ သူမမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိနေမှာပဲ။ ငါတို့က အသင်းဖော်တွေအနေနဲ့ ဒါကို လေးစားရမယ် အများကြီး စပ်စုမနေသင့်ဘူး"

ဖန်းကုက ထူးထူးခြားခြား တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုနေ့က ယွင်ရှန်း၏ မျက်ဝန်းထဲတွင် သူမြင်ခဲ့ရသည်မှာ သတ်ဖြတ်လိုစိတ်ဖြစ်သော်လည်း ရူးသွပ်မှုမဟုတ်ပေ။ ဤအချက်ကပင် ဖန်းကုကို ယွင်ရှန်းအပေါ် ပိုမိုလေးစားသွားစေသည်။ သူမသည် သတ်သင့်သည့်အချိန်တွင် သတ်သော်လည်း သတ်ချင်ရုံသက်သက်အတွက် မသတ်ပေ။ သူမသည် ကြောက်ရွံ့အားကျဖွယ်ကောင်းလောက်အောင် တည်ငြိမ်လွန်းသော ကလေးတစ်ဦးပင်။

"ဒါနဲ့ စကားမစပ်... သူမ အခု ဘယ်ရောက်နေတာလဲ။ ပြိုင်ပွဲပြီးသွားပြီဆိုတော့ အနားယူနေရမှာလေ။ အခုတော့ သူမက အရင်ကထက်တောင် ပိုအလုပ်ရှုပ်နေသလိုပဲ။ မဲမဲလေး... မဟုတ်ဘူး၊ သခင်ကြီးမဲမဲလေးကလွဲရင် ရှန့်အာလေးရဲ့ အရိပ်ကိုတောင် မမြင်ရတော့ဘူး"

မူနန်ယန့်က တွေးတောစွာ မေးလိုက်သည်။

"အဟမ်း..."

ဝမ်ရန်ရွှီသည် ဝိုင်သောက်နေရင်း မူနန်ယန့်၏ အမေးကြောင့် ချောင်းဆိုးသွားတော့သည်။ ယွင်ရှန်းတစ်ယောက် အကြီးအကျယ် လောင်းကစားလုပ်ထားသည့် သတင်းကို သူတို့အား ပြောပြရမလား မပြောရဘူးလားဆိုသည်ကို သူ၏စိတ်ထဲ၌ တိတ်တဆိတ် တွေးတောနေမိတော့သည်။

ယွင်ရှန်းသည် လက်ရှိတွင် မည်သည့်ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေသည်ကို မည်သူမျှ ထင်မှတ်မထားနိုင်ကြပေ။ အမှန်တရားအချို့ကို ရိပ်မိထားသော ဝမ်ရန်ရွှီပင်လျှင် ယွင်ရှန်းသည် လောင်းကစားပွဲ၌ ငွေကြေးအမြောက်အမြား အနိုင်ရရှိခဲ့သည်ဟုသာ ထင်မြင်နေခြင်းပင်။ အမှန်စင်စစ် ယွင်ရှန်း ရရှိလိုက်သည်မှာ လောင်းကစားနိုင်ကြေး သက်သက်ထက် များစွာ ပိုမိုသာလွန်သည်။

အဆင့် B အကဲဖြတ်ပွဲ ပြီးဆုံးသည်နှင့် ယွင်ရှန်းသည် စီအန်းဆေးတိုက်သို့ အပြေးအလွှား သွားရောက်ခဲ့သည်။ သူမ လင်းယောင်အာကို စီစဉ်ခိုင်းထားသည့် အရာများမှာ ယခုအချိန်တွင် ရလဒ်များ ထွက်ပေါ်နေလောက်ပြီ ဖြစ်သည်။

စီအန်းဆေးတိုက်အတွင်း၌မူ လင်းယောင်အာသည် ပတ်သီးများကို ခေါက်ရင်း ပြီးခဲ့သည့်ရက်ပိုင်းက အဆင့် B အကဲဖြတ်ပွဲ လောင်းကစားနှင့် ပတ်သက်သည့် အသုံးစရိတ်များကို ယွင်ရှန်းထံ အစီရင်ခံနေသည်။

လောင်းကြေးအဖြစ် တင်သွင်းခဲ့သော ရွှေဒင်္ဂါး တစ်သိန်းမှာ အဆနှုန်းအရ ချက်ချင်းဆိုသလို ရွှေဒင်္ဂါး ခုနစ်သိန်းအထိ ဖြစ်သွားခဲ့သည်။ ဝမ်ရန်ရွှီအား အရင်းငွေ နှစ်သိန်း ပြန်လည်ပေးဆပ်ပြီးနောက်တွင်ပင် ယွင်ရှန်းထံ၌ ငါးသိန်း ပိုလျှံနေပါသေးသည်။ သို့သော် ဤသည်မှာ လောင်းကစားနိုင်ကြေး သက်သက်သာ ရှိပါသေးသည်။

"နတ်ဆေးဆရာမလေးယွင်ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်မတို့ ခရမ်းချဉ်သီး၊ ဥပုပ်၊ ကျောက်ခဲနဲ့ ဂေါ်ဖီရွက် အညှိုးတွေကို တစ်မျိုးစီ တောင်းတစ်ရာစီ ရောင်းချခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်အပါအဝင် စုစုပေါင်း ရွှေဒင်္ဂါး ၅၀၀ ကုန်ကျခဲ့ပါတယ်။ ထပ်ပြီးတော့ ပုံပြောသူ ဆယ်ယောက်နဲ့ စာရေးဆရာ ဆယ်ယောက်ကို ငှားပြီး ကောလာဟလတွေ ဖြန့်ခိုင်းတာကတော့ ရွှေဒင်္ဂါး ၁၈,၀၀၀ ကုန်ကျပါတယ်။ မှော်မှတ်ဉာဏ် အလင်းဝင်ရိုးအလွတ် တစ်ထောင်ကို ဝယ်ယူခဲ့တာကတော့ စုစုပေါင်း ရွှေဒင်္ဂါး ၈၀,၀၀၀ ကုန်ကျခဲ့ပါတယ်"

လင်းယောင်အာသည် ဤပစ္စည်းများကို ဝယ်ယူခဲ့စဉ်က တိတ်တဆိတ် အံ့ဩနေခဲ့ခြင်း ဖြစ်သည်။ ရွှေဒင်္ဂါး တစ်သိန်းနီးပါးကို တစ်ထိုင်တည်းဖြင့် သုံးစွဲလိုက်သော ယွင်ရှန်း၏ ရက်ရောပုံမှာ အမှန်တကယ်ပင် ခန့်ညားလှသည်။ ဤသည်မှာ ယွင်ရှန်းသည် မြင့်မြတ်သော မျိုးရိုးတစ်ခုခုမှ လာသူဖြစ်ရမည်ဟူသော အချက်ကို လင်းယောင်အာအား ပိုမိုယုံကြည်သွားစေသည်။

သို့သော် ရက်အနည်းငယ်အကြာ ဝင်ငွေများကို မြင်တွေ့လိုက်ရသည့်အခါ လင်းယောင်အာ၏ အမြင်များ ချက်ချင်း ပြောင်းလဲသွားပါတော့သည်။ အသုံးစရိတ်ရှိလျှင် ဝင်ငွေလည်း ရှိသည်မဟုတ်ပါလော။

အရက်ဆိုင်အသီးသီးမှ ပုံပြောသူများနှင့် စာရေးဆရာများ ဖြန့်ဝေလိုက်သော ကောလာဟလများနှင့် စာရွက်စာတမ်းများသည် ဟေးဟုအဖွဲ့အား မည်မျှအထိ နာမည်ပျက်စေခဲ့သလဲဆိုလျှင် သူတို့၏ မိခင်များပင်လျှင် သူတို့အား မွေးကတည်းက လည်ပင်းညှစ်သတ်လိုစိတ် ပေါက်သွားလောက်သည့်အထိပင်။ ပြိုင်ပွဲပြီးနောက် ဟေးဟုအဖွဲ့မှ ကျန်ရှိသူနှစ်ဦးမှာ ဟေးတာနှင့် ဟေးစီတို့၏ အလောင်းများကိုပင် ကောင်းမွန်စွာ အစဖျောက်ရန် အချိန်မရဘဲ အရှက်တကွဲဖြင့် မြို့အတွင်းမှ ထွက်ခွာသွားကြရသည်။

ထို့ကြောင့် ရွှေဒင်္ဂါး ၁၈,၀၀၀ မှာ အမှန်တကယ်ပင် တန်ဖိုးရှိသော အသုံးစရိတ် ဖြစ်ခဲ့သည်။ မူလက တန်ဖိုးမရှိသည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် ကျောက်ခဲများသည်လည်း ဆယ်ဆမကသော ဈေးနှုန်းများဖြင့် ရောင်းထွက်ခဲ့သဖြင့် စုစုပေါင်း ရွှေဒင်္ဂါး ၇,၀၀၀ ကျော် မြတ်စွန်းခဲ့သည်။

သို့ရာတွင် အထင်ကြီးဖွယ် အကောင်းဆုံးမှာ မှော်မှတ်ဉာဏ် အလင်းဝင်ရိုးတစ်ထောင်ပင်။

လင်းယောင်အာကိုယ်တိုင်မှာ မှော်ဆရာမတစ်ဦးဖြစ်သကဲ့သို့ အလွတ်မှော်မှတ်ဉာဏ် အလင်းဝင်ရိုးများသည် အသံနှင့် ပုံရိပ်များကို အသေအချာ မှတ်တမ်းတင်နိုင်စွမ်းရှိသည်ကို သိရှိထားသည်။ ၎င်းတို့ကို မှော်ကျောင်းသားများက ဆရာများ၏ သင်ကြားပြသမှုများကို ပြန်လည်လေ့လာရန် သို့မဟုတ် အတန်းပျက်ကွက်သည့်အခါ အစားထိုးကြည့်ရှုရန် အဓိက အသုံးပြုကြခြင်း ဖြစ်သည်။

ဤအလင်းဝင်ရိုး တစ်ခုလျှင် ရွှေဒင်္ဂါး ၈၀ ပေးဆောင်ရသဖြင့် ယခုကဲ့သို့ တစ်ထောင်လုံးလုံး ဝယ်ယူလိုက်သည့်အခါ လင်းယောင်အာမှာ အတော်ပင် နှမြောတသ ဖြစ်နေခဲ့သည်။ သို့သော် အဆင့် B အကဲဖြတ်ပွဲ ပြီးဆုံးသွားသည့်အခါ လက်မှတ်မရရှိသဖြင့် မကြည့်ရှုလိုက်ရသော မုဆိုးများ နောင်တရနေချိန်မှာပင် ဈေးကွက်အတွင်းသို့ အကဲဖြတ်ပွဲ၏ တိုက်ပွဲပုံရိပ်များ ပါဝင်သော အလင်းဝင်ရိုးများ ရုတ်တရက် ရောက်ရှိလာတော့သည်။

အဆိုပါ အလင်းဝင်ရိုးအတွင်း၌ ပြိုင်ပွဲတစ်ခုလုံး၏ ဖြစ်စဉ်ကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားရုံသာမက ဟေးဟုအဖွဲ့ဝင်များ ကွင်းအတွင်း ဝင်ရောက်စဉ် လှောင်ပြောင်ခံရသည်များမှအစ ဟေးတာနှင့် ဟေးစီတို့ ထူးဆန်းစွာ သေဆုံးသွားပုံအဆုံး အစအဆုံး ပါဝင်နေသည်။ ထို့ကြောင့် ဤအလင်းဝင်ရိုးများသည် ဈေးကွက်အတွင်းသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် လုယက်ဝယ်ယူခြင်း ခံခဲ့ရသည်။

နောက်ဆုံးတွင် အရင်းငွေ ၈၀ သာရှိသော အလင်းဝင်ရိုး တစ်ခုသည် ရွှေဒင်္ဂါး ၁,၀၀၀ မှ ၁,၅၀၀ အထိ စံချိန်တင် ဈေးနှုန်းများဖြင့် ရောင်းထွက်သွားခဲ့သည်။ ဤသည်မှာ မှော်မှတ်ဉာဏ် အလင်းဝင်ရိုးဖြင့် ပြိုင်ပွဲကို မှတ်တမ်းတင် ရောင်းချခြင်း သမိုင်းတွင် အမြင့်ဆုံး စံချိန်ပင်။ မည်သူက ဤကဲ့သို့ ဦးဦးဖျားဖျား စတင်မှတ်တမ်းတင်ခဲ့တာလဲ ဆိုသည်ကိုလည်း လူတိုင်းက ဝိုင်းဝန်းခန့်မှန်းနေကြသည်။

အလင်းဝင်ရိုး တစ်ထောင်မှ ရရှိလာသော ဝင်ငွေမှာ ရွှေဒင်္ဂါး တစ်သန်းကျော်အထိ ရှိနေသဖြင့် လင်းယောင်အာမှာ မှင်တက်သွားရရှာသည်။ ပုံတူကူးချထားသည့်ပစ္စည်းများကို ပြန်လည်ရောင်းချသည့် နည်းလမ်းမှာ ခေတ်သစ်ကမ္ဘာမှ လာသော ယွင်ရှန်းအတွက်မူ များစွာ မစိမ်းလှပေ။ သူမကို ဆရာမမေလီပေးအပ်ခဲ့သည့် အလင်းဝင်ရိုးမှတစ်ဆင့် ဤစိတ်ကူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝူကျီတိုက်ကြီးပေါ်ရှိ လူများမှာ ဤကဲ့သို့သော ပစ္စည်းများကို ဤမျှအထိ လိုလားတောင့်တကြလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

"အင်တာနက်လည်းမရှိ ဖျော်ဖြေရေးလည်းမရှိတဲ့ ဒီကမ္ဘာကလူတွေက တကယ်ကို သနားစရာကောင်းလွန်းပါတယ်"

ယွင်ရှန်းက ခေါင်းခါရင်း ညည်းညူလိုက်သည်။

"နတ်ဆေးဆရာမလေးယွင်... ကျွန်မတို့ နောက်ထပ် တစ်ခုခု လုပ်ကြဦးမလား။ အခု ဈေးကွက်ထဲမှာ ကျွန်မတို့ရဲ့ အလင်းဝင်ရိုးတွေကို အတုလုပ်ရောင်းနေတဲ့သူတွေ ရှိနေပြီလို့ ကြားတယ်"

လင်းယောင်အာက အမြတ်အစွန်းများ မြင်တွေ့နေရသဖြင့် ထပ်မံထုတ်လုပ်ရန် တိုက်တွန်းသည်။

"မလိုတော့ပါဘူး။ အခု တစ်ထောင်ဆိုရင် ဈေးကွက်က အတော်လေး ပြည့်နှက်နေပါပြီ။ စီအန်းဆေးတိုက်က ဒီကိစ္စမှာ ပါဝင်နေတာကို တစ်ယောက်ယောက်က သိသွားတာထက်စာရင် အခုလို အရှိန်အဟုန်ကောင်းတုန်းမှာပဲ အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ"

ယွင်ရှန်းက ဆုံးဖြတ်လိုက်သည်။ ဤသို့သော မမျှော်လင့်ဘဲရရှိသည့် ငွေကြေးမှာ တစ်ခါတရံသာ ရရှိနိုင်မည်ဖြစ်ပြီး ရေရှည်ခိုင်မြဲရန်အတွက်မူ စီအန်းဆေးတိုက်ကိုသာ အဓိကထား တည်ဆောက်ရမည်ပင်။

အကဲဖြတ်ပွဲ တစ်ခုအပြီးတွင်မူ ယွင်ရှန်းသည် တစ်ညတည်းနှင့် ရွှေဒင်္ဂါးများ အပြည့်ပါသော အိတ်ကို ပိုင်ဆိုင်သည့် သူဌေးမလေးတစ်ဦး ဖြစ်သွားတော့သည်။

All Chapters