အခန်း (၁၆၇)
Vol. 16 Ch. 167
မုဆိုးအရည်အချင်းစစ် အကဲဖြတ်ပွဲသာ ပြီးဆုံးသွားသော်လည်း ၎င်းက လှုံ့ဆော်လိုက်သည့် မုန်တိုင်းမှာမူ ယခုမှ စတင်နေခြင်း ဖြစ်သည်။
အရင်း ၈၀ သာရှိပြီး ရွှေဒင်္ဂါး ၁,၀၀၀ အထိ ရောင်းရသည့် ဤမှော်လိပ်စာများ၏ မြတ်စွန်းပုံမှာ စိတ်ဝင်စားသူများစွာကို ဆွဲဆောင်ခဲ့သည်။ သို့သော် ဝယ်ယူထားသည့် လိပ်စာများကို မိတ္တူကူးရန် ကြိုးစားသူတိုင်းမှာ မအောင်မြင်ခဲ့ကြပေ။
မည်သူမဆို မိတ္တူကူးရန် ကြိုးစားသည်နှင့် တစ်ပြိုင်နက် မှော်လိပ်စာမှာ အလိုအလျောက် မီးစွဲလောင်ကာ ပျက်စီးသွားကြသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤအလင်းဝင်ရိုးကို ဖန်တီးသူသည် ကူးယူခြင်းကို ကာကွယ်ရန် မီးဓာတ်မှော်ခင်းတစ်ခုကို ကြိုတင်ထည့်သွင်းထားကြောင်း အားလုံးက သိလိုက်ရသည်။ ဤအချက်ကြောင့် တောက်ယဲ့တောင်၏ အဆင့် B အကဲဖြတ်ပွဲမှာ ပိုမိုလျှို့ဝှက်ဆန်းပြားလာခဲ့သည်။
ထိုအလင်းဝင်ရိုးကို ဝယ်ယူနိုင်သူများမှာ ကြွားဝါစရာအဖြစ် မှတ်ယူထားကြပြီး မုဆိုးများအကြား "ဒီနေ့ ရာသီဥတု ဘယ်လိုလဲ" သို့မဟုတ် "ဘာမစ်ရှင်တွေ ယူထားလဲ" ဟု မေးမည့်အစား "နင် အဲဒီတိုက်ပွဲမှတ်တမ်း လိပ်စာကို ရပြီးပြီလား" ဟူသော အမေးမှာ အသုံးအများဆုံး ဖြစ်လာခဲ့သည်။
ထိုအတောအတွင်း ရှုံးနိမ့်သွားသည့် ဟေးဟုအဖွဲ့ဘယ်ရောက်နေသလဲဆိုသည်ကိုမူ မည်သူမျှ ဂရုမစိုက်ကြတော့ပေ။
ကြယ်မရှိ လမရှိသည့် မှောင်မိုက်သော ညတစ်ညတွင် တောက်ယဲ့တောင် မုဆိုးမြို့တော်၏ ပြင်ပရှိ အဆုံးအစမရှိသော လွင်ပြင်ကျယ်ကြီး၌ ပုတိုတို သစ်ပင်အနည်းငယ်သာ ရှိနေသည်။ ဟေးအာနှင့် ဟေးဆန်းတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွှတ်နေကြပြီး သူတို့ရှေ့တွင် ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦး ရပ်နေသည်။
ထိုသူသည် နောက်ကျောပေးထားသဖြင့် ရုပ်ရည်ကို မမြင်ရသော်လည်း သူ၏ ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ထွက်ပေါ်နေသော သေခြင်းတရား အငွေ့အသက်များမှာ လူသူကင်းမဲ့သော လွင်ပြင်ကြီးကို ပိုမိုအေးစိမ့်သွားစေသည်။ သူ၏ လက်ထဲတွင် လွန်ခဲ့သော နှစ်ရက်က ဖြစ်ပွားခဲ့သည့် အဆင့် B အကဲဖြတ်ပွဲ မှတ်တမ်း မှော်လိပ်စာကို ဖွင့်ကြည့်နေသည်။
ဟွမ်ထိန်အဖွဲ့မှ ဆင့်ခေါ်သူမလေးက ဟေးစီ၏ အနားသို့ ကပ်သွားကာ လက်ကောက်ဝတ်ကို ဖြတ်တောက်လိုက်သည့် အခန်းသို့ ရောက်သောအခါ ထိုအမျိုးသားမှာ မသိစိတ်မှ ညည်းညူသံတစ်ချက် ထွက်ပေါ်လာပြီး မှော်လိပ်စာကို ဖြတ်ခနဲပိတ်လိုက်လေသည်။
"ဒါဟာ ထူးခြားတဲ့ တိုက်ခိုက်ရေးစွမ်းရည် မဟုတ်ဘူး... ဒါဟာ ဆေးပညာသက်သက်ပဲ။ တစ်ဖက်လူက ဆရာဝန်တစ်ယောက်ရဲ့ ခွဲစိတ်မှု နည်းစနစ်ကို သုံးသွားတာ"
ထိုသူ၏ အေးစက်လှသော စကားသံကြောင့် ဟေးအာနှင့် ဟေးဆန်းတို့မှာ ကြောရိုးထဲအထိ စိမ့်သွားကြတော့သည်။
ဆရာဝန်တစ်ယောက်ရဲ့ ခွဲစိတ်နည်းစနစ်တဲ့လား... ဟောက်ချင်နိုင်ငံရဲ့ မှောင်မိုက်စခန်းက ဂုဏ်ယူဝင့်ကြွားလှတဲ့ စစ်သည်တော်တွေက သာမန်ဆရာဝန်တစ်ယောက်ရဲ့ လက်ထဲမှာ ရှုံးနိမ့်ခဲ့ရတယ်ဆိုတာ တွေးကြည့်ရင်တောင် အရှက်ရစရာပင်။
ဟေးအာနှင့် ဟေးဆန်းတို့မှာ မျက်နှာကို အဖြတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူတို့၏ အစ်ကိုကြီးနှင့် ညီလေးတို့ သေဆုံးခဲ့ရသော်လည်း အလောင်းကိုပင် ပြန်လည်မယူနိုင်ခဲ့ဘဲ ထိုဆင့်ခေါ်သူမလေး၏ မူလအစကို သိရှိနိုင်ရန်အတွက် ဤတိုက်ပွဲမှတ်တမ်း အလင်းဝင်ရိုးကိုသာ အလုအယက် ဝယ်ယူခဲ့ရခြင်းဖြစ်သည်။ သူတို့ထင်ထားသည်မှာ တစ်ဖက်လူသည် လောကပြင်ပမှ ထူးခြားသော ပညာရှင် သို့မဟုတ် မဟာကျိုးနိုင်ငံမှ လွှတ်လိုက်သော လျှို့ဝှက်သူလျှိုတစ်ဦး ဖြစ်လိမ့်မည်ဟုပင်။ ယခုမူ သူမမှာ ဆရာဝန်တစ်ဦးသာ ဖြစ်နေတော့သည်။
"မင်းတို့က မစ်ရှင်ကိုလည်း ကျရှုံးစေခဲ့တယ် ဟောက်ချင်ရဲ့ သူလျှိုဆိုတဲ့ အထောက်အထားကိုလည်း လူသိရှင်ကြား ဖြစ်စေခဲ့တယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ မင်းတို့သိမှာပါ ငါ ထပ်ပြီး သင်ပေးနေဖို့ မလိုတော့ဘူး"
ထိုအမျိုးသားမှာ အခုထက်ထိ နောက်ပြန်လှည့်မလာသေးသော်လည်း သူ၏ စကားလုံးများမှာ ဟေးအာနှင့် ဟေးဆန်းတို့အတွက် သေဒဏ်ပေးလိုက်ခြင်းပင်။ အမှန်စင်စစ် သူတို့နှစ်ဦးမှာ သေစရာမလိုသော်လည်း သူတို့၏ အထောက်အထားများ ပေါက်ကြားသွားရုံတင်မက မှော်
မှတ်ဉာဏ် အလင်းဝင်ရိုးကြောင့် သူတို့ ဟောက်ချင်သို့ ပြန်သွားပါက မှောင်မိုက်စခန်းတစ်ခုလုံးကို ဖော်ထုတ်လိုက်သလို ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ညီအစ်ကိုနှစ်ဦးအတွက် သေခြင်းမှတစ်ပါး အခြားလမ်းမရှိတော့ပေ။
"မှောင်မိုက်အိမ်ရှေ့မင်းသား... ကျွန်တော်မျိုးတို့ကို ချမ်းသာပေးပါဗျာ။ ကျွန်တော်တို့ မဟာကျိုးနိုင်ငံက C အဆင့် မုဆိုးပေါင်း တစ်ရာနီးပါးကို သတ်ဖြတ်ပြီး အဖွဲ့အစည်းက ပေးတဲ့ တာဝန်တွေကို ကျေပွန်ခဲ့ပါတယ်။ တောင်းပန်ပါတယ်ခင်ဗျာ"
ဟေးအာနှင့် ဟေးဆန်းတို့မှာ အသက်ဘေးမှ လွတ်မြောက်ရန် အသည်းအသန် တောင်းပန်နေကြတော့သည်။ ထိုဝတ်စုံနက်နှင့် အမျိုးသားမှာ အမှန်တကယ်ပင် ဟောက်ချင်နိုင်ငံ၏ အိမ်ရှေ့မင်းသား ဖြစ်နေခဲ့သည်။ ဟောက်ချင်၏ မှောင်မိုက်စခန်းသည် ငါးနိုင်ငံလုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှပြီး ၎င်းမှာ ဟောက်ချင်၏ အကောင်းဆုံး သူလျှိုနှင့် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းဖြစ်သည်။
ထိုစခန်းတွင် အဆင့် ၁ တိုက်ခိုက်ရေးသမား အယောက် ၅၀၊ အဆင့် ၂ တိုက်ခိုက်ရေးသမား ၃၀၀ နှင့် အဆင့် ၃ တိုက်ခိုက်ရေးသမား ၁,၀၀၀ ခန့် ရှိသည်။ ဟေးဟုညီအစ်ကို လေးယောက်မှာ အဆင့် ၂ သို့ တက်လှမ်းရန် အလားအလာရှိသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူလေးယောက်ကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရခြင်းမှာ အိမ်ရှေ့မင်းသားအတွက် ခေါင်းခဲစရာပင်။
"ကောင်းပြီ... ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။ ငါ တစ်ဆယ်အထိ ရေတွက်မယ်။ တစ်ဆယ်ပြီးလို့ ငါ တိုက်ခိုက်တဲ့အခါ မင်းတို့ လွတ်အောင်ပြေးနိုင်ရင် အသက်ချမ်းသာပေးမယ်"
အိမ်ရှေ့မင်းသားက မတတ်သာသည့်အဆုံး ပြောလိုက်သည်။ စကားဆုံးသည်နှင့် ဒူးထောက်နေသော ဟေးဆန်းမှာ ဝုန်းခနဲ ထရပ်ကာ တောင်ဘက် လွင်ပြင်ကျယ်ကြီးဆီသို့ အသည်းအသန် ထွက်ပြေးတော့သည်။ သို့သော် ဟေးအာမှာမူ ငတုံးတစ်ယောက်ကဲ့သို့ မြေပြင်ပေါ်မှာပင် မလှုပ်မယှက် ဆက်လက် ဒူးထောက်နေလေသည်။
အိမ်ရှေ့မင်းသားသည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ တည်ငြိမ်သော အသံဖြင့် စတင်
ရေတွက်လိုက်သည်။
"တစ်... နှစ်..."
သူ ဆယ်အထိ ရေတွက်ပြီးချိန်တွင် ဟေးဆန်းမှာ မီတာ ထောင်ပေါင်းများစွာ အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤမျှဝေးကွာသော အကွာအဝေးကို ထိမှန်ရန်မှာ မှော်ဆရာတစ်ဦးသာ ဖြစ်နိုင်သော်လည်း အိမ်ရှေ့မင်းသားကိုယ်တိုင်မှာမူ ကိုယ်ခံပညာရှင်တစ်ဦးသာ ဖြစ်နေသည်။
ဤတိုက်ခိုက်ရေးသမား၏ ကျင့်ကြံရေးအဆင့်မှာ ခန့်မှန်းရခက်လှသလို သူသည် သူ၏လက်အောက်ငယ်သားများရှေ့တွင် သူ၏အစွမ်းအစအစစ်အမှန်ကို တစ်ခါမျှ ထုတ်မပြခဲ့ဖူးပေ။
လွင်ပြင်ပြင်ပရှိ လေတိုးသံမှာ ပိုမိုပြင်းထန်လာသယောင် ရှိသည်။ မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော ဟေးအာမှာမူ သူ၏ခေါင်းကိုပင် မမော့ရဲရှာပေ။ သူမြင်နေရသည်မှာ မှောင်မိုက်သောအရှိန်အဝါရှိသည့် မှောင်မိုက်အိမ်ရှေ့မင်းသား၏ စစ်ဖိနပ်များကိုသာ ဖြစ်သည်။
ရုတ်တရက် ထိုစစ်ဖိနပ်များမှာ ပျောက်ကွယ်သွားပြီး အိမ်ရှေ့မင်းသား၏ ပုံရိပ်မှာလည်း ညအမှောင်ထုအတွင်းသို့ ရောနှောပျောက်ကွယ်သွားတော့သည်။ အဝေးတစ်နေရာတွင် အသက်လုထွက်ပြေးနေသော ဟေးဆန်း၏ ခန္ဓာကိုယ်မှ သွေးမြူတိမ်များ ရုတ်တရက် ပွင့်ထွက်လာပြီး သူ၏ကိုယ်ထည်မှာ နှစ်ပိုင်းပြတ်သွားခဲ့ရသည်။
အိမ်ရှေ့မင်းသား၏ လက်မှာ လူသားတစ်ဦး၏လက်နှင့် လုံးဝမတူဘဲ နူးညံ့လှပသော အကြေးခွံများဖုံးလွှမ်းနေပြီး ထိုလက်သည် ဟေးဆန်း၏ ခန္ဓာကိုယ်ကို အားစိုက်စရာမလိုဘဲ ထိုးဖောက်လိုက်ခြင်းပင်။ ဟေးအာနှင့် ဟေးဆန်းတို့ နှစ်ဦးလုံးသည် အိမ်ရှေ့မင်းသား ဘယ်လိုလှုပ်ရှားသွားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ စစ်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဟေးဆန်းမှာ ဘယ်လိုမျှ ခုခံနိုင်စွမ်းမရှိဘဲ ရက်စက်စွာ အပိုင်းပိုင်းဖြတ်ခံလိုက်ရခြင်းပင်။
ညအမှောင်ထု၏ နက်ရှိုင်းမှုမှာ အိမ်ရှေ့မင်းသား၏ မျက်ဝန်းအစုံမှ ထွက်ပေါ်လာသော အနီရောင်အလင်းတန်းကြောင့် ပိုမိုထင်ရှားလာသည်။ ထိုစဉ် သူ၏ ရုပ်ရည်အစစ်အမှန်မှာလည်း ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ တည်ကြည်ပြတ်သားပြီး ယောက်ျားပီသလှသော မျက်နှာတစ်ခုဖြစ်ကာ အပေါ်ယံတွင် အရိုင်းဆန်သော ဆံပင်အနက်ရောင်များ ရှိနေသည်။
အိမ်ရှေ့မင်းသားသည် သဲကန္တာရထဲမှ ဝံပုလွေတစ်ကောင်ကဲ့သို့ပင်။ သူသည် ဟေးဆန်း၏ ခန္ဓာကိုယ်ကို အမှိုက်တစ်ခုသဖွယ် ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်သည်။
"မင်းက ဘာလို့မပြေးတာလဲ"
အိမ်ရှေ့မင်းသားက ဟေးအာကို ချက်ချင်း မသတ်သေးပေ။ သူမှတ်မိသလောက်ဆိုလျှင် ဟေးညီအစ်ကို လေးယောက်အနက် ဟေးအာသည် အစေ့စပ်ဆုံးနှင့် ဦးနှောက်အကောင်းဆုံးသူ ဖြစ်သည်။
"အိမ်ရှေ့မင်းသားက သားရဲဘုရင်ရဲ့ သွေးနဲ့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီပဲ။ ဒီကောင်းကင်အောက်မှာ ထိပ်တန်းပညာရှင် အနည်းငယ်ကလွဲရင် ဘယ်သူမှ အရှင်မင်းသားရဲ့ လက်ခုပ်ထဲကနေ မလွတ်နိုင်ပါဘူး"
ဟေးအာ၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူလျော့နေသည်။ ရက်အနည်းငယ်အတွင်းမှာပင် ညီအစ်ကို လေးယောက်အနက် သူတစ်ဦးတည်းသာ ကျန်တော့သဖြင့် သေခြင်း ရှင်ခြင်းမှာ သူ့အတွက် မထိတ်လန့်စရာ မဟုတ်တော့ပေ။
"မင်းက တော်တော်ပါးနပ်တာပဲ။ ကဲ... မင်းကို ငါမသတ်သင့်တဲ့ အကြောင်းပြချက်တစ်ခု ပေးစမ်း"
အိမ်ရှေ့မင်းသား၏ လက်ပေါ်မှ အကြေးခွံများမှာ ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားပြီး မြင့်မြတ်သောအမျိုးသားတစ်ဦး၏ လှပသော လက်အစုံအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
"ကျွန်တော်မျိုးဟာ ဟောက်ချင်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့အတွက် သေထိုက်သူပါ။ ဒါပေမဲ့ တောက်ယဲ့တောင်ကို လာတဲ့ခရီးမှာ အိမ်ရှေ့မင်းသား စိတ်ဝင်စားမယ့် လူတစ်ယောက်ကို ကျွန်တော်မျိုး တွေ့ခဲ့ပါတယ်"
ဟေးအာက သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း အသက်ရှင်ခွင့်ရရန် နောက်ဆုံးကြိုးပမ်းလိုက်သည်။
"ဘယ်သူလဲ"
အိမ်ရှေ့မင်းသားက အနည်းငယ် စိတ်ဝင်စားသွားပုံရသည်။
"ရှန်ကျူနိုင်ငံရဲ့... တိဖုန်းမင်းသားကြီးပါ"
ဟေးအာက ပြောရင်း သူ၏နဖူးပေါ်မှ ဒဏ်ရာကို ဆွဲဖွင့်ပြလိုက်သည်။ ၎င်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က လက်ဝှေ့ကွင်းအတွင်း ကျောက်ခဲဖြင့် အလစ်အငိုက် အပစ်ခံရစဉ်က ရရှိခဲ့သော ဒဏ်ရာဖြစ်ပြီး ထိုနေရာတွင် နတ်သူငယ်မှော်အတတ်၏ အငွေ့အသက်များ ကျန်ရှိနေဆဲ ဖြစ်သည်။