← Chapters

အခန်း (၁၆၈)

Vol. 16 Ch. 168

အခန်း (၁၆၈)

Vol. 16 Ch. 168

သူမ၏ရုပ်ဖျက်မှော်အတတ် အဖော်ထုတ်ခံလိုက်ရကြောင်း သိလိုက်ရချိန်တွင် ယွင်ရှန်းမှာ အံ့အားသင့်သွားပြီး သူဌေးမလေးဖြစ်ရသည့် ပျော်ရွှင်မှုများမှာလည်း ချက်ချင်းပင် လွင့်ပြယ်သွားတော့သည်။

ရှန်ကျူနိုင်ငံမှ မုဆိုး တိဖုန်းသည် ယွင်ရှန်း စီအန်းဆေးတိုက်မှ ထွက်လာကတည်းက သူမနောက်သို့ တစ္ဆေတစ်ကောင်ကဲ့သို့ တကောက်ကောက် လိုက်နေခြင်းဖြစ်သည်။ ယွင်ရှန်း မည်မျှပင် ကြိုးစား၍ ဖျောက်ဖျက်သော်လည်း သူ့ကို လုံးဝ ခါချ၍ မရနိုင်ပေ။

"ရှင်က ဘယ်သူလဲ ပြီးတော့ ဘာလို့ ကျွန်မနောက်ကို လိုက်နေတာလဲ"

နောက်ဆုံးတွင် ယွင်ရှန်းသည် သူ့ကို ဘယ်လိုမျှ ဖယ်ရှား၍ မရတော့သဖြင့် ရပ်တန့်ကာ လမ်းဘေးတွင် ရန်တွေ့နေသော အမျိုးသမီးတစ်ဦးကဲ့သို့ စိတ်တိုတိုဖြင့် ရင်ဆိုင်မေးမြန်းလိုက်သည်။

"လော်လီမလေး... ဟန်ဆောင်မနေပါနဲ့တော့။ ငါ မင်းရဲ့ အနံ့ကို မှတ်မိနေတယ်။ မဟုတ်ဘူး... ငါ မင်းကို သွေးစွန်းတဲ့ လော်လီမလေးလို့ ခေါ်သင့်တာပေါ့။ မင်းကို ဖမ်းမိဖို့ မလွယ်ဘူးနော်။ မင်းရဲ့ ရုပ်ဖျက်မှော်ကလည်း တကယ်ကို ထူးခြားတာပဲ။ အရင်က မင်းဝတ်ထားတဲ့ မျက်လှည့်

စွမ်းအင် နားကပ်ထက် အများကြီး ပိုထိရောက်တယ်"

တိဖုန်းသည် ယွင်ရှန်း၏ ဘေးပတ်လည်တွင် ခွေးကလေးတစ်ကောင်ကဲ့သို့ လှည့်ပတ်ကာ စူးစမ်းကြည့်ရှုနေသည်။

သွားပြီ…

သူမ၏ ရုပ်ဖျက်မှုမှာ အမှန်တကယ်ပင် အဖော်ထုတ်ခံလိုက်ရလေပြီ။

မျက်လှည့်စွမ်းအင် နားကပ်ဆိုသည်မှာ သာမန်မှော်ပစ္စည်းတစ်ခုသာ ဖြစ်သဖြင့် အံ့အားသင့်ဖွယ် အာရုံခံနိုင်စွမ်းရှိသော မှော်ဆရာတစ်ဦးနှင့် တွေ့ပါက ယွင်ရှန်း၏ မျက်နှာအစစ်အမှန်ကို သိရှိသွားနိုင်ခြင်းမှာ မဆန်းပေ။ သို့သော် သူမ၏ ရုပ်ဖျက်မှော်အတတ်က ဘာလို့ ကျရှုံးသွားရတာလဲ။

ဤမှော်အတတ်ကို သင်ယူပြီးကတည်းက ယွင်ရှန်းမှာ တစ်ခါမျှ လူမိခြင်း မရှိခဲ့ဖူးပေ။ ယနေ့တွင် သူမသည် စီအန်းဆေးတိုက်သို့ သွားရန်အတွက် အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် ဖျော့တော့တော့ မိန်းကလေးငယ်တစ်ဦးအဖြစ် ရုပ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ သူမ တည်းခိုခန်းမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုသော အားနည်းချက်မှာ ပေါ်လွင်သွားပြီး တိဖုန်းက ရိပ်မိသွားပုံရသည်။

"ငါ့ရဲ့ မှော်ဓာတ်သဘာဝက လေဓာတ်ပဲ။ ဒါကြောင့် ငါက တခြားသူတွေထက် အာရုံခံစားမှု ပိုထက်မြက်တယ်။ မင်းဆီမှာ မွှေးပျံ့တဲ့ အနံ့လေးတစ်ခု ရှိတယ်။ ဆေးဘက်ဝင်အပင်တွေရဲ့ ရနံ့မျိုးပေါ့။ အစကတည်းက ငါ အဲဒါကို သတိထားမိခဲ့တာ။ ဒါက မင်းရဲ့ သီးသန့်ရနံ့ပဲ။ ငါ ဘယ်တော့မှ မမှားနိုင်ဘူး"

တိဖုန်းသည် ယွင်ရှန်း၏ လည်ပင်းနားတစ်ဝိုက်တွင် အရှက်မရှိ အနံ့ခံကြည့်ရင်း ပြောလိုက်သည်။

တိဖုန်း၏ စကားမှာ အလုံးစုံ မမှန်ကန်သော်လည်း လေဓာတ်မှော်ဆရာတိုင်းသည် ဤမျှ သိမ်မွေ့သော ရုပ်ဖျက်မှော်အတတ်ကို ခွဲခြားနိုင်စွမ်း ရှိကြသည်တော့ မဟုတ်ပေ။ ယွင်ရှန်း၏ ရုပ်ဖျက်မှော်မှာ မှော်ဘုရားကျောင်း၏ မှတ်တမ်းများတွင်ပင် တရားဝင် မရှိသေးသဖြင့် ဤတိုက်ကြီးပေါ်တွင် ရိပ်မိနိုင်သူ အလွန်နည်းပါးသည်။ သို့သော် ကံဆိုးစွာပင် ယွင်ရှန်းသည် တိဖုန်းနှင့် လာတိုးနေခြင်း ဖြစ်သည်။

ယွင်ရှန်း၏ ကိုယ်ပေါ်မှ ရနံ့မှာ ဆေးဘက်ဝင်အပင်မျိုးစုံနှင့် အမြဲထိတွေ့နေခြင်းကြောင့်

လည်းကောင်း စစ်မှန်သော တာအိုကျင့်စဉ်များကို ကျင့်ကြံထားခြင်းကြောင့်လည်းကောင်း သဘာဝအလျောက် ထွက်ပေါ်နေခြင်းဖြစ်ပြီး ယခုအခါ ထိုရနံ့ကပင် သူမ၏ မူလအထောက်အထားကို သစ္စာဖောက်လိုက်ခြင်း ဖြစ်သည်။

တိဖုန်းတွင် နတ်သူငယ်သွေးနှောအမွေအနှစ် ပါရှိသည်။ သူ၏ ပတ်ဝန်းကျင် မိုင်ပေါင်းများစွာအတွင်းရှိ လေညင်းတိုင်း လေစီးကြောင်းတိုင်းသည် သူ၏ အာရုံခံကိရိယာများ ဖြစ်လာနိုင်သည်။ အကယ်၍ တိဖုန်း၏ လက်အောက်ငယ်သားများသာ သူ၏ အခုလိုအပြုအမူကို မြင်သွားပါက မင်းမျိုးမင်းနွယ်၏ ဂုဏ်သိက္ခာနှင့် မညီညွတ်ဟု ဆိုကာ ငိုချင်းချကြပေလိမ့်မည်။

နတ်သူငယ်မျိုးနွယ်စုဝင်များသည် သမိုင်းတစ်လျှောက်တွင် လူသားမျိုးနွယ်အပေါ် အေးစက်စွာ ဆက်ဆံလေ့ရှိကြပြီး လူသားများကို ပါးနပ်လွန်း၍ ညစ်ပတ်သူများဟု ယူဆခဲ့ကြသည်။ တိဖုန်းသည်လည်း ထိုသို့ပင် ထင်မြင်ခဲ့သော်လည်း ယွင်ရှန်းနှင့် တွေ့ဆုံချိန်တွင်မူ သူသည် အကြောင်းပြချက်မရှိဘဲ သူမအပေါ် ကောင်းသော အထင်အမြင်ရှိသွားကာ သူမဆီမှ ထွက်ပေါ်နေသော ရနံ့ကိုလည်း အထူးနှစ်သက်နေမိသည်။

ယွင်ရှန်းသည် လက်ဝှေ့ကွင်းအတွင်း၌ သွေးစွန်းသော လော်လီမလေးအဖြစ် ပြောင်းလဲကာ လူတိုင်းကို တုန်လှုပ်စေခဲ့သည့် နေ့မှစ၍ တိဖုန်းသည် သူမကို အမိအရဖမ်းဆီးရန် အခွင့်အရေး ရှာနေခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မဲမဲလေး၏ ကောင်းကင်မျိုတိုက်ပွဲနည်းဗျူဟာမှာ အလွန်လျှို့ဝှက်ဆန်းပြားလွန်းသဖြင့် ၎င်းကို သုတေသနပြုရန်အတွက် ယွင်ရှန်းထံမှ ခေတ္တငှားရမ်းလိုခြင်း ဖြစ်သည်။

"မဲမဲလေးကို ငှားရမယ် ဟုတ်လား... လုံးဝမဖြစ်နိုင်ဘူး"

ယွင်ရှန်းက သတိကြီးစွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ တိဖုန်း၏ လှပသော မျက်နှာမှာ အခြားသူများ၏ ချစ်ခင်မှုကို အလွယ်တကူ ရရှိနိုင်သော်လည်း ဝမ်ရန်ရွှီထံမှ နတ်သူငယ်မျိုးနွယ်များသည် အသက် ၂၀ မပြည့်မချင်း ကျားမ ခွဲခြား၍ မရသေးကြောင်း သိထားသဖြင့် ယွင်ရှန်းသည် တိဖုန်းအပေါ် ပို၍ သတိထားနေမိသည်။

သူမ၏ ခန္ဓာကိုယ်မှာ လော်လီမလေးတစ်ဦး၏ ကိုယ်ထည် ဖြစ်နေသော်လည်း စိတ်ပိုင်းဆိုင်ရာမှာမူ ရင့်ကျက်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ယခင်ဘဝက လျူမင်လန်းကြောင့် ရရှိခဲ့သော နှလုံးသားဒဏ်ရာများကြောင့် သူမသည် အမျိုးသားများအပေါ် သဘာဝအလျောက် ခုခံလိုစိတ် ရှိနေသည်။ တိဖုန်းမှာ ကျားမ မကွဲပြားသေးသော နတ်သူငယ်မျိုးနွယ် ဖြစ်နေလျှင်ပင်။

"သိပ်ပြီး ကပ်စေးနှဲမနေပါနဲ့... ငါတို့ အလဲအလှယ်လုပ်ကြရင်ရော ဘယ်လိုလဲ။ မင်းရဲ့ ဆင့်ခေါ်သားရဲကို တစ်ရက်တည်း… တစ်ရက်တည်းပဲ ကြည့်ချင်လို့ပါ"

တိဖုန်းက စိတ်အားထက်သန်စွာဖြင့် ယွင်ရှန်း၏အနားသို့ ပိုမိုတိုးကပ်လာသည်။ အသက်ရှူမှားလောက်အောင် လှပသော သူ၏မျက်နှာကို အနီးကပ် မြင်လိုက်ရသောအခါ ယွင်ရှန်းမှာ ခဏတာ မိန်းမောသွားရသည်။ သူ၏ ကြည်လင်လုနီးပါး ဖြစ်နေသော အရေပြားနှင့် ယပ်တောင်ကဲ့သို့ ထူထဲသော မျက်တောင်များကိုပင် အထင်အသား မြင်နေရသည်။ ကံကောင်းထောက်မစွာဖြင့် ယွင်ရှန်းတွင် လုံလောက်သော မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိသဖြင့် အရေးကြီးသော အချိန်တွင် စိတ်မလှုပ်ရှားသွားခဲ့ပေ။

နတ်သူငယ်ပြည်နယ်မှ ပစ္စည်းတစ်ခုနှင့် သူမ၏ သားရဲကို တစ်ရက်ငှားရန်...။

ယွင်ရှန်းသည် သူမ၏ စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။ အဆုံးစွန်၌ သူငှားလိုသည်မှာ သူမ၏ ဆင့်ခေါ်သားရဲသာ မဟုတ်ပါလား။

တိဖုန်း ပြိုင်ပွဲဝင်စဉ်က ကွင်းတစ်ခုလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့သော မှော်စွမ်းအင်များကို သူမ မြင်တွေ့ခဲ့ဖူးသည်။ နတ်သူငယ်မျိုးနွယ်၏ မှော်အတတ်များသည် အလွန်လျှို့ဝှက်ပြီး လူသားများ၏ မှော်အတတ်ထက် ပိုမိုမြင့်မားလှသည်။ ထို့ကြောင့် နတ်သူငယ်မျိုးနွယ်စုမှ ပစ္စည်းတစ်ခုဆိုလျှင် သေချာပေါက် ရိုးရှင်းမည်မဟုတ်ပေ။

"နတ်သူငယ်တွေဟာ ဘယ်တော့မှ မလိမ်ညာဘူး"

တိဖုန်းက လေးနက်သော မျက်နှာပေးဖြင့် ပြောဆိုလိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် တိဖုန်း၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ယွင်ရှန်းကို ဆွဲယူကာ သူ၏ နောက်ကွယ်၌ အကာအကွယ်ပေးသည့်ဟန်ဖြင့် ထားရှိလိုက်သည်။

"ကြီးမြတ်လှတဲ့ တိဖုန်းမင်းသားကြီးက ဘယ်တုန်းကစပြီး အပြစ်မဲ့တဲ့ မိန်းကလေးတွေကို ဖြားယောင်းနေတာလဲ"

မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခု ဖိနှိပ်လာသကဲ့သို့ အေးစက်သော အသံကြီး ထွက်ပေါ်လာသည်။ ဟောက်ချင်နိုင်ငံ၏ အိမ်ရှေ့မင်းသားသည် ဟေးအာနှင့်အတူ သူတို့ရှေ့တွင် မည်သည့်သတိပေးချက်မျှမရှိဘဲ ပေါ်ပေါက်လာခြင်းပင်။

ယွင်ရှန်းသည် ဟေးအာကို မှတ်မိသော်လည်း ရုတ်တရက် ပေါ်လာသည့် ဤလူငယ်မှာ မည်သူဖြစ်ကြောင်း မသိရှိပေ။ သူသည် နက်မှောင်၍ ရွှေရောင်ကျားပုံစံပါရှိသော တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စူးရှသော ဖီးနစ်မျက်ဝန်းတစ်စုံ၊ ဖြောင့်စင်းသော နှာတံနှင့် အရပ်နှစ်မီတာနီးပါး မြင့်မားကာ ဖန်းကုနှင့် အရပ်ချင်း တူညီသည်။ ဤလူထံမှ ရိုင်းစိုင်းသော အလှတရားနှင့်အတူ ပြင်းထန်သော အရှိန်အဟုန်တစ်ခု ထွက်ပေါ်နေသည်။

သူ့ကို ကြည့်ရုံမျှဖြင့် ယွင်ရှန်းသည် အန္တရာယ်ရှိသည်ဟု ဗီဇအရ ခံစားလိုက်ရသည်။ သူသည် အချိန်မရွေး လူတစ်ဦးကို လက်ဗလာဖြင့် နှစ်ပိုင်းဖြတ်ပစ်နိုင်သော ဝံပုလွေဘုရင်တစ်ကောင်ကဲ့သို့ အထင်ကြီးဖွယ် ကောင်းလှသည်။

"ငါ့ရဲ့ စကားဝိုင်းကို ဘယ်သူက ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း နှောင့်ယှက်တာလဲလို့ ကြည့်

လိုက်တော့ ဟောက်ချင်ရဲ့ အိမ်ရှေ့မင်းသား ဖြစ်နေတာကိုး"

တိဖုန်းက ပြန်လည်တုံ့ပြန်လိုက်သည်။ သူသည် နောက်သို့လှည့်မကြည့်သော်လည်း သူ၏နောက်ကွယ်မှ လော်လီမလေးမှာ အိမ်ရှေ့မင်းသားကို စူးစမ်းသော အကြည့်ဖြင့် ကြည့်ရှုနေသည်ကို ခံစားမိနေသည်။

"မင်းသားရဲ့ လှည့်ဖြားမှုကို ဒီမိန်းကလေး မခံရအောင် ငါက စေတနာနဲ့ လာတားတာပါ။ နတ်သူငယ်မျိုးနွယ် အများစုက ဂုဏ်သိက္ခာကို တန်ဖိုးထားကြပေမဲ့ လေနတ်သူငယ်တစ်မျိုးတည်းကတော့ စိတ်ပြောင်းလွယ်ပြီး ခန့်မှန်းရခက်တယ်လေ"

ထိုသို့ပြောကာ အိမ်ရှေ့မင်းသား၏ အကြည့်သည် တိဖုန်းကို ကျော်ဖြတ်၍ သူ၏နောက်မှ ယွင်ရှန်းထံသို့ ရောက်ရှိသွားသည်။

ဖြူဖျော့၍ ပိန်ပါးပြီး ရုပ်ရည်မှာလည်း သာမန်မျှသာရှိသော ဤမိန်းကလေးကို ဂုဏ်မောက်လှသော တိဖုန်းမင်းသားက အဘယ်ကြောင့် အထူးတလည် စိတ်ဝင်စားနေရတာလဲဟု အိမ်ရှေ့မင်းသား တွေးတောနေမိသည်။ ယွင်ရှန်း၌ ရုပ်ဖျက်မှော် ရှိနေသောကြောင့် တိဖုန်းမှလွဲ၍ ကျန်ရှိသူများသည် သူမအား လက်ဝှေ့ကွင်းအတွင်းမှ သွေးစွန်းသော လော်လီမလေးဖြစ်ကြောင်း မသိရှိကြပေ။

"ဟက်... လူ့ဦးခေါင်းခွံတွေကို သောက်ရေခွက်အဖြစ် သုံးတဲ့ မှောင်မိုက်အိမ်ရှေ့မင်းသားကများ စေတနာထားပြနေသေးတယ်။ မိန်းကလေး... ဒီလူကို သေချာမှတ်ထားဦး။ နောက်တစ်ခါ မြင်ရင် ချက်ချင်းပြေးတော့။ သူက ဒီတိုက်ကြီးမှာ နာမည်ကြီးလှတဲ့ အာဏာရှင် အိမ်ရှေ့မင်းသား တူကူးရှို့ပဲ"

တိဖုန်းက လက်ညှိုးထိုးပြရင်း ပြောဆိုလိုက်သည်။

တူကူးရှို့ဟူသော နာမည်ကို ကြားသိပါက ယွင်ရှန်းသည် ကြောက်လန့်တုန်ရင်သွားလိမ့်မည်ဟု တိဖုန်းက မျှော်လင့်ထားခဲ့သည်။ သို့သော် အချိန်အတန်ကြာသည်အထိ ယွင်ရှန်းမှာမူ တစ်စုံတစ်ရာ နားမလည်သော ပုံစံဖြင့် ကြည့်ရှုနေဆဲပင်။

"မင်းက ဒီအာဏာရှင် အိမ်ရှေ့မင်းသားရဲ့ နာမည်ကို မကြားဖူးဘူးလား။ ဒါဆိုရင် ဝူကျိ ရတနာငါးပါးအကြောင်းရော မကြားဖူးဘူးလား"

တိဖုန်းက အံ့ဩတကြီး မေးမြန်းလိုက်သည်။

"ဝူကျိ ရတနာငါးပါးဆိုတာ ဘာလဲ။ နာမည်ကြီးလို့လား။ လူတွေလား ဒါမှမဟုတ် တကယ်ပဲ ရတနာတွေလား"

ယွင်ရှန်း၏ စကားကြောင့် အားလုံး မှင်တက်သွားကြသကဲ့သို့ အိမ်ရှေ့မင်းသား တူကူးရှို့၏ မျက်နှာမှာလည်း ချက်ချင်းဆိုသလို ပျက်ယွင်းသွားတော့သည်။

All Chapters