တင်ပါးတွင် ပန်းပွင့်ခြင်း
Vol. 1 Ch. 393
ရွှေချမ်လော့သည် နိုင်ငံအဆင့်ပြိုင်ပွဲမှ ပြန်ရောက်လာချိန်ကတည်းက တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူမ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်သို့ ရောက်လျှင် မီးလျှံဖီးနစ်ဆုချမည်ဟု ရွှေယို့လန်က ကတိပေးခဲ့သည်။ သူမသည် အနှစ်တစ်သန်းမှ တစ်ခါသာ ပေါ်ထွန်းတတ်သည့် ကောင်းကင်စိတ်နယ်လွန်ခန္ဓာကို ပိုင်ဆိုင်ထားရာ ကျင့်ကြံနှုန်းမှာ အလွန်မြန်ဆန်လေသည်။ သူမ ကျင့်ကြံနေလေ့ရှိသောနေရာ၊ ကြယ်တံခွန်ခန်းမသည် ရွှေယို့လန်ပိုင်ဆိုင်သည့် ရှားပါးရတနာဖြစ်သည်။ ခန်းမအတွင်းမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် ပြင်ပလောကထက် အဆများစွာ ပိုများပြားသည်။ သူမသည် ယခုလေးတင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် သူမသည် ရွှေယို့လန်ထံမှ ချီးကျူးစကားကြားရရန် ရည်ရွယ်ချက်ဖြင့် တံခါးပိတ်ကျင့်ကြံရာမှ စိတ်ချမ်းသာစွာ ထွက်လာခဲ့သည်။
သို့သော် ရွှေယို့လန်အား သူမ တွေ့ခွင့်မရခဲ့ပေ။ မျှော်စင်မှ အကြီးအကဲ၏ စကားအရ ရွှေယို့လန် ခရီးတစ်ခုထွက်သွားခဲ့သည်။ ထိုအချက်သည် သူမ၏ စိတ်အခြေအနေအား ဆိုးဝါးသွားစေသည်။ ကြယ်တံခွန်ကျွန်းတွင် အထူးဧည့်သည်တစ်ယောက် ရောက်နေကြောင်း ကြားရသည့်အခါ သူမစိတ်အခြေအနေမှာ ပိုဆိုးလာခဲ့သည်။
ကျန်းရီ...
သူမ ဘာအတွက် အသည်းအသန် ကျင့်ကြံနေခဲ့သနည်း။ ကျန်းရီကို လက်စားချေရန်အတွက်သာဖြစ်သည်။ သူမငယ်စဉ်ကတည်းက မည်သည့်ဆင်းရဲဒုက္ခမှ မခံစားခဲ့ရဖူးပေ။ သူမသွားသောနေရာတိုင်းတွင် ဘိုးဘေးတစ်ယောက်လို ဆက်ဆံခံခဲ့ရသည်ချည်းသာ။ ရွှေယို့လန်၏ အလိုလိုက်ခြင်းသည် သူမအား မောက်မာ၍ ထင်တိုင်းကျဲတတ်သည့် လူတစ်ယောက် ဖြစ်လာစေခဲ့သည်။
သူမ ကျန်းရီကို ပထမဆုံးဆုံတွေ့ခဲ့ချိန်တွင် သူမကို ငယ်စဉ်တည်းက အဖော်ပြုပေးခဲ့သည့် အနက်ရောင်ချီလင်မှာ သူ၏မီးရှို့ခြင်း ခံခဲ့ရသည်။ သူသည် သူမ၏ သူတော်စင်အဆင့်ရတနာ၊ ဝိဉာဉ်ခေါင်းလောင်းဝတ်စုံကိုပါ ဖျက်စီးပစ်ခဲ့သေးသည်။ ထို့နောက် နိုင်ငံအဆင့်ပြိုင်ပွဲတွင် သူမတစ်သက်မမေ့နိုင်သည့် သေဆုံးခါနီး ခံစားချက်ကိုပါ ခံစားခဲ့ရသေးသည်။ ရွှေယို့လန်၏ ကြားဝင်မှုကြောင့်သာ မဟုတ်ပါက သူမသေနေလောက်ပြီဖြစ်သည်။
ကျင့်ကြံရခြင်းကို မကြိုက်ခဲ့သော သူမသည် ပြန်ရောက်လာသည်နှင့် ချက်ချင်းတံခါးပိတ်ကျင့်ကြံနေခဲ့သည်။ ယခု သူမသည် အသေးအဖွဲ အောင်မြင်မှုလေးများ ရှိလာသည့်အတွက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။ သူမထွက်လာလာချင်း ကြားလိုက်ရသည်မှာ ကျန်းရီသည် ကြယ်တံခွန်ကျွန်းသို့ အလည်ရောက်နေပြီး ကျွန်းပေါ်တွင် အားမနာပါးမနာ တည်းခိုနေသည်ဟူ၍ ဖြစ်သည်။ သူမ ဒေါသမထွက်ဘဲ နေပါမည်လော။
သူမ၏ရင်ထဲမှ ဒေါသအားလုံးအား သူမလက်ထဲရှိ ဓားသွားထံတွင် လောင်းထည့်ထားသည်။ သူမသည် သူမခံစားခဲ့ရသမျှကို ပေါက်ကွဲပစ်ရန် ကျန်းရီအား ဆယ့်ရှစ်ပိုင်းခန့် ခုတ်ပစ်ချင်သည်။
"ဟမ့်"
ကျန်းရီသည် ရွှေချမ်လော့၏ လူသတ်ငွေ့များ ပြည့်နေသည့် အငြိုးတကြီး မျက်ဝန်းများကို မြင်လိုက်ရသည်။ သူမသည် သူ့အား တကယ်သတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူမြင်သည့်အခါ စိတ်တိုလာရသည်။ သို့သော် ရွှေယို့လန်နှင့် ရွှေယွဲ့လျန်မျှော်စင်မှ အကြီးအကဲများသည် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ဘေးထွက်ပေးနေကြသည်။
"စိတ်ဝိဉာဉ်လောင်ကျွမ်းနေရာရွှေ့ပြောင်း ကျင့်စဉ်"
ရွှေချမ်လော့လို ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရခြင်းသည် သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ခြင်းနှင့် မခြားပေ။ ကျန်းရီ၏ ကိုယ်သည် အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး နေရာမှ ပျောက်ကွယ်သွားကာ ရွှေချမ်လော့၏နောက်ဘက်တွင် ပြန်ပေါ်လာခဲ့သည်။ သူ၏လက်များသည် မြွေများအလား တိုးဝင်သွားခဲ့ပြီး သူမလက်မောင်းအား ဖမ်းကိုင်လိုက်သည်။ သူမ မတုံ့ပြန်နိုင်သေးခင်တွင် သူသည် သူမ၏ လက်ကောက်ဝတ်အား လျှပ်စီးအလျင်နှင့် ဖြတ်ရိုက်လိုက်သည်။ ရွှေချမ်လော့သည် လက်မှ နာကျင်မှုကို ခံစားလိုက်ရပြီး သူမလက်ထဲမှ သူတော်စင်အဆင့်ငွေရောင်ဓားရှည်သည် လက်မှလွတ်၍ အရှေ့သို့ ပြေးထွက်သွားခဲ့သည်။ ဓားရှည်သည် ကျောက်ဆောင်တစ်ခုအား စိုက်ဝင်သွားခဲ့ပြီး 'ချလွမ်' ဟူသည့် အသံထွက်ပေါ်လာခဲ့သည်။
ထို့နောက် ကျန်းရီ၏ လက်များသည် ရွှေချမ်လော့၏ လက်များအား ပိုးမျှင်များနှယ် ချုပ်နှောင်လိုက်သည်။ လက်တစ်ချက် လှုပ်ရှားလိုက်သောအခါတွင် ရွှေချမ်လော့၏ကိုယ်မှာ အရှေ့သို့ ဟပ်ထိုးလဲကျသွားခဲ့သည်။ သူမသည် မျက်နှာပါ မြေကြီးနှင့် မိတ်ဆက်လုနီးနီး ဖြစ်သွားခဲ့သည်။
"ကျန်းရီ...ငါနင့်ကို သတ်မယ်"
ရွှေချမ်လော့သည် အားယူ၍ ထရပ်လိုက်သည်။ ထို့နောက် သူမ၏ လက်များသည် ရာချီသော အရိပ်များအဖြစ် ပြောင်းလဲသွားကာ ကျန်းရီအား ရူးသွပ်စွာ ကုတ်ချလာခဲ့သည်။
ကျန်းရီသည် ရှောင်ရှားခြင်းပင် မပြုပေ။ သူသည် လက်တစ်ဖက်သာ ဆန့်ထုတ်ကာ သူမ၏လက်ကို အလွယ်တကူ ဖမ်းဆုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ရွှေချမ်လော့အား အားသုံး၍ ဆွဲကာ လွှင့်ပစ်လိုက်သည်။ ရွှေချမ်လော့သည် လွင့်ထွက်သွားခဲ့ပြီး မြေပေါ်တွင် ကျဆင်း၍ အကြိမ်အနည်းငယ် လိမ့်သွားခဲ့သည်။
"သခင်မလေးချမ်လော့...ကျွန်တော်က ခင်ဗျားအိမ်ရဲ့ အထူးဧည့်သည်လေ။ ဒါက မင်းရဲ့ ဧည့်သည်ကို ဧည့်ခံတဲ့ ပုံစံလား"
ကျန်းရီသည် ကျန်းရှောင်နူအား သွားတွေ့ရန် အလျင်လိုနေရာ ရွှေချမ်လော့နှင့် ကစားနေရန် စိတ်မပါချေ။ ရွှေယို့လန့်လည်း အနီးအနားတွင်ရှိနေရာ ရွှေချမ်လော့ကို ထိခိုက်သွားအောင် သူမလုပ်ပေ။ သို့သော်လည်း အလိုလိုက်ခံရ၍ ပျက်စီးနေသည့် အနှီမမလေးအား သူအကောင်းမြင်ကြည့်ပေး၍ မရချေ။
"အား...အား..."
ရွှေချမ်လော့သည် ကြိုးစား၍ ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ် တောက်ပသွားခဲ့ပြီး အနက်ရောင်လေးတစ်လက် ပေါ်ထွက်လာခဲ့သည်။ သူမသည် အတွင်းအားတို့ကို လှည့်ပတ်ပြီး လေးကြိုးကို ဆွဲလိုက်ရာ အနက်ရောင်ငှက်တောင်နှင့် မြားတစ်စင်းမှာ လေးကိုခွင်း၍ ပြေးထွက်လာခဲ့သည်။ မြားထိပ်မှ အေးစက်သော အရှိန်အဝါတို့သည် ကျန်းရီအား ကြက်သီးထစေသည်။
ရွှေယို့လန်မှာ ရတနာတွေ တော်တော်များတာပဲ...
ကျန်းရီသည် ထိုမြားကို တားဆီးရန် မဝံ့ရဲရာ ရွှေချမ်လော့နောက်သို့ ထပ်မံနေရာရွှေ့ပြောင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ဒေါသကို ထိန်းမထားတော့ပေ။ ကျန်းရီသည် ခြေထောက်ကိုမြှောက်၍ ရွှေချမ်လော့၏ ဝိုင်းစက်ပြည့်ဖြိုးနေသည့် တင်ပါးကို မညှာမတာ ကန်ထုတ်လိုက်တော့သည်။
ထို့နောက် သူသည် အေးစက်စွာ အော်ပြောလိုက်သည်။
"မိန်းကလေးချမ်လော့...မင်းရဲ့အင်အားက ငါ့ရဲ့တိုက်ကွက်တစ်ခုကိုတောင် မခုခံနိုင်ဘူး။ မင်းမှာ သူတော်စင်အဆင့်လက်နက်တွေ အခုတစ်သောင်းလောက် ရှိနေတယ်ဆိုရင်တောင် ငါက မင်းကို ပိုးမွှားတစ်ကောင်လို နင်းချေနိုင်နေဦးမှာပဲ။ ကိုယ့်ကိုယ်ကို အရှက်ခွဲနေတာ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့လား"
"အား...ကျန်းရီ...နင် တကယ် ဒီသခင်မလေးရဲ့ တင်ကို ကန်ရဲတယ်ပေါ့။ ငါနင့်ကို သတ်မယ်"
ရွှေချမ်လော့သည် ပြန်ထလာပြီး သူမ၏နာကျင်နေသော တင်ပါးကို ပွတ်လိုက်မိသည်။ သူမသည် ချက်ချင်း ရှက်လည်းရှက် ဒေါသလည်း ထွက်လာခဲ့သည်။ သူမတွင် မည်သို့သော အဆင့်အတန်းမျိုး ရှိသနည်း။ သူမလက်ကို ကိုင်ချင်နေကြသော မင်းသားများ၊ သခင်လေးများ မရေမတွက်နိုင်အောင် ရှိသော်လည်း သူတို့မှာ ထိုအခွင့်အရေးပင် မရခဲ့ကြပေ။ သို့သော် ကျန်းရီဟူသော သတ္တဝါသည် သူမတင်ပါးကို အမှန်တကယ် ကန်ရဲနေသည်။
သူမသည် လက်ထဲမှ အနက်ရောင်လေးကို မြေပြင်ပေါ်သို့ နာနာကျည်းကျည်း ပစ်ချလိုက်ပြီး ကျန်းရီအား ဒေါသတကြီး လှမ်းကုတ်လိုက်သည်။ သူမသည် မည်သည့်သိုင်းကွက်ကိုမှ မသုံးဘဲ အရူးတစ်ယောက်ပမာ ဒေါသတကြီး လက်သည်းဖြင့် ကုတ်ရန်ကြိုးစားနေခြင်းဖြစ်သည်။
"ဟမ့်"
ကျန်းရီသည် ပိုမို ဒေါသထွက်သွားကာ ရွှေချမ်လော့၏ လက်အား လျှပ်စီးအလျင်နှင့် နောက်တစ်ကြိမ် ဖမ်းလိုက်သည်။ ဤတစ်ခေါက်တွင် သူသည် သူမ၏ လက်နှစ်ဖက်လုံးကို လှုပ်ရှားမရအောင် မြဲမြဲမြံမြံ ချုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းတွင် သူသည် ဒူးတစ်ဖက်ဖြင့် ရွှေချမ်လော့၏ ဝမ်းဗိုက်ကို တိုက်ချ၍ ဒူးပေါ်သူမကိုယ်ကို ဖိထားလိုက်သည်။ ထို့နောက် သူ့ကျန်လက်တစ်ဖက်သည် သူမ၏ တင်ပါးကို တစ်ချက်ပြီးတစ်ချက် ရိုက်တော့သည်။
ဖြန်း...ဖြန်း...ဖြန်း...
တဖြန်းဖြန်း ရိုက်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် စိတ်မထိန်းတော့ဘဲ ရွှေချမ်လော့၏ တင်ပါးတွင် ပန်းပွင့်လောက်သည်အထိ အားပါးတရ ရိုက်နှက်တော့သည်။ ရိုက်ချက်များသည် ရွှေချမ်လော့အား မှင်တက်သွားစေပြီး ခုခံရမည်ကိုတောင် သူမမေ့လျော့သွားလေသည်။
ရွှေယို့လန်သည် အချိန်အများစုတွင် ရွှေချမ်လော့အား အလိုလိုက်ထားပြီး လုပ်ချင်ရာလုပ်ခွင့် ပေးထားသော်လည်း သူမတွင် ထုံးတမ်းစဉ်လာများကို အလေးထားသည့် စိတ်နေစိတ်ထား ရှိလေသည်။ ရွှေယို့လန်သည် တစ်ခါက ရွှေချမ်လော့အား လက်မထပ်ခင် မလျော်ဧကန် ပြုမူရဲပါက သမီးအဖြစ် အသိအမှတ် ပြုတော့မည် မဟုတ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးခဲ့ဖူးသည်။ ထို့ကြောင့် ရွှေချမ်လော့သည် ထိုအချက်ကို သတိထား၍ လိုက်နာခဲ့သည်။ နယ်မြေတွင် အမျိုးသားပေါင်း မြောက်များစွာက သူမအား ပိုးပန်းခဲ့ကြသော်လည်း သူမသည် တစ်ယောက်ကိုမှ လက်ကိုင်ခွင့်တောင် မပေးခဲ့ဖူးချေ။ ယခု ကျန်းရီသည် သူမခန္ဓာကိုယ်၏ အရေးပါဆုံး နေရာများထဲမှ တစ်ခုကို အားနှင့်ရိုက်နှက်နေသည်။
ဖြန်း...ဖြန်း...ဖြန်း...
ကျန်းရီသည် ရွှေချမ်လော့၏တင်ပါးအား စိတ်ကျေနပ်သည်အထိ ရိုက်နှက်နေခဲ့သည်။ သူသည် အကြိမ်ရေ အတော်များများ ရိုက်နှက်ပြီးနောက် သူမအား လက်မှ ဆွဲကာ မလှမ်းမကမ်းရှိ ချုံပုတ်များ ရှိရာသို့ ပစ်ထုတ်လိုက်သည်။ သူသည် သူ့အား ရွှေချမ်လော့မှ ရန်ငြိုးတကြီး စိုက်ကြည့်နေကြောင်း မြင်သည့်အခါ ညစ်ကျယ်ကျယ်ပြုံး၍ ပြောလိုက်သည်။
"ဘာလဲ...လက်မလျှော့သေးဘူးလား။ မင်းကြိုက်တဲ့ နည်းလမ်းကို သုံးနိုင်တယ်... မင်းငါ့ကို သတ်နိုင်ရင် မင်းမှာအစွမ်းအစရှိတယ်လို့ ငါဝန်ခံပေးမယ်"
ရွှေချမ်လော့သည် ကျန်းရီအား စိုက်ကြည့်ကာ ဒေါသတကြီး ထရပ်လိုက်သော်လည်း သူမသည် ကျန်းရီ၏ ပြိုင်ဘက်မဟုတ်သည့် အချက်ကို သဘောပေါက်သွားခဲ့သည်။ သူမ၏ နည်းလမ်းများအားလုံးကို သုံးလျှင်တောင် ကျန်းရီအား ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
သူမသည် အံကြိတ်၍ ခြေဆောင့်လိုက်သည်။
"ကျန်းရီ...ဒီမှာ စောင့်နေ၊ ငါအဘွားဟွင်းနဲ့ အဘွားမုန့်ကို သွားရှာမယ်။ ငါနင့်ကို သတ်ခိုင်းပေးမယ်"
"အဲ့ဒီမှာ ရပ်လိုက်"
ရွှေချမ်လော့ လှည့်ထွက်သွားတော့မည့်အချိန်တွင် ကျန်းရီသည် ချက်ချင်းအော်ပြောလိုက်သည်။ သူသည်က လှောင်ပြောင်နေသည့် မျက်နှာထားနှင့် စကားပြောလိုက်သည်။
"ရွှေချမ်လော့...မင်းရဲ့ဦးနှောက်ထဲမှာ ချီးတွေပဲ ရှိတာလား။ ဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာတောင် ဘာလို့ တစ်ယောက်မှ ရောက်မလာသလဲ။ မင်းအခုထိ နားမလည်သေးတာလား။ ဘယ်သူမှ မင်းကို ကူညီမှာ မဟုတ်ဘူး။ ငါမင်းကို စိတ်တိုင်းကျ ညှင်းပန်းနှိပ်စက်မယ်ဆိုရင်တောင် ဘယ်သူမှ ရောက်လာမှာ မဟုတ်ဘူး"
"ပြီးတော့...ရှုံးသွားရင် အော်ဟစ်ပြီး အကူအညီတောင်းတာကလွဲရင် မင်းဘာမှ မလုပ်တတ်ဘူးလား။ မင်းက ငါ့ထက်တစ်နှစ်ပဲ ငယ်တာမလား။ မင်းမှာ ရွှေယွဲ့လျန်မျှော်စင်ရဲ့နောက်ခံ ရှိပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံရေး အထောက်အကူပြု ပစ္စည်းတွေလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒါတောင် အခုမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်ကို ရောက်ရုံပဲ ရှိသေးတယ်။ မင်း မရှက်ဘူးလား။ ငါသာ မင်းနေရာမှာဆိုရင် ခေါင်းကို တို့ဖူးနဲ့ဆောင့်ပြီး သတ်သေလောက်တယ်"
"မင်းက ဆယ့်ခြောက်နှစ်ပြည့်ပြီးနေပြီ။ သာမန်ပြည်သူ တစ်ယောက်သာဆိုရင် ကလေးအမေတောင် ဖြစ်နေလောက်နေပြီ။ ဒါတောင် ကလေးလို လုပ်နေသေးတယ်။ မင်းအမေက မင်းရဲ့အရှုပ်ထုပ်တွေကို လိုက်ရှင်းပြီး မင်းကို စိုးရိမ်ပူပန်နေရတာ ဘယ်နှစ်ကြိမ်ရှိပြီလဲရော မင်းသိလား။ ဟွန်း...မင်းအချိုးနဲ့ မင်းအမေသာမရှိရင် မရေမတွက်နိုင်အောင် မင်းသေပြီးနေလောက်ပြီ။ အသုံးမကျလိုက်တာ"
ကျန်းရီသည် စိတ်ထဲရှိသမျှ မညှာမတာ ထုတ်ပြောလိုက်သည်။ သူ့မျက်ဝန်းများမှ လှောင်ရိပ်များနှင့် မတူမတန်သလို အကြည့်များသည် ရွှေချမ်လော့အပေါ် သက်ရောက်သွားလေသည်။ သူမသည် ငယ်စဉ်ကတည်းက ဤသို့ လှောင်ပြောင်ခံရဖို့ မပြောနှင့်၊ ရွှေယို့လန်မှ သူမအား လေသံမာမာနှင့်တောင် မဆူူပူခဲ့ဖူးပေ။ ထို့ပြင် ကျန်းရီသည် သူမနှင့် ရွယ်တူခန့်သာ ရှိသေးရာ သူမမှာ ရှက်လွန်း၍ ကျန်းရီအား အမှုန့်ချေပစ်ချင်နေလေသည်။
သို့သော်လည်း သူမသည် အရူးမဟုတ်ပေ။ သူမသာ ကျန်းရီကို ဆက်လက်တိုက်ခိုက်နေပါက ကိုယ့်အရှက်ကိုယ်ခွဲနေသလိုသာ ဖြစ်နေလိမ့်မည်။ အနှီကျန်းရီဟူသည့် မကောင်းဆိုးဝါးကောင်သည် သာမန်လူတစ်ယောက် မဟုတ်ပေ။ သူသည် သူမအား သတ်ပစ်လုနီးပါး ဖြစ်ခဲ့သေးသည်။ သူသည် သူမ၏ တင်ပါးကိုတောင် ရိုက်ရဲနေရာ သူ့တွင် လုပ်ချင်တာလုပ်ရဲသည့် သတ္တိရှိရမည်။
"ဟမ့်...ရွှေချမ်လော့...ငါ့ကို အဲ့ဒီမျက်လုံးတွေနဲ့ လာမကြည့်နဲ့။ မင်းက အရည်အချင်း မမှီဘူး။ မင်းမှာ သတ္တိရှိရင် သေချာကျင့်ကြံပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ် ငါ့ကိုအနိုင်ယူသင့်တယ်။ အဲ့လိုနေ့ရောက်လာရင် ဒီနေ့ငါပြောခဲ့သမျှကို ပြန်ရုတ်သိမ်းပေးမယ်။ မဟုတ်ရင်တော့ ငါရှေ့မှာ ထပ်ပေါ်မလာဖို့ ပြောချင်တယ်...ငါမသတီသလို ခံစားနေရမှာစိုးလို့"
ကျန်းရီသည် ထပ်မံလှောင်ပြောင်လိုက်ပြီး အူမြူးစွာ ထွက်သွားခဲ့သည်။ ရွှေချမ်လော့သည် ကျန်းရီအား နာကျည်းသည့် မျက်ဝန်းများနှင့် စိုက်ကြည့်နေခဲ့သည်။ သူမ၏ တင်ပါးတို့မှာ နာကျင်နေဆဲဖြစ်သည်။ သို့သော် သူမသည် ရင်ထဲမှ ဒေါသတို့မှာ ပြင်းထန်လွန်း၍ နာကျင်မှုကိုပင် သတိမပြုမိတော့ပေ။
"ဝါး...ဝါး..."
ကျန်းရီ ထွက်ခွာသွားသည်နှင့် ရွှေချမ်လော့သည် စိတ်မထိန်းနိုင်တော့ပေ။ သူမသည် မြေပြင်ထိုင်ချလိုက်ပြီး အော်ငိုတော့သည်။ သူမသည် သေချင်လောက်အောင် ဝမ်းနည်းနေခဲ့သည်။ ထူးဆန်းသည်မှာ ဤအချိန်ထိတိုင်အောင် တစ်ယောက်မှ ရောက်မလာကြခြင်းဖြစ်သည်။
"သခင်မ"
ခန်းမကြီး၏ အပြင်ဘက်တွင် လူများတန်းစီနေခဲ့သည်။ အကြီးအကဲများသည် တည်ငြိမ်နေသေးသော ရွှေယို့လန်အား စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူတို့သည် သူတို့၏ မင်းသမီးလေးအား သွားချော့မော့နှစ်သိမ့်ချင်နေသည်မှာ တစ်ပိုင်းသေနေပြီဖြစ်သည်။
"သူမ စိတ်ကျေနပ်တဲ့အထိ ငိုပါစေ"
ရွှေယို့လန်သည် တည်ငြိမ်စွာပင် ပြောလာခဲ့ပြီး အလျင်လိုသည့်ပုံ လုံးဝမပေါ်ပေ။ ထို့အပြင် သူမသည် ခေါင်းငြိမ့်၍ ကျန်းရီအား ချီးကျူးလာခဲ့သေးသည်။
"ကျန်းရီက ငါတို့ကို အကြီးကြီး ကူညီ ပေးလိုက်တာပဲ။ ချမ်လော့မှာ ကောင်းကင်စိတ်နယ်လွန်ခန္ဓာရှိတယ်။ သူမက အတားအဆီးတွေကို ကျော်ဖြတ်ပြီး ပိုပြီးမြင့်တဲ့ ကျင့်ကြံဆင့်တွေကိုတောင် ရောက်နိုင်သေးတယ်။ ကျန်းရီဆီက အရှက်ခွဲတာ ခံရပြီးတဲ့နောက် သူမက ကျန်းရီကို ပစ်မှတ်ထားပြီး အမှီလိုက်နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ငါ့သမီးကို ငါသေချာနားလည်တယ်။ ကျန်းရီက လောကကို တုန်လှုပ်သွားစေနိုင်တဲ့ သူတစ်ယောက် ပေါ်ထွက်လာဖို့ ကူညီပေးလိုက်သလိုတောင် ဖြစ်လာနိုင်သေးတယ်။ ခစ်ခစ်...ကျန်းရီတော့ အနာဂတ်မှာ ဒုက္ခလှလှ တွေ့တော့မှာပဲ"
*****