မင်ရည်တောင်ပံမျိုးနွယ်စု
Vol. 1 Ch. 394
ကျန်းရီသည်လည်း အနာဂတ်တွင် ဒုက္ခများတော့မည်မှန်း သိလေသည်။ သူသည် ကောင်းကင်စိတ်အာရုံကို အသုံးပြုလိုက်သည့်ခဏတွင် စာကြည့်တိုက်အနီးတစ်ဝိုက်တွင် ရှိနေကြသော သူများကို သူအာရုံခံမိလိုက်ရာ ရွှေယို့လန်၏ ရည်ရွယ်ချက်ကို သူရိပ်မိလိုက်သည်။ သူမသည် သူ့အား ရွှေချမ်လော့ကို သင်ခန်းပေး၍ သူမ၏ ထင်ရာစိုင်းတတ်သည့်စရိုက်ကို ပြောင်းလဲပေးစေချင်နေခြင်းဖြစ်သည်။
ရွှေယို့လန်သည် ကျန်းရီအား တစ်ကြိမ်ကူညီခဲ့ဖူးရာ ဤအသေးအဖွဲကိစ္စလေးကို ပြန်ကူညီပေးရသည်အား သူစိတ်မရှိပေ။ ထို့ပြင် သူသည်လည်း ရွှေချမ်လော့အား ကြည့်မရရာ ဤအခွင့်အရေးကို အသုံးချ၍ သူမအား ပညာပြလိုက်ရသည်မှာ အတော်လေး စိတ်ကျေနပ်စရာ ကောင်းလေသည်။ ထင်ရာစိုင်း၍ ပျက်စီးနေသည့် မမလေးအဖြစ်မှသည် လက်စားပြန်ချေနိုင်မည်လား၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားမည်လား၊ မေ့ပျောက်သွားမည်လား ဆိုသည်မှာ ရွှေချမ်လော့အပေါ်တွင်သာ မူတည်နေသည်။
သူသည် သူနေထိုင်ရာ နန်းဆောင်ထံသို့ စိတ်ချမ်းသာစွာ ပြန်ရောက်လာခဲ့သည်။ သူသည် ပြန်ရောက်သည်နှင့် ကျန်းရှောင်နူ၏ အခန်းထံ ချက်ချင်းသွားလိုက်သည်။ ထို့နောက် သူ့မျက်လုံးများ တောက်ပသွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"ရှောင်နူ နောက်ဆုံးတော့ နိုးလာပြီပေါ့။ ဘယ်လိုနေသေးလဲ။ မင်းကိုယ်က တစ်ခုခု ဖြစ်နေသလိုမျိုး ခံစားနေရလား"
ကျန်းရှောင်နူ နိုးနေသည်မှာ အချိန်တစ်ခု ကြာနေလောက်ပြီဖြစ်သည်။ သူမသည် အိပ်ရာခေါင်းရင်းအား မှီထိုင်နေခဲ့သည်။ ဟဲလောင်သည် သူမ ဘေးတွင် စောင့်ကြပ်နေခဲ့ပြီး ရွှေယွဲ့လျန်မျှော်စင်မှ အစေခံမလေးတစ်ယောက်သည် သူမအား အသားဆန်ပြုတ် ခွံ့ပေးနေခဲ့သည်။
"သခင်လေး...ရှောင်နူ အဆင်ပြေပါတယ်"
ကျန်းရှောင်နူသည် ချိုသာစွာ ပြုံးလာခဲ့သည်။ ကျန်းရီသည် ဆန်ပြုတ်ပန်းကန်လုံးကို ယူလိုက်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"မင်းတို့ သွားနိုင်ပြီ"
ဟဲလောင်နှင့် ကျန်းရီသည် အကြည့်ချင်းဆုံသွားခဲ့ပြီး ဟဲလောင်သည်လည်း ထွက်လာလိုက်သည်။ ကျန်းရီသည် ကျန်းရှောင်နူနှင့် ပြောစရာအတော်များများ ရှိနေလောက်မှန်း သူသိသည်။ အနီးအနားတွင် သူရှိနေ၍ အဆင်မပြေလောက်ပေ။
"သခင်လေး..."
လူနှစ်ယောက် ထွက်သွားပြီးနောက် ကျန်းရှောင်နူသည် မဝံ့ရဲစွာ ခေါ်လာခဲ့သည်။ ကျန်းရီသည် လက်ကာပြ၍ ပြုံးလိုက်သည်။
"စကားမပြောနဲ့။ ဒီဆန်ပြုတ်ကို ကုန်အောင်စားပြီး အရင်အိပ်လိုက်ဦး။ ပြောစရာရှိရင် နောက်မှ ပြောနိုင်တယ်။ မင်းက ရှောင်နူ ဖြစ်နေသေးသရွေ့ အဆင်ပြေတယ်"
"အင်း"
ကျန်းရှောင်နူသည် ခေါင်းငြိမ့်၍ ပြုံးပြလာသည်။ သူမသည် ကျန်းရီခွံ့နေသည့် အသားဆန်ပြုတ်ကို ချိုသာစွာပြုံးရင်း စားနေခဲ့သည်။ ကျန်းရီသည် အသားဆန်ပြုတ်တစ်ခွက်ကို မိနစ်သုံးဆယ်ကြာသည်အထိ ကျွေးနေခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် ဘာမှမဖြစ်ခဲ့ကြသည့်အလား အထွေအထူး စကားမပြောခဲ့ကြပေ။
ကျန်းရှောင်နူသည် လျင်မြန်စွာပင် အိပ်မောကျသွားခဲ့သည်။ ကျန်းရီသည် သူမဘေးတွင် စောင့်ရှောက်နေခဲ့သည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျန်းရှောင်နူအား ကြည့်နေချိန်တွင် သေမင်းပင်လယ်ပြင်မှ ကျန်းရှောင်နူ၏ စစ်နတ်ဘုရားမအလား ပုံစံအား ပြန်တွေးမိသွားခဲ့သည်။ သူသည် လောကကြီးမှာ ဆန်းကြယ်လွန်းသည်ဟုသာ ခံစားနေမိသည်။ ဤပင်လယ်ပြင်ကြီးကို ဖြတ်ကျော်၍ အခြားနယ်မြေများသို့ သွားခွင့်ရခဲ့လျှင် ပို၍ထူးခြားဆန်းကြယ်သော အရာများ၊ မျိုးနွယ်စုများကို တွေ့ရလိမ့်မည်ဟု သူယုံကြည်နေခဲ့သည်။
သူတစ်ရက်နှင့်တစ်ည ကျင့်ကြံပြီးနောက် ကျန်းရှောင်နူပြန်နိုးလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူမ၏အသားအရည်မှာ ပြန်ကောင်းနေပြီဖြစ်ပြီး ကိုယ်တိုင်စားသောက်နိုင်နေပြီဖြစ်သည်။ ကျန်းရီသည် သူမအစာစားနေသည်အား အဖော်ပြုပေးပြီး သူမရှင်းပြလာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
"သခင်လေး..."
ကျန်းရှောင်နူသည် ကျန်းရီအားကြည့်၍ အချိန်အတော်ကြာမှ စကားစလာခဲ့သည်။
"ရှောင်နူက သာမန်လူသားတစ်ယောက် မဟုတ်ရင် သခင်လေး စက်ဆုပ်သွားမှာလား"
"ဟားဟား"
ကျန်းရီသည် ရယ်ချလိုက်ပြီး လက်ကိုဆန့်၍ ကျန်းရှောင်နူ၏ လက်သွယ်သွယ်ကို ဆုပ်ကိုင်လိုက်သည်။
"မင်းက ရှောင်နူဖြစ်နေသေးသရွေ့ မင်းဘယ်မျိုးနွယ်ကဖြစ်ဖြစ် ကိစ္စမရှိဘူး။ မင်းက ကောင်းကင်ကနတ်မျိုးနွယ် ဒါမှမဟုတ် ငရဲကနတ်ဆိုး ဖြစ်နေရင်တောင်မှ သခင်လေးက မင်းကို နှစ်သက်နေဦးမှာပဲ။ သခင်လေးနဲ့ နှစ်တွေအများကြီး အတူနေလာခဲ့ပြီးတော့ သူကဘယ်လိုလူဆိုတာ မင်းမသိသေးဘူးလား"
"အင်း...သခင်လေးက အကောင်းဆုံးပဲ"
ကျန်းရှောင်နူသည် ပြုံးလိုက်ပြီး ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသည့်အလား အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ထို့နောက် စတင်၍ ရှင်းပြလာခဲ့သည်။
"တကယ်တော့ သခင်လေးကို ရှောင်နူလိမ်ထားတာပါ။ ဝိဉာဉ်သားရဲသင်တန်းကျောင်းမှာ ဆရာလျောင် ရှောင်နူ့ကို ကယ်ပြီးခဲ့တဲ့နောက် ရှောင်နူရဲ့ မှတ်ဉာဏ်တစ်ချို့နဲ့ ထူးဆန်းတဲ့စွမ်းရည်တစ်မျိုး နိုးထလာခဲ့တယ်။ အဲ့အချိန်တုန်းက ရှောင်နူအရမ်းကြောက်နေပြီး ဘာမှမပြောရဲခဲ့ဘူး။ သခင်လေးပြန်လာတော့ ပြောပြချင်ခဲ့ပေမယ့် သခင်လေးက ရှောင်နူကို မကောင်းဆိုးဝါး တစ်ကောင်လိုမြင်ပြီး မလိုချင်တော့မှာစိုးလို့။ ဒါကြောင့် သခင်လေးကို ဖုံးကွယ်ထားခဲ့မိတာ"
"ငတုံးမလေး"
ကျန်းရီသည် ရင်နာသွားရပြီး ကျန်းရှောင်နူကို ပွေ့ဖက်လိုက်သည်။ သူ့ရင်ထံတွင် အပြစ်ရှိစိတ်များ ပြည့်နှက်နေခဲ့သည်။ ရှောင်နူ ပြန်သတိရလာစဉ်ကတည်းက သူသည် ကျင့်ကြံရင်းဖြင့်သာ မအားမလပ်ဖြစ်နေခဲ့သည်။ သူ့တွင်လည်း အမျိုးမျိုးသော ပြဿနာများ ရှိနေရာ ကျန်းရှောင်နူအား ဂရုစိုက်ချိန် မရခဲ့ပေ။ ဤတစ်နှစ်ဟူသော အချိန်ကာလကို ကျန်းရှောင်နူသည် ထိတ်လန့်တုန်လှုပ်ရင်း ကုန်ဆုံးခဲ့ရသည်။
သူသည် ကျန်းရှောင်နူ၏ ကျောပြင်အား အသာပုတ်ပေးလိုက်ပြီး အခိုင်အမာ ပြောလိုက်သည်။
"ရှောင်နူ...သေချာနားထောင်၊ မင်းနဲ့သခင်လေးက တစ်ယောက်ကိုတစ်ယောက် မှီခိုရင်း ကြီးပြင်းလာခဲ့တာ။ မင်းက သခင်လေးရဲ့ အရင်းနှီးဆုံးသူပဲ။ ဘာတွေပဲဖြစ်လာလာ သခင်လေးက မင်းကို စွန့်ပစ်မှာ မဟုတ်ဘူး။ အနာဂတ်မှာ မင်းမှာ ဘာပဲဖြစ်နေနေ သခင်လေးကို ပြောဖို့သတိရပေး...ဟုတ်ပြီလား"
"အင်း...အင်း"
ကျန်းရှောင်နူသည် ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်သည်။ သူမနှလုံးသားအား တစ်နှစ်ကျော်ကြာ ဖိထားခဲ့သော ကျောက်တုံးကြီ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူမသည် စိတ်သက်သာရာရသွားခဲ့ရာ အပြုံးမှာ ပိုမိုပီပြင်လာခဲ့သည်။
ကျန်းရီသည် နှုတ်ဆိတ်နေခဲ့ပြီး စတင်စကားပြောလိုက်သည်။
"ရှောင်နူ...မင်းက ဘယ်မျိုးနွယ်စုကလဲ။ ပုံစံပြောင်းသွားရင် မင်းအင်အားက ဘာလို့ အများကြီးတိုးတက်သွားတာလဲ"
"မင်ရည်တောင်ပံမျိုးနွယ်စု"
ကျန်းရှောင်နူသည် ခေါင်းမော့၍ မရေရာစွာ ပြောလာခဲ့သည်။
"ရှောင်နူရဲ့ စိတ်ဝိဉာဉ်ထဲမှာ မှတ်ဉာဏ်တစ်ခု နိုးထလာပြီး ရှောင်နူက မင်ရည်တောင်ပံမျိုးနွယ်စုရဲ့ မျိုးဆက်လို့ ပြောလာတယ်။ ရှောင်နူတို့ မျိုးနွယ်စုက ဒီလောကမှာ တအားရှားပါးတယ်၊ ငယ်သေးတဲ့အချိန်မှာဆို သာမန်လူသားတွေနဲ့ မကွာခြားဘူး။ ဆယ့်ခြောက်နှစ် ပြည့်ပြီးသွားရင် လွှဲပြောင်းပေးခံထားရတဲ့ မှတ်ဉာဏ်က နိုးထလာပြီး မျိုးနွယ်စုရဲ့ ကိုယ်ပိုင်မင်ရည်တောင်ပံကျင့်စဉ်ကို ကျင့်ကြံနိုင်လိမ့်မယ်။ အသွင်လည်းပြောင်းနိုင်လာမယ်။ ရှောင်နူက အရမ်းနှေးကွေးတယ်။ တစ်နှစ်ကျော် လိျှု့ဝှက်ပြီးကျင့်ကြံခဲ့ပေမယ့် ပထမအဆင့်ကိုပဲ ရောက်နိုင်သေးတယ်။ အသွင်ပြောင်းပြီးရင် အရမ်း အင်အားကြီးမလာသေးဘူး။ ပြီးတော့ အသွင်ပြောင်းတဲ့ပုံစံကို ထိန်းထားနိုင်တဲ့ အချိန်ကလည်း တော်တော်တိုသေးတယ်"
"မင်ရည်တောင်ပံမျိုးနွယ်စု....မင်ရည်တောင်ပံကျင့်စဉ် ပထမအဆင့် "
ကျန်းရီသည် ဆွံ့အသွားခဲ့သည်။ သူမ၏အင်အားသည် ကျင့်စဉ်ပထမအဆင့်တည်းက ဗာဂျရာအဆင့်နှင့် နှိုင်းယှဉ်နေနိုင်ပြီဖြစ်သည်။ ဒုတိယအဆင့်သို့ ရောက်သွားလျှင် ကောင်းကင်ဧကရာဇ်အဆင့်နှင့် တူညီသွားလောက်သည်။
သူသည် အလျင်အမြန် ဆက်မေးလိုက်သည်။
"ရှောင်နူ...ဒါဆို မင်းရဲ့ကျင့်စဉ်မှာ အဆင့်ဘယ်လောက်ရှိလဲ။ ဒုတိယအဆင့်ဆို အင်အားနှစ်ဆ ဖြစ်သွားမှာလား"
"ရှောင်နူသေချာမသိဘူး"
ကျန်းရှောင်နူသည် ခေါင်းယမ်း၍ ပြောလိုက်သည်။
"ပထမအဆင့်ရဲ့ အမြင့်ဆုံးအဆင့် ရောက်အောင် ကျင့်ကြံပြီးမှ ဒုတိယအဆင့်ရဲ့ ကျင့်စဉ်က ပေါ်လာမှာ။ သခင်လေး...အနာဂတ်မှာ ရှောင်နူ ကျင့်ကြံတာကို ရပ်လိုက်ရင် ပိုမကောင်းဘူးလား။ ရှောင်နူ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားရင် သခင်လေးက ရှောင်နူကို လိုချင်တော့မှာ မဟုတ်ဘူး"
"ဟင့်အင်း"
ကျန်းရီသည် ခေါင်းယမ်း၍ လေးလေးနက်နက် ပြောလိုက်သည်။
"ရှောင်နူ...မင်းဆက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံရမယ်။ အသွင်ပြောင်းသွားပြီးတဲ့နောက် မင်းကြည့်ကောင်းနေတုန်းပဲ။ မင်းရဲ့ပုံစံက စစ်နတ်ဘုရားမ တစ်ပါးလိုပဲ။ တကယ်ထူးခြားတယ်"
"ဟမ်"
ကျန်းရှောင်နူ၏ မျက်လုံးများသည် ချက်ချင်းတောက်ပသွားခဲ့သည်။ မိန်းကလေးများသည် သူတို့၏ ပုံပန်းသွင်ပြင်နှင့်ပတ်သက်၍ အမြဲစိုးရိမ်တတ်ကြသည်။ ကျန်းရီသည် သူမအသွင်ပြောင်းသွားပြီးနောက် ကြည့်ကောင်းသည်ဟု ပြောလာရာ သူမ စိတ်လှုပ်ရှားလာခဲ့သည်။
"သခင်လေး...ရှောင်နူ တကယ်ကြည့်ကောင်းတာလား။ ဒါဆို ရှောင်နူ ကြိုးစားကျင့်ကြံပြီး ပိုသန်မာလာအောင်လုပ်မယ်။ အနာဂတ်မှာ သခင်လေးကို အနိုင်ကျင့်လာတဲ့သူတွေရှိရင် ရှောင်နူအားလုံးကို သတ်ပစ်မယ်"
"ဟားဟား..."
ကျန်းရှောင်နူသည် လက်သီးသေးသေးလေးများကို တင်းကြပ်နေအောင်ဆုပ်၍ အံကြိတ်ပြောလာသည်ကို ကျန်းရီမြင်လိုက်သောအခါ ရယ်မော၍ သူမခေါင်းကို ပုတ်ပေးလိုက်သည်။
"ရှောင်နူက အခုတည်းက သန်မာနေပြီ။ ဒီတစ်ခေါက် မင်းကြောင့်သာ မဟုတ်ရင် သခင်လေး ပင်လယ်ထဲမှာ သေနေလောက်ပြီ။ အိုး...ဟုတ်သားပဲ၊ ရှောင်နူ...မင်းရဲ့မှတ်ဉာဏ်ထဲမှာ မင်းဘယ်ကလာတယ်ဆိုတာ ပါလား။ ငါပြောချင်တာက မင်းတို့ မင်ရည်တောင်ပံမျိုးနွယ်စုရဲ့ မွေးရပ်မြေက ဘယ်မှာလဲ"
ကျန်းရှောင်နူအား ရီဖျောင်ဖျောင်မှ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ကျန်းရှောင်နူ၏ မွေးရပ်မြေကိုသာ သိရလျှင် ရီဖျောင်ဖျောင်၏ ဇာတ်မြစ်ကို မှန်းဆကြည့်ရန် ဖြစ်နိုင်သည်။ ကျန်းရီသည် သူ့အမေနှင့် ပတ်သက်သမျှကို အလွန်သိချင်နေခဲ့သည်။
"မွေးရပ်မြေ"
ကျန်းရှောင်နူသည် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ခေါင်းယမ်းပြလာခဲ့သည်။
"ရှောင်နူရဲ့ နိုးထလာတဲ့ မှတ်ဉာဏ်တွေထဲမှာ မျိုးနွယ်စုနဲ့ပတ်သက်ပြီး အများကြီး ပြောမထားဘူး။ မင်ရည်တောင်ပံမျိုးနွယ်စုက တော်တော်လေးတော့ ကျော်ကြားတယ်နဲ့တူတယ်။ ရှေးဟောင်းမျိုးနွယ်စုတွေထဲကပဲ...ဒီလောကရဲ့ ထိပ်ဆုံးမျိုးနွယ်စု ဆယ်ခုထဲမှာ နံပါတ်သုံးပဲ။ သခင်လေးက ရှောင်နူထက်ပိုပြီး ဗဟုသုတကြွယ်တယ်။ ဒီမျိုးနွယ်စုကို မကြားဖူးဘူးလား"
"ရှေးဟောင်းမျိုးနွယ်စု...ထိပ်ဆုံးမျိုးနွယ်စု ဆယ်ခု"
ကျန်းရီသည် ထိုအကြောင်းကို တစ်ခါမှ မကြာဖူးခဲ့ပေ။ ကောင်းကင်ကြယ်တာရာနယ်မြေမှ ထိုအကြောင်းများကို သိမည်မဟုတ်။ သူ့အမေသည် ကျန်းရှောင်နူအား အပြင်လောကမှ ခေါ်ဆောင်လာသည်ဟု ရွှေယို့လန်ပြောခဲ့သည်။ အဓိပ္ပါယ်မှာ ကျန်းရှောင်နူ၏ မျိုးနွယ်စုသည် ပင်လယ်တစ်ဖက်တွင်သာ ရှိရမည်။
"အရှေ့တော်ဝင်နယ်မြေ"
ထိုအကြောင်းကို တွေးမိသောအခါ ကျန်းရီသည် ရီဖျောင်ဖျောင်နှင့် ပတ်သက်သည့် အကြောင်းအရာတို့ကို ကျန်းရှောင်နူအား ရှင်းပြလိုက်သည်။ ရီဖျောင်ဖျောင်သည် သူမကို ပြင်ပလောကမှ ခေါ်လာခဲ့ခြင်းဖြစ်ကြောင်းလည်း ထည့်ပြောလိုက်သည်။
"ရှောင်နူ...ငါတို့ ကြိုးစားပြီး ကျင့်ကြံကြမယ်။ ငါတို့လုံလောက်အောင် သန်မာလာတဲ့အခါ အမေနဲ့ မင်းရဲ့မျိုးနွယ်စုက အဖွဲ့ဝင်တွေကို သွားရှာကြတာပေါ့။ အဲ့အချိန်ရောက်လာရင် သခင်လေးက မင်းနဲ့အတူ ကမ္ဘာအနှံ့ ခရီးသွားမှာ"
"အင်း"
ကျန်းရှောင်နူသည် ခေါင်းသွက်သွက်ငြိမ့်၍ ချိုမြိန်လွန်းသော အပြုံးလေးကို ပြုံးလိုက်လေသည်။
*****