← Chapters

လမ်းမှာတွေ့ခဲ့ရင်တောင် သူစိမ်းတွေပဲ

Vol. 1 Ch. 395

လမ်းမှာတွေ့ခဲ့ရင်တောင် သူစိမ်းတွေပဲ

Vol. 1 Ch. 395

ကျန်းရီသည် ကြယ်တံခွန်ကျွန်းတွင် နေခဲ့သည်မှာ ယနေ့အပါအဝင် ရှစ်ရက်ခန့်ရှိပြီဖြစ်သည်။ ရွှေယို့လန်မှ ကောင်းကင်သတ္ထုကြော တူးဖော်နည်း ပြောပြပြီးသည်နှင့် ရှားနိုင်ငံသို့ သူချက်ချင်း ပြန်လည်ထွက်ခွာလာခဲ့သည်။ တကယ်တမ်းတွင် နည်းလမ်းမှာ အလွန်ရိုးရှင်းလေသည်။ ကောင်းကင်သတ္ထုကြော၏ အပြင်ဘက် သလင်းကျောက်အလွှာသည် သံမဏိအလား မာကျောလှသည်။ သို့သော်လည်း လောကကြီးသည် အလွန်ဆန်းကြယ်လေသည်။ ဥပမာ မီး၊ ရေ၊ မြေ၊ သတ္ထုနှင့် သစ်သားဟူသော ဒြပ်စင်ငါးမျိုးသည် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနိုင်ကြသလို တစ်ခုကိုတစ်ခုလည်း နိုင်နင်းကြသည်။ ထိုသလင်းကျောက်အလွှာအားလည်း နိုင်နင်းသည့်အရာတစ်ခု ရှိလေသည်။

သိဒ္ဓိဝင် ကျောက်ရေစင်...

ထိုအရာသည် သတ္ထုကျိုရာတွင် အသုံးပြုသည့် ရှားပါးပစ္စည်းတစ်ခုဖြစ်သည်။ ၎င်းမှာ ဈေးကြီးသော်လည်း နယ်မြေတွင် ရရှိနိုင်သည်။ သူတို့တွင် သိဒ္ဓိဝင်ကျောက်ရေစင် ရှိလျှင် ကောင်းကင်သတ္ထုကြောကို လွယ်လွယ်ကူကူ တူးဖော်နိုင်မည်ဖြစ်သည်။

ကျန်းရီသည် ကြယ်တံခွန်းကျွန်းသို့ လာရောက်ရသည့် ရည်ရွယ်ချက်များအားလုံး ပြည့်ဝသွားပြီဖြစ်ပြီး ကျန်းရှောင်နူမှာလည်း အပြည့်အဝ ပြန်ကောင်းနေပေပြီ။ စုလောရွှယ်သည် သူပြန်အလာကို စိတ်ပူစွာ စောင့်ဆိုင်းနေမည် ဖြစ်သည့်အတွက် သူ ကြာကြာ မနေချင်တော့ပေ။

ဤတစ်ကြိမ်တွင် သူသည် ပင်လယ်ထဲမှ သွားမနေတော့ပေ။ သူသည် တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်သုံး၍ မြောက်ဘက်လျန်နိုင်ငံ၏ အရှေ့ဘက်ရှိ မြို့တော်ဖြစ်သော လျန်မြို့သို့ ထွက်ခွာလာခဲ့သည်။

သူ့ကိုယ်သူ ဖုံးကွယ်ရန်အလို့ငှါ ကျန်းရီသည် ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးကို ဝတ်ဆင်၍ အဖိုးကြီးတစ်ဦး၏ ရုပ်သွင်အဖြစ် ပြောင်းလဲထားခဲ့သည်။ လျန်မြို့သို့ ရောက်သည်နှင့် သူသည် ချက်ချင်း မြို့ထဲမှထွက်၍ အစွမ်းကုန် ပြေးသွားခဲ့သည်။

ထို တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်သည် ကြယ်တံခွန်ကျွန်းမှ လန်မြို့တွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး တစ်လမ်းသွားအစီအရင်သာ ဖြစ်သည်။ ကြယ်တံခွန်ကျွန်း၏ နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ထဲမှ ထွက်လာသူသည် အမျိုးသား တစ်ယောက်ဖြစ်နေရာ အစီအရင်ကို စောင့်ကြပ်နေကြသည့် အစောင့်များမှာ ထူးဆန်းသည်ဟု ခံစားနေရသည်။ မြို့ထဲတွင် ရှိနေသော ကင်းထောက်အသီးသီးသည်လည်း ထိုသတင်းကို မိမိတို့၏ သခင်များထံ အလျင်အမြန် အကြောင်းကြားကြလေသည်။

ကျန်းရီ ကြယ်တံခွန်ကျွန်းသို့ သွားရောက်လည်ပတ်သည့် ကိစ္စအား အင်အားစုကြီးတိုင်းက သေသေချာချာ စောင့်ကြည့်နေကြရာ ထိုအဖိုးကြီးမှာ ကျန်းရီ ရုပ်ဖျက်ထားခြင်း ဖြစ်လောက်သည်ဟု သူတို့ခန့်မှန်းမိကြသည်။ မြောက်ဘက်လျန်နိုင်ငံ ဘုရင်သည် ချက်ချင်း ကင်းထောက်များ စေလွှတ်ကာ ကျန်းရီ၏ တည်နေရာကို ထောက်လှမ်းခိုင်းလိုက်သည်။ ထိုအကောင်သည် ကပ်ရောဂါနတ်ဘုရားဖြစ်ပြီး သူရောက်လေရာ နေရာတိုင်းတွင် ပျက်စီးမှုများ ဆောင်ယူလာတတ်သည်။ သူသာ မြောက်ဘက်လျန်နိုင်ငံသို့ ပျက်စီးမှုများ သယ်ဆောင်လာပါက မည်သူက ထိုအရှုပ်များကို လာရှင်းပေးမည်နည်း။

မြောက်ဘက်လျန်နိုင်ငံမှ ကင်းထောက်များ လှုပ်ရှားသော အချိန်တွင် ကျန်းရီမှာ ကျုံးဝူသားရဲကို စီး၍ မြေအောက်ကီလိုမီတာ သုံးဆယ်အကွာသို့ ရောက်နေပြီဖြစ်သည်။ ကျန်းရီ မြေအောက်တွင် ရှိကြောင်း သူတို့သိလျှင်တောင် ကျုံးဝူသားရဲ၏ အမြန်နှုန်းကို သူတို့ အမှီလိုက်နိုင်ပါမည်လော။

မြေအောက်မှသို့ ရောက်ပြီးနောက် ကျန်းရီသည် ကျန်းရှောင်နူနှင့် ဟဲလောင်အား မြစိမ်းကြည်လင်ပန်းအိုးထဲမှ ထုတ်ပေးလိုက်သည်။ ယာ့ဇီသားရဲနှင့် ပန်းအိုးသေးသေးထဲတွင် အတူနေရသည်မှာ သူတို့အတွက် ညှင်းပန်းခံရမှုသာဖြစ်သည်။

သူတို့သုံးယောက်သည် မြေအောက်မှ ခရီးဆက်နေကြသည်။ ကျန်းရီသည် ကျန်းရှောင်နူအား စိတ်ပူသည့်အတွက် နှစ်ရက်ကြာတိုင်း တစ်ညစီနားလေသည်။ ရံဖန်ရံခါတွင် သူတို့သည် လူသူမနီးသည့် နေရာတစ်ခုရှာကာ မြေပေါ်တက်၍ သားကောင်များကို အမဲလိုက်ပြီး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ကြသည်။

မြောက်ဘက်လျန်နိုင်ငံသည် နယ်မြေ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ရှားနိုင်ငံသို့ သွားချင်ပါလျှင် သူတို့သည် မြောက်ဘက်လျန်နိုင်ငံ၏ တစ်ဝက်နှင့် ရှန်ဝူနိုင်ငံတစ်ခုလုံးကို ဖြတ်သန်းသွားရမည်။ ကျုံးဝူသားရဲသည် အတော်မြန်သော်လည်း နေ့မနား၊ ညမနား သွားလျှင်တောင် ရှားနိုင်ငံသို့ ရောက်ရန် လဝက်ခန့် ကြာမည်ဖြစ်သည်။ အနားယူသည့် အချိန်များကို ထည့်တွက်လျှင် ဤခရီးမှာ တစ်လနီးပါး ကြာမြင့်လိမ့်မည်။

သူတို့သည် လူသုံးယောက် ဖြစ်နေရာ အလွန်ပျင်းစရာ မကောင်းပေ။ ကျန်းရှောင်နူ၏ ရင်ပူရမှုများလည်း ရှင်းလင်းသွားပြီဖြစ်သည့်အတွက် သူမသည် စိတ်အေးလက်အေး ကျင့်ကြံနိုင်ပြီဖြစ်သည်။ ကျုံးဝူသားရဲ၏ သွားလာမှုသည် တည်ငြိမ်နေရာ သုံးယောက်သားသည် မြေပြင်ညီတွင် ထိုင်၍ ကျင့်ကြံနေရသည့်အလားပင်။ ကျင့်ကြံရင်း ခရီးသွားနေသည့်အတွက်ကြောင့် အချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးနေခဲ့သည်။

သူတို့သည် ဤတစ်ကြိမ်တွင် မြေအောက်မှ သွားခြင်း ဖြစ်သည့်အတွက် မည်သူမှ သူတို့ရှိနေရာကို ထောက်လှမ်း၍ လုပ်ကြံနိုင်တော့မည် မဟုတ်ပေ။ လမ်းခရီးတစ်လျှောက်တွင် ငြိမ်းချမ်းနေခဲ့သည်။ ရက်နှစ်ဆယ် ကြာပြီးနောက်တွင် တောင်စဉ်သုံးထောင်အနီးသို့ ဘေးကင်းစွာ သူတို့ ရောက်သွားကြသည်။

ကျန်းရီသည် ကျန်းရှောင်နူနှင့် ဟဲလောင်ကို ခေါ်ဆောင်၍ ဝိဉာဉ်သားရဲ သင်တန်းကျောင်းသို့ ဝင်လိုက်သည်။ သူတို့သည် ကျန်းယွင်ဟိုင်၊ ကျူးကော့ချမ်ယွမ်တို့နှင့် နောက်တစ်ကြိမ် သွားတွေ့ပြီး နှစ်နာရီခန့် စကားပြောပြီးနောက်တွင် တောင်စဉ်သုံးထောင်သို့ လျင်မြန်စွာ ထွက်ခွာလာကြသည်။

တောင်စဉ်သုံးထောင်၏ နယ်နိမိတ်ထဲသို့ ရောက်သည်နှင့် ကျန်းရီသည် ယာ့ဇီသားရဲကို ဆင့်ခေါ်ကာ ကျန်းရှောင်နူနှင့် ဟဲလောင်အား မြစိမ်းကြည်လင်ပန်းအိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူတို့သည် အစွမ်းကုန် ခရီးဆက်ခဲ့ကြသည်။ တောင်စဉ်သုံးထောင်သည် ကျန်းရီ၏ ကိုယ်ပိုင်အိမ်ယာဝင်းအလား ဘေးကင်းနေရာ ပုန်းလျှိုးကွယ်လျှိုး သွားနေရန် မလိုပေ။

ကျန်းရီသည် ယာ့ဇီသားရဲအား စီးနင်း၍ နတ်သမီးတောင်ထွတ်သို့ သွားပြီးနောက် မြေခွေးလေးနှင့် နတ်ဆိုးသားရဲဘုရင်နှစ်ကောင်ကို ပြန်ခေါ်လာခဲ့သည်။ သူသည် ပြန်ရောက်ပါက မြေခွေးလေးအား ရှားယွိမြို့သို့ ကစားရန် ခေါ်သွားပေးမည်ဟု ကတိပေးထားခဲ့ရာ သူ့စကားသူတည်ရမည်။ နတ်ဆိုးသားရဲဘုရင်နှစ်ကောင် ပါလာသည့်အပြင် နတ်ဆိုးဧကရီ၏ မျက်နှာလည်း ရှိနေရာ ရှားယွိမြို့တွင် မြေခွေးလေးမှာ အလွန်ဘေးကင်းလေသည်။

ဤတစ်ကြိမ်တွင် နတ်ဆိုးဧကရီသည် ထွက်မတွေ့ခဲ့ပေ။ သူမသည် ကျန်းရီအား စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေအတွင်း မြန်မြန်ဝင်ရောက်ရန် မှော်ပညာကို သေချာသင်ယူရန်သာ စိတ်ဖြင့်ဆက်သွယ်၍ ပြောလာခဲ့သည်။ ထို့နောက် သူမသည် ကျန်းရီအား ကောင်းကင်ကျောက်တုံးများကို သုံး၍ မကျင့်ကြံရန် ထပ်မံသတိပေးလိုက်သေးသည်။

မြေခွေးလေးအား မြစိမ်းကြည်လင်ပန်းအိုးအတွင်း သိမ်းဆည်းပြီးနောက် ကျန်းရီသည် နတ်ဆိုးသားရဲဘုရင်နှစ်ကောင်ကို လှည့်မကြည့်တော့ဘဲ အစွမ်းကုန် ခရီးဆက်နေပြန်သည်။ စုလောရွှယ်အား နှစ်လနီးပါး ခွဲခွာပြီးနောက် သူအတော်လွမ်းနေခဲ့သည်။ သူသည် ရှားယွိမြို့သို့ မြန်မြန်ပြန်၍ သူမအားဖက်ကာ ခရီးမှ အန္တရာယ်များနှင့် အကျိုးကျေးဇူးများ အကြောင်းကို ပြောပြချင်နေပြီဖြစ်သည်။

"မြန်မြန်သွားလေ...ဘာလို့ မင်းရဲ့အမြန်နှုန်းက ဒီလောက်နှေးကွေးနေတာလဲ"

ယာ့ဇီသားရဲသည် ဆွံ့အသွားခဲ့သည်။ ၎င်းသည် အားကုန်ပျံသန်းနေလေရာ နတ်ဆိုးသားရဲဘုရင်နှစ်ကောင်ပင် ဘယ်ဆီဘယ်ဝယ်ကျန်ခဲ့မှန်း မသိသော်လည်း ကျန်းရီမှာ မြန်ရန် အတင်းလောဆော်နေသည်။ ၎င်းသည် အလွန့်အလွန် မြန်လွန်းခြင်း မရှိသော်လည်း အခြားနတ်ဆိုးသားရဲ ဘုရင်များထက် အဆပေါင်းများစွာ မြန်နေသေးသည်။ သို့သော် ကျန်းရီသည် သူ့အား နှေးသည်ဟု ပြောရဲသေးသည်။

တစ်ရက်စွန်းစွန်း အချိန်ကုန်ဆုံးပြီးနောက် ယာ့ဇီသားရဲသည် ရှားနိုင်ငံနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဝှစ်...

ရှားနိုင်ငံ နယ်နိမိတ်အတွင်း သူတို့ဝင်ရောက်ရုံပင် ရှိသေးသည်။ အနက်ရောင်အရိပ်တစ်ရိပ်သည် အလွန်လျင်မြန်လှသောနှုန်းဖြင့် ပျံသန်းလာနေခဲ့သည်။ ယာ့ဇီသားရဲသည် လေထဲတွင်ပင်ရပ်တန့်၍ အနောက်အရပ်သို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ ကျန်းရီသည် လှည့်ကြည့်ပြီးနောက် မျက်ခုံးပင့်လိုက်မိသည်။ သူ့နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သည် ကွေးတက်သွားခဲ့ပြီး လှောင်ပြုံးတစ်ချက်ပြုံးကာ မျက်နှာကို ပြန်ပြင်လိုက်သည်။

အနောက်ဘက်အရပ်မှ ပုံရိပ်သည် ပို၍ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင် ထိုသူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လာရလေသည်။ ထိုလူသည် ခန့်ညားပြီး ယောက်ျားပီသသည့် ကိုယ်နေဟန်ထားရှိသည်။ သူ့ကိုယ်မှ အရှိန်အဝါတို့ကို ကြည့်ရုံဖြင့် ထိုသူမှာ ဗာဂျရာအဆင့်မှန်း ထုတ်ပြောနေစရာ မလိုပေ။ ထိုသူသည် အမှန်တကယ်ပင် ကျန်းရီ၏မွေးအဖေ ကျန်းပိုင်လီပင် ဖြစ်ချေသည်။

"ကျန်းရီ"

ကျန်းပိုင်လီသည် ယာ့ဇီသားရဲနှင့် သုံးကီလိုမီတာခန့် အကွာတွင် ရပ်တန့်လိုက်သည်။ သူ့မျက်နှာသည် ခန့်မှန်းရခက်နေပြီး ကျန်းရီအား အချိန်အနည်းငယ်ကြာ ငေးကြည့်နေပြီးမှ စကားစလာခဲ့သည်။

"အောက်ဆင်းပြီး ငါတို့စကားပြောရအောင်"

ကျန်းရီသည် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"ဒီမှာပဲပြောပါ...ကျွန်တော် အိမ်မြန်မြန်ပြန်ဖို့ လိုတယ်။ ပြောစရာရှိတာကိုပြောပါ...အနောက်ဘက်နယ်စပ်မြို့အရှင်"

"အိမ်...အနောက်ဘက်နယ်စပ်မြို့အရှင်"

ကျန်းပိုင်လီ၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။ သူသည် သူ၏ အထီးကျန်မှုနှင့် ကိုယ့်ကိုယ်ကို လှောင်ပြောင်မှုတို့ကို ထုတ်မပြောနိုင်ပေ။ သူသည် ကျန်းရီအားကြည့်ကာ ပြောလိုက်သည်။

"ငါတို့ တကယ်ဒီလိုပဲ ဆက်ဖြစ်နေတော့မှာလား။ ပြီးတော့ ငါက မင်းအဖေဖြစ်နေသေးတာပဲလေ"

"ဟက်..."

ကျန်းရီသည် လှောင်ရယ်ရယ်လိုက်သည်။

"ကျန်းပိုင်လီ...ခင်ဗျား ဒီလိုပြောတာ မရှက်ဘူးလား။ ကျွန်တော်မွေးလာတုန်းက ခင်ဗျားဘယ်မှာလဲ။ ကျွန်တော်ငယ်ငယ်လေးတုန်းက အနိုင်ကျင့်ခံနေရတုန်းကရော ခင်ဗျား ဘယ်မှာလဲ။ ကျွန်တော် အကြိမ်ကြိမ် သေလုနီးပါး ဖြစ်အောင် လုပ်ကြံခံနေရတုန်းကရော ခင်ဗျားဘယ်မှာလဲ။ ကောင်းပြီ...အဲ့ဒါတွေကို မပြောသေးဘူး။ ကျွန်တော် နိုင်ငံအဆင့်ပြိုင်ပွဲမှာ ပထမရတော့ ရှားဝူဟွေ့ ကျွန်တော်ပိုင်တဲ့ စိတ်ဝိဉာဉ်အားဖြည့်ဆေးပင်ကို လုသွားတုန်းက ခင်ဗျားတစ်ခွန်းဝင်ပြောပေးခဲ့လား။ ကျွန်တော် နိုင်ငံသစ္စာဖောက်မှု ကျူးလွန်ပြီး ရှန်ဝူတစ်နိုင်ငံလုံးက ကျွန်တော့်ကို လိုက်သတ်နေတုန်းက ခင်ဗျား ကျွန်တော့်ကို ကျန်းဂိုဏ်းကနေတောင် ပယ်ထုတ်လိုက်သေးတယ် မဟုတ်ဘူးလား။ ကျွန်တော်ရှားယွိမြို့ပြင်မှာ စစ်သည်တစ်သန်းနဲ့ အင်အားစုကြီးခြောက်ခုက ဗာဂျရာအဆင့်တွေကို ရင်ဆိုင်နေရချိန် ခင်ဗျားဘယ်ရောက်နေလဲ။ အဖေဆိုတဲ့ စကားလုံးကို သုံးနေတာ ခင်ဗျားမရှက်ဘူးလား"

ကျန်းရီ၏ မျက်နှာသည် အစမှအဆုံးတိုင် တည်ငြိမ်နေခဲ့သည်။ ထိုစကားများကို ပြောနေချိန်တွင် သူ့လေသံမှာ သူ့နှင့်မဆိုင်သည့် အကြောင်းအရာတို့ကို ပြောနေသည့်အလား။

ထိုအချက်မှာ ကျန်းပိုင်လီအား ပိုမိုဝမ်းနည်းလာစေသည်။ ကျန်းရီ၏ နှလုံးသားမှာ မည်မျှ နာကျင်ခဲ့ရမှန်း သူသိသည်။ သူတို့နှစ်ယောက်အကြားမှ ကွက်လပ်မှာ ပြန်ဖြည့်စည်း၍ မရတော့ပေ။

ကျန်းရီသည် ကျန်းပိုင်လီနှုတ်ဆိတ်နေသည်ကို မြင်သောအခါ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

"တခြားပြောစရာရှိသေးလား။ မရှိသေးရင် ကျွန်တော်သွားတော့မယ်...ကျွန်တော့်မှာ လုပ်စရာတွေအများကြီးပဲ"

"အာ..."

ကျန်းပိုင်လီသည် တစ်ခဏတွေဝေသွားပြီးနောက် သက်ပြင်းချလိုက်သည်။

"ဘာမှမရှိတော့ပါဘူး။ စုလောရွှယ်ကိုခေါ်ပြီး ဝေးရာကိုပြေးဖို့ပဲ ငါအကြံပေးချင်တယ်။ လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းရှာပြီး တံခါးပိတ်ကျင့်ကြံတာ ဒါမှမဟုတ် မင်းတစ်ဘဝလုံးကို အေးအေးချမ်းချမ်း နေသွားလိုက်ပါ။ တိုတိုပြောရရင် အင်အားစုကြီးတွေ အကုန်လုံးကို မင်းတစ်ယောက်တည်း မဆန့်ကျင်ပါနဲ့။ 'ဒီနယ်မြေရဲ့ရေက မင်းထင်ထားတာထက် ပိုနက်တယ်'...ပြီးတော့ မင်းအမေနဲ့မင်းအတွက် ငါတကယ်စိတ်မကောင်းပါဘူး။ ငါကတကယ်ကို မင်းအဖေဖြစ်ဖို့ မထိုက်တန်ဘူး"

စကားဆုံးသော် ကျန်းပိုင်လီသည် ကျန်းရီကို နင့်နင့်နဲနဲ ငေးကြည့်လိုက်ပြီး ရှန်ဝူနိုင်ငံသို့ လှည့်ပြန်သွားခဲ့သည်။ သူ့နောက်ကျောသည် အထီးကျန်လွန်းသော လူအိုကြီးတစ်ယောက်ပမာ အလွန်ခြောက်ကပ်၍ ပျော်ရွှင်မှုများ ကင်းမဲ့နေလေသည်။ ထိုခဏလေးအတွင်း သူ့အသက်သည် ဆယ်နှစ်ခန့် အိုစာသွားသည့်အလားပင်။

"ဒီလိုဖြစ်မယ်မှန်းသိရင် အစတည်းက ခင်ဗျားဘာလို့ ဒီလိုလုပ်ခဲ့သေးလဲ"

ကျန်းရီသည် သက်ပြင်းအသာချလိုက်ပြီး မျက်မှောင်ကုတ်၍ လှမ်းအော်ပြောလိုက်သည်။

"ကျန်းပိုင်လီ...ကြယ်တံခွန်ကျွန်းကို ကျွန်တော်ရောက်တော့ အမေချန်ခဲ့တဲ့ သစ်သားရုပ်တုတစ်ခုကို ရခဲ့တယ်။ သူမကစကားချန်ထားခဲ့တယ်...အဲ့ဒီတုန်းက သူမအမှားလည်း မကင်းတာမို့ ခင်ဗျားကို အပြစ်မတင်ပါဘူးတဲ့။ သူမက ကျွန်တော့်ကိုတောင် ခင်ဗျားကို ခွင့်လွှတ်ပေးဖို့ ပြောခဲ့သေးတယ်။ ကျွန်တော်ပြောချင်တာက...ခင်ဗျား ကျွန်တော့်အပေါ်လုပ်ခဲ့သမျှကို ကျွန်တော်ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမယ့် အမေ့အပေါ် ခင်ဗျားပြုမူခဲ့တာတွေကို ကျွန်တော်ခွင့်မလွှတ်နိုင်ဘူး။ ဒါကြောင့်...ကျွန်တော့်ရှေ့မှာ နောက်တစ်ကြိမ်ထပ်ပေါ်မလာပါနဲ့။ ဒီနေ့ကစပြီး ကျွန်တော်တို့က ဘာပတ်သက်မှုမှ မရှိတော့ဘူး။ လမ်းမှာတွေ့ခဲ့ရင်တောင် သူစိမ်းတွေပဲ"

ဝှစ်...

ကျန်းရီသည် သူ့စကားကို ဆုံးအောင်ပြောပြီးနောက်တွင် တွေဝေနေခြင်းမရှိဘဲ ယာ့ဇီသားရဲကို ရှားယွိမြို့ဆီ ပျံသန်းစေလိုက်သည်။

"လမ်းမှာတွေ့ခဲ့ရင်တောင် သူစိမ်းတွေပဲ"

ကျန်းပိုင်လီ၏ကိုယ်သည် တုန်လှုပ်သွားကာ လေထဲတွင် ရပ်တန့်သွားခဲ့သည်။ သူသည် ကျန်းရီထွက်ခွာသွားသည်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် မျက်လုံးများကို နာကျင်စွာ မှိတ်လိုက်သည်။ ထိုခဏတွင်မှ သူမှားခဲ့ကြောင်း၊ လက်ခံနိုင်သည့် အတိုင်းအတာထက်ပင် ကျော်၍ မှားနေခဲ့ကြောင်း သူသဘောပေါက်သွားခဲ့သည်။

*****

All Chapters