လောရွှယ်ကို ယူပါ
Vol. 1 Ch. 396
ဝေါင်း..ဝေါင်း..
ရှားယွိမြို့၏ ကောင်းကင်ယံတွင် သားရဲကြီးတစ်ကောင် ပျံသန်းလာခဲ့သည်။ ၎င်း၏ ကိုယ်ကြီးသည် နီဝါရောင်ဖြစ်ပြီး ကိုယ်ပေါ်တွင် အနီရောင်အလင်းများ လွှမ်းခြုံနေသည်။ ၎င်း၏ ဦးချိုနှင့် အမြီးမှာ မီးတောက်နှစ်ခုအလား။ ၎င်းသည် မြို့ပေါ်တွင် အကြိမ်အနည်းငယ် ဟိန်းဟောက်လိုက်သည်။ အောက်မှလူများသည် ကြောက်လန့်ကုန်ကြပြီး အချို့ဆိုလျှင် ဖိအားကြောင့် ထပင်မထနိုင်တော့ပေ။
"ခင်ဗျားက ဘာကိစ္စ ဟိန်းဟောက်နေတာလဲ။ ကလေးတွေ အများကြီး ကြောက်လန့်ကုန်ကြပြီ။ ခင်ဗျား နည်းနည်းလောက် ဟန်ကြီးပန်ကြီး မလုပ်လိုက်ရရင် သေသွားမှာမလို့လား"
ကျန်းရီသည် နတ်ဆိုးသားရဲဘုရင်၏ ဦးခေါင်းကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။ သူ၏လက်ဝါးမှာ အားပြင်းလွန်းရာ ယာ့ဇီသားရဲ၏ ဦးခေါင်းပင် တုန်ခါသွားခဲ့သည်။ ကျန်းရီသည် ယာ့ဇီသားရဲ ဒေါသတကြီး လှည့်ကြည့်လာသည်ကို တွေ့သောအခါ ပြန်စိုက်ကြည့်၍ ပြောလိုက်သည်။
"ခင်ဗျားမှာ တကယ်အစွမ်းအစရှိရင် ရှန်ဝူနိုင်ငံက မိန်းမစိုးအိုကြီးနဲ့ မိုးပြာနဂါးအင်ပါယာက အဘိုးကြီးကို သွားသတ်ပေးပါလား။ ရှားနိုင်ငံက ကျွန်တော့်နယ်မြေ...ဒီမှာလာပြီး အစွမ်းပြမနေနဲ့...မဟုတ်ရင်တော့ ခင်ဗျားကိုမြင်တိုင်း ကျွန်တော်ရိုက်မှာပဲ"
ယာ့ဇီသားရဲသည် ဆွံ့အသွားပြီး ခေါင်းငုံ့လိုက်သည်။ ၎င်းသည် မိန်းမစိုးလင်းကို သတ်နိုင်ရန် သေချာလုနီးပါးဖြစ်သော်လည်း မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီးနှင့် ယှဉ်ပါလျှင် သူကိုယ်တိုင်သာ အနှိပ်စက်ခံရလိမ့်မည်။ ထို့ပြင် သူသာ မိုက်ရူးရဲဆန်စွာ တိုက်ခိုက်မိပါက လူသားများ၏ စုပေါင်းတိုက်ခိုက်ခြင်း ခံရပြီး အကြောင်းအရင်းမရှိ သေသွားနိုင်သည်။
"အရှေ့ဘက်တောင်တွေမှာ ကိုယ့်ဟာကိုယ် သွားနေ...ဘာမှ လျှောက်မလုပ်နဲ့။ လူသားတွေကို အန္တရာယ်လည်း မပြုနဲ့...သေချာမှတ်သွားနော်"
ကျန်းရီသည် လက်ဝှေ့ယမ်းလိုက်ပြီးနောက် အောက်မှ မြေကွက်လပ်သို့ နေရာရွှေ့ပြောင်းသွားလိုက်သည်။
မြို့တစ်ခုလုံးသည် ယာ့ဇီသားရဲကြောင့် သတိအနေအထား ဖြစ်ကုန်ကြသည်။ လူတိုင်းသည် ၎င်းကိုမြင်ရုံနှင့်ပင် ထိတ်လန့်ခြောက်ခြားသွားကြသည်။ သို့သော် သားရဲကြီး၏ ကျောပေါ်မှ ကျန်းရီအား ပြင်လိုက်သောအခါတွင် သူတို့မှာ စိတ်လှုပ်ရှားကုန်ကြသည်။ ကျန်းရီသည် အကြိမ်တိုင်းတွင် အံ့အားသင့်စရာများ ယူဆောင်လာခဲ့ရာ ရှားယွိမြို့သားများမှာ ပိုမိုစိတ်အေးရလေသည်။ ကျန်းရီရှိနေလျှင် မည်သူက ရှားနိုင်ငံကို ထိပါးရဲပါမည်နည်း။
"ကိုယ်စားအုပ်ချုပ်သူကို နှုတ်ဆက်ပါတယ်"
မြေပြင်တွင် ကျန်းရီ ရုတ်တရက် ပေါ်ထွက်လာသည့်အခါတွင် အာမေဋိတ်သံများ ထွက်လာကြပြီး လူတိုင်းသည် မြေပေါ်ဒူးထောက်၍ နှုတ်ဆက်ကြလေသည်။
"အားလုံးပဲ...ထကြပါ။ အနာဂတ်မှာ ခင်ဗျားတို့ ကျွန်တော့်ကို နှုတ်ဆက်ရုံတင်ရပြီ။ ဒူးထောက်ပြီး ထုံးတမ်းစဉ်လာတွေ လုပ်နေဖို့ မလိုပါဘူး"
ကျန်းရီသည် လက်ဝှေ့ယမ်းလိုက်ပြီး မီးဝိဉာဉ်ပုလဲထဲမှ မြစိမ်းကြည်လင်ပန်းအိုး ထွက်လာခဲ့သည်။ တစ်ဆက်တည်းတွင် အစိမ်းရောင် အလင်းတစ်စနှင့်အတူ ဟဲလောင်၊ ကျန်းရှောင်နူနှင့် မြေခွေးလေးတို့ ပေါ်ထွက်လာခဲ့သည်။ လူတိုင်းသည် မှော်ဆန်လွန်းသည်ဟု ခံစားရပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ကျန်းရီသည် ဟဲလောင်တို့အား ဦးဆောင်၍ နန်းတော်ရှိရာသို့ လျှောက်သွားခဲ့သည်။ မြေခွေးလေးသည် ကျန်းရီ၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်ပြီး အရာရာစူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေလေသည်။ ကျန်းရီသည် လမ်းလျှောက်နေရင်း ပြုံးကာ ပြောလိုက်သည်။
"ရှောင်ဖေး...မင်းကစားချင်ရင် ဟဲလောင်နဲ့ရှောင်နူကိုခေါ်ပြီး မြို့ထဲလျှောက်သွားလို့ရတယ်။ ယာ့ဇီသားရဲနဲ့ မင်းရဲ့နတ်ဆိုးသားရဲဘုရင် နှစ်ကောင်နဲ့ဆို မြို့ထဲမှာ ဘေးကင်းတယ်။ မြို့ပြင်ကိုတော့ မထွက်ရဘူး ဟုတ်ပြီလား"
"ကျီ...ကျီ..."
မြေခွေးလေးသည် ချက်ချင်း ပျော်ရွှင်သွားခဲ့ပြီး ကျန်းရှောင်နူ၏ မျက်လုံးလေးများမှာ လခြမ်းလေးများအလား ကွေးသွားခဲ့သည်။ ယခင်က နန်းတော်ထဲတွင်သာ သူတို့နေခဲ့ရသည်။ ကျန်းရီ၏ ခွင့်ပြုချက်မရဘဲ သူတို့လျှောက်မသွားရဲပေ။ ယခု သူတို့ လွတ်လွတ်လပ်လပ် သွားနိုင်ပြီဖြစ်ရာ ချက်ချင်းပျော်ရွှင်သွားကြသည်။
"ကိုယ်စားအုပ်ချုပ်သူအရှင်ကို နှုတ်ခွန်းဆက်ပါတယ်"
ကျန်းရီ နန်းတော်ထဲသို့ ဝင်သွားချိန်တွင် တာဝန်ကျနေသော အစောင့်များအားလုံးသည် ဒူးထောက်၍ တစ်ညီတစ်ညာတည်း နှုတ်ဆက်လာကြသည်။ ကျန်းရီသည် မျက်မှောင်ကျုံ့၍ ဟဲလောင်အား လှည့်ပြောလိုက်သည်။
"ဟဲလောင်... အနာဂတ်မှာ ငါ့ကို တွေ့တိုင်း ဘယ်သူမှ ဒူးထောက်စရာ မလိုဘူးလို့ စစ်သူကြီးလုကို သွားပြောချေ"
"နားလည်ပါပြီ"
ဟဲလောင်သည် ခေါင်းငြိမ့်လိုက်သည်။ အတိတ်က သူသည် ကျန့်ဂိုဏ်းတွင် အရေးပါသူတစ်ဦးဖြစ်သော်လည်း ရှန်ဝူနိုင်ငံတွင် မည်သည့်အာဏာမှ မရှိပေ။ ရှားနိုင်ငံတွင်မူ အလွန်ကွာခြားသွားလေသည်။ ရှားနိုင်ငံတစ်ခုလုံးသည် ကျန်းရီပိုင်သည့်ပုံဖြစ်နေပြီး သူသည် ကျန်းရီ၏ နံပါတ်တစ်နောက်လိုက်ဖြစ်သည်။ သူသည် လူနှစ်ယောက်ကိုသာ အမှုထမ်းရမည့် အခြေအနေဖြစ်ပြီး ကျန်သူများအားလုံးမှာ သူ့စကားကို နားထောင်ရပေမည်။
ကျန်းရီသည် ရွှယ်လော့နန်းဆောင်ထံ တန်းတန်းမတ်မတ် သွားလိုက်သည်။ စုလောရွှယ်သည် ကုန်းကုန်းများ၊ အစေခံလေးများ တစ်အုပ်ကို ဦးဆောင်၍ နန်းဆောင်ရှေ့တွင် သူ့အားထွက်ကြိုနေလေသည်။ သူမသည် ပန်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ရွှေ၊ ငွေ၊ ကျောက်စိမ်းတို့ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ထားသည်။ သူမသည် ပန်းတစ်ပွင့်ထက်ပင် ပိုမိုလှပနေပြီး ကျန်းရီတစ်ဦးတည်းသာ ပိုင်ဆိုင်သည့် အပြုံးတစ်ပွင့်ကို ပြုံးပြလာခဲ့သည်။
သူသည် ခပ်သွက်သွက် လျှောက်သွားကာ စုလောရွှယ်၏လက်ကို ဆွဲ၍ အတွင်းသို့ လျှောက်သွားလိုက်သည်။ စုလောရွှယ်သည် ခေါင်းယမ်း၍ ကျန်းရှောင်နူကို လက်ယပ်ခေါ်လိုက်သည်။
"ရှောင်နူ...လာခဲ့လေ"
ကျန်းရှောင်နူသည် မှင်တက်သွားခဲ့သည်။ သူမသည် သူမကိုယ်သူမ အစေခံမိန်းကလေး တစ်ယောက်အဖြစ်သာ မှတ်ယူထားခဲ့ရာ သူတို့နှစ်ယောက်၏ ဘေးမှ မည်သို့ယှဉ်လျှောက်ရဲပါမည်နည်း။ ကျန်းရီသည် ခပ်ရေးရေး ပြုံးလိုက်ကာ ကျန်းရှောင်နူအား လက်ယပ်ခေါ်လိုက်ပြီး မိန်းကလေးတစ်ယောက်စီကို လက်တစ်ဖက်မှဆွဲကာ နန်းဆောင်အတွင်း ဝင်သွားလိုက်သည်။
"အမ်"
ရွှယ်လော့နန်းဆောင်အတွင်း ရောက်သော် စုလောရွှယ်သည် ကျန်းရှောင်နူအား သေချာကြည့်၍ မျက်လုံးများတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာကာ စကားဆက်လာခဲ့သည်။
"ရှောင်နူ...ငါမင်းကို မတွေ့တာ နှစ်လပဲရှိသေးတယ်။ မင်းမှာ ထူးခြားတဲ့ အရှိန်အဝါတစ်မျိုး ရှိလာသလိုပဲ။ ပိုလည်းလှလာတယ်။ မမတောင်မှ မင်းအလှကြောင့် မှင်တက်သွားရတယ်"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မိန်းကလေး လောရွှယ်က ရှောင်နူကို စနေပြန်ပါပြီ"
ကျန်းရှောင်နူသည် ရှက်သွေးများ ဖြန်းသွားကာ ခေါင်းငုံ့၍ ပြောလိုက်သည်။
"မိန်းကလေးလို့ မခေါ်ပါနဲ့...မမ လို့ပဲ ခေါ်ရမယ်"
စုလောရွှယ်သည် ကျန်းရှောင်နူ၏ လက်ကိုကိုင်၍ လက်တစ်ဖက်မှ သူမ၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။
"မင်းနဲ့ ကျန်းလန်က ငယ်ငယ်လေးထဲက တစ်ဦးနဲ့တစ်ဦး မှီခိုပြီး ကြီးပြင်းလာခဲ့ရတာ။ မင်းတို့နှစ်ယောက်က မွေးချင်းတွေလိုမျိုး ရင်းနှီးကြတယ်။ ဒီတော့ မင်းက ငါ့ညီမလေး၊ ရှားနိုင်ငံရဲ့ မင်းသမီးပဲ။ မင်းကိုမင်းအပြင်လူတစ်ယောက်လို မသတ်မှတ်ရဘူး...ဟုတ်ပြီလား"
ကျန်းရီသည် စုလောရွှယ်၏ သဘောထားကြီးမှုကို သဘောကျနေခဲ့သည်။ သူသည် ကျန်းရှောင်နူအား မြေခွေးကိုခေါ်၍ ကစားရန်ပြောလိုက်ပြီး နန်းတွင်းရေးရာများကို စီမံရသည့် ခေါင်းဆောင်ကုန်းကုန်းကို ဆင့်ခေါ်လိုက်သည်။ သူသည် ထိုလူအား ဟဲလောင်မှာ သူ့လူဖြစ်၍ စစ်သူကြီးအဖြစ် ယာယီခန့်အပ်ထားရန် ပြောလိုက်သည်။ အနာဂတ်တွင် ဟဲလောင်၏ ညွှန်ကြားချက်သည် သူ့ဆန္ဒဖြစ်သည်ဟုလည်း ပြောလိုက်သေးသည်။
ဟဲလောင်သည် သူရှားနိုင်ငံ၏ စစ်သူကြီးချုပ်ပင် ဖြစ်လာပါစေ၊ အရေးမပါကြောင်း သေချာသိသည်။ သူသည် ကျန်းရီနောက်သို့သာ ဆက်လိုက်လိုသည်။ သူကျန်းရီနောက်သို့ လိုက်နိုင်သရွေ့ သူ့အတွက် ပိုအကျိုးရှိမည်ဟု သူယုံကြည်သည်။
ဟဲလောင်ထွက်ခွာသွားပြီးနောက် ကျန်းရီသည် လမ်းတစ်လျှောက်တွင် ဖြစ်ခဲ့သမျှကို စုလောရွှယ်အား ပြောပြလိုက်သည်။ စုလောရွှယ်သည် နားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ ကျန်းရှောင်နူသည် မင်ရည်တောင်ပံမျိုးနွယ်စုမှ ဖြစ်ကြောင်း သိရသည့်အခါ သူမအအံ့သြဆုံးပင်။ ရီဖျောင်ဖျောင် မကွယ်လွန်သေးဟု သူမသိသောအခါ ကျန်းရီအတွက် စိတ်ရင်းနှင့် ပျော်ပေးလာခဲ့သည်။
ကျန်းရီသည် ကျူးကော့ချမ်ယွမ်၊ နတ်ဆိုးဧကရီနှင့် ရွှေယို့လန်တို့အားလုံးသည် သူ့အား ကောင်းကင်ကျောက်တုံး ပမာဏအများကြီးကို အသုံးမပြုရန် ပြောခဲ့သည်ဟူသော အချက်မှတစ်ပါး အရာအားလုံးကို ပြောပြခဲ့သည်။ ထိုအချက်ကို သူမပြောရခြင်းမှာ စုလောရွှယ်စိတ်ပူမည်ကို သူမလိုလား၍ ဖြစ်သည်။
"သိဒ္ဓိဝင်ကျောက်ရေစင်...လောရွှယ်တို့ရဲ့ ဘဏ္ဍာတိုက်ထဲမှာ အဲ့ဒါမျိုး မရှိဘူး..."
စုလောရွှယ်သည် ကောင်းကင်သတ္ထုကြောကို တူးဖော်ရန် နည်းလမ်းအကြောင်းကိုကြားသော် မျက်မှောင်ကျုံ့လိုက်မိသည်။ သူမသည် မတ်တပ်ထရပ်ကာ နန်းတွင်းရေးရာများကို ကိုင်တွယ်ရသည့် ကုန်းကုန်းချောင်အား ဘဏ္ဍာတိုက်ကို သွားရောက်စစ်ဆေးရန် ခိုင်းလိုက်သည်။ တစ်နာရီခန့်ကြာသော် ရှားနိုင်ငံတွင် သိဒ္ဓိဝင်ကျောက်ရေစင် မရှိဟု လာရောက်လျှောက်တင်သံ ထွက်ပေါ်လာခဲ့သည်။
"ကုန်းကုန်းချောင်...လူလွှတ်ပြီး ချမ်ဝမ်ကွမ်ဆီ စာပို့လိုက်...သာမန်လူတွေက အဲ့ဒါကို မရှာနိုင်လောက်ပေမယ့် အဲ့အကောင်က သေချာပေါက် ရှာပေးနိုင်လောက်တယ်"
ကျန်းရီသည် လက်ဟန်ပြ၍ စုလောရွှယ်အား မစိုးရိမ်ရန် ပြောလိုက်သည်။ ဖက်တီးချမ်၏ အစွမ်းအစအား သံသယဝင်ရန်မလိုပေ။ သူကိုယ်တိုင် ခေါင်းကိုက်ခံမည့်အစား အဘယ့်ကြောင့် ဖက်တီးချမ်အား သူ့ကိုယ်စား ခေါင်းကိုက်မခံခိုင်းရမည်နည်း။
စုလောရွှယ်သည်လည်း စိတ်ပူမနေတော့ဘဲ ရှားနိုင်ငံမှ ကိစ္စများနှင့် သူမကျန်းရီကို ဘယ်လောက်လွမ်းနေကြောင်း စတင်ပြောပြလာခဲ့သည်။ သူတို့နှစ်ယောက်သည် နန်းဆောင်ထဲတွင် တစ်နေ့ခင်းလုံး ပူးပူးကပ်ကပ် နေခဲ့ပြီးမှ အစားစားရန် ကျန်းရှောင်နူနှင့် မြေခွေးလေးကို သွားရောက်ရှာဖွေကြသည်။
စားသောက်နေချိန်တွင် စုလောရွှယ်သည် ကျန်းရီအားကြည့်သော ကျန်းရှောင်နူ၏ အကြည့်များကို သတိထားမိလိုက်သည်။ သူမသည် မမြင်ချင်ယောင်ဆောင်နေလိုက်ပြီး ရွှယ်လော့နန်းဆောင်သို့ ပြန်ရောက်သောအခါမှ ကျန်းရီအား အဆိုပြုလိုက်သည်။
"ကျန်းလန်...ရှောင်နူကို ရှင့်မိန်းကလေးအဖြစ် ယူလိုက်တာက ကောင်းလိမ့်မယ်လို့ လောရွှယ်ထင်တယ်။ သူမ ရှင့်အပေါ် ချစ်မြတ်နိုးနေတာ လောရွှယ်ခံစားမိတယ်။ သူမက ရှင့်ကို လောရွှယ်ထက်တောင် ချစ်နေနိုင်သေးတယ်။ ရှင် သူမကို လက်မခံဘူးဆိုရင် ညီမလေးက သူမသေတဲ့အထိ တစ်ယောက်တည်း ဖြစ်သွားမှာ လောရွှယ်စိုးရိမ်မိတယ်"
ကျန်းရီသည်လည်း မခံစားမိဘဲ နေပါမည်လော။
သို့သော်လည်း သူသည် ထိုအကြောင်းအရာကို လက်ရှိအချိန်တွင် မတွေးချင်ပေ။ အနာဂတ်တွင် ဘာဖြစ်မည်မှန်းပင် မသိသေးချေ။ သူသည် ခေါင်းယမ်း၍ ပြောလိုက်သည်။
"ဒီကိစ္စကို မပြောကြရအောင်...နှစ်ရက်နားပြီးရင် ကောင်းကင်သတ္ထုကြောရှိတဲ့နေရာကို ကိုယ်သွားတော့မယ်။ တစ်လကြာပြီးရင် စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေကို ကိုယ်သွားရဦးမယ်။ လောရွှယ်...ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မင်းကို ထားခဲ့ပြီး ခံစားခိုင်းရဦးမယ်...ကိုယ်ပြန်ရောက်လာရင် ချက်ချင်းလက်ထပ်ကြရအောင်"
"အဲ့ဒါက မနာကျင်ပါဘူး။ ကျန်းလန်က ပိုခံစားရမှာ"
စုလောရွှယ်သည် လက်ကိုမြှောက်၍ ကျန်းရီ၏ မျက်နှာအား ထိတွေ့လိုက်သည်။ သူတစ်ခုခုပြောချင်နေသည်ကိုမြင်လျှင် သူမသည် ချက်ချင်းခြေဖျားထောက်၍ သူ့အား နမ်းလိုက်သည်။
သူတို့သည် အသက်ရှူရပ်လုနီးပါး ဖြစ်သွားသောအခါမှသာ ရပ်တန့်လိုက်ကြသည်။ စုလောရွှယ်၏ကိုယ်မှာ ပူလောင်နေပြီး မျက်နှာမှာ ရဲတွတ်နေလေသည်။ သူမသည် ကျန်းရီအသက်ပြင်းပြင်းရှူနေသည်အား မြင်သောအခါ သူမရင်ထဲမှ မီးတောက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်သည်။ သူမသည် နှုတ်ခမ်းကိုက်၍ တီးတိုးပြောလိုက်မိသည်။
"ကျန်းလန်...လောရွှယ်ကို ယူလိုက်ပါ။ ထိန်းချုပ်ထားရတာ ရှင် တော်တော်ပင်ပန်းနေမှာ"
*****