ကောင်းကင်ကပ်ဘေးဆေးလုံး ရရှိခြင်း၊ ‘မိုးကြိုးကပ်ဘေးကူ’ကို သန့်စင်ခြင်း(၃)။
Vol. 26 Ch. 303
သို့သော်၊ ချီယုံချင်းတစ်ယောက် ယုံကြည်နိုင်စရာ မရှိလောက်အောင် ကံဆိုးခဲ့ရပေသည်။ ကျိုးစွေ့ကဲ့သို့ လူမသိသူမသိတစ်ဦးက သူ၏ ဝိညာဉ်သန္ဓေသား စီမံကိန်းအား ဖျက်ဆီးပစ်လိုက်သည်။ အဆုံးသတ်တွင်၊ သူ၏အသက်ကိုပင် ဆုံးရှုံးခဲ့ရချေသည်။
"ကောင်းကင်ကပ်ဘေးဆေးလုံးကို ရွှေအမြုတေကျင့်ကြံသူတွေအတွက် အလိုချင်ဆုံး ဆေးလုံးတွေထဲက တစ်ခုလို့လည်း သတ်မှတ်ကြတယ်…"
"ဒါက မြို့တစ်မြို့စာတန်တဲ့ စတုတ္ထအဆင့်ဆေးလုံးပဲ…"
"ဒါက အရမ်း အရေးကြီးတယ်… ဘာလို့လဲဆိုတော့ ကောင်းကင်ကပ်ဘေးဆေးလုံးက ရွှေအမြုတေကျင့်ကြံသူတွေကို သူတို့ရဲ့ မှော်စွမ်းအားကို သန့်စင်ရာမှာ ကူညီပေးနိုင်ရုံတင် မကဘူး…"
"ဒါက နှလုံးသားမိစ္ဆာကပ်ဘေးရဲ့ စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပြီး… နှလုံးသားကိုကာကွယ်ပေးဖို့ ဆေးဘက်ဆိုင်ရာ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားတယ်…"
[စကားချပ် - ယခင်က စိတ်မိစ္ဆာလို့ ပြန်ဆိုခဲ့ပါတယ်။ အခုကစပြီး နှလုံးသားမိစ္ဆာလို့ပဲ သုံးစွဲသွားပါမယ်။]
"ဒါကြောင့် ကောင်းကင်ကပ်ဘေးဆေးလုံးကို သောက်သုံးရင်… ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ခြေကို အနည်းဆုံး ၄၀ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်တယ်…"
"ကောင်းကင်ကပ်ဘေးဆေးလုံး ဘယ်လောက်အစွမ်းထက်လဲ ဆိုတာ စိတ်ကူးကြည့်လို့တောင် ရနိုင်တယ်"
ကျိုးစွေ့ အလွန် ဝမ်းမြောက်သွားသည်။
သူ၏ တာအိုလက်တွဲဖော်၊ လင်းယာကျူသည် ဝိညာဉ်သန္ဓေသား စိတ်ဝိညာဉ်ပစ္စည်းတစ်ခုကို ရရှိထားပြီး ဖြစ်သော်လည်း၊ ထိုပစ္စည်းသည် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ခြေကို တစ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ရာခိုင်နှုန်းခန့်သာ တိုးမြှင့်ပေးနိုင်ပြီး၊ များစွာ စိတ်မချရပေ။
သို့သော် ယခု၊ ကောင်းကင်ကပ်ဘေးဆေးလုံးကို ထပ်ပေါင်းလိုက်သည်နှင့် အခြေအနေများ ကွာခြားသွားမည် ဖြစ်သည်။ ဤအရာဖြင့်ဆိုလျှင်၊ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ခြေသည် ၆၀ရာခိုင်နှုန်းကျော်အထိ တိုးလာနိုင်သည်။ ထို့အပြင်၊ လင်းယာကျူ၏ ကိုယ်ပိုင်ပါရမီကို ထည့်တွက်ပါက၊ အောင်မြင်မှုနှုန်းသည် ၉၀ရာခိုင်နှုန်း ကျော်လွန်သင့်ပေသည်။
မုချအောင်မြင်မည်ဟု မပြောနိုင်သော်လည်း၊အခြားသော ရွှေအမြုတေကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင်မူ ငြင်းမရနိုင်လောက်အောင်ပင် ရာခိုင်နှုန်းမြင့်မားပေသည်။
ဤကောင်းကင်ကပ်ဘေးဆေးလုံး၏ ထွက်ပေါ်လာမှုသည် အေးခဲသော ဆောင်းရာသီတွင် မီးသွေးပို့ပေးသကဲ့သို့ ရေကန်အသင့်ကြာအသင့်ပင် ဖြစ်ချေသည်။ ဤကောင်းကင်ကပ်ဘေးဆေးလုံးဖြင့် လင်းယာကျူ၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းမည့် ခရီးလမ်းသည် သေချာပေါက် များစွာချော့မွေ့သွားပေလိမ့်မည်။
"ငါ ဒါကို ပြန်ယူလာမှ ဖြစ်မယ်… ငါ ကောင်းကင်ကပ်ဘေးဆေးလုံးကို သေချာပေါက် ပြန်ယူမှကို ဖြစ်မှာ…"
"ငါ တခြား ရတနာတွေကို စွန့်လွှတ်နိုင်ပေမယ့်.. ကောင်းကင်ကပ်ဘေးဆေးလုံးကိုတော့ မဖြစ်မနေ ရယူရမယ်…"
ကျိုးစွေ့ လက်သီးဆုပ်လိုက်သည်။ သူ့နှလုံးသားသည် အလွန်အမင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေချေသည်။
သို့သော်၊ သူ မဆင်မခြင် မလုပ်ခဲ့ပေ။ ထို့အစား၊ ဆေးလုံးကို သေချာစစ်ဆေးကာ၊ ခြေရာခံအစီအမံများ မကျန်ရစ်စေရန် အတည်ပြုခဲ့သည်။ ထို့နောက်မှသာ၊ ကောင်းကင်ကပ်ဘေးဆေးလုံးကို ပြန်ယူရန် နောက်ထပ် ကိုယ်ပွားတစ်ခုကို စေလွှတ်လိုက်တော့သည်။
သိုလှောင်အိတ်များအတွက်မူ၊ ယင်းတို့အား ပင်လယ်အောက်ခြေတွင်သာ လောလောဆယ်ထားရစ်ခဲ့ပေမည်။ အခြေအနေများ တည်ငြိမ်သွားသည်နှင့် ဖြည်းဖြည်းချင်း ကိုင်တွယ်လို့ ရသည် မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ၊ ရတနာများသည် ဤနေရာတွင်သာ ရှိနေမည် ဖြစ်ပြီး၊ အတောင်ပေါက်ကာ ထွက်ပြေးသွားမည် မဟုတ်ချေ။
…
နောက်ထပ်တစ်ရက် ကုန်ဆုံးပြီးနောက်...။
ကိုယ်ပွားသည် ကောင်းကင်ကပ်ဘေးဆေးလုံးနှင့် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံ နှစ်သိန်းခွဲကို နောက်ဆုံးတွင် ပြန်ယူလာခဲ့သည်။
ထို့နောက်၊ ကျိုးစွေ့သည် လင်းယာကျူ ကျင့်ကြံနေသော လိုဏ်ဂူသို့ သွားပြီး သူမအား ပြောပြလိုက်သည်။
"ကောင်းကင်ကပ်ဘေးဆေးလုံး… ယောက်ျား... ရှင် ဒီလို ဆေးလုံးမျိုးကို တကယ် ရနိုင်ခဲ့တာလား.."
"ဝူကျိမဟာမိတ်အဖွဲ့ထဲက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတွေရဲ့ တိုက်ရိုက် ဆင်းသက်လာသူတွေတောင်မှ ကောင်းကင်ကပ်ဘေးဆေးလုံးကို ရဖို့ ခက်ခဲတယ်လို့ ကျွန်မ ကြားဖူးတယ်…"
"ဒါကို ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအတွက် အကောင်းဆုံး ကောင်းကင်ကပ်ဘေးဆေးလုံးလို့ သတ်မှတ်လို့ ရတယ်… တန်ဖိုးဖြတ်မရနိုင်ဘူး…"
လင်းယာကျူ အလွန် ပျော်ရွှင်နေသည်။
သူမသည် ဝိညာဉ်သန္ဓေသားအဆင့် ပစ္စည်းများကို ရရှိနိုင်ရုံသာမက၊ ကောင်းကင်ကပ်ဘေးဆေးလုံးကိုပါ ရရှိနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ၏ ဝိညာဉ်သန္ဓေသား ကျင့်ကြံမှုသည် ယခုအခါ အပြည့်အဝ ပြင်ဆင်ပြီးပြီဟု ပြောနိုင်သည်။
ဤသည်မှာ၊ အင်မော်တယ်မြူခိုးကျွန်းတွင် ရှိစဉ်က သူမ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးသော အရာဖြစ်သည်။ ချင်မုဂိုဏ်း၏ ဆက်ခံသူဂိုဏ်းချုပ်များပင်လျှင် ထိုကဲ့သို့သော ဆက်ဆံမှုကို မခံစားနိုင်ခဲ့ကြပေ။
"အင်း... တကယ်တော့ ဒါက တိုက်ဆိုင်မှု တစ်ခုပါပဲ…"
ကျိုးစွေ့သည် ကောင်းကင်ကပ်ဘေးဆေးလုံးကို မည်သို့ ရရှိခဲ့သည့် ဇာတ်လမ်းကို မျှဝေလိုက်သော်လည်း၊ 'ပစ္စည်းရှာဖွေကူ'အကြောင်း အချက်အလက်များကိုမူ လျှို့ဝှက်ထားလိုက်သည်။
သူ၏ ကိုယ်ပွား လှည့်လည်သွားလာနေစဉ်၊ ရွှမ်ယင်ဂိုဏ်း၏ သူတော်စင်အမွေဆက်ခံသူနှင့် မတော်တဆ တွေ့ဆုံခဲ့သည်ဟုသာ သူ ရှင်းပြလိုက်သည်။
ထို့နောက်၊ သူသည် ရွှမ်ယင်ဂိုဏ်း၏ သူတော်စင်အမွေဆက်ခံသူကို သတ်ဖြတ်ခဲ့ပြီး၊ ထိုနည်းဖြင့် သူ ကောင်းကင်ကပ်ဘေးဆေးလုံးကို ရရှိခဲ့ခြင်း ဖြစ်သည်။
"ဒါဆို… ဒါက ရွှမ်ယင်ဂိုဏ်းရဲ့ သူတော်စင်အမွေဆက်ခံသူဆီက ရခဲ့တာပေါ့… ယောက်ျား ကောင်းကင်ကပ်ဘေးဆေးလုံးတစ်လုံး ရနိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး…"
"ရွှမ်ယင်ဂိုဏ်းက အင်အားကြီးမားတဲ့ ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာဂိုဏ်းတစ်ခု ဆိုတာ ရှင် သိသင့်တယ်… သူတို့သာ ဒီအကြောင်း သိသွားရင်.. အရမ်း ဆိုးရွားသွားလိမ့်မယ်…"
လင်းယာကျူ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
ဤကိစ္စ ပေါက်ကြားသွားပါက၊ ဖြစ်လာမည့် အကျိုးဆက်များကို သူမ သိသည်။ ဝူကျိမဟာမိတ်အဖွဲ့ပင်လျှင် သူတို့အား ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
"စိတ်မပူပါနဲ့… ရွှမ်ယင်ဂိုဏ်းလေးပဲဟာ… ကြောက်စရာ မလိုပါဘူး…"
"ငါတို့ စတုတ္ထအဆင့် အစီအရင်ကို တည်ဆောက်နိုင်သရွေ့… ပြီးတော့ မင်းသာ.. မင်းရဲ့ ဝိညာဉ်သန္ဓေသားကို အောင်မြင်စွာ ကျင့်ကြံနိုင်ရင်..."
"အဲ့ဒီအခါကျရင်… ရွှမ်ယင်ဂိုဏ်းတစ်ခုလုံး ငါတို့နောက်ကို လိုက်လာရင်တောင်.. သူတို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး…"
"ပြီးတော့… ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ သူတော်စင်အမျိုးသမီးကလွဲရင်… ရွှမ်ယင်ဂိုဏ်းရဲ့ သူတော်စင်အမွေဆက်ခံသူကို သတ်ခဲ့တဲ့သူက ငါဆိုတာ တခြားဘယ်သူမှ မသိဘူး…"
ကျိုးစွေ့ ဟတ်ကနဲ ရယ်မောလိုက်သည်။
ဤသည်မှာ စတုတ္ထအဆင့် အစီအရင်ပညာရှင်ဖြစ်ခြင်းနှင့်အတူ ပါလာသော ယုံကြည်မှုပင်။
စတုတ္ထအဆင့် အစီအရင်၏ စွမ်းအားကို အသုံးပြု၍၊ သူသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးကို အပြည့်အဝ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
သူတို့အား အနိုင်မယူနိုင်လျှင်ပင်၊ သူတို့သည်လည်း သူ့ကို ဘာမျှ လုပ်နိုင်မည် မဟုတ်ပေ။
"မှန်တယ်.. ယောက်ျားက စတုတ္ထအဆင့် အစီအရင်ပညာရှင်ပဲ… သဘာဝကျကျဆို ဘယ် ဝိညာဉ်သန္ဓေသားဂိုဏ်းကမှ ခြိမ်းခြောက်မှု မပြုနိုင်ဘူး…"
"ကြည့်ရတာ စတုတ္ထအဆင့် အစီအရင်အတွက် ပစ္စည်းတွေ စုဆောင်းတာကို ငါတို့ အရှိန်မြှင့်ဖို့ လိုမယ့်ပုံပဲ…"
"ဒီလိုမှသာ… သတင်း ပေါက်ကြားသွားရင်တောင်… ငါတို့ ရှုံးနိမ့်မှာ မဟုတ်တော့ဘူး…"
"ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ သူတော်စင်အမျိုးသမီး အကြောင်းဆိုလို့… ယောက်ျား…... ရှင် သူမကိုလည်း မောင်းမအဖြစ် လက်ခံဖို့ စဉ်းစားနေတာလား…ဟွန့်…"
လင်းယာကျူသည် ကျိုးစွေ့ကို စူးစမ်းလိုသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
ချစ်လှစွာသော ခင်ပွန်းသည်၏ အချစ်ရေး ကံကောင်းမှုသည် အလွန် အားကောင်းလွန်းသည်ဟု သူမ ခံစားလိုက်ရသည်။
သူ တစ်စုံတစ်ယောက်ကို မျက်စိကျလျှင်၊ အဓိကဂိုဏ်းကြီးတစ်ခု၏ သူတော်စင်အမျိုးသမီးပင်လျှင် သူ့လက်မှ မလွတ်မြောက်နိုင်ပေ။
ရိုးရိုးသားသား ပြောရလျှင်၊ ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီးဆိုသည်မှာ ကိစ္စကြီးတစ်ခုဟု သူမ မထင်ချေ။ သူမ၏ ယောက်ျားသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သေမျိုးအမျိုးသမီးများအနေဖြင့်၊ သူ့ကို လက်ထပ်ရခြင်းသည် ဘဝပေါင်းများစွာ၏ ကံကောင်းခြင်းပင် ဖြစ်သည်။
"အိုး... မင်း မနာလို ဖြစ်နေတာလား"
ကျိုးစွေ့သည် လင်းယာကျူ၏ ခါးကျင်ကျင်လေးကို ဘယ်လက်ဖြင့် ဖက်လိုက်ပြီး၊ ညာလက်ဖြင့် သူမ၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"တာအိုလက်တွဲဖော်တွေ ဒီလောက် အများကြီး ရှိနေတာ.. ကျွန်မ ဘယ်လိုလုပ် တခြားတစ်ယောက်ကို မနာလို ဖြစ်နေနိုင်ဦးမှာလဲ..ဟွန့်.."
"ဒါပေမဲ့ ယောက်ျားက.. မယားငယ်တွေ ထပ်ယူဖို့ စဉ်းစားနေတယ် ဆိုရင်.. ကျွန်မတို့ တာအိုလက်တွဲဖော်တွေက လုံလောက်အောင် မပြုစုပေးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ…"
"ငါတို့ ယောက်ျားက တခြားသူတွေအကြောင်း စဉ်းစားဖို့ ဘယ်လိုလုပ် အင်အား ရှိနေနိုင်သေးတာတုံး…"
"အဲ့ဒါ ကျွန်မတို့ရဲ့ရှုံးနိမ့်မှု ဖြစ်သွားမှာပေါ့… ဟင့်.."
လင်းယာကျူသည် ကျိုးစွေ့ကို ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်း... မင်း ဘာလုပ်မလို့လဲ"
ကျိုးစွေ့တစ်ယောက် အန္တရာယ်ကို အလိုအလျောက် အာရုံခံမိလိုက်သည်။
"ဘာ..ကို ..ဘာလုပ်ရမှာလဲ.. တာအိုလက်တွဲဖော်တစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်မလို့လေ…"
"ငါတို့ ယောက်ျားမှာ တခြားမိန်းမတွေအကြောင်း စဉ်းစားဖို့ အင်အားရှိသေးလား ဆိုတာ စမ်းကြည့်ရမှာပဲ…ခစ်ခစ်…"
လင်းယာကျူက ရွှင်မြူးစွာ တခစ်ခစ် ရယ်မောလိုက်သည်။
မကြာမီ၊ စည်းချက်ကျသော အသံများသည် အိပ်ခန်းဆောင်ကို ပြည့်နှက်သွားပြီး၊ အဆုံးမရှိသော ပြင်းပြသည့် ဆန္ဒများထဲတွင် နှစ်မြုပ်သွားတော့သည်။
…
ရက်အနည်းငယ် ကြာပြီးနောက်...။
ကျိုးစွေ့သည် နောက်ဆုံးတွင် သူ၏ ပျော်ရွှင်ဖွယ် အိပ်မက်ထဲမှ မနည်းထွက်လာခဲ့ရသည်။ မျက်နှာမှာ ဖြူဖျော့နေပြီး အနည်းငယ် မောပန်းနေရှာသည်။
သူ၏ တာအိုလက်တွဲဖော်များသည် မယားငယ်များ ထပ်ယူခြင်းမှ သူ့ကို တားဆီးမည် မဟုတ်သော်လည်း၊ ရံဖန်ရံခါ သူတို့၏ ဒေါသအသေးစားများအား ပြသတတ်ကြသည်။
ထင်ရှားသည်မှာ၊ ဤသည်မှာ အပြစ်ပေးမှု အသေးစားဖြစ်သည်။
အမှန်တကယ်ပင် နောင်ကျဉ်စရာ ပြစ်ဒဏ်တစ်ခုပင်…။ သို့သော် ယင်းသည် ချိုမြိန်လှချေသည်။
ချူတျဲယီအတွက်မူ၊ သူမ သတိလစ်နေဆဲ ဖြစ်ပုံရသည်။ မည်သို့ပင်ဖြစ်စေ၊ သူမ ပြင်းထန်စွာ အဆိပ်သင့်ခဲ့ရပြီး၊ သုံးရက်သုံးညတိုင်တိုင် လိုက်လံ ဖမ်းဆီးခံခဲ့ရသည်။
သူမ၏ အသက်စွမ်းအားသည် ဆိုးရွားစွာ ကုန်ခမ်းနေပြီး၊ ပြန်လည် သက်သာလာရန် အနည်းဆုံး ခုနစ်ရက်ခုနစ်ည နှစ်ခြိုက်စွာ အိပ်ပျော်ရန် လိုအပ်သည်။ ဤသည်မှာ သူမ ခန္ဓာကိုယ်၏ အလိုအလျောက် ပြန်လည်ထူထောင်ရေးစနစ်ပင် ဖြစ်သည်။
ထို့ကြောင့် ကျိုးစွေ့သည် ချူတျဲယီကို ယာယီ ဘေးဖယ်ထားပြီး၊ သူမကို ဆက်လက် နှစ်ခြိုက်စွာ အိပ်ပျော်စေကာ ပြန်လည် သက်သာလာစေသည်။
"စလိုက်တာပေါ့… ‘မိုးကြိုးကပ်ဘေးကူ’ သန့်စင်တဲ့ လုပ်ငန်းစဉ်ကို စလိုက်ကြစို့…"
ဤအခိုက်အတန့်တွင်၊ ကျိုးစွေ့သည် သူ၏ ကိုယ်ပိုင်အခန်းသို့ ပြန်လာပြီး ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ထိုရက်အနည်းငယ်အတွင်း၊ အဓိကပါဝင်ပစ္စည်း ဖြစ်သော မိုးကြိုးကပ်ဘေးသစ်သီးကို ရှာဖွေတွေ့ရှိခြင်းအပြင်၊ အခြား အထောက်အကူပြုပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
စုစုပေါင်း ၃၆မျိုး ရှိပြီး၊ ယခု သူ အားလုံးကို အောင်မြင်စွာ စုဆောင်းထားပြီး ဖြစ်သည်။
ဝုန်း…။
များစွာ စဉ်းစားမနေတော့ဘဲ၊ ကျိုးစွေ့သည် ပစ္စည်းအားလုံးကို ကူနတ်ဘုရားပန်းကန်ထဲသို့ ချက်ချင်း ပစ်ထည့်လိုက်ပြီး၊ ကူနတ်ဘုရားပန်းကန်ကို အသက်သွင်းရန် လောင်စာအဖြစ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးငါးထောင်ကို လောင်ကျွမ်းစေလိုက်သည်။
ချက်ချင်းပင်၊ ကူနတ်ဘုရားပန်းကန်သည် ကြီးမားသော မီးခိုးရောင်စီးကြောင်း တစ်ခုကို ဖန်တီးလိုက်ပြီး၊ မိုးကြိုးကပ်ဘေးသစ်သီးနှင့် အခြားပစ္စည်းများကို ချက်ချင်းသန့်စင်လိုက်တော့သည်။
ဤပစ္စည်းများအားလုံးကို ၎င်းတို့၏ အခြေခံအနှစ်သာရအဖြစ် ပြောင်းလဲခံလိုက်ရပြီးနောက်၊ ကူနတ်ဘုရားပန်းကန်ထဲတွင် မျောပါနေသည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင်၊ ၎င်းတို့ ပေါင်းစပ်သွားပြီး ကွဲပြားသော ပုံစံများအဖြစ် ပြန်လည် ဖြစ်တည်လာကြတော့သည်။