မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်၏ ဒုတိယအဆင့်။
Vol. 26 Ch. 305
ငါးနှစ်ကြာပြီးနောက်...။
အင်မော်တယ်ရှားတောင်ထွတ်ရှိ တိတ်ဆိတ်သောအခန်းတစ်ခု အတွင်း၌...။
"မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ရဲ့ ဒုတိယအဆင့် ပြီးမြောက်သွားပြီ…"
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ကို လှ့ည်ပတ်နေသည်။
သူ့ခန္ဓာကိုယ်ကို ဗဟိုပြုလျက်၊ မရေမတွက်နိုင်သော မိစ္ဆာချီများ ဝန်းရံနေပြီး၊ သူ့အား နှလုံးသားမိစ္ဆာတစ်ကောင် လူဝင်စားသကဲ့သို့ ဖြစ်နေစေသည်။
မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်၏ ပထမအဆင့်သည် မိစ္ဆာမျိုးစေ့ဖွဲ့စည်းခြင်း ဖြစ်ပါက၊ ၎င်း၏ ဒုတိယအဆင့်သည် နှလုံးသားမိစ္ဆာကို ဆင့်ခေါ်ခြင်းပင် ဖြစ်သည်။
ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်နှင့်၊ လူတစ်ယောက်သည် အခြားသူများ၏ အတွင်းစိတ်ထဲရှိ နှလုံးသားမိစ္ဆာကို နှိုးဆွနိုင်သည့် စွမ်းရည်တစ်ခု ပိုင်ဆိုင်လာမည် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် နှလုံးသားမိစ္ဆာများ၏ နှောင့်ယှက်ခြင်းကို ခံနေရပါက၊ ဤစွမ်းရည်ကို အသုံးပြုလိုက်ခြင်းဖြင့် ပြိုင်ဘက်အား မိစ္ဆာရူးသွပ်မှုနှင့် သေဆုံးခြင်းဆီသို့ ချက်ချင်း တွန်းပို့လိုက်နိုင်ပြီး၊ သူတို့၏ ဝိညာဉ်များကို နှလုံးသားမိစ္ဆာ၏ ဝါးမျိုခြင်းခံရသည်အထိ ဖြစ်သွားစေနိုင်သည်။
"ဒါက ယန်မိုဂိုဏ်းရဲ့ ထူးခြားတဲ့ အထွတ်အထိပ် ကျင့်ကြံခြင်းနည်းစနစ် ဆိုတာနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်…"
"ကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကတင် ဒီလောက်ကောင်းတဲ့ အသုံးပြုမှုမျိုး ရှိနေပြီ…"
"ဒီအဆင့် မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်နဲ့ဆို ရန်သူတွေကို တိုက်ခိုက်ဖို့ ကောင်းကောင်းအသုံးပြုလို့ ရနေပြီ…"
ကျိုးစွေ့လည်း အံ့အားသင့်နေမိသည်။
နှလုံးသားမိစ္ဆာ၏ ဘာသာစကားကို အသက်သွင်းရန် မန္တန်ရွတ်ဆိုလိုက်ရုံဖြင့်၊ သူသည် အခြားသူ၏ အတွင်းစိတ်ထဲရှိ နှလုံးသားမိစ္ဆာကို နှိုးဆွနိုင်ပြီး၊ ကိုယ်ပိုင်မကောင်းမှုများ၏ အကျိုးဆက်များကို ခံစားရစေနိုင်သည်။
လွန်ခဲ့သော နေ့ရက်များတွင်၊ ယန်မိုဂိုဏ်း၏ မူလတည်ထောင်သူသည် ဤစွမ်းရည်ကို အားကိုး၍ အရှေ့ပိုင်းဒေသတစ်လျှောက် သောင်းကျန်း ဗိုလ်ကျခဲ့သည်။
ကျင့်ကြံသူ အများအပြား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင်ပင်၊ သူသည် ဘယ်သောအခါမျှ မကြောက်ရွံ့ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်နှင့်၊ ၎င်းသည် ကျင့်ကြံသူ အများအပြားအတွင်းရှိ နှလုံးသားမိစ္ဆာများကို ချက်ချင်း နှိုးဆွနိုင်ပြီး၊ သူတို့ကို တိုက်ခိုက်ခြင်း မပြုနိုင်မီတွင်ပင် ပြိုလဲသွားစေနိုင်သောကြောင့် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ၊ ယန်မိုဂိုဏ်း၏ ဂိုဏ်းချုပ်ကို မည်သူမျှ ရင်ဆိုင်ရဲခြင်း မရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ၊ သူတို့၏ ကိုယ်အတွင်း၌ နှလုံးသားမိစ္ဆာမရှိ ဟု မည်သူက အာမခံနိုင်ပါမည်နည်း။
ဤစွမ်းရည်သည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်ပညာရပ်များထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်ဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော်၊ ထင်ယောင်ထင်မှား ပုံရိပ်ယောင်ပညာရပ်များကို ခုခံနိုင်သေးသည်။ ထင်ယောင်ထင်မှားဖြစ်မှုများကို ကာကွယ်ပေးသော ရတနာအမျိုးမျိုးကို ဆောင်ထားခြင်း၊ သို့မဟုတ် မျက်လုံးပညာရပ်များကို ကျင့်ကြံထားခြင်းဖြင့်၊ သူတို့သည် ထင်ယောင်ထင်မှားဖြစ်မှုများကို သဘာဝကျကျ ဖောက်ထွင်းမြင်နိုင်သည်။
သို့သော်၊ နှလုံးသားမိစ္ဆာများဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့ကို ခုခံရန်မှာမူ ထိုမျှ မလွယ်ကူလှပေ။
မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် လူတစ်ယောက်၏ စိတ်ဝိညာဉ်အနက်ပိုင်းမှ မွေးဖွားလာသော ယုတ်မာမှုများနှင့် ရှုပ်ထွေးသောအတွေးများသာ ဖြစ်သည်။ လူတစ်ယောက်သည် မိမိကိုယ်ကို မကျော်လွှားနိုင်သရွေ့၊ အခြား ပြင်ပအင်အားစုများသည် လက်တွေ့အားဖြင့် အကူအညီမဲ့သာ ဖြစ်နေတတ်သည်။
"ဒါပေမဲ့… ဒီစွမ်းရည်က ရန်သူတွေကို တိုက်ခိုက်ဖို့သက်သက် မဟုတ်ဘူး…"
"ဒါကို.. တခြားကျင့်ကြံသူတွေကို ကူညီဖို့လည်း အသုံးပြုနိုင်တယ်…"
"မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကို အသုံးပြုပြီး.. တခြားကျင့်ကြံသူတွေဆီက နှလုံးသားမိစ္ဆာတွေကို ဆင့်ခေါ်နိုင်ပြီးတော့ ဝါးမျိုတောင် ဝါးမျိုပစ်နိုင်သေးတယ်…”
"ဒီနည်းနဲ့ဆို.. တခြားကျင့်ကြံသူရဲ့ နှလုံးသားမိစ္ဆာတွေ အားနည်းသွားပြီး… သူတို့ကို နှလုံးသားမိစ္ဆာကပ်ဘေး ကျော်လွှားရာမှာ ကူညီပေးနိုင်တယ်.."
"အင်းပေါ့လေ.. ယန်မိုဂိုဏ်းကျင့်ကြံသူသာ ဆိုရင်.. သူတို့က ကိုယ့်အတွက် အကျိုးမရှိဘဲ တခြားသူတွေကို ကူညီမယ့်ကိစ္စမျိုး ဘယ်တော့မှ လုပ်မှ်မဟုတ်ဘူး…"
"ဘာပဲဖြစ်ဖြစ်… သူတစ်ပါးရဲ့ နှလုံးသားမိစ္ဆာတွေကို ဝါးမျိုလိုက်ရင်… သူတို့ရဲ့ အပြစ်ပေးမှုကို ကြားဝင်ခံယူလိုက်တာနဲ့ အတူတူပဲ ဖြစ်ပြီး… သူတို့နှလုံးသားမိစ္ဆာတွေရဲ့ နှိပ်စက်မှုကို ခံစားရလိမ့်မယ်…"
"နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ နာကျင်မှုက စိတ်ကူးကြည့်လို့ မရနိုင်အောင်ပဲ…"
မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ကို ကျင့်ကြံခဲ့သော အခြားသူများ အဘယ်ကြောင့် ထိုကဲ့သို့ မလုပ်ဆောင်ကြသည်ကို ကျိုးစွေ့ နားလည်သွားသည်။
အမှန်တကယ်ပင်၊ အခြားသူများ၏ နှလုံးသားမိစ္ဆာများကို ဝါးမျိုခြင်းသည် သူတို့၏ ကိုယ်ပိုင်ဝိညာဉ်များကို ပြိုလဲသွားစေနိုင်ပြီး မှတ်ဉာဏ်ရှုပ်ထွေးမှုအား ဖြစ်ပေါ်စေနိုင်သည်။
ခြေတစ်လှမ်း မှားယွင်းလိုက်သည်နှင့်၊ မိစ္ဆာရူးသွပ်မှုနှင့် သေဆုံးခြင်းဆီသို့ ဦးတည်သွားနိုင်သည်။
သို့သော် သူသည် မတူညီပေ၊ သူ့တွင် နှလုံးသားမိစ္ဆာများနှင့် အခြားသူများ၏ မှတ်ဉာဏ်များကို ဝါးမျိုနိုင်သော ကောင်းကင်နှင့်မြေကြီး၏ အံ့ဖွယ်ကူပိုးကောင်၊ 'အိပ်မက်ဝိညာဉ်ကူ' ရှိသည်။
သူတစ်ပါး၏ နှလုံးသားမိစ္ဆာများကို ရယူလိုက်သည်နှင့်၊ သူသည် ၎င်းကို ကိုင်တွယ်ရန် 'အိပ်မက်ဝိညာဉ်ကူ'ထံ လွှဲပြောင်းပေးလိုက်ရုံသာ ဖြစ်သည်။
မူလခန္ဓာကိုယ်သည် မည်သည့် ထိခိုက်မှုမှ ရှိမည် မဟုတ်ပေ။
အတိုင်းအတာတစ်ခုအထိ၊ 'အိပ်မက်ဝိညာဉ်ကူ'သည် အမှိုက်စွန့်စက်တစ်လုံးနှင့် တူပြီး၊ နှလုံးသားမိစ္ဆာ၏ စွမ်းအားကို ဝါးမျိုခြင်းနှင့် ချေဖျက်ခြင်းတို့တွင် ကူညီပေးနိုင်သည်။
မှန်ပေသည်၊ 'အိပ်မက်ဝိညာဉ်ကူ'အတွက်မူ၊ ဤအရာသည် ကြီးမားသော အကျိုးကျေးဇူးပင် ဖြစ်သည်။
အခြားသူများ၏ နှလုံးသားမိစ္ဆာများကို ဝါးမျိုခြင်းသည် ၎င်း၏ ကိုယ်ပိုင်စွမ်းအားကို လျင်မြန်စွာ တိုးမြှင့်ပေးနိုင်ပြီး၊ ၎င်း၏ ဆင့်ကဲပြောင်းလဲမှုကို မြှင့်တင်ပေးနိုင်သည်။
"မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကို ရောက်ရှိထားပြီ ဆိုတော့.. ငါ ယာကျူနဲ့ တခြားသူတွေကို နှလုံးသားမိစ္ဆာကပ်ဘေး ကျော်လွှားရာမှာ ကူညီပေးနိုင်လောက်ပြီ…"
ကျိုးစွေ့ ခပ်ဟဟ ပြုံးလိုက်မိသည်။
ယခင် ပထမအဆင့်တွင်သာ ရှိနေစဉ်က၊ သူ သံသယအချို့ ရှိခဲ့သေးသည်။
မည်သို့ပင်ဖြစ်စေ၊ သူ တခြားသော ကျင့်ကြံသူများထဲတွင် ပုန်းအောင်းနေသော နှလုံးသားမိစ္ဆာကို ဆင့်ခေါ်နိုင်ချင်မှ ဆင့်ခေါ်နိုင်မည် မဟုတ်ပါလော။
သို့သော် ယခု၊ အခြေအနေက ကွာခြားသွားချေပြီ။ ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက်၊ သူသည် အခြားသူများ၏ ဖုံးကွယ်ထားသော နှလုံးသားမိစ္ဆာများကို ဆင့်ခေါ်နိုင်ပြီး၊ ချက်ချင်း ဝါးမျိုပစ်နိုင်သည်။
ဤအကြောင်းကို တွေးတောရင်း၊ ကျိုးစွေ့သည် အချက်အလက်ပြ မျက်နှာပြင်ကိုလည်း ဖွင့်လိုက်တော့သည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ရွှေအမြုတေ အစောပိုင်းအဆင့် (တိုးတက်မှု ၉၀%)၊ သက်တမ်း - ၆၉ (၅၇၀၀နှစ်) ]
[ ပင်ကိုပါရမီ - ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ် (၈၀%) ]
[ ဓားသိုင်းပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၄၀%) ]
[ အဆောင်ပညာ - တတိယအဆင့် အောက်ခြေအဆင့် (၃၀%) ]
[ အစီအရင်ပညာ - စတုတ္ထအဆင့် အလယ်အလတ်အဆင့် (၅၀%) ]
[ ဆေးဖော်စပ်ပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၉၀%) ]
[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - အကြီးစားအောင်မြင်မှုအဆင့် (၉၀%) ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (၆၀%) ]
[မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း ]
[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ခံစားမှု၊ နှလုံးသားမျက်လုံး ဘာသာစကား (၉၀%) ]
[ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့်၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့်၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့်၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့်၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့်… ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်လေး အောက်ခြေအဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘အရက်ကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘ရွှေစားကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ 'စာအုပ်ကူ' - အဆင့်သုံး အောက်ခြေအဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘နဂါးဆင်ကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ 'အစီအရင်နှလုံးသားကူ' - အဆင့်လေး အလယ်အလတ်အဆင့်၊ 'ပစ္စည်းရှာဖွေကူ' - အဆင့်သုံး အောက်ခြေအဆင့်။ ]
"ငါ့ရဲ့ ကျင့်ကြံမှုမှာ ၉၀%တိုးတက်မှု ရနေပြီလား…"
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး၊ အတော်လေး ကျေနပ်နေသည်။
ငါးနှစ်တာ အပြင်းအထန် ကျင့်ကြံပြီးနောက်၊ သူ၏ ကျင့်ကြံမှုအဆင့်သည် သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ရွှေအမြုတေ အလယ်အလတ်အဆင့်သို့ နီးကပ်နေပြီ ဖြစ်သည်။
သူသည် (၁၅)နှစ်သာ ကျင့်ကြံခဲ့ရသေးပြီး၊ ရွှေအမြုတေ အစောပိုင်းအဆင့်၏ အဆုံးသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်။
သာမန် ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်၊ ချိုးဖြတ်မှုတစ်ခု ရရှိရန် နှစ် (၇၀)မှ (၈၀)အထိ ကြာမြင့်ပေလိမ့်မည်။
ထိုအရာသည်ပင်၊ ချိုးဖြတ်နိုင်မည့် အလားအလာရှိသော ကျင့်ကြံသူများအတွက်သာ ဖြစ်သည်။
မှန်ပေသည်၊ အမြန်ဆုံးသော တိုးတက်မှုသည် အစီအရင်ပညာတွင်သာ ရှိနေဆဲဖြစ်သည်။
ငါးနှစ်အတွင်း၌၊ ၎င်းကို စတုတ္ထအဆင့် အလယ်အလတ်အဆင့်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။
အရာအားလုံးသည် 'အစီအရင်နှလုံးသားကူ'၏ စွမ်းအားကြောင့်သာ ဖြစ်ပေသည်။
ဝူကျိကျွန်း၏ စတုတ္ထအဆင့် ထိပ်တန်းအစီအရင် ကို ကျူးကျော်ခဲ့ခြင်းကြောင့်၊ စတုတ္ထအဆင့် အစီအရင်များအပေါ် သူ၏ နားလည်မှုသည် အရည်အသွေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု ရရှိခဲ့သည်။
ထို့ကြောင့်ပင်၊ သူ၏ အစီအရင်ပညာသည် ဆတိုးကိန်းဖြင့် တိုးတက်လာခဲ့ခြင်းပင် ဖြစ်သည်။
သူ၏ အစီအရင်ပညာကို စတုတ္ထအဆင့် အထွတ်အထိပ်အထိ အဆင့်မြှင့်တင်နိုင်ဖို့ရာ များစွာကြာမြှင့်တော့မည် မဟုတ်ချေ။
ထိုအချိန်ကျလျှင်၊ ချန်လန်ပင်လယ် ဒေသတစ်ခုလုံးတွင် သူနှင့် ယှဉ်ပြိုင်နိုင်မည့် အစီအရင်ပညာရှင်ဟူ၍ များများစားစား ရှိတော့မည် မဟုတ်ပေ။
"ယောက်ျား..."
"စတုတ္ထအဆင့် မဟာအစီအရင်အတွက် ပစ္စည်းတွေ အဆင်သင့် ဖြစ်လုနီးပါးပါပဲ…"
"ရွှမ်ယင်လေးလံရေအစီအရင်ကို ဘယ်တော့လောက် စတည်ဆောက်နိုင်မလဲ…"
ဤအခိုက်အတန့်တွင်၊ ကျိုးစွေ့၏ ဆက်သွယ်ရေးအဆောင်က မြည်လာလေသည်။ ၎င်းသည် လန်ယွဲ့ရှီထံမှ သတင်းစကား ဖြစ်သည်။
"အဆင်သင့် ဖြစ်နေပြီလား.."
ဤသတင်းစကားကို ကြားလိုက်ရသောအခါ၊ ကျိုးစွေ့၏ မျက်လုံးများ လင်းလက်သွားပြီး၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
ရွှမ်ယင်လေးလံရေအစီအရင်အတွက် ပစ္စည်းများအားလုံး အဆင်သင့်ဖြစ်ရန်အတွက်၊ သူ ငါးနှစ်ပင် စောင့်ဆိုင်းခဲ့ရပြီး ဂိုဏ်းသုံးခု၏အင်အားကို ကုန်ခမ်းစေခဲ့ရသည်။
ရိုးရိုးသားသားဆိုရလျှင်၊ သူ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပေသည်။
သို့သော်၊ အရာအားလုံးက ထိုက်တန်ပေသည်။
ရွှမ်ယင်လေးလံရေအစီအရင်ကို အပြည့်အဝ တပ်ဆင်ပြီးတာနှင့်၊ သူ့တွင် ခိုင်မာသောအခြေစိုက်စခန်း ရှိလာပေလိမ့်မည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသ်တစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရလျှင်ပင်၊ သူ ကြောက်ရွံ့နေမည် မဟုတ်ဘဲ ပြိုင်ဘက်ကင်းသော နေရာတွင် ရှိနေနိုင်မည် ဖြစ်၏။
ဝှစ်...။
အချိန်ဆွဲမနေတော့ဘဲ၊ ကျိုးစွေ့သည် သူ၏ တိတ်ဆိတ်သောအခန်းမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဤအချိန်တွင် လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့သည် ခန်းမဆောင်ထဲတွင် စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ သူတို့ တစ်ဦးစီတိုင်း၏ လက်ထဲတွင် သိုလှောင်အိတ် တစ်ခုစီ ရှိနေပြီး၊ အားလုံးသည် စတုတ္ထအဆင့် မဟာရွှမ်ယင်လေးလံရေအစီအရင်အတွက် ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
"အရမ်းကောင်းတယ်… ဒါဆို စလိုက်ကြတာပေါ့…"
ကျိုးစွေ့ လက်လှမ်းလိုက်ပြီး၊ သိုလှောင်အိတ်များကို ဆွဲယူကာ၊ သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။
၎င်းတို့သည် ရွှမ်ယင်လေးလံရေအစီအရင်အတွက် ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
တန်ဖိုးသည် တိုင်းတာ၍ မရနိုင်ပေ။