← Chapters

ချူတျဲယီ၏ ညှို့ယူဖမ်းစားမှု၊ မတုန်လှုပ်သော လူကြီးလူကောင်း(၃)။

Vol. 26 Ch. 308

ချူတျဲယီ၏ ညှို့ယူဖမ်းစားမှု၊ မတုန်လှုပ်သော လူကြီးလူကောင်း(၃)။

Vol. 26 Ch. 308

ကျိုးစွေ့သည် နောက်ဆုံး အစီအရင်အလံကို နောက်ဆုံး အချိတ်အဆက်ထဲသို့ ထည့်လိုက်သောအခါ၊ စတုတ္ထအဆင့် ထိပ်တန်းအစီအရင်၊ ရွှမ်ယင်လေးလံရေအစီအရင်သည် ချက်ချင်း ပြီးစီးသွားခဲ့သည်။

အစီအရင်၏ အချိတ်အဆက်များသည် ချက်ချင်း ချိတ်ဆက်သွားပြီး၊ ကြီးမားသော ကွန်ရက်တစ်ခုကို ဖွဲ့စည်းလိုက်တော့သည်။

အဆုံးမရှိသော ရွှမ်ယင်အရှိန်အဝါနှင့် လေးလံရေ စွမ်းအားလှိုင်းလုံးကြီးများသည် အစီအရင်အတွင်း၌ စုဝေးလာကြသည်။

ပင်လယ်နက်အောက်တွင်၊ အမျိုးမျိုးသော ရွှမ်ယင်စွမ်းအားများနှင့် လေးလံရေများသည် မြစ်များစီးဆင်းနေသကဲ့သို့ ထင်ရသည်။

၎င်းတို့သည် ကြီးမားသော ဝိညာဉ်ကြော ကွန်ရက်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး၊ ပင့်ကူအိမ်တစ်ခုအလား ကြယ်သုံးပွင့်ကျွန်းစုတစ်ခုလုံးကို လွှမ်းခြုံထားပြီး၊ ကီလိုမီတာနှစ်သိန်းရှိသော ပင်လယ်ပြင် ဧရိယာကို ဝန်းရံထားသည်။

ဘုန်း...။

ရုတ်တရက်၊ ကြီးမားသော အစီအရင်အတားအဆီးတစ်ခုသည် ဤပင်လယ်ပြင် အပိုင်းအခြားကို လွှမ်းခြုံသွားပြီး၊ သဘာဝဝိညာဉ်စွမ်းအင်အားလုံးကို ဤအစီအရင်အတားအဆီးအတွင်း၌ ပိတ်လှောင်ထားသည့် ထွင်းဖောက်မြင်နေရသော နယ်နိမိတ်တစ်ခုကို ဖွဲ့စည်းလိုက်တော့သည်။

မမြင်နိုင်သော အစီအရင်၏ အစွမ်းသတ္တိသည် ပင်လယ်နယ်မြေ ကီလိုမီတာနှစ်သိန်းကို ဝါးမျိုသွားသည်။

ဤ အစီအရင်ကိုသာ အသက်သွင်းလိုက်ပါက၊ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သော အံ့မခန်းဖွယ်ရာ စွမ်းအားကို သေချာပေါက် ထုတ်လွှတ်ပေလိမ့်မည်။

"သွား…"

အတွေးတစ်ချက်ဖြင့်၊ ကျိုးစွေ့သည် 'အစီအရင်နှလုံးသားကူ'ကို အစီအရင်၏ အဓိကအူတိုင် နက်ရှိုင်းရာဆီသို့ ပို့လွှတ်လိုက်သည်။

အမှန်တကယ်တွင်၊ 'အစီအရင်နှလုံးသားကူ'သည် ဝူကျိကျွန်းမှ ဝူကျိချန်ကွန်အစီအရင်ကို အပြည့်အဝ ချေဖျက်ပြီးကတည်းက၊ ၎င်းကို ထိုနေရာတွင်ထားခဲ့ရန် မလိုအပ်တော့သဖြင့်၊ ကျိုးစွေ့၏ ကိုယ်ပွားက ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

'အစီအရင်နှလုံးသားကူ'သည် ကျိုးစွေ့အတွက် ဆုံးရှုံးခံ၍မရနိုင်သော အရေးကြီးသည့် ကူပိုးကောင်တစ်ကောင် ဖြစ်ပေသည်။

ထို့အပြင်၊ စတုတ္ထအဆင့် ထိပ်တန်းအစီအရင်နှင့် တွဲဖက်လိုက်သောအခါ၊ ၎င်းသည် ထည့်သွင်းစဉ်းစားရမည့် အင်အားစုတစ်ခု ဖြစ်လာသည်။

'အစီအရင်နှလုံးသားကူ'နှင့်အတူ၊ ဤအစီအရင်၏ စွမ်းအားကို အမြင့်ဆုံးသို့ ရောက်ရှိစေနိုင်သည်။

ဘန်း…။

'အစီအရင်နှလုံးသားကူ'သည် စတုတ္ထအဆင့် ထိပ်တန်းအစီအရင်ထဲသို့ ပေါင်းစပ်သွားသည့် အခိုက်အတန့်တွင်၊ ကျိုးစွေ့တစ်ယောက် သူ၏ စိတ်ဝိညာဉ်သည် အစီအရင်နှင့် ပေါင်းစပ်သွားသကဲ့သို့၊ အစီအရင်၏ မည်သည့်စွမ်းအားကိုမဆို အားစိုက်ထုတ်စရာ မလိုဘဲ ထိန်းချုပ်နိုင်သည်ကို အာရုံခံလိုက်မိသည်။

စတုတ္ထအဆင့် ထိပ်တန်းဝိညာဉ်ကြောတစ်ခုလုံး၏ စွမ်းအားပင်လျှင် သူ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေသည်။

ဤအခိုက်အတန့်တွင်၊ အတွေးတစ်ချက်ဖြင့် ကြုံရာကျပန်းတိုက်ခိုက်မှု တစ်ခုသည်ပင် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သော အင်အားတစ်ခုကို ထုတ်လွှတ်နိုင်သည်ဟု သူ ခံစားလိုက်ရသည်။

"အရမ်းကောင်းတယ်… သိပ်ကိုကောင်းတယ်.. ဒါ စတုတ္ထအဆင့် အစီအရင်ရဲ့ စွမ်းအားလား…"

"တကယ်ကို ထူးကဲတာပဲ…"

ကျိုးစွေ့ စိတ်လှုပ်ရှားမှုများဖြင့် လွှမ်းမိုးခံလိုက်ရသည်။ အရင်းအမြစ်များစွာ၊ အချိန်ပေါင်းများစွာ ကုန်ဆုံးပြီးနောက်၊ သူသည် ရွှမ်ယင်လေးလံရေအစီအရင်တည်ဆောက်ခြင်းကို နောက်ဆုံးတွင် ပြီးမြောက်နိုင်ခဲ့သည်။

ဤစတုတ္ထအဆင့် မဟာအစီအရင်နှင့်အတူဆိုလျှင်၊ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ သူ့ကို ဝိုင်းရံတိုက်ခိုက်လျှင်ပင်၊ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ယခုမှသာ၊ သူသည် ပြိုင်ဘက်ကင်းနေရာတွင် အမှန်တကယ် ရပ်တည်နိုင်ပြီ ဖြစ်၏။

"သူ တကယ် အောင်မြင်ခဲ့တယ်လား.."

ဘေးတွင် ရပ်နေသော ချူတျဲယီသည် ပြူးကျယ်နေသော မျက်ဝန်းလှလှလေးများနှင့်အတူ နက်ရှိုင်းသော အံ့ဩမှုကို ခံစားလိုက်ရသည်။

ဤကမ္ဘာပေါ်တွင် မည်သူမျှ ထိုကဲ့သို့သော အံ့မခန်းဖွယ်ရာ စတုတ္ထအဆင့် မဟာအစီအရင်ကို တစ်ကိုယ်တည်း တည်ဆောက်နိုင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဤစတုတ္ထအဆင့် မဟာအစီအရင်သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူမ အာရုံခံနိုင်သည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်လျှင်ပင်၊ သူတို့သည် အစီအရင်ကို ချိုးဖြတ်နိုင်မည် မဟုတ်ပေ။

ဤယောက်ျားသည် စတုတ္ထအဆင့် အစီအရင်အကြောင်း သတင်းအချက်အလက်ကို ထုတ်ဖော်ပြသဖို့ မကြောက်ရွံ့သည်မှာ အံ့ဩစရာမဟုတ်တော့ချေ။

ထင်ရှားသည်မှာ၊ မဟာအစီအရင် ပြီးစီးသည်နှင့်၊ အစီအရင်အတွင်း ရပ်နေသော ဤယောက်ျားသည် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။

"ဆရာသခင်ကျိုး... ကျွန်မနဲ့အတူ ကောင်းကင်မိစ္ဆာဂိုဏ်းကို လိုက်ခဲ့ချင်လား…"

"ရှင့်ရဲ့ ပါရမီနဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင်.. အနာဂတ်မှာ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် သေချာပေါက် ဖြစ်လာလိမ့်မယ်…"

"ရှင် ချန်လန်ပင်လယ်ဒေသကိုတောင် ပေါင်းစည်းနိုင်ကောင်း ပေါင်းစည်းနိုင်လိမ့်မယ်… ပြီးတော့ အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး…"

ချူတျဲယီသည် တောက်ပနေသော မျက်လုံးများဖြင့် ကျိုးစွေ့ကို ကြည့်လိုက်ပြီး၊ သူမ၏ နှလုံးသား ရိုင်းစိုင်းစွာ ခုန်နေသည်ကို ခံစားလိုက်ရသည်။

သူမသာ ဤယောက်ျားကို ကောင်းကင်မိစ္ဆာဂိုဏ်းဆီ အမှန်တကယ် ခေါ်ဆောင်သွားနိုင်ခဲ့ပါက၊ ဂိုဏ်းသည် မကြုံစဖူး အစွမ်းထက်လာနိုင်ပေသည်။

ချန်လန်ပင်လယ်ဒေသတွင် အသန်မာဆုံးဂိုဏ်း ဖြစ်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်သော ပန်းတိုင်တစ်ခု မဟုတ်နိုင်တော့ချေ။

"မင်းနဲ့ လိုက်ခဲ့ဖို့ ငါ စဉ်းစားပေးလို့တော့ ရပါတယ်…"

"ကောင်းကင်မိစ္ဆာဂိုဏ်းက လှပတဲ့ အမျိုးသမီးတပည့်တွေကို ငါ့ရဲ့ မယားငယ်တွေ ဖြစ်လာဖို့ ခွင့်ပြုပေးဖို့ ဆန္ဒရှိသရွေ့… ငါ စဉ်းစားပေးနိုင်ပါတယ်…”

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။

"ဟွန့်... ရှင် အရှက်မရှိတဲ့လူ…"

"ရှင်က ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ လှပတဲ့ အမျိုးသမီးတပည့်တွေ အကုန်လုံးကို ယူချင်နေတာလား.. ရှင်က တော်တော် မျက်နှာပြောင်တိုက်တာပဲ…"

ချူတျဲယီ ကျိုးစွေ့ကို တံတွေးထွေးလိုက်သည်။

သူမ ဤယောက်ျားအား လူကြီးလူကောင်းတစ်ဦးဟု မူလက ထင်ထားခဲ့သော်ငြား၊ သူသည် အရှက်မရှိသည့်အပြင် ကာမဂုဏ်လိုက်စားသော ရာဂဘီလူးတစ်ကောင်ပင် ဖြစ်နေချေသည်။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ လှပသော အမျိုးသမီးတပည့် အကုန်လုံးအား လက်ထပ်ချင်သော သူ၏ ရဲတင်းမှုကို သူမ မယုံကြည်နိုင် ဖြစ်နေမိတော့သည်။

ဒင်းသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ဧကရာဇ် ဟု အမှန်တကယ် ထင်နေခြင်းပင်။ အလှလေး၃၀၀၀ရှိသော မောင်းမဆောင်တစ်ခုအား တည်ဆောက်ချင်နေသည် မဟုတ်ပါလော။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင်၊ သူမ ဤယောက်ျားကို ပြင်းပြင်းထန်ထန် ပြေးသာ ကိုက်လိုက်ချင်မိတော့သည်။

"ဒီမယ် အမိ... မင်း မလုပ်နိုင်ရင်.. အာပလာကတိတွေ လာပေးမနေစမ်းပါနဲ့…”

ကျိုးစွေ့သည် ချူတျဲယီ၏ ခါးသွယ်သွယ်လေးကို ပွေ့ဖက်လိုက်ပြီး၊ ‘တည်နေရာပြောင်းကူ’ကို အသုံးပြုကာ၊ အင်မော်တယ်ရှားမြို့တော်ရှိ ခြံဝင်းတစ်ခုသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

ဤနေရာသည် ချူတျဲယီတစ်ယောက် ပုံမှန်နေထိုင်သော နေရာလည်း ဖြစ်၏။

ထို့နောက်၊ သူ၏ပုံရိပ်သည် လက်ခနဲ ဖြစ်သွားပြီး၊ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

"ဒီအကောင်စုတ်တော့လား…"

ကျိုးစွေ့ ပြန်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ၊ ချူတျဲယီခမျာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

သူမ၏ များပြားလှသော ရေလာမြောင်းပေး ကိစ္စရပ်များ ရှိခဲ့သည့်တိုင်၊ ဤယောက်ျားသည် သူမအပေါ် လျစ်လျူရှုထားဆဲ ဖြစ်သည်။

သူမမှလွဲလျှင် လောကကြီးရှိ မည်သည်မိန်းမ မဆို သူ့အတွက် အဆင်ပြေနေသကဲ့သို့ပင်၊ ထင်ရှားသည်မှာ ထိုယောက်ျားသည် သူမကို အထင်သေးနေချေသည်။

"ဟင့်အင်း… တစ်ခုခုတော့ မှားနေပြီ… ဒီယောက်ျားက ဘယ်အလှလေးကိုမှ ငြင်းပယ်မှာ မဟုတ်တဲ့ ကာမဂုဏ်လိုက်စားတဲ့ ရာဂဘီလူးတစ်ကောင်ဆိုတာ ရှင်းနေတာပဲကို…"

"ငါလို ပြိုင်ဘက်ကင်း အလှပဂေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သူ့ရင်ခွင်ထဲ ပစ်သွင်းနေတာကို.. သူ ငြင်းပယ်နေစရာအကြောင်းမရှိဘူးလေ…"

"ဒါပေမဲ့ ဒီအကောင်စုတ်က ငါ့ကို အေးတိအေးစက် ဆက်ဆံနေတုန်းပဲ.. ငါ့ကို သားရဲ တစ်ကောင်လို ဆက်ဆံပြီး… ငါ့ဆီကနေ တတ်နိုင်သမျှ အမြန်ဆုံး ဝေးဝေးပြေးချင်နေတာ…"

"ဒီယောက်ျားက ငါ့ရဲ့ ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာအကြောင်းများ သိနေတာလား…"

"အဲ့တာကြောင့် သူက ငါ့ကို အာလူးပူတစ်လုံးလို ဆက်ဆံနေတာလား…"

ချူတျဲယီတစ်ယောက် ဤအကြောင်းကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။

သူမ၏ ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာသည် သူမကိုယ်တိုင်ထံ ကပ်ဘေး ယူဆောင်လာရုံသာမက၊ သူမ ပတ်ဝန်းကျင်ရှိ လူများထံသို့ပါ ယူဆောင်လာတတ်ပြီး၊ ကံဆိုးမိုးမှောင်ကျမှုများကို ဆက်တိုက် ဖြစ်ပေါ်စေတတ်သည်။

ထို့ကြောင့်ပင်၊ သူမတွင် သူငယ်ချင်းမိတ်ဆွေ ဟူ၍ မရှိသလောက် ဖြစ်နေရခြင်းပင်။

ကောင်းကင်မိစ္ဆာဂိုဏ်းထဲက မည်သူမျှ သူမအနား မကပ်ရဲကြချေ၊ သူမ၏ ကံဆိုးမှုများအကြား ပါဝင်ပတ်သက်သွားကြမည်ကို ကြောက်ရွံ့ကြသောကြောင့်ပင် ဖြစ်သည်။

မှန်ပေသည်၊ သူမသာ ထိုကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပါက၊ သက်ဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည် ဖြစ်သည်။

ဤသည်မှာ အဆိုးနှင့်အကောင်း အတူယှဉ်တွဲ တည်ရှိနေခြင်းကို ကိုယ်စားပြုနေသည်။

သူမ၏ ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာသည် လူအနည်းငယ်သာ သိရှိသော ကောင်းကင်မိစ္ဆာဂိုဏ်း၏ အမြင့်ဆုံးလျှို့ဝှက်ချက် ဖြစ်သည်။ အခြား ကျင့်ကြံသူများအနေဖြင့်၊ သူမ၏ အထူးရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံကို သာမန်မျက်စိဖြင့် မှတ်မိရန် အလွန် ခက်ခဲပေလိမ့်မည်။

သူမ၏ ဆရာကိုယ်တိုင်ပင် သူမ၏ အထူးရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံအကြောင်း လေ့လာရန် ရှေးဟောင်း စာအုပ်များစွာကို ဖတ်ရှုခဲ့ရသည်။

သို့သော်၊ ဤယောက်ျားသည် မည်မျှ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ကြောင်း၊ နားလည်နိုင်စွမ်းထက် ကျော်လွန်သော နည်းလမ်းများစွာကို ပိုင်ဆိုင်ထားကြောင်း ထည့်သွင်း စဉ်းစားလိုက်လျှင်မူ၊ သူမ၏ ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံ အကြောင်း လျှို့ဝှက်ချက်ကို သိရှိနေပါက အံ့ဩစရာ မဟုတ်ပေ။

"ဒါကြောင့်ကိုး.. ဒီအကောင်စုတ်က ငါ့ကို အမြဲတမ်း ရှောင်နေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး…"

"ငါ ကိုယ့်ကိုယ်ကိုယ် သူ့ဆီ ပစ်သွင်းလိုက်ရင်တောင်.. သူ တုတ်တုတ်မလှုပ်တာ…”

"ဟမ့်… သူက ငါ့ရဲ့ အထူးရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံအကြောင်း သိနေပြီး.. ငါက ဂြိုဟ်ဆိုးတစ်ယောက် ဆိုတာ သိနေလို့… ဒါကြောင့် ငါ့ကို ဒီလို ဆက်ဆံနေတာပဲ ဖြစ်ရမယ်…"

"ငါ့ရဲ့ ကံဆိုးမှုတွေထဲမှာ ပါဝင်ပတ်သက်သွားမှာ ကြောက်လို့.. သူ ငါ့ကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားတာကိုတောင် မြင်ချင်နေတာကိုး.."

"အဟတ်... သူသာ ငါ့ကို ယဉ်ယဉ်ကျေးကျေး ပြောခဲ့ရင်.. ငါ ထွက်သွားကောင်း ထွက်သွားပေးဦးမယ်.."

"ဒီလိုအချိုးမျိုးကတော့.. ငါ ချူတျဲယီကို လာစိန်ခေါ်နေတာပဲ…”

"နင်က ငါ့ကို ဝေးဝေးနေစေချင်တာလား… ဟမ့်.. ကောင်းပြီလေ.. ငါ နင့်ကို ကုတ်ကပ်ကို ဖက်တွယ်ထားလိုက်ဦးမယ်.. သေတဲ့အထိကို ဖက်တွယ်ထားလိုက်မယ်.."

"တစ်သက်တာလုံး.. ငါကို ပလစ်လို့ရမယ် စိတ်မကူးနဲ့.. ဟမ့်…"

ချူတျဲယီတစ်ယောက် ပိုးစိုးပက်စက်ကို ဒေါသထွက်နေတော့သည်။

သူမ၏ မျက်ဝန်းလှလှများ အရောင်အမျိုးမျိုး ပြောင်းလဲနေကာ၊ အကြံအစည်မျိုးစုံအား အသည်းအသန် စဉ်းစားနေပုံ ရလေသည်။

မည်သို့ပင်ဖြစ်စေ၊ သူမ ဤယောက်ျားကို အနိုင်ယူရန် မုချ ဆုံးဖြတ်လိုက်တော့သည်။

All Chapters