နှလုံးသားမျက်လုံးဘာသာစကား ဖွဲ့စည်းခြင်း၊ အရာခပ်သိမ်း၏အသံ(၁)။
Vol. 26 Ch. 310
အင်မော်တယ်ရှားတောင်ထွတ်၏ ပင်မခန်းမဆောင်…။
ဤအခိုက်အတန့်တွင် ဝူကျိမဟာမိတ်အဖွဲ့၏ ဝူကျိကျွန်းမှ ရွှေအမြုတေအဆင့် စီမံခန့်ခွဲရေးမှုးသုံးဦး ရောက်ရှိနေကြသည်။ သူတို့သည် ကျောက်ယန်၊ လီကျိုချွန်းနှင့် ချန်ဖုန်းတို့ ဖြစ်ကြပြီး၊ အားလုံးသည် ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူများ ဖြစ်ကာ ရွှေအမြုတေအဆင့်၏ အစွမ်းထက်သော အရှိန်အဝါများ လွှမ်းခြုံထားကြသည်။
တစ်ဦးစီတိုင်းသည် မောက်မာထောင်လွှားတတ်သော ဧကရာဇ်အမိန့်တော်ပြန်တမ်းကို ကိုင်ဆောင်ထားသည့် နန်းတွင်းသံတမန်များကဲ့သို့ ပြုမူနေကြသည်။
"ဟမ့်... မသိနားမလည်လိုက်တဲ့ငတုံးတွေ…"
"ငါတို့က ဝူကျိကျွန်းက ရွှေအမြုတေ စီမံခန့်ခွဲရေးမှုးတွေဆိုတာ သူတို့ သိသင့်တယ်…"
"ငါတို့ကို စိတ်ဝိညာဉ်လက်ဖက်ရည် တစ်ခွက်တောင် မကမ်းလှမ်းဘူး ဆိုတော့.. သူတို့က ငါတို့ကို အရေးမပါတဲ့သူတွေလို့ တကယ် ထင်နေတာပဲ…"
"အင်မော်တယ်ရှားမြို့တော်မှာ ပုန်ကန်မယ့် အတွေးတွေ ရှိနေတာများလား…"
ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး ကျောက်ယန်သည် အလွန်ပင် မကျေမနပ် ဖြစ်နေသည်။ အလေးမထား ခံရသည်ဟု ခံစားနေရပြီး၊ အတွင်းစိတ်တွင် အလွန်အမင်း မပျော်မရွှင် ဖြစ်နေမိသည်။
"တောသားအရိုင်းအစိုင်းတွေရဲ့ စရိုက်က ဒီလိုပါပဲ.. သူတို့မှာ ယဉ်ကျေးမှုဆိုတာ မရှိဘူး…"
"ပညာမတတ်ကြတော့.. သူတို့က လောကကြီးရဲ့ အန္တရာယ်တွေကို လုံးဝ နားမလည်ကြဘူးပေါ့ကွာ.."
အခြား ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး လီကျိုချွန်းက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"ငါတို့ သတိထားသင့်သေးတယ်.."
"အင်မော်တယ်ရှားမြို့တော်က ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးယောက်မှာ တော်တော်လေး နာမည်ဆိုးရှိတယ်လို့ ပြောကြတယ်.."
"ဝူမျိုးနွယ် သိမ်းငှက်သုံးကောင်နဲ့ သွေးစွန်းမိစ္ဆာတို့ အကုန်လုံး သူတို့ လက်ချက်နဲ့ ကျဆုံးခဲ့ကြရတာ…"
"မင်းတို့ နှစ်ယောက် ရေမြောင်းထဲမှာ သင်္ဘောမမှောက်စေနဲ့ဦး…"
ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး ချန်ဖုန်းက သတိပေးလိုက်သည်။
"ဟမ့်…"
ဤစကားကြောင့် ကျောက်ယန်နှင့် လီကျိုချွန်းတို့ ချက်ချင်း ငြိမ်သက်သွားကြသည်။
မည်သို့ပင်ဖြစ်စေ၊ ဝေးလံခေါင်သီသော ကျွန်းတစ်ကျွန်းမှ လာသော အင်မော်တယ်ရှားမြို့တော်၏ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးဦးသည် ဂုဏ်သတင်း အချို့ ရှိနေကြသည် မဟုတ်ပါလော။
နှစ် (၃၀)မှ (၅၀)အတွင်း တိုတောင်းသောကာလ၌၊ သူတို့သည် ထိုကဲ့သို့သော ကြီးမားသည့် အခြေခံအုတ်မြစ်ကို တည်ထောင်နိုင်ခဲ့သည်။
၎င်းသည် ဟာသ မဟုတ်ပေ။
သူတို့သည် ဌာနချုပ်မှ ရွှေအမြုတေ စီမံခန့်ခွဲရေးမှုးများ ဖြစ်ကြပြီး၊ မြင့်မားသော ရာထူးများ ရယူထားကြသော်လည်း၊ ချန်လန်ပင်လယ်ဒေသတွင် အဆုံးအဖြတ်ပေးသည့် အချက်မှာ လက်သီးသာ ဖြစ်သည်။
ဝှစ်… ဝှစ်… ဝှစ်…။
ဤအခိုက်အတန့်တွင် ကျိုးစွေ့၊ လန်ယွဲ့ရှီ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့အားလုံး ပင်မခန်းမဆောင်အတွင်း၌ ပေါ်လာကြသည်။
"ဂုဏ်သရေရှိ စီမံခန့်ခွဲရေးမှုးများရှင့်... ကျွန်မတို့ တကယ် တောင်းပန်ပါတယ်…"
"စောစောက ဂိုဏ်းကိစ္စတွေ ဖြေရှင်းနေရလို့ အလုပ်ရှုပ်နေပြီး.. သင့်လျော်တဲ့ ကြိုဆိုမှု မလုပ်ပေးနိုင်ခဲ့ပါဘူး…"
"ဒါက ကျွန်မတို့ အင်မော်တယ်ရှားဂိုဏ်းရဲ့ အထူးထွက်ကုန်.. တတိယအဆင့် စိတ်ဝိညာဉ်အရက်ပါ…"
"ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ တောင်းပန်မှုအနေနဲ့ လက်ခံပေးပါ…"
လန်ယွဲ့ရှီသည် အနည်းငယ် ပြုံးလိုက်ပြီး စိတ်ဝိညာဉ်အရက်သုံးအိုး ထုတ်ယူလိုက်သည်။
ဤတတိယအဆင့် စိတ်ဝိညာဉ်အရက်သည် အဆင့်သုံး ‘အရက်ကူ’ထံမှ သဘာဝအတိုင်း ရရှိခြင်း ဖြစ်သည်။ ယခုအခါ ၎င်းသည် နေ့စဉ် စိတ်ဝိညာဉ်အရက်အမြောက်အမြားကို ထုတ်လုပ်ပေးနေသည်။
၎င်းသည် အင်မော်တယ်ရှားမြို့တော်၏ အထူးထွက်ကုန်တစ်ခု ဖြစ်လာခဲ့ပြီဟု ဆိုနိုင်ပေသည်။
စိတ်ဝိညာဉ်အရက် ကြိုက်နှစ်သက်သော ကျင့်ကြံသူအများအပြားသည် ၎င်းကို မြည်းစမ်းရန်အတွက်သက်သက်ပင် လာရောက်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ တတိယအဆင့် စိတ်ဝိညာဉ်အရက်သည် အလွန် ရှားပါးပြီး၊ ဖန်တီးရန် စိတ်ဝိညာဉ်ပစ္စည်း ပမာဏမည်မျှ လိုအပ်သည်ကို မသိနိုင်ပေ။
ရွှေအမြုတေကျင့်ကြံသူများပင်လျှင် တတိယအဆင့် စိတ်ဝိညာဉ်အရက်ကို နေ့စဉ် မသောက်သုံးနိုင်ကြပေ။
တတိယအဆင့် စိတ်ဝိညာဉ်အရက်တစ်အိုးကို မြင်လိုက်ရသောအခါ၊ ရွှေအမြုတေအဆင့် စီမံခန့်ခွဲရေးမှုးသုံးဦး၏ မျက်နှာထားများ အနည်းငယ် တိုးတက်လာသည်။
တောရွာဇနပုဒ်မှ ဤရိုင်းစိုင်းသော ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူများသည် နောက်ဆုံးတွင် လောကဝတ်အနည်းငယ်အား နားလည်လာပုံ ရသည်။
"ဂုဏ်သရေရှိ စီမံခန့်ခွဲရေးမှုး သုံးယောက်ကို ကျွန်မတို့ အင်မော်တယ်ရှားမြို့တော်ဆီ ဘယ်အရာကများ ခေါ်ဆောင်လာစေခဲ့တာလဲ…"
လန်ယွဲ့ရှီက လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။
"ကောင်းပြီ.. ကျွန်တော်က ရောင်းရင်းလန်လို ပွင့်ပွင့်လင်းလင်း ရှိတဲ့သူတွေကို သဘောကျတယ်…"
"ခင်ဗျားတို့ သတင်းရပြီးသားလို့ ကျုပ် ယုံကြည်ပါတယ်…"
"ကျုပ်တို့ ဝူကျိမဟာမိတ်အဖွဲ့က ပထမ ခံစစ်လိုင်းမှာ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ခံစစ်လိုင်းကို ဆုတ်ခွာခဲ့ရတယ်…"
"ဒါပေမဲ့… ကျုပ်တို့ ကျင့်ကြံသူတွေကြားမှာ သေဆုံးဒဏ်ရာရမှု အများအပြား ရှိနေတာကြောင့်… ကျုပ်တို့မှာ လူအင်အား ဖြည့်တင်းမှု အများကြီး လိုအပ်နေတယ်…"
"ဒီတော့.. ခင်ဗျားတို့ ရွှေအမြုတေကျင့်ကြံသူတွေအနေနဲ့ ပင်လယ်မျိုးနွယ်စုရဲ့ စစ်တပ်ကို ပူးပေါင်းခုခံဖို့ ကျုပ်တို့ ဝူကျိမဟာမိတ်အဖွဲ့နဲ့အတူ စစ်မြေပြင်ကို လိုက်ပါရမယ့် တာဝန် ရှိပါတယ်…"
ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး ကျောက်ယန်က လန်ယွဲ့ရှီနှင့် အခြားသူများကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
"ဘာရယ်…”
ဤသည်ကို ကြားလိုက်ရသောအခါ၊ လန်ယွဲ့ရှီနှင့် အခြားသူများသည် ထိုကဲ့သို့သောကိစ္စကို သံသယ ဝင်ခဲ့သော်လည်း၊ ဤမျှ မြန်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ဝူကျိမဟာမိတ်အဖွဲ့သည် ရွှေအမြုတေကျင့်ကြံသူများကို နေရာအနှံ့မှ စတင်ဆင့်ခေါ်နေပြီ ဖြစ်သည်။
ကြယ်သုံးပွင့်ကျွန်းစုကဲ့သို့ ဝေးလံခေါင်သီသော နေရာမျိုးပင်လျှင် မလွတ်မြောက်နိုင်ပေ။
ရိုးရိုးသားသား ဝန်ခံရလျှင်၊ သူတို့ မသွားချင်ကြပေ။
မည်သို့ပင်ဆိုစေကာမူ၊ ရွှေအမြုတေကျင့်ကြံသူများပင်လျှင်၊ စစ်မြေပြင်တွင် သူတို့၏ အသက်ရှင်သန်မှုကို အာမခံချက် မပေးနိုင်ချေ။
ခြေလှမ်းမှားတစ်ချက်က သေဆုံးမှုဆီ ဦးတည်သွားနိုင်ပေသည်။
ပင်လယ်မျိုးနွယ်စုနှင့် ဝူကျိမဟာမိတ်အဖွဲ့ကြား ယခင်တိုက်ပွဲများတွင် ရွှေအမြုတေကျင့်ကြံသူ အများအပြား သေဆုံးခဲ့ကြရသည်။
အရေးကြီးဆုံးအချက်မှာ၊ လင်းယာကျူသည် အရေးကြီးသောအခြေအနေတွင် ရှိနေပြီး၊ သူမ၏ ဝိညာဉ်သန္ဓေသားကို ဖွဲ့စည်းခါနီး ဖြစ်နေသည်။
ဤသို့သောအခြေအနေတွင် သူမ စစ်မြေပြင်သို့ မည်သို့ သွားရောက်နိုင်ပါမည်နည်း။
သူမ၏ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းမှု နှောင့်နှေးသွားပါက၊ ကပ်ဘေးဆိုက်ရောက်ပေလိမ့်မည်။
"ရောင်းရင်းလန်.. ရောင်းရင်းလင်း.. ရောင်းရင်းရှန်.."
"ခင်ဗျားတို့လည်း ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဆိုတာ မမေ့ပါနဲ့…"
"ခင်ဗျားတို့ တတိယအဆင့်ကျွန်းကို ဝင်ရောက်ခွင့်ရတာက ကျုပ်တို့ ဝူကျိမဟာမိတ်အဖွဲ့က ပေးတဲ့ အကျိုးကျေးဇူးတွေကြောင့် သက်သက်ပါပဲ…"
"သာမန်နေ့တွေမှာ… ခင်ဗျားတို့ လုပ်ရမှာက စီမံခန့်ခွဲမှုကြေး အနည်းငယ် ပေးဆောင်ဖို့ပဲ…"
"ဒါပေမဲ့ အရေးကြီးတဲ့ အချိန်တွေမှာတော့… ခင်ဗျားတို့ရဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေကို မဖြစ်မနေ ထည့်ဝင်ရမှာပဲ…"
"ခင်ဗျားတို့ စစ်မြေပြင်မှာ ထွက်ပြေးရင်… ခင်ဗျားတို့ကို စစ်ပြေးတွေအဖြစ် သတ်မှတ်ပြီး… ဝူကျိမဟာမိတ်အဖွဲ့က ခင်ဗျားတို့ကို ကမ္ဘာမြေအဆုံးထိ လိုက်လံဖမ်းဆီးလိမ့်မယ်…."
ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး လီကျိုချွန်း၏ မျက်နှာထား အေးစက်သွားပြီး၊ သူ၏ ခန္ဓာကိုယ်မှ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ် ထွက်ပေါ်နေသည်။
ထင်ရှားသည်မှာ၊ သူတို့ ဤနေရာသို့ တာဝန်တစ်ခုနှင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
သူတို့သည် အဓိကကျွန်းများအားလုံးမှ ရွှေအမြုတေဆရာသခင်များကို ရှေ့တန်း စစ်မျက်နှာပြင်သို့ ခေါ်ဆောင်သွားရမည် ဖြစ်သည်။
သူတို့၏ ဌာနချုပ်မှ ကျင့်ကြံသူများ အသက်စွန့်စားနေရချိန်တွင်၊ ရွှေအမြုတေမိသားစုများမှ ကျင့်ကြံသူများက နောက်တန်းတွင် သက်သောင့်သက်သာ နေထိုင်နေကြသည် ဆိုသည်မှာ မဖြစ်သင့်ပေ။
ယင်းက လွန်လွန်းအားကြီးသည် မဟုတ်ပါလော။
"ဒါ..."
ဤသည်ကို ကြားလိုက်ရသောအခါ၊ လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့၏ မျက်နှာအမူအရာများ လေးနက်သွားကြသည်။ ဝူကျိမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်း၏ တန်ဖိုးကို ပေးဆပ်ရတော့မည် ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
လောကြကြီးတွင်း အလကားရသော နေ့လယ်စာဟူ၍ မရှိပေ။
ဝူကျိမဟာမိတ်အဖွဲ့သည် သာမန်နေ့ရက်များတွင် များစွာ မတောင်းဆိုသော်လည်း၊ အရေးကြီးသော အချိန်များတွင် သူတို့၏ တာဝန်များကို ရှောင်လွှဲ၍ မရနိုင်ပေ။
"ကိစ္စမရှိဘူး.. သူတို့ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ပါ…"
"မင်းတို့ မေ့သွားကြပြီလား…"
"ကိုယ့်မှာ ကိုယ်ပွားတွေ ထုတ်နိုင်တဲ့ စွမ်းရည် ရှိတယ်လေ… ကိုယ် မင်းတို့ကိုယ်စားသွားဖို့… မင်းတို့နဲ့ တူတဲ့ ကိုယ်ပွားသုံးခု ဖန်တီးပေးနိုင်ပါတယ်…"
"သူတို့က စစ်မြေပြင်မှာ မင်းတို့အစား ဝင်ရောက် ယှဉ်ပြိုင်ပေးလိမ့်မယ်…"
ဤအခိုက်အတန့်တွင်၊ ကျိုးစွေ့သည် လန်ယွဲ့ရှီနှင့် အခြားသူများကို အသိပေးရန် အသံပေးပို့လိုက်သည်။
အမှန်အတိုင်းဆိုရလျှင်၊ သူသည် ထိုကဲ့သို့သော အခြေအနေမျိုး အတွက် ကြာမြင့်စွာကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့သည်။
သူတို့ အတင်းအကျပ် ဆင့်ခေါ်ခံရလျှင်ပင်၊ သူသည် သူ၏ကိုယ်ပွားများကို သူတို့အစား အစားထိုးနိုင်သည်။
သူ၏ ကိုယ်ပွားများသည် ဤကဲ့သို့သော အချိန်များတွင် အတိအကျ အသုံးဝင်ပေလိမ့်မည်။
"ကောင်းပါပြီ.. ငါတို့ အဲ့ဒီကိစ္စအပေါ် သံသယ မရှိပါဘူး…"
"ဒါပေမဲ့ ငါတို့ ထွက်သွားပြီးတဲ့နောက်… အင်မော်တယ်ရှားမြို့တော်ကို စောင့်ရှောက်မယ့် ရွှေအမြုတေဆရာသခင်မရှိရင် အလားအလာရှိတဲ့ အန္တရာယ်တွေ ရှိလာနိုင်မလား…"
လန်ယွဲ့ရှီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
သို့သော်၊ သူမ ကြယ်သုံးပွင့်ကျွန်းစုမှ ထွက်ခွာသွားသည်နှင့် အင်မော်တယ်ရှားမြို့တော်တွင် ကြီးလေးသော ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ပူပန်သော အမူအရာကို ပြသနေဆဲ ဖြစ်သည်။
"မပူပါနဲ့… ဒီအချိန်မှာ ဝူကျိမဟာမိတ်အဖွဲ့ ကာကွယ်ထားတဲ့ ငါတို့ရဲ့ ကျွန်းတွေကို ဘယ်သူမှ ကျူးကျော်ရဲမှာ မဟုတ်ဘူး…"
"စစ်ပွဲ ပြီးတာနဲ့… ပြဿနာရှာဖို့ ကြိုးစားရဲတဲ့ ဘယ်သူမဆို.. ငါတို့ ဝူကျိမဟာမိတ်အဖွဲ့က သူတို့ကို ရေဆုံးမြေဆုံး လိုက်လံဖမ်းဆီးမှာ သေချာပါတယ်"
"သူတို့ ကမ္ဘာမြေအဆုံးထိ ထွက်ပြေးရင်တောင်မှ.. သေချာပေါက် သုတ်သင်ခံရလိမ့်မယ်…"
ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး ကျောက်ယန် ပြောဆိုလိုက်သည်။ လုပ်နိုင်သည်၊ မလုပ်နိုင်သည်အား ဂရုမစိုက်ဘဲ၊ ဗလာကတိများ အရင် ပေးလိုက်ခြင်းသာ ဖြစ်သည်။
အမှန်တကယ် တစ်ခုခုဖြစ်လာလျှင်၊ ဖြေရှင်းရမည့်သူသည် သူ မဟုတ်ပေ။
"ကျွန်မတို့ အပြင်… အခြေတည်အဆင့် ကျင့်ကြံသူတွေကိုပါ စုစည်းဖို့ လိုသေးလား…"
ရှန်ပိချန်က မေးလိုက်သည်။
"မလိုပါဘူး… ရွှေအမြုတေအင်အားစုတွေ အနေနဲ့… ရွှေအမြုတေဆရာသခင်တွေကို စေလွှတ်ဖို့ပဲ လိုပါတယ်…"
"အခြေတည်အဆင့် အင်အားစုတွေ အတွက်ကတော့… သူတို့က အခြေတည်အဆင့် ကျင့်ကြံသူတွေကို စေလွှတ်ဖို့ လိုပါလိမ့်မယ်…"
ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး ကျောက်ယန်က ရှင်းပြလိုက်သည်။
"ဒါဆို ကျွန်မတို့ ဘယ်တော့ ထွက်ခွာကြမလဲ…"
ရှန်ပိချန်က ဆက်လက် မေးလိုက်သည်။
"အင်း... ဒါပေါ့… ချက်ချင်း ထွက်ခွာရမယ်…"
"ဘယ်လိုပြောပြော.. ဒီတစ်ခေါက် ကျုပ်တို့ တတိယအဆင့် လှေပျံကိုပါယူလာခဲ့တယ်…"
"ကျုပ်တို့က ခင်ဗျားတို့ ရွှေအမြုတေကျင့်ကြံသူ အားလုံးကို အတူ ခေါ်သွားချင်တယ်.."
"ဒါပေါ့လေ.. ခင်ဗျားတို့မှာ ခွဲဝေပေးစရာ တာဝန်တွေ ရှိရင်… ခြောက်နာရီလောက် ရွှေ့ဆိုင်းပေးလို့တော့ ရပါတယ်…"
ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး ကျောက်ယန်က အလေးအနက် ပြောလိုက်သည်။
"ကောင်းပါပြီ… ကျေးဇူးတင်ပါတယ် စီမံခန့်ခွဲရေးမှုးကျောက်…"
ရှန်ပိချန်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။