တိတ်ဆိတ်သွားခြင်း
Vol. 11 Ch. 126
မိနစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် အသစ်စက်စက် ဇနီးမောင်နှံက အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။
ဖန့်တင်း၏ ဝတ်စုံက အစွန်းအထင်းက သန့်ရှင်းလို့ မပြောင်သဖြင့် မနက်က သူမ ဝတ်ထွက်လာသည့် ဝတ်စုံကိုသာ ဝတ်လိုက်ရသည်။
ဖန့်တင်းက အဝတ်လဲခန်းထဲမှ နှေးကွေးစွာ ထွက်လာသည့် ခင်ပွန်းကို မကျေမနပ်ကြည့်လိုက်သည်။
သူမ၏ မကျေနပ်သည့်အကြည့်ကိုမြင်တော့ လျိုဟွေ့က သူမကို ဖက်ကာ ချော့မော့လိုက်သည်။
အစောပိုင်းက သူ၏အပြုအမူက သူ့ဇနီးကို စိတ်ဆိုးသွားစေကြောင်း လျိုဟွေ့ သိသည်။ ယခု မင်္ဂလာပွဲပြီးသည့်အခါ အိမ်ရောက်ပါက သူ့အပေါ် စိတ်ကြိုက် ဒေါသပုံချနိုင်ကြောင်း ကတိပေးခဲ့သည်။
ယနေ့ပွဲကို နှစ်ဖက်မိသားစုနှင့် ဆွေမျိုးများ၊ သူအလုပ်ဝင်တာ မကြာသေးသည့် ကုမ္ပဏီမှ အကြီးအကဲများပါ တက်ရောက်သည့်ပွဲဖြစ်ကာ ကျက်သရေ ရှိလှသည့် ပွဲ ဖြစ်သည်။
ယနေ့ကို ချောမွေ့စွာ ဖြတ်သန်းလိုသည့်ဆန္ဒ ရှိသည်။
သူတို့အိမ်ပြန်ရောက်သည့်အခါ သူ့ဇနီးကို သေချာပေါက် ကောင်းကောင်းမွန်မွန် တောင်းပန်မည်။
သူမ ခင်ပွန်း၏ တောင်းပန်နေသည့် မျက်နှာထားကိုမြင်တော့ ဖန့်တင်း၏ မကျေနပ်စိတ်များက ပြေလျော့သွားခဲ့သည်။
နောက်ဆုံးတော့ သူမက အစောပိုင်းက စိတ်ဆိုးနေမှုကို ဖြေဖျောက်လိုက်လေသည်။
မင်္ဂလာပွဲ စတင်တော့မည့်အချိန်တွင် အနက်ရောင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ဦးက ခန်းမထဲသို့ ဝင်လာလေသည်။
ဘေးဝိုင်းက လူဝကြီးက မျက်နှာထား တင်းမာနေသည့် လူထံသို့ အမြန်သွားကာ အလွန်ရိုကျိုးနေပုံကို ရှန်းမူမူ မြင်လိုက်သည်။
“ဥက္ကဌကျန်း နောက်ဆုံးတော့ ရောက်လာပြီပဲ။” လူဝကြီး၏ မျက်နှာက အပြုံးများ ပြည့်နေလေသည်။
အရှေ့ထွက်နေသည့်ဗိုက်က ယခုတော့ အနည်းငယ် ပြားနေကာ ခါးအနည်းငယ်ကိုင်းလျက် လက်ပြကာ ထိုလူကို နေရာချပေးနေသည်။
“ဥက္ကဌကျန်းအတွက် အဓိက စားပွဲဝိုင်းမှာ နေရာပြင်ခိုင်းထားပါတယ်၊ ဥက္ကဌကိုယ်တိုင် ကြွရောက်ပေးတာ သူ့ကို တကယ် မျက်နှာသာပေးတာပါပဲဗျာ၊ ပြီးခဲ့တဲ့တစ်ခေါက်က ဥက္ကဌကျန်း အကြံပေးတဲ့ ရန်ပုံငွေကနေ အမြတ်များစွာ ရလိုက်ပါတယ်၊ နောက်များကျရင်လည်း အမြတ်တွေရအောင် ကျွန်တော့်ကို အသိပေးပါဦး၊ ဥက္ကဌကြီးကို အားကိုးပါတယ်ဗျာ။”
ဥက္ကဌကျန်းဆိုသော လူက ထိုသို့သော မြှောက်ပင့်မှုများဖြင့် အသားကျနေပုံရသည်။ သူ့အမူအရာက မပြောင်းလဲသလို ပြန်ဖြေကြားခြင်းလည်း မရှိပေ။
လူဝကြီး ဥက္ကဌကျန်းကို ခေါ်ဆောင်လာသည်ကိုမြင်သည်နှင့် သတို့သား မိဘများက လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။
ရှန်းမူမူက အလွန်သိချင်နေသည်။
ဒီလူရဲ့ နောက်ခံက ဘာလဲ။
ထိုလူက ရောက်တာ နောက်ကျတဲ့အပြင် သတို့သားဘက်မှ ဆွေမျိုးလည်း မဖြစ်နိုင်ပေ။
သူမ မှန်းဆနေတုန်းမှာပင် ဘေးဝိုင်းက အမျိုးသမီးနှစ်ယောက်၏ စကားပြောသံကို ကြားလိုက်သည်။
“ဟဲ့ အခုလာတဲ့လူက လျိုဟွေ့ရဲ့ သူဌေးလေ၊ သူက ကုမ္ပဏီးတစ်ခုရဲ့ အကောင်ကြီးလို့ကြားတယ်။” ဆံပင်အနီကောက်နှင့် အမျိုးသမီးက ဘေးက အမျိုးသမီး၏လက်ကို တို့ကာ ပြောလိုက်သည်။
ဘေးကအမျိုးသမီးကြီးက ရယ်ကာပြောသည်။ “အဓိက ဝိုင်းမှာ နေရာချပေးတာလည်း မဆန်းတော့ပါဘူး၊ လောင်လျိုက သတို့သမီးရဲ့ဆွေမျိုးမိတ်ဆွေတွေရှေ့မှာ ဒီလိုသူဌေးကြီးက သူ့သားကို မျက်နှာသာပေးတာကို ကြွားဝါဖို့ စိတ်အားထက်သန်နေတယ်။”
“ဪ ဒီလူကြီးက သိပ်အာဏာကြီးတာပဲ၊ ကျွန်မလည်း သိကျွမ်းခွင့်ရအောင် သူနဲ့အတူ တစ်ခွက်လောက် သွားသောက်ရမလား။” ဆံပင်အနီကောက်နှင့် အမျိုးသမီး၏ မျက်လုံးက မျှော်လင့်ချက်များ ပြည့်နေသည်။ “ကျွန်မရဲ့ အငယ်ဆုံးသားနဲ့ ချွေးမက အလုပ်မရှိဘဲ ကျွန်မနဲ့ အိမ်မှာ နေနေတာ၊ သိပ်စိတ်ပူတာပဲ။”
“မေ့လိုက်ပါတော့။” ဘေးကအမျိုးသမီးကြီးက ပြုံးကာ ပြောလိုက်သည်။ “သူက ဥက္ကဌကြီးဆိုပေမယ့် သူ့ကုမ္ပဏီကို လူတိုင်းဝင်လို့ မရဘူး၊ လျိုဟွေ့ သူ့ကုမ္ပဏီကို ဝင်ခွင့်ရတယ်ဆိုတာ သူ့ကို တစ်စုံတစ်ယောက်က ထောက်ခံပေးလို့၊ သူ့ကိုယ်ပိုင်အရည်အချင်းတွေကြောင့် မဟုတ်ဘူး။”
ထိုကိစ္စပြီးသည်နှင့် ရှန်းမူမူက သေချာနားထောင်နေသည်ကို ရပ်လိုက်သည်။
ယေဘုယျအားဖြင့် သူမ နားလည်သွားပြီဖြစ်သည်။
သူမက ရုတ်တရက် ဗိုက်ဆာလာသဖြင့် စားပွဲပေါ်က အမျိုးစုံ ခင်းကျင်းထားသည့် စားဖွယ်များကို ကြည့်လိုက်သည်။
သူမ လက်မဆန့်ရသေးခင်မှာပင် ချီမော့က သူမရဲ့ အကြည့်ကို သတိထားမိကာ သူမဘက် ဟင်းပွဲများရောက်အောင် စုံလည်စားပွဲကို လှည့်ပေးလိုက်သည်။
ရှန်းမူမူက ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။
သူမက သူ့ပန်းကန်ထဲလည်း အနည်းငယ် ထည့်ပေးလိုက်သည်။
ချီမော့၏ နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားခဲ့သည်။ သူက လက်ပတ်နာရီကို ကြည့်လိုက်သည်။
ဖိတ်စာထဲက ရေးထားသည့် အကြောင်းအရာအရဆိုလျှင် မင်္ဂလာပွဲစတင်ရန် အချိန်ကျပြီဖြစ်သည်။
သို့သော် ခန်းမက ဆူညံနေဆဲဖြစ်ကာ ပွဲစမည့် အရိပ်အယောင် မရှိသေးပေ။
အချိန်ကို အတိအကျ အလေးထားသည့် သူ့မျက်နှာတွင် မကျေနပ်သည့်အရိပ်များ ထင်ဟပ်နေသည်။
သူက မျက်မှောင်ကြုတ်ထားလေသည်။
ရှန်းမူမူက သူ့ကို လှည့်ပြုံးပြလိုက်သည်။ “အချိန်ကို ကြည့်မနေပါနဲ့တော့။”
ချီမော့က မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်သည်။ “ဟမ်။”
သူ့မျက်ဝန်းထဲ ရှုပ်ထွေးမှုတွေ ပြည့်နေသည်။
ရှန်းမူမူက သူ့ဘက် အနည်းငယ် ကိုင်းလိုက်သည်။ “အရင်က တစ်ခါမှ မင်္ဂလာပွဲ မတက်ဖူးဘူးမလား။”
ချီမော့က ခေါင်းငြိမ့်ကာ အမှန်အတိုင်းဖြေလိုက်သည်။ “ဟုတ်တယ်။”
ထိုအပိုင်းတွင် အတွေ့အကြုံ မရှိပေ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် တစ်စုံတစ်ယောက်၏ မင်္ဂလာပွဲကို ယခုမှ စတင်တက်ရောက်ဖူးခြင်း ဖြစ်သည်။
ယခင်တုန်းက ဖိတ်ကြားခြင်းခံခဲ့ရလျှင် သူ၏ အတွင်းရေးမှူးဖြင့် ထူထဲနေသည့် စာအိတ်ကို ပြင်ဆင်ပို့ခိုင်းကာ ဖြေရှင်းခဲ့သည်။
ရှန်းမူမူက ရယ်လိုက်သည်။
သူက သူမ ခန့်မှန်းထားသည့်အတိုင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းတွင် အောင်မြင်မှုများစွာရနေသည့် ဥက္ကဌချီက နေ့စဉ်လူမှုရေးကိစ္စများကို လစ်ဟင်းနေသည်။
တစ်ခါတစ်ရံ မလိုက်ဖက်သည့် ခပ်တည်တည် အမူအရာနှင့် အငွေ့အသက်ကို မထင်မှတ်ပဲ ထုတ်လွှင့်နေသည်။
ရှန်းမူမူ၏ မျက်လုံးများက တောက်ပသွားကာ ရှင်းပြလိုက်သည်။ “ကျွန်မ အတွေ့အကြုံအရဆိုရင် ကိစ္စတွေက နည်းနည်းအချိန်လွန်တတ်ပြီး အချိန် အတိအကျ မစဘူး။”
ထို့နောက် တစ်စုံတစ်ခုကို တွေးမိလိုက်ကာ သူမက ပြောလိုက်သည်။ “ဒါ မကောင်းတဲ့ အကျင့်ပဲ၊ ကျွန်မသာ ကုမ္ပဏီပွဲတွေလုပ်မယ်ဆိုရင် မစောင့်ရအောင် အချိန်အတိအကျ လုပ်မှာ။”
တစ်နေ့ကျလျှင် ယွဲ့ကျီးပန်းဆိုင်က စီးပွားရေးဖက်တွေကို ဧည့်မခံရနိုင်ဘူးဟု မည်သူပြောနိုင်မည်နည်း။
ထိုစကားကိုကြားတော့ ချီမော့၏ မျက်ဝန်းနက်ထဲတွင် မမြင်နိုင်သည့် အလင်းရောင်များ ဖြတ်သန်းသွားလေသည်။
ထို့နောက်သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကောင်းပါပြီ။”
သတို့သားဘက်က အဓိက စားပွဲဝိုင်းတွင် ဖြစ်သည်။
ဥက္ကဌကျန်းက ဝေ့ပတ်ကြည့်ပြီးနောက်တွင် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
နေရာတစ်ခုကိုရောက်သည့် အခါ သူ့မျက်လုံး သူ မယုံနိုင်သကဲ့သို့ဖြစ်ကာ စိုက်ကြည့်နေသည်။
စားပွဲဝိုင်းက တခြားလူများက သူ့ကို ချီးကျူးနေကြသည်။
“လျိုဟွေ့ကို သင်ကြားပေးဖို့ ကျွန်တော်တို့မိသားစုက ဥက္ကဌကျန်းကို အားကိုးရမှာပဲဗျာ။”
“ကျွန်တော်တို့သားရဲ့ မင်္ဂလာပွဲကို တက်ရောက်ပေးတာ တကယ်ကို မျက်နှာသာပေးတာပါပဲ။”
“.....”
အားလုံး၏ အာရုံစူးစိုက်ခြင်းကို ခံနေရသည့် လူက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
သူက အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီးသည့်နောက်တွင် သူစိုက်ကြည့်နေသည့် နေရာကို သွားလိုက်သည်။
ထိုလူက လမ်းလျှောက်နေစဉ် သူ့အသံက အဆင်မပြေဖြစ်မည်စိုးသဖြင့် လည်ချောင်းကို ရှင်းနေသည်။
သူ့အနား တစ်ချိန်လုံး ကပ်နေသည့် လူဝကြီးက ဥက္ကဌကျန်း ထသွားသည်ကိုမြင်တော့ သူက အစားအသောက် ပြင်ဆင်ပေးသည့်လူကို သွားရှာသည်ဟု ထင်လိုက်ကာ သူမျက်နှာလို မျက်နှာရ လုပ်ရမည့် အခွင့်အရေး မလွတ်သွားစေရန် ထလိုက်သွားခဲ့သည်။
ဥက္ကဌကျန်းက သတို့သမီးဘက် စားပွဲဝိုင်းများဘက်ကို သွားလိုက်သည်။
သူက လေးစားစွာဖြင့် ခေါင်းငုံ့ကိုင်းပြပြီး လူတစ်ယောက်ကို ပြောလိုက်သည်။ “ဒီမှာ ဥက္ကဌချီနဲ့ ဆုံလိမ့်မယ်လို့ မထင်ထားမိဘူး၊ တိုက်ဆိုင်လိုက်တာဗျာ။”
ချီမော့က သူ့ကို ကြည့်လိုက်သည်။
သူ့အမူအရာက မပြောင်းမလဲဘဲ မေးလိုက်သည်။ “မင်းက...။”
“ကျွန်တော်က တတိယအခွဲ ချီအုပ်စုရဲ့ ရန်ပုံငွေကုမ္ပဏီရဲ့ ရန်ပုံငွေ မန်နေဂျာကျန်းပါ။”
ချီမော့က မျက်မှောင်ကြုတ်ကာ ထိုလူ၏ ကိုယ်ရေးအချက်အလက်များကို မှတ်မိပုံ မရပေ။
“ဥက္ကဌချီက အလုပ်တွေများတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ သုံးနှစ်က ကုမ္ပဏီနှစ်ပတ်လည်ပွဲမှာ ဂုဏ်ယူစွာနဲ့ ဥက္ကဌချီနဲ့ အတူတူ သောက်ခဲ့ဖူးပါတယ်။”
လူဝကြီးက အံ့ဩနေကာ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးလိုက်သည်။
ဥက္ကဌကျန်းနှင့် ခပ်တည်တည်ရှိနေသည့်အမျိုးသားကြားက စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
တွေးလေလေ သူအတွေးတွေ ပိုရှင်းလင်းလာကာ မျက်လုံးများ ပြူးကျယ်သွားလေသည်။
ဥက္ကဌချီ။
ချီ…..
ချီလုပ်ငန်းစုကြီးရဲ့ ဥက္ကဌချီလား။
***