ချမ်းသာတဲ့မိသားစုက ချွေးမက ဒီလို မဟုတ်ဘူး
Vol. 11 Ch. 127
လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ကပဲ ဥက္ကဌကျန်း ဖြစ်ခဲ့သူက ယခုတော့ ရှောင်ကျန်း ဖြစ်သွားသည်ကို ချီမော့ဘေးက ရှန်းမူမူမြင်တော့ အနည်းငယ် ကြောင်အသွားလေသည်။
သူက ပညာရှင်ပီပီ ပြုံးပြခဲ့သည်။
“မစ်ချီ မင်္ဂလာပါခင်ဗျ။”
ရှန်းမူမူက ထိုလူနှင့်ချီမော့ကို တစ်လှည့်စီ ကြည့်လိုက်သည်။
သူမ မျက်နှာထက်က စိတ်ရှုပ်ထွေးမှုက ခဏတာသာဖြစ်ပေါ်ခဲ့ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “မင်္ဂလာပါ။”
အေးဆေးတည်ငြိမ်နေသည့် ချီမော့၊ ရှန်းမူမူတို့နှင့် မတူစွာ ဘေးက ဧည့်သည်များက ထိုမြင်ကွင်းကိုမြင်ကာ လှုပ်ရွနေကြသည်။
လူတစ်ယောက်က ရှုပ်ထွေးမှုဖြင့်မေးလိုက်သည်။ “ဟမ်၊ လျိုဟွေ့ သူဌေးရဲ့ သူဌေးလား။”
လူတစ်ဦးက သိချင်ယောင်ဆောင်လိုက်သည်။ “ဒီလူက သာမာန်လူ မဖြစ်နိုင်ဘူးလို့တော့ ထင်သားပဲ၊ သိပ်အမြင်ထက်တဲ့ငါပါပဲ။”
သတို့သမီးဘက်က အမျိုးသားဆွေမျိုးတစ်ဦးက တီးတိုးပြောလေသည်။ “သတို့သမီးဘက်က မိတ်ဆွေလား။”
“မဖြစ်နိုင်ဘူး၊ သတို့သမီးက ယွင်ချန်းကနေ ကျင်းမြို့မှာ လာပြီး မင်္ဂလာဆောင်တာမလား။”
အခြေအနေတွေကို သဘောပေါက်သွားသည့် လူဝကြီးက ရှေ့တိုးလာကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဥက္ကဌချီ၊ ဥက္ကဌချီရဲ့ နာမည်ကိုတော့ ကြားဖူးခဲ့တာ ကြာပါပြီ၊ ကျွန်တော်က….။”
ချီမော့က သူ့စကားကိုကြားသော်လည်း မကြားချင်ယောင်ဆောင်ကာ တခြားနေရာကို ကြည့်နေသည်။
သူကြည့်နေတုန်းမှာပင် သတို့သား၊ သတို့သမီးက ရောက်လာခဲ့သည်။
ဖန့်တင်းက မင်္ဂလာဆောင်ဝတ်စုံကို မ ကိုင်ထားပြီး သူမ အမူအရာက အံ့ဩနေရာမှ ပျော်ရွှင်ဝမ်းမြှောက်ခြင်းသို့ ပြောင်းသွားလေသည်။
ချီမော့ကိုတွေ့သည့်အခါ သူမ အလွန်ပျော်ရွှင်သွားခဲ့သည်။
“အစ်ကိုချီမော့ လာမယ်လို့ မထင်မိခဲ့ဘူး၊ ကျွန်မတို့ တိုက်ခန်းတွေ ဖျက်သိမ်းပြီးသွားကတည်းက ကျွန်မလည်း အဖေနဲ့ ယွင်ချန်းကို ပြောင်းသွားခဲ့တာ၊ ညီမတို့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ။”
ဖန့်တင်း၏ မှတ်ဉာဏ်ထဲတွင် ချီမော့က တိုက်ခန်းဝန်းထဲတွင် စာအတော်ဆုံး၊ စကားနည်းကာ အလွန်ဉာဏ်ကောင်းသူဖြစ်သည်။
သူမရဲ့ မင်္ဂလာဆောင်သို့ လာရောက်မည်ဟု သူမ မထင်မိခဲ့ပေ။
“အစ်ကိုချီမော့က အရင်အတိုင်းပဲ….”
သူမက စကားကို တစ်ဝက်တွင် ရပ်ကာ စကားပြောင်းလိုက်သည်။
“မဟုတ်ဘူး၊ အရင်ကထက် ပိုချောလာတယ်။”
ဖန့်တင်းက ချီမော့ဘေးက မိန်းမလှလေးကိုမြင်ပြီးသည့်နောက်တွင် အံ့ဩသွားပြီး ပျော်ရွှင်သွားခဲ့သည်။
“ဒီလှပလွန်းတဲ့အစ်မက အစ်ကိုချီမော့ရဲ့ဇနီး ဟုတ်တယ်မလား။”
ဖန့်တင်းက နှစ်လိုဖွယ်ပြုံးကာ မိတ်ဆက်လိုက်သည်။ “မင်္ဂလာပါ အစ်မ အလှလေး။”
‘လှလိုက်တာ သိပ်လိုက်ဖက်တာပဲ’ဟု သူမက စိတ်ထဲက တွေးလိုက်သည်။
သူမ ငယ်စဉ်အခါတုန်းက ချီမော့က တိုက်ခန်းဝန်းထဲတွင် အထူးချွန်ဆုံး အစ်ကိုဟု ထင်ခဲ့မိသည်။
သူ့ရဲ့ အနာဂတ် အမျိုးသမီးကလည်း အလွန်လှပသူ ဖြစ်မည်ဟု ထင်ခဲ့သည်။
ထိုကိစ္စကို မသိခင်ကတည်းက သူမက ကြိတ်ပေးစားခဲ့သည်။
ရှန်းမူမူက ခင်မင်စွာပြုံးပြကာ လက်ဝေ့ယမ်းပြပြီး နှုတ်ဆက်လိုက်သည်။ “ဟိုင်း။”
ဖန့်တင်းက ခင်ပွန်း၏ လက်ကို ချိတ်ကာ အနည်းငယ် မှီလိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။
“အစ်ကိုချီမော့၊ ဒါက ကျွန်မ အမျိုးသား လျိုဟွေ့တဲ့။”
ချီမော့က သတို့သားကို သာမာန်ကာလျှံကာ ကြည့်လိုက်သည်။
ချီမော့က ခပ်ဖွဖွ အပြုံးကိုသာ ဆင်မြန်းထားပြီး “အင်း”ဟုသာ တုံ့ပြန်ပြီး အိမ်နီးချင်း ညီမကို ပြောလိုက်သည်။
“ဦးလေးဖန့်က ငါ့အပေါ် သိပ်ကြင်နာခဲ့တာ၊ မင်းလည်း အခု ကျင်းမြို့ကို ပြန်ရောက်လာပြီဆိုတော့ ငါက ဂရိုစိုက်ပေးမှာပေါ့၊ ရှေ့လျှောက် တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ငါ့ကိုပြော။”
ဖန့်တင်းက အလွန်ဉာဏ်ကောင်းသည်။ ချီမော့က သူမ အမျိုးသားကို အပြစ်ပေးအရေးယူပေးမည်ဟု သွယ်ဝှိုက်ပြောဆိုကြောင်း သူမ နားလည်သည်။ ချီမော့၏ ဦးဆောင်မှုနောက်ကိုလိုက်ကာ သူက ခင်ပွန်းဖြစ်သူကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ကြားလား၊ ကျွန်မကို အနိုင်မကျင့်နဲ့နော်။”
လျိုဟွေ့က တုန်သွားခဲ့သည်။ သူ့ရှေ့ရှိ အာဏာကြီးလှသည့်လူ၏ အရှိန်အဝါအောက်တွင် ချက်ချင်းခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
“ကျိန်ပါတယ်ကွာ၊ မင်းကို ကောင်းကောင်းဆက်ဆံပြီး တစ်စိုးတစ်စိမျှ စိတ်မဆင်းရဲစေရပါဘူး။”
ဖန့်တင်းက ဟန်မဆောင်ဘဲ သတို့သမီးအရံ၏ ဖုန်းကိုယူကာ ချီမော့၏ နံပါတ်ကို မှတ်လိုက်သည်။
ချီမော့က အလုပ် ဖုန်းနံပါတ်ကို ပေးလိုက်ပြီး စကားအနည်းငယ် ဆက်ပြောခဲ့ကြသည်။
သူတို့ဘေးက လူဝကြီးက ချီမော့နှင့်စကားပြောဖို့ကြိုးစားမှု မအောင်မြင်သဖြင့် ခြေလှမ်းတစ်ဝက် နောက်ပြန်ဆုတ်ပြီး ချီမော့နှင့်သတို့သမီး စကားပြောပြီးသည်အထိစောင့်ကာ အကူအညီများရဖို့ ကြိုးစားမည်ဖြစ်သည်။
ဥက္ကဌချီနှင့် တွေ့ဆုံဖို့က လူတိုင်း တောင်းပန်လျှင်တောင် မရနိုင်သည့် ကိစ္စဖြစ်သည်။ အကယ်၍ သူသာ မြှောက်ပင့်ပြောဆိုနိုင်ပြီး ပရောဂျက် အသေးလေးတွေကို ရခဲ့မည်ဆိုလျှင် ကျန်ရှိသည့် သူ့ဘဝတစ်လျှောက်လုံး စိတ်ပူစရာ မလိုတော့ပေ။
သူတို့၏ဘေးတွင် ဆွေးနွေးပြောဆိုသံများက ရှိဆဲဖြစ်သည်။
“ဒါဆို သတို့သမီးက ဒေသခံပေါ့၊ သူ့ကို ယွင်ချန်းကလို့ထင်နေတာ။”
“တိုက်ခန်းဟောင်း ဖြိုလိုက်ပြီးမှ သူတို့ ယွင်ချန်းကို ပြောင်းသွားတာလို့ ပြောတယ်လေ မကြားလိုက်ဘူးလား၊ အခုက ဒီကို ပြန်လာပြီး မင်္ဂလာဆောင်တာ၊ ဒါဆို ဒီမြို့မှာ အသိရှိပြီးသားပေါ့။”
“သိပြီ၊ ဒါဖြစ်နိုင်ခြေရှိတယ်။”
“အခု ဒီအတိုင်းရအောင်ယူလိုက်တဲ့ပုံတော့ မတူတော့ဘူး။*
“သတို့သမီးက ဒီလို သူဌေးကြီးနဲ့သိကျွမ်းမှတော့ သူတို့မိသားစုနောက်ခံက သာမာန် မဖြစ်နိုင်ဘူး၊ ကိုယ့်ထက် မြင့်တဲ့လူ မဟုတ်ဘဲ နိမ့်တဲ့လူကို လက်ထပ်တာပဲဖြစ်မယ်။”
အနားရှိ လူတွေကြားထဲတွင် လူဝကြီး၏ ဇနီးကသာ အသံတိတ်နေသည်။
သူမက ချီမော့နှင့် ရှန်းမူမူကို တစ်လှည့်ဆီ ကြည့်နေသည်။
သူမက အစောပိုင်းက ဓာတ်လှေကားထဲက ကိစ္စကို ပြန်အမှတ်ရသွားခဲ့သည်။
သူမ မျက်ဝန်းထဲ သံသယများ ပြည့်နေသည်။
တကယ်ဟုတ်လို့လား။
မစ္စတာချီနှင့် အိမ်နီးချင်းဟောင်းဟု သတို့သမီးက ပြောခဲ့သည်။
အကယ်၍ သူသာ ချမ်းသာပါက အဘယ်ကြောင့် တိုက်ခန်းထဲ နေမည်နည်း။
သူမက ရှန်းမူမူကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
သူမရဲ့ အင်္ကျီ၊ စကပ်၊ ဖိနပ်နှင့် လက်ကိုင်အိတ်ကို ကြည့်လိုက်သည်။
တစ်ခုမှ ဘရန်း မဟုတ်ပေ။
ရှန်းမူမူက သူမလောက် တောင်ပြောင်မှု မရှိဟု ထင်မိသည်။
ချမ်းသာတဲ့မိသားစုရဲ့ဇနီးက ဘရန်းတစ်ခုမှ မရှိဘူးပေါ့ ကောင်းချက်။
လေကျယ်ပြီး အာပလာကြီး။
ရုတ်တရက်ပင် ဘေးက အမျိုးသမီးငယ်များ၏ စကားသံက သူမရဲ့ အတွေးတွေကို ပျောက်သွားစေခဲ့သည်။
“ကြည့်ဦး။ အဲဒါ Delva လက်ကိုင်အိတ် မဟုတ်လား။”
“ဟုတ်မယ်ထင်တယ် အဲဒါကို မဂ္ဂဇင်းကြေငြာထဲ တွေ့ဖူးတယ်၊ တစ်နှစ်ကို ဆယ်အိတ်ပဲထုတ်တဲ့ ဇိမ်ခံဈေးကြီး လက်ကိုင်အိတ်လေ၊ သာမာန်ထင်ရပေမယ့် အရမ်းဈေးကြီးတယ်၊ ချမ်းသာတဲ့လူတွေတောင် မဝယ်နိုင်ဘူး။”
“ဝေါင်း... ဘယ်လောက်ချမ်းသာလည်းဆိုတာ စိတ်မကူးနိုင်တော့ဘူး။”
“အဲဒီ မစ္စတာချီက ချီအုပ်စုရဲ့ ဥက္ကဌလေ၊ ချမ်းသာတဲ့ အသိုင်းအဝိုင်းရဲ့ ထိပ်သီးသူဌေး။”
“ဘုရားရေ... ဒီည မက်ချင်တဲ့ အိမ်မက်အမျိုးအစားပဲ။”
“ဒီပွဲပြီးရင် မြန်မြန်ပြန်ပြီး အိပ်ရအောင်၊ မြန်မြန် အိပ်မက် မက်အောင်။”
“ဟားဟား…”
အမျိုးသမီးငယ်လေးတွေက ဟာသလုပ်ကာ ရယ်နေသည်။ သူတို့ရှေ့ရှိ အမျိုးသမီး၏ မျက်နှာက ဆူပုပ်နေကာ နီလိုက်ဖြူလိုက် အံ့ဩလိုက် ထိတ်လန့်လိုက် ဖြစ်နေသည်။
တစ်ဖက်လူကို ကြည့်ရသည်မှာ ရင်းနှီးသလို ခံစားနေရကြောင်း ခံစားခဲ့ရသဖြင့် သူမ ထိတ်လန့်မိခြင်း ဖြစ်သည်။
သူမက ထိုလူရဲ့ မျက်နှာကို မဂ္ဂဇင်းအင်တာဗျူးတွေထဲ တွေ့ဖူးခဲ့ခြင်း ဖြစ်နေလေသည်။
သူမ အလွန်အသိဉာဏ်ကင်းမဲ့ခဲ့သည်ကို စိတ်ရှုပ်ထွေးနေခြင်း ဖြစ်သည်။
ထိုမိန်းမလှလေးထံတွင် မည်သည့် ဘရန်းပစ္စည်းမှ မရှိဘူးဟု သူမ ထင်ခဲ့သည်။
သို့သော် သူမ ကိုင်ထားသည့် ဘရန်းက အလွန်ဈေးကြီးကာ သူမပင် မသိရပေ။
ရုတ်တရက်ပင် ကလေးအော်သံ ကြားလိုက်လေသည်။
“အမေ ဖရဲသီးစားချင်တယ်၊ အခုစားချင်တယ်၊ ရှာပေး။”
ရှန်းမူမူက အသံလာရာကိုကြည့်လိုက်ကာ ထိုကလေးက သတို့သမီးက ဝတ်စုံကို ပေအောင် လုပ်ခဲ့သည့် ကလေးဖြစ်ကြောင်း သိလိုက်သည်။ သူ့လက်ထဲတွင် ဖရဲသီးစိပ် ရှိနေကာ လက်တွေ လှုပ်ရမ်းပြီး ပြေးလာနေသည်။
ဖရဲသီးအရည်များပေနေသည့်လက်တွေက သူမ စကပ်ကို ထိတော့မလိုဖြစ်နေချိန်တွင် ရှန်းမူမူက ရိုက်သံတစ်ခု ကြားလိုက်လေသည်။
***