ကလေးအတွက် သင်ခန်းစာ
Vol. 11 Ch. 128
“ဖြန်း။”
ရှန်းမူမူရဲ့ ပုခုံးပေါ် လက်တစ်စုံ ကျရောက်လာပြီး ရိုက်သံတစ်ခုကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
ဖရဲသီးအရည်များပေနေသည့် လက်မှ ရှောင်ထွက်နိုင်ပြီး ပွေ့ဖက်မှုတစ်ခုထဲ သူမ ကျရောက်သွားခဲ့သည်။
အမျိုးသားတစ်ဦး၏ တောင့်တင်းသည့် ရင်အုပ်နှင့် တိုက်မိသည့်အခါ ရှန်းမူမူက မော့ကြည့်လိုက်သည်။
ချီမော့က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မျက်မှောင်ကြုတ်လျက် အရိုးထဲထိစိမ့်သွားမည့် အေးစက်မှုကို ထုတ်လွင့်နေသည်ကို သူမ မြင်လိုက်သည်။
ဖြန်း ဖြန်း။
ရိုက်သံများ ဆက်လက်ထွက်ပေါ်နေသည်။
ထိုအခါမှ ရှန်းမူမူက လှည့်ကြည့်လိုက်သည်။
ကလေး၏မျက်နှာက နီရဲနေကာ ဒေါသထွက်၍လား သို့မဟုတ် ရိုက်မိသွားသည်လား မရှင်းလင်းပေ။ ကလေးက စူထော်ကာ မျက်ရည်များဝဲလာပြီး အော်ငိုလိုက်လေသည်။
“အူဝါး။”
အော်ငိုသံက စူးရှနေသည်။
ဘေးက လူဝကြီးက သနားသည့် အရိပ်အယောင် မရှိပေ။ သူက လက်မြှောက်ကာ ကလေး၏ တင်ပါးကို ထပ်ရိုက်လိုက်သည်။
ထို့နောက် ခက်ထန်စွာ အပြစ်တင်လိုက်သည်။ “ဘာလို့ ငိုနေတာလဲ၊ တိတ်စမ်း၊ အန်တီ့ကို အခု တောင်းပန်လိုက်။”
လူဝကြီးက ကလေး၏ ခေါင်းကို ဖိကာ ရှန်းမူမူကို တောင်းပန်ခိုင်းခဲ့သည်။
သူ့အမူအရာက စက္ကန့်အနည်းငယ်အတွင်း ပြောင်းလဲသွားကာ အလွန်ကျိုးနွံသည့် အပြုံးလေး ဆင်မြန်းထားလေသည်။
“မစ်ချီကို နှောင့်ယှက်မိတာ ဒီကလေး အမှားပါ။”
စကားပြောနေစဉ်မှာပင် သူက ကလေး၏လက်ကို အကြမ်းပတမ်းဆွဲကာ ပြောလိုက်သည်။ “အန်တီ့ကို မြန်မြန် တောင်းပန်လိုက်စမ်း။”
ကလေးတွေက မိဘကို ကြောက်ရသည်။
ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရကာ ဖခင်ဖြစ်သူ ဒေါသထွက်သည်ကို မြင်ဖူးသည်မှာ ရှားပါးသဖြင့် လန့်သွားကာ ထပ်မငိုတော့ပေ။ သူက မော့ကြည့်လိုက်လေသည်။
ရုတ်တရက်ပင် သူ တောင့်ခဲသွားလေသည်။
သူရှေ့က ချီမော့နှင့် ရှန်းမူမူက ငုံ့ကြည့်နေသည်။
သူတို့၏ မျက်နှာထက်တွင် မလိုအပ်သည့် အမူအရာများ ရှိမနေပေ။
ကလေးကို ခြောက်လန့်ဖို့လည်း မရည်ရွယ်ပေ။
ချီမော့၏ရှည်လျားသည့အရပ်နှင့် အေးစက်သည့် မျက်နှာထားက ကလေးကို မရည်ရွယ်ဘဲ ကြောက်လန့်စေမိခဲ့သည်။
ကလေးက ကြောက်လန့်စွာဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး တုန်ရီစွာ ပြောလိုက်သည်။ “အန်…အန်တီ…”
ရှန်းမူမူက ရုတ်တရက် ရှေ့တိုးလိုက်သည်။
ကလေးက ခေါင်းငုံ့ထားကာ သူ့အရိပ်သူ ငုံ့ကြည့်နေတုန်းမှာပင် အရိပ် နောက်တစ်ခုက အုပ်မိုးသွားလေသည်။
သူက ရင်ထဲကနေ အလွန်အမင်း ကြောက်လန့်နေပြီဖြစ်သည်။
လူအုပ်ထဲတွင် လူဝကြီး၏ အမူအရာက စိုးရိမ်နေသည်။
ရှန်းမူမူက သူ၏ အဖိုးတန်သားကို တစ်ခုခု လုပ်ပစ်မည်ကို စိုးသဖြင့် အမြန်ပြောလိုက်သည်။ “မစ်ချီ ကလေးက ငယ်သေးတော့ မသိတတ်လို့ပါဗျာ။”
“မှန်တာပေါ့။” ရှန်းမူမူက ဖြတ်ပြောလိုက်သည်။ သူမက ဆောင့်ကြောင့်ထိုင်လိုက်ကာ ကလေးနှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။
သူမရဲ့အေးစက်သည့် မျက်ဝန်းတွေက မိဘများထံ ဖြည်းညင်းစွာ ရွေ့သွားခဲ့သည်။ သူမ လေသံက ရန်မူခြင်း၊ ရိုသေခြင်းတို့ ရှိမနေပေ။ “ကလေးတွေက ဘာမှ နားမလည်ဘူး၊ မြင်တွေ့နေရတာတွေကနေ သင်ယူကြတာ၊ ရိုင်းစိုင်းရင်လည်း လူကြီးတွေဆီက သင်ယူထားတာပဲ။”
သူမ စကားဆုံးသည်နှင့် လူဝကြီးက တောင့်ခဲသွားလေသည်။
ယခုနေရာတွင် ရှိသမျှလူအများစုက သူ့အမျိုးတွေဖြစ်ကာ သူ့ကို လေးစားကြသည်။
ယခုတော့ ထိုလူတွေရှေ့မှာပင် သူ့ထက် များစွာ ငယ်သည့် အမျိုးသမီးတစ်ဦး၏ ပြောဆိုခြင်းကို ခံလိုက်ရသည်။
သူက အလွန် စိတ်မသက်မသာ ဖြစ်နေသော်လည်း ပြန်မချေပရဲပေ။
သူ ပြန်မပြောရဲသလို ပြန်လည်း မလုပ်နိုင်ပေ။
သူမဘေးရှိလူကြောင့် သူ ဘာမှ ပြန်မလုပ်ရဲပေ။
အကယ်၍ ယနေ့ မျက်နှာပျက်အောင် စော်ကားခံရလျှင်တောင် တိတ်ဆိတ်နေကာ ခံရမည်ဖြစ်သည်။
ခင်ပွန်းဖြစ်သူ ပြန်လည်တုံ့ပြန်ခြင်းမရှိသည်ကိုမြင်တော့ လူဝကြီး၏ ဇနီးကလည်း ပြန်မပြောရဲပေ။
သူမက ကျွင်းတူးကာသာ ဝင်ပုန်းချင်တော့သည်။
သူတို့ဘေးတွင် တီးတိုးပြောနေကြလေသည်။
အများစုက ကလေးကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသူတွေဖြစ်သည်။
သူတို့က ရှန်းမူမူ၏ စကားကို ထောက်ခံခဲ့သည်။
သူတို့က သူမဘက်ကနေ အမှန်အကန် ရပ်တည်ခဲ့သည်။
“အဲဒီ ကောင်စုတ်လေးက သင်ခန်းစာပေးခံရသင့်တယ်။”
“မစ်ချီ မှန်တယ်၊ ကလေးက ငယ်သေးလို့ ဆိုပေမယ့် လူကြီးတွေက မငယ်တော့ဘူးလေ။”
“ဟုတ်ပါ့ ကလေးသာ သောင်းကြမ်းလို့ကတော့ ငါက ပိုသောင်းကြမ်းပစ်မယ်၊ ဘယ်သူ အရင်ရူးသွားမလဲ ကြည့်တာပေါ့။”
“ဟုတ်ပါ့၊ သူ့အမေက ပြောသေးတာ၊ ကလေးက ငယ်သေးလို့ပါတဲ့၊ သူ့အရွယ် ကလေးတွေထဲမှာ လိမ္မာတဲ့ ကလေးတွေမှ အများကြီးရှိပါ့၊ ကလေးတွေကို အကုန်ရောချနေတာ။”
ပညာရှိမိဘတချို့က ကလေးတွေကို အနားခေါ်ကာ သွန်သင်ပေးလေသည်။
“သားလေး ကြီးလာရင် အဲ့လိုလူဝကြီးဆီကနေ မသင်ယူရဘူးနော်၊ ဒါက လူအများရှိတဲ့နေရာ အိမ် မဟုတ်ဘူး၊ လိမ္မာရမယ်။”
လူဝကြီးက အရှက်ခွဲခံလိုက်ရသဖြင့် ဒေါသတွေကို ကလေးအပေါ် ပုံချလိုက်လေသည်။ သူက ကလေး၏ ပုခုံးကို အကြမ်းပတမ်း လှုပ်လိုက်သည်။ “ကောင်စုတ်လေး မြန်မြန်တောင်းပန်လိုက်လေ။”
ရှန်းမူမူက ဖြည်းညင်းစွာ ထရပ်လိုက်သည်။ “ကျွန်မကို မထိမိတော့ တောင်းပန်စရာ မလိုပါဘူး။”
သူမက အသံတိတ်နေသည့် သတို့သမီး ဖန့်တင်းကို ကြည့်လိုက်သည်။
ထို့နောက် ကလေးကို ပြန်ကြည့်လိုက်သည်။
ထိုမိသားစုတွင် မွေးဖွားလာသည့် ကလေးကို သနားမိသွားကာ သူမက လေသံကို လျော့ကာ ပြောလိုက်သည်။
“ကလေးလေး သတို့သမီးအစ်မရဲ့ ဂါဝန်ကို ကိတ်တွေနဲ့ ပေအောင်လုပ်မိခဲ့တာကိုတော့ တောင်းပန်သင့်တယ် မထင်ဘူးလား။”
ကလေးက ကြောက်လန့်စွာ ခေါင်းမော့လာပြီး မျက်ရည်များဝဲလျက် ရှန်းမူမူကို ကြည့်နေသည်။
အစောပိုင်းကလို ရိုင်းစိုင်းသည့် အမူအရာများ မရှိတော့ပေ။
သူက လက်သီးလေးဆုပ်ကာ ဖန့်တင်းရှေ့သို့ တိုးလာပြီး ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ် အန်တီ၊ သားမှားပါတယ်။”
ထိုကိစ္စ လူဝကြီးတို့လင်မယား ကလေးကို ပြန်ခေါ်သွားသည်နှင့် အဆုံးသတ်သွားခဲ့သည်။
ပွဲကြည့်နေသည့် လူအုပ်လည်း လူစုကွဲသွားခဲ့သည်။
သတို့သား၊ သတို့သမီးကလည်း မင်္ဂလာစင်မြင့်ထက်ကို ပြန်တက်ကာ မင်္ဂလာပွဲစဖို့ ပြင်ဆင်ကြလေသည်။
ချီမော့နှင့် ရှန်းမူမူက သတို့သားဘက်က ပြင်ဆင်ပေးသည့် အဓိက စားပွဲဝိုင်းတွင် ထိုင်ဖို့ကို ငြင်းဆန်ကာ မူလ နေရာတွင်သာ ပြန်ထိုင်ခဲ့သည်။
ခန်းမထဲက မီးရောင်က မှိန်သွားခဲ့သည်။
မီးအလင်းများစွာက ခန်းမ အဝင်ပေါက်ကို ထိုးထားသည်။
ချိုမြိန်သည့် သံစဉ်လေးက လွင့်ပြန့်လာသည်။
မီးရောင်များကြားတွင် သတို့သမီးက တံခါးအနောက်မှ ဖြည်းညင်းစွာ ပေါ်လာသည်။
သူမ၏ မင်္ဂလာဝတ်စုံက အဖြူဖြစ်ကာ သူမ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသည်။
သူမ၏ မင်္ဂလာဝတ်စုံအရှည်က သူမ တစ်လှမ်းလှမ်းတိုင်း ဝေ့နေကာ သူမ တစ်ဘဝလုံး ကုန်ဆုံးဖို့ ရွေးချယ်ထားသူထံ သွားနေသည်။
ယနေ့ ခန်းမထဲတွင် သူမက အလှဆုံးဖြစ်သည်။
ရှန်းမူမူက ပြုံးနေကာ စိတ်အားထက်သန်စွာ လက်ခုပ်တီး အားပေးနေသည်။
ဧည့်သည်ခုံများထံမှ ချီးကျူးသံလည်း ကြားနေရသည်။
“သတို့သမီးက လှလိုက်တာ။”
“ဝေါင်း။”
“မင်္ဂလာဇနီးမောင်နှံအသစ် ပျော်ရွှင်ပါစေ။”
“ကောင်းကင်က စီမံပေးတဲ့ လိုက်ဖက်တဲ့စုံတွဲပဲ။”
“ဝိုး။”
နွေးထွေးသည့် လေထုကြားတွင် ချီမော့က ရှန်းမူမူကို ကြည့်လိုက်သည်။ သူမျက်လုံးတွေက မည်းနက်နေကာ ရှန်းမူမူကို ကြည့်နေသည်။
ပန်းရောင်နှင့်အဝါရောင် မီးရောင်က ခန်းမထဲ ဝေ့နေသည်။
သူမ၏ ဖြူဖွေးသည့် အသားအရည်က ပိုထင်ပေါ်နေသည်။
သူမ၏တောက်ပသည့်မျက်လုံး၊ ဖြူဖွေးသည့်သွား၊ တဖြတ်ဖြတ်ခတ်နေသည့် မျက်တောင်ရှည်များ၊ တစ်ခါတစ်ရံ ပါးများမို့တက်သွားအောင် ပြုံးတတ်သေးသည်။
တစ်ခါတစ်ရံ လက်ပေါ်မေးတင်ကာ မင်္ဂလာပွဲကို ကြည့်နေသည်။
နူးညံ့သည့်အပြုံးနှင့် တောက်ပသည့် မျက်ဝန်းများ။
သတို့သမီးက ယနေ့ခန်းမထဲတွင် အလှဆုံး အမျိုးသမီးဖြစ်နိုင်သော်လည်း သူ့မျက်လုံးထဲတွင်တော့ ရှန်းမူမူက အတောက်ပဆုံးဖြစ်သည်။
ထိုအချိန်တွင် သတို့သားနှင့် သတို့သမီးက အချင်းချင်း ခေါင်းငုံ့အရိုအသေပေးပြီး ပွေ့ဖက်လိုက်ကြသည်။
လက်ခုပ်တီး အားပေးသံများက ခန်းမထဲ ပြည့်နေသည်။
မီးရောင်က စင်ပေါ်ကို အဓိက အလင်းထိုးထားသည်။
လူတိုင်းက မင်္ဂလာဇနီးမောင်နှံ အသစ်ကို ကြည့်နေကြသည်။
ထိုအချိန်တွင် ရှန်းမူမူက သူမရဲ့ဘယ်ဖက်လက်ကောက်ဝတ်ကို လက်တစ်စုံက ကိုင်လိုက်သည်ကို ခံစားမိလိုက်သည်။
ချီမော့၏ နွေးထွေးသည့်လက်က သူမကို ကိုင်ထားခြင်းဖြစ်သည်။
သူမကိုလက်ချောင်းချင်းယှက်ကာ ကိုင်ထားသည်။
သူမ ပျောက်ကွယ်သွားမှာ စိုးသကဲ့သို့ ပို၍ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
သူမရဲ့လက်ချောင်းထိပ်လေးတွေကိုလည်း ဖိညှစ်နေသေးသည်။
လှုပ်ရှားမှုများက ပေါ့ပါးကာ ဂရုတစိုက်ရှိလှသည်။
သူက သူမကို လှည့်ကြည့်ကာ သူ့မျက်ဝန်းထဲက အေးစက်မှုတို့ ပပျောက်ကာ နွေးထွေးမှုတို့ ပြည့်နေသည်။
လူအုပ်ကြီးက ဆူညံနေကာ မီးရောင်များက တောက်ပနေသည်။
သံစဉ်က စန္ဒယား သံစဉ်သို့ ပြောင်းသွားလေသည်။
စကားသံများကြားတွင် သူက သူမ တစ်ယောက်ကိုသာ ကြည့်နေခဲ့သည်။
ဒုတ် ဒုတ်။
ရှန်းမူမူ လှည့်ကြည့်သည့်အခါ သူတို့ အကြည့်ချင်း ဆုံသွားခဲ့သည်။
သူမရဲ့နှလုံးခုန်သံများ မြန်ဆန်နေကာ ကာရံအညီ လှုပ်ခတ်နေသံကို သူမ ကြားလိုက်ရသည်။
***