← Chapters

ချီရှောင်ပိုင်၏ အရေးကြီးသောနေ့

Vol. 11 Ch. 130

ချီရှောင်ပိုင်၏ အရေးကြီးသောနေ့

Vol. 11 Ch. 130

ရှန်းမူမူက မင်္ဂလာပွဲတွင် ကလေးဆိုးလေးနှင့် ကြုံခဲ့ပြီးသည့်နောက်တွင် မိထွေးဖြစ်ရခြင်းက ပိုကောင်းကြောင်း တွေးမိခဲ့သည်။

ချီရှောင်ပိုင်က အရပ်ရှည်ကာ သန်မာသည့်ကလေးဖြစ်သည့်အလျောက် ကိုင်တွယ်ရန် မခက်ပေ။

သို့သော် ချီမိသားစု၏ ခေါင်းမာသည့်ကလေးကို ကိုင်တွယ်ရန် သူမ အထင်သေးမိခဲ့သည်ကို သိလိုက်ရသည်။

သူ့အသက်အရွယ်အရ လှည့်စားရန် ခက်သလို ရံဖန်ရံခါ သူမကို အပြစ်တင်၊ တိုက်ခိုက်တတ်သေးသည်။

ဟွန်း၊ သူမ အများကြီး သည်းခံခဲ့သည်။

တစ်လ ယွမ်( ၅ ) သောင်း လစာက သူမနှင့် ထိုက်တန်သည်။

ယနေ့ စိတ်ခံစားချက် ကောင်းမွန်နေသဖြင့် ရှန်းမူမူက အချေအတင် ပြန်မပြောခဲ့ပေ။ ထိုအစား သူမက ကြင်နာစွာ ပြုံးပြီး ချီရှောင်ပိုင်၏ နောက်စေ့ကိုပုတ်ကာ ပြောလိုက်သည်။ “လူတိုင်းသိတဲ့အတိုင်း သူများကို အပြစ်မရှာလို့လည်း ထောင်ထဲ မရောက်ပါဘူးနော်။”

ခေါင်းပုတ်ခံလိုက်ရသဖြင့် ချီရှောင်ပိုင်က ဆွံ့အသွားခဲ့သည်။

သူ အသိစိတ်ပြန်ကပ်သည့် အချိန်တွင် ရှန်းမူမူက ဇိမ်ပြေနပြေ လှေကားပေါ်သို့ တက်သွားကာ နောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။ “မင်းရဲ့အဖေ လာမလားဆိုတာ မေးကြည့်လိုက်မယ်။”

ချီရှောင်ပိုင်က အပုတ်ခံရသည့်ခေါင်းကို ပွတ်နေကာ အပြုံးကို ဖုံးဖိပြီး ပျင်းရိစွာ ပြောလိုက်သည်။ “အင်း။”

ထိုညနေခင်းတွင် ကျင်းမြို့၏ နံပါတ်( ၁ ) အလယ်တန်းကျောင်းက အရွယ်ရောက်ခြင်းအခမ်းအနားနေ့အကြောင်းကို ရှန်းမူမူက ချီမော့ကို ပြောပြခဲ့သည်။

ချီမော့က အချိန်ဇယားများကို စစ်ဆေးလိုက်ပြီး ထိုနေ့တွင် အားလပ်ချိန်ရှိသဖြင့် သူမနှင့် အဖော်လိုက်ရန် သဘောတူခဲ့သည်။

ရှန်းမူမူက ထိုအကြောင်းကို ချီရှောင်ပိုင်ထံ ပြန်ပြောပြခဲ့သည်။ “မင်းအဖေလည်း လိုက်မယ်တဲ့။”

ချီရှောင်ပိုင်က ပျော်ရွှင်သွားသော်လည်း မဖော်ပြခဲ့ပေ။ ချီရှောင်ပိုင်က အေးစက်စွာဖြင့် နံပါတ်တစ်လုံး ပြန်ဖြေလိုက်သည်။

“၁”

ရှန်းမူမူက ဖုန်းမျက်နှာပြင်ထက် “၁” ကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။

ခေါင်းကို ဖွဖွပုတ်ခဲ့မိသည်ကို သူမ နောင်တရမိသည်။

ချီရှောင်ပိုင်က သူ့မိထွေးနှင့် ဖခင်ဖြစ်သူ ကျောင်းပွဲကို တက်ရောက်မည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် တနင်္ဂလာနေ့ မတိုင်ခင်အထိ စိတ်ခံစားချက် ကောင်းမွန်နေလေသည်။

ပုံမှန် တည်တင်းနေသည့် နှုတ်ခမ်းက အနည်းငယ် အထက်သို့ကွေးနေသည်။

အတန်းစာသင်ချိန်တွင်လည်း သာမာန်နှင့်မတူစွာ ရူပဗေဒဆရာအား ပုစ္ဆာမေးခွန်းများ မေးနေလေသည်။

ညနေခင်းတွင် မိုးစတင်ရွာခဲ့သည်။

မိုးစက်များက ပြတင်းပေါက်ကို လာရောက်ထိမှန်နေသည်။

ချီရှောင်ပိုင်က ပျင်းရိစွာဖြင့် စားပွဲကိုမှီကာ ပြတင်းပေါက် အပြင်ကို ကြည့်နေသည်။

သူက နှုတ်ခမ်းမဲ့ကာ သူ၏ အေးစက်သော မျက်နှာထက်တွင် ခါးသီးမှုတို့ ပေါ်ခဲ့လေသည်။

သူက တစ်ယောက်တည်း စကားပြောလိုက်သည်။ “ဗုဒ္ဓဟူးနေ့ကျရင် မိုးမရွာရင် ကောင်းမှာပဲ။”

အရှေ့တန်းတွင် ထိုင်နေသည့် ဝေကျောက်နန်က ချီရှောင်ပိုင် ယနေ့ ထူးဆန်းနေသည်ကို သတိထားမိခဲ့သည်။

သူ၏ တီးတိုးစကားကိုကြားပြီးသည့်နောက်တွင် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

ပုံမှန်ဆိုလျှင် ချီရှောင်ပိုင်က မိုးရွာလျှင် ထီးယူလာဖို့ မမေ့တတ်ပေ။

“အခက်အခဲများကို တွေဝေမနေဘဲ ဖြေရှင်းတတ်သူ”ဖြစ်သည်။

သို့သော် ယနေ့တော့ မိုးဖွဲဖွဲရွာနေသည်ကို စိတ်ရှုပ်နေပုံရသည်။

ဝေကျောက်နန်က ခေါင်းလှည့်ကာ ထိုင်ခုံကိုမှီရင်း ပြောလိုက်သည်။

“ချီရှောင်ပိုင် ဘာဖြစ်နေတာလဲ၊ ဒီနေ့ စိတ်ခံစားချက်တွေ များနေတာလား။”

ချီရှောင်ပိုင်က မျက်ခုံးပင့်ပြီး ဝေကျောက်နန်ကိုကြည့်ကာ ပျင်းရိစွာ ဖြေလိုက်သည်။ “မင်းအဖေကို စိတ်ပူနေတာလား။”

ဝေကျောက်နန်က မျက်လုံးတစ်ဝက်မှေးကျဉ်းလိုက်ပြီး ချီရှောင်ပိုင် စကားအကောင်း ပြန်ဖြေဖို့ မမျှော်လင့်ထားပေ။ သူက ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။”

သူတို့ဘေးတွင် နေ့လည်စာစားပြီးသည့် အတန်းဖော်များက အုပ်စုလေးတွေဖွဲ့ကာ စကားပြောနေကြသည်။

လူတိုင်းနီးပါးက ကျောင်းပွဲတော်ကိစ္စ ဆွေးနွေးနေကြသည်။

သူတို့ဘေးခုံအနီးရှိ ကျောင်းသူလေးနှစ်ယောက်က စိတ်လှုပ်ရှားမှုကို မဖုံးဖိထားနိုင်ကြပေ။

“လာမယ့်အရွယ်ရောက်ခြင်းအခမ်းအနားပွဲကျရင် အမေက ငါ့ကို တီဘရန်း နှုတ်ခမ်းနီ အစုံလိုက်ပေးမယ် ပြောတယ်။”

“ဟယ် မိုက်လိုက်တာ။” ဘေးက ကောင်မလေးက ပြောလိုက်သည်။ “အဖေက ငါ့ကို ပလက်တီနမ်အိတ် ဝယ်ပေးမယ်တဲ့၊ နောက်ဆုံးတော့ ငါ့မှာ ဒီဇိုင်နာ အိတ်တစ်လုံး ရှိတော့မယ်။”

ကျင်းမြို့၏ နံပါတ် ( ၁ ) အလယ်တန်းကျောင်းဖြစ်သည့်အလျောက် ထိုသို့တန်ဖိုးကြီးသည့် လက်ဆောင်ပစ္စည်းများအကြောင်း ဖော်ပြရန် လိုအပ်သည်။

အနောက်တန်းက ကျောင်းသားတစ်ချို့ကလည်း ကျောင်းသူမလေးတွေ၏ စကားဝိုင်းထဲ ဝင်ပါခဲ့ကြသည်။

“ငါကတော့ လက်ဆောင်မရဘူး၊ ပွဲကိုလည်း မိဘတွေလာမှာ မဟုတ်ဘူး၊ ငါ့ကို စာအိတ်အနီပဲ ပေးလောက်တယ်။”

“အဖေကတော့ လာမယ့် ငါ့မွေးနေ့အတွက် သူ့ကားအဟောင်း ပေးမှာတဲ့လေ၊ သူကျ ကားအသစ်ဝယ်မှာ၊ အဲဒါကို ယုံကြလား။”

စကားဆုံးသည်နှင့် ရယ်သံများ ပြည့်နှက်သွားလေသည်။

ဝေကျောက်နန်က အကြည့်ရွှေ့ကာ ချီရှောင်ပိုင်ကို ကြည့်လိုက်သည်။ “အန်တီနဲ့ ဦးလေးကရော မင်းအတွက် လက်ဆောင်ပြင်ထားလား။”

ချီရှောင်ပိုင်က မျက်ခုံးပင့်ကြည့်ကာ ပုခုံးတွန့်ပြလိုက်သည်။ “အရေးမကြီးဘူး။”

သူ့ဖခင်နှင့် မိထွေး ရောက်လာသည်ကိုမြင်လျှင် သူ့ရင်ထဲ မီးရောင်လက်သွားမည်ကို သူဝန်ခံရမည်။

သို့သော် သူ့အတွေးတွေ ချက်ချင်း ပျောက်သွားခဲ့သည်။ သူ့ဖခင်က မည်သို့သော အထူးပွဲကိုမှ တရေးတယူ ဆက်ဆံခြင်း မရှိသည်ကို သူသိသည်။

သူ့ဖခင်ဆီက လက်ဆောင်မျှော်နေခြင်းက တက္ကသိုလ်ဝင်တန်းအတွက်အရေးကြီးသည့် အင်္ဂလိပ်ဘာသာရပ် အမှတ်မြင့်ဖို့ မျှော်လင့်နေခြင်းနှင့်တူသည်။

သူ့မိထွေးကကော မည်သို့နည်း။

အနည်းငယ် မျှော်လင့်ထားမိသော်လည်း အများအပြားတော့ မဟုတ်ပေ။

သူမက သူ့အတွက် မေးခွန်းဟောင်းလေ့ကျင့်ရေး စာအုပ်တွေကို လက်ဆောင်ပေးခဲ့သူ ဖြစ်သည်။

ဒီမှတ်ဉာဏ်တွေကို ပြန်မတွေးနေတော့ပေ။

ချီရှောင်ပိုင် အတွေးများ ရှုပ်ထွေးနေချိန်တွင် ရှန်းမူမူက ကုမ္ပဏီမှ ထွက်လာခဲ့သည်။

သူမက Porsche ကား အနီရောင်ပေါ်တက်ကာ အိန္ဒြေကြီးစွာ ကားမောင်းလျက် ကုမ္ပဏီမှ ထွက်လာခဲ့သည်။

ယနေ့ သူမ အရေးကြီးကိစ္စရှိသဖြင့် နေ့လည်ပိုင်းတွင် ကုမ္ပဏီကို ပြန်မလာနိုင်ကြောင်းကို ကျားမူနှင့် ချန်ကျိုးကို သူမ ကြိုအကြောင်းကြားပြီးသားဖြစ်သည်။

သူမ ယခင်က ဝယ်ယူဖူးသည့် စကိတ်စီးသည့်အခါ လိုအပ်သည့် ပစ္စည်းအရောင်းဆိုင်ကို ရောက်သွားခဲ့သည်။

သူမက ကားပါကင်ထိုးပြီးသည့်နောက်တွင် ဓာတ်လှေကားထဲဝင်ကာ အမျိုးသားအဝတ်အထည်ရှိသည့်အထပ်ကို သွားခဲ့သည်။

သူမက အချိတ်အကြာကြီးလှည့်ပတ်ကြည့်ရှုခဲ့သည်။

သူမက ချီရှောင်ပိုင်၏ လာမည့် မွေးနေ့အတွက် လက်ဆောင်ကို ရှာနေခဲ့သည်။

သူမရဲ့ မျက်နှာအမူအရာက စိတ်သက်သာနေရာမှ စိတ်ဒုက္ခရောက်သည့်အသွင်သို့ ပြောင်းသွားခဲ့သည်။

ရွေးဖို့ခက်လိုက်တာ။

အဝတ်အစားတွေက အရွယ်ရောက်ပြီးသူနှင့် လူချမ်းသာကြီးတွေကို ပစ်မှတ်ထား ရောင်းချသည့်ပုံ ဖြစ်သည်။

ချီရှောင်ပိုင်က အနောက်တိုင်းဝတ်စုံ မဝတ်သဖြင့် ငွေဖြုန်းတီးရာသာကျမည်။

သားရေဖိနပ်များကလည်း သူ၏အသက်အရွယ်နှင့် မလိုက်ဖက်ပေ။

သူမက တွေးတောနေရင်း ခြေလှမ်းနှေးနှေးဖြင့် ဆိုင်တစ်ဆိုင်ထဲ ဝင်သွားခဲ့သည်။

ရုတ်တရက်ပင် သူမ၏ မျက်လုံးများ လင်းလက်ကာ ပြူးကျယ်သွားခဲ့သည်။

ချီရှောင်ပိုင်နှင့် လိုက်ဖက်မည့် လက်ဆောင်ကို သူမ တွေ့လိုက်သည်။

သူမက အကျင့်အတိုင်း ဈေးနှုန်းကိုကြည့်လိုက်ရာ အံ့ဩမှင်တက်သွားလေသည်။

ထင်သည့်အတိုင်း သူမက အမြင်ကောင်းလှသည်။

ပစ္စည်းဈေးနှုန်းက မတန်မဆ ဈေးမြင့်လွန်းသည်။

ရှန်းမူမူက အသက်ပြင်းပြင်း ရှူလိုက်သည်။

အရွယ်ရောက်ခြင်းအခမ်းအနားက တစ်ဘဝတွင် တစ်ခါသာရှိသည်။

ထိုအရာပေါ် ငွေသုံးဖို့က ထိုက်တန်သည်။

သူမက ထိုအတွေးကို နှလုံးသွင်းကာ ကဒ်ထုတ်ကာ ဝယ်ယူလိုက်လေသည်။

အရွယ်ရောက်ခြင်းအခမ်းအနားနေ့တွင် ဖြစ်၏။

ဗီလာထဲတွင် အိမ်တော်ထိန်းနှင့်အိမ်အကူများကလွဲလျှင် ချီရှောင်ပိုင်က တစ်အိမ်လုံးတွင် ပထမဆုံး နိုးနေသူဖြစ်သည်။

ယနေ့တစ်ရက် ကျောင်းစည်းကမ်း လျှော့ချထားသဖြင့် အထက်တန်းတတိယနှစ်ကျောင်းသားများအားလုံး ကျောင်းဝတ်စုံမဝတ်ဘဲ ကျောင်းလာလို့ရသည်။

သူက ဝတ်နေကျ အမဲနှင့်မီးခိုးရောင်အင်္ကျီများကြားမှ နက်ပြာရောင်တီရှပ်ကို ရွေးလိုက်သည်။

ချီရှောင်ပိုင်က ချီမော့နှင့်တူကာ အသားဖြူသည်။

နက်ပြာရောင်ကို ဝတ်ဆင်လိုက်သည့်အခါ သူ့ကို ပို၍ ထင်းလင်းသွားစေခဲ့သည်။

ချီရှောင်ပိုင်က ဝတ်နေကျမဟုတ်သည့် အင်္ကျီကိုဝတ်ပြီးသည့်နောက်တွင် မှန်ရှေ့ရပ်ကာ ဟိုလှည့်ဒီလှည့်ကြည့်နေရင်း တစ်ခုခု လိုနေသည်ကို ခံစားလိုက်ရသည်။

လူငယ်လေးက ခေါင်းငြိမ့်လိုက်ပြီး မှန်ထဲက ဆံပင်ပုံစံကို ကြည့်လိုက်သည်။

သူက လိုက်ဖက်သည့် ဆံပင်ပုံစံ လိုအပ်နေခြင်းဖြစ်သည်။

ချီရှောင်ပိုင် ဆံပင်ပုံစံပြုပြင်ကာ ရေချိုးခန်းထဲကထွက်လာဖို့ မိနစ်၂၀ကြာခဲ့သည်။

ရှန်းမူမူက ထမင်းစားခန်းထဲတွင် နံနက်စာ စားနေတုန်း အသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။

သူမရဲ့ မျက်လုံးများ ပြူးကျယ်သွားကာ ဆန်ပြုတ်က လည်ပင်းထဲ နင်နေပြီး အောက်မဆင်း၊ အပေါ်မတက်ဖြစ်နေသည်။

သူမရဲ့အကြည့်ကိုမြင်တော့ ချီရှောင်ပိုင်က ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းကို တို့လိုက်သည်။

“ဘာကြည့်နေတာလဲ။”

သူ ပထမဆုံး ဆံပင်ပုံစံသွင်းထားသည့်က ကြည့်ရမဆိုးဘူးမလား။

ရှန်းမူမူက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။ “ချီရှောင်ပိုင်၊ လူကြီးနဲ့တူအောင် ဆံပင်ကို ဘယ်လောက်ထိ ပြင်ချင်နေတာလဲ။”

ဆံပင်ကို တစ်ဝက်လောက်‌ကော်ထောင်ဖို့ လိုလို့လား။

***

All Chapters