လူကြီးနှင့်တူသည့် ဆံပင်ပုံစံ
Vol. 11 Ch. 131
ရှန်းမူမူက ဆန်ပြုတ်ပန်းကန်ကိုချကာ ချီရှောင်ပိုင်ထံ သွားလိုက်သည်။
သူမက သူ့ကို အထက်အောက် အစုန်အဆန်ကြည့်ကာ သူ၏ မာပြီး တောင့်တင်းနေသည့် ဆံပင်ကို ကြည့်လိုက်သည်။
သူမက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
“လိုက်ခဲ့။” ရှန်းမူမူက ပြောလိုက်သည်။
ချီရှောင်ပိုင်က ရှုပ်ထွေးနေသည့် အမူအရာဖြင့် အောက်ထပ်ရှိ ရေချိုးခန်းထဲ လိုက်ဝင်သွားခဲ့သည်။
ရှန်းမူမူက ဘေစင်ရေပိုက်ကို ဖွင့်ကာ ချီရှောင်ပိုင်၏ ခေါင်းကို ရေအောက်ထိုးထည့်လိုက်သည်။
“ခေါင်းလျှော်လိုက်။” ရှန်းမူမူက ဖုန်းကြည့်နေသည်။ “နင့်ဆံပင်ပုံစံပြောင်းဖို့ အချိန် မိနစ်( ၂၀ ) ရမယ်၊ မြန်မြန်လုပ်။”
ချီရှောင်ပိုင်က နာခံစွာဖြင့် လွန်ခဲ့သည့် မိနစ်အနည်းငယ်က ကျေနပ်ခဲ့ရသည့် သူ့ဆံပင်ပုံစံကို လျှော်လိုက်ရသည်။
ချီရှောင်ပိုင် ဆံပင်ခြောက်အောင် မှုတ်ပြီးသည့်အခါ ရှန်းမူမူက ခေါင်းလိမ်းဂျယ်ကို လက်ဖဝါးထဲထည့်ပြီး သူ့ဆံပင်ကို လိမ်းခဲ့သည်။
အရှေ့ဆံပင်ကို ဘေးခွဲကာ နဖူးပြင်ပေါ်အောင် လုပ်လိုက်သည်။
သူ့ကို အနည်းငယ် ရင့်ကျက်သည့်ပုံစံဖြစ်အောင် ပြောင်းလိုက်သည်။
ဆံပင်ပြင်ပေးပြီးသည့်အခါ ရှန်းမူမူက ချီရှောင်ပိုင်ကို သေချာပတ်ကြည့်လိုက်သည်။
“မဆိုးဘူး၊ ငါပြင်ပေးလိုက်တော့ နင်က နှစ်ဆလောက် ပိုချောသွားပြီ။” သူမက ပြောလိုက်သည်။
“စောနကပုံစံက တော်တော်ဆိုးလို့လား။” ချီရှောင်ပိုင်က ပြောလိုက်သည်။ “နည်းနည်းလေး ပိုရင့်ကျက်ချင်ရုံပါ။”
ရှန်းမူမူက သူ့ပုခုံးကို ပုတ်လိုက်သည်။
“ရည်ရွယ်ချက်က ကောင်းပေမယ့် နောက်ထပ် ထပ်မလုပ်နဲ့။”
ချီရှောင်ပိုင်။ “....”
ချီရှောင်ပိုင်က ပြန်မချေပတော့ဘဲ မှန်ထဲက သူ့ပုံရိပ်ကို ကျေနပ်နေလေသည်။
စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး ဘေးတွင် လက်ပိုက်ကာ ရပ်နေသည့် ရှန်းမူမူကို ပြောလိုက်လေသည်။ “မဆိုးပါဘူး။”
ရှန်းမူမူက မျက်စံလည်လိုက်သည်။ “သွေးနားထင်ရောက်မနေနဲ့။”
သူ့လို ရမ်းသမ်းကာ လုပ်ခဲ့ခြင်း မဟုတ်ပေ။
သူမ လတိုင်း အလှပြင်ဆိုင်တွင် ငွေဖြုန်းခဲ့ခြင်းက အလကား မဟုတ်ပေ။
သူတို့နှစ်ဦး ရေချိုးခန်းထဲကထွက်လာသည့်အချိန်တွင် ချီမော့က အောက်ထပ်ဆင်းလာသည့် အချိန် ဖြစ်သည်။
သူက လက်တစ်ဖက်တွင် ဂျာကင်အင်္ကျီကိုချိတ်ထားကာ တည်ငြိမ်စွာ ဆင်းလာခဲ့သည်။
ချီရှောင်ပိုင်၏ ပုံမှန်မဟုတ်သော ဝတ်စားဆင်ယင်မှု၊ ဆံပင်ပုံစံနှင့် ရှန်းမူမူ၏ ကျေနပ်နေသည့် အမူအရာကို ကြည့်ပြီးနောက်တွင် ဖြစ်ပျက်ခဲ့သည်ကို သူ ခန့်မှန်းနိုင်ခဲ့သည်။
ချီရှောင်ပိုင်က ခေါ်လိုက်သည်။ “အဖေ။”
ချီမော့က သူ့ကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ “မင်းအဝတ်အစားက ဒီနေ့ အရွယ်ရောက်ခြင်းအခမ်းအနားနဲ့ လိုက်ဖက်သားပဲ။”
ချီရှောင်ပိုင်က ပျော်ရွှင်သွားကာ ပြုံးလိုက်သည်။
မနက်စာ စားပြီးသည့်နောက်တွင် မိသားစုသုံးယောက်သား အိမ်မှ ထွက်ခဲ့သည်။
သူတို့က ယာဉ်မောင်းသမား မခေါ်ခဲ့ပေ။
ချီမော့က ကားမောင်းကာ ရှန်းမူမူက ဘေးခုံတွင် ထိုင်ပြီး ချီရှောင်က ကားနောက်ခန်းတွင် ထိုင်ခဲ့သည်။
ချီမော့က ကားမောင်းလေ့ သိပ်မရှိသဖြင့် GPS မရှိလျှင် အဆင်မပြေသည်ကို ရှန်းမူမူက သိသဖြင့် သူမ ဖုန်းနှင့် GPS ဖွင့်ကာ ပြောပြလမ်းညွှန်ခဲ့သည်။
“နောက်မီးပွိုင့်ပြီးရင် ညာဘက်ကွေ့လိုက်။”
ချီမော့အသံက နူးညံ့နေသည်။ “ကောင်းပါပြီ။”
ထိုစကားကြားတော့ ချီရှောင်ပိုင်က အရှေ့တိုးကာ မတ်မတ်ထိုင်လိုက်သည်။
“ကျောင်းလမ်းကို မျက်စိမှိတ်ပြီးသွားရင်တောင် သွားတတ်တယ်၊ ကျွန်တော် လမ်းညွှန်ပေးမယ်။” သူက ပြောလိုက်သည်။
ထိုစကားကြားတော့ ရှန်းမူမူက လှည့်ကြည့်ကာ ဖုန်းပေးလိုက်သည်။ “ကောင်းပြီ ဒါဆို…”
သို့သော် သူမ စကားမဆုံးခင်မှာ ချီမော့က ဖြတ်ပြောလိုက်သည်။ “မလိုဘူး။”
ချီမော့က ကားမှန်မှတစ်ဆင့် ချီရှောင်ပိုင်ကိုကြည့်ကာ ပြောလိုက်သည်။ “အားနေရင် မီးနင်းတွေ ပြန်ကျက်နေ။”
ချီရှောင်ပိုင်။ “....”
ထိုစကားကြားတော့ ရှန်းမူမူက များများစားစား မတွေးခဲ့ပေ။
ချီမော့စကားက မှန်သည်ဟုတွေးကာ သူမက ပြန်လှည့်သွားသည်။
“နင့်အဖေပြောတာမှန်တယ်၊ ဘာမှလုပ်စရာ မရှိရင် မီးနင်း ပြန်ဖတ်နေ။” သူမက ပြောလိုက်သည်။
ရှန်းမူမူက ရုတ်တရက်ပင် တစ်ခုခုကို သတိရသွားကာ နားကြပ်ကိုထုတ်ပြီး ချီရှောင်ပိုင်ကို ပေးလိုက်သည်။
“နားကြပ်နဲ့ နားထောင်၊ အသံမကျယ်စေနဲ့နော်၊ ငါအိပ်ပျော်သွားမှာစိုးလို့။”
ချီရှောင်ပိုင်။ ဒါက….
သူက အနှောင့်အယှက်ဖြစ်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲ။
သူက စကားဖြင့် ပြန်တုံ့ပြန်ချင်လိုက်သော်လည်း အရှေ့ခုံက အတွဲ၏ စကားကို ကြားလိုက်ရလေသည်။
ချီမော့။ “နံနက်စာကို ဆန်ပြုတ် တစ်ပန်းကန်ပဲ စားလာတာလား။”
ရှန်းမူမူ။ “ကြက်ဥကြော် နှစ်လုံးလည်း ပါတယ်။”
ချီမော့။ “ကျောင်းနားက ဆိုင်မှာ အဆာပြေ စားဦးမလား။”
ရှန်းမူမူ။ “အဲဒါ တွေးနေတာ။”
ချီရှောင်ပိုင်က လက်ပြန်ရုတ်ပြီး အသံတိတ်ကာ ခုံကို မှီလိုက်လေသည်။
ကိစ္စမရှိပေ။
ဘာအထင်လွဲစရာရှိလဲ။
သူ့ဘဝက ဝပ် ( ၅၀၀ ) မီးလုံးလေးနှင့်တူသည်။
သူ့အဖေက သူ့ကို ကားပေါ်က ကန်ထုတ်ကာ ကိုယ့်ဘာသာ မသွားခိုင်းသည်မှာ ကျောင်းက အရွယ်ရောက်ခြင်းအခမ်းအနားနေ့ကြောင့်ဖြစ်လိမ့်မည်။
ချီရှောင်ပိုင်က နားကြပ်တပ်လိုက်သည်။
သူက ရော့သီချင်းကို ဖွင့်လိုက်သည်။
သီချင်းနားထောင်ရင်း ပြတင်းပေါက်အပြင်ကိုကြည့်နေသည်။
ကားက မောင်းရင်းဖြင့် ရေကန်ရှည်ကြီးဘေးက လမ်းထဲဝင်သွားခဲ့သည်။
ထိုလမ်းက သူနေ့တိုင်းသွားနေသည့် လမ်းဖြစ်သည်။
ရှူခင်းက အလွန်လှကြောင်းကို ယခုမှ သတိထားမိခဲ့သည်။
သူ့ဖခင်နှင့်မိထွေးကြောင့် ခံစားချက်ဆိုးဝါးနေခြင်း မရှိဘဲ သူ၏အေးစက်သည့် မျက်ဝန်းထဲ နွေးထွေးမှုပုံရိပ်များဖြစ်ပေါ်နေသည်။
သူ၏ မာထန်သည့်မျက်နှာက ပျော်ရွှင်နေပုံပေါက်နေသည်။
ကော့တက်နေသည့် သူ့နှုတ်ခမ်းသူ သတိထားမိလိုက်သည့်အခါ သူ့ကိုယ်သူ စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။
ငြင်းပယ်ခံလိုက်ရတာတောင် ပြုံးနိုင်သေးတယ်။
တစ်ယောက်တည်း တွေးတောပြီးသည့်နောက်တွင် သူက မျက်မှောင်ကြုတ်လိုက်သည်။
တစ်ခုခုတော့ မှားနေပြီ။
အသက် ( ၁၈ ) နှစ်တောင် ပြည့်တော့မှာကို ကိုယ့်ဘာသာကိုယ် စိတ်ထဲက ကျိန်ဆဲနေတုန်းလား။
မရင့်ကျက်လိုက်တာ။
ယနေ့ သူ့ကို သူ့ဖခင်က လူကြီးနှင့်တူကြောင်း ချီးမွမ်းခဲ့သည်။
သူက သူ့အမူအရာကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်ထိန်းပြီး ပြတင်းပေါက်ကို ပြန်ငေးနေလိုက်သည်။
သို့သော် ရုပ်တည်ကြီးက ခဏသာဖြစ်လိုက်ပြီး နှုတ်ခမ်းတွေက ပြန်ကွေးညွတ်သွားခဲ့သည်။
ထားလိုက်ပါတော့ ၁၈ပြည့်ဖို့ကလည်း လအနည်းငယ် လိုပါသေးတယ်။
နောက်လအနည်းငယ်ပြီးမှပဲ ရင့်ကျက်မှုကို ခံစားတော့မည်။
အရှေ့ကလူနှစ်ဦးကတော့ ချီရှောင်ပိုင်၏ တွက်ချက်မှုတွေကို မသိကြပေ။
သူက အင်္ဂလိပ်မီးနင်း နားထောင်ရင်း တိတ်ဆိတ်နေသည်ဟု သူတို့ထင်နေကြသည်။
သူတို့က ရောက်တတ်ရာရာတွေကို ပြောဆိုနေကြသည်။
ကျောင်းက အရွယ်ရောက်ခြင်းအခမ်းအနားနေ့အကြောင်း ပြောလိုက်သည့်အခါ ရှန်းမူမူက သူမ အိတ်ထဲက လက်ဆောင်ဘူးလေးကို ထိလိုက်လေသည်။
ကျောင်းသို့ရောက်ပြီး ကားပါကင်ထိုးပြီးသည့်အခါ သူတို့သုံးဦးသား ကားပေါ်က ဆင်းခဲ့သည်။
ချီရှောင်ပိုင်က ပေကျင်းမြို့ နံပါတ် ( ၁ ) အထက်တန်းကျောင်းတွင် မိန်းကလေးတွေကြား ရေပန်းအစားဆုံးဖြစ်သည်။
သူယနေ့ဝတ်ဆင်ထားသည့် အင်္ကျီနှင့် နဖူးဖော်ထားသည့် ဆံပင်ပုံစံကြောင့် သူ့ကို သဘောကျနေသည့် ကောင်မလေးတွေ၏ မျက်နှာက ပိုနီမြန်းသွားခဲ့သည်။
ကားထဲမှ ထွက်ကာ ခန်းမထဲသို့ လမ်းလျှောက်သွားခဲ့သည်။
မိန်းကလေး ( ၇ ) ယောက်က ချီရှောင်ပိုင်ကို ခိုးကြည့်ကာ ရှက်ရွံ့ပြီး ထွက်ပြေးသွားသည်ကို ရှန်းမူမူ သတိထားမိခဲ့သည်။
ရှန်းမူမူက ဘယ်ညာ ကြည့်လိုက်သည်။
သူမ ဘယ်ဘက်က ချောမောသည့် အမျိုးသားဖြစ်ကာ ညာဘက်က ချောမောသည့် ကောင်လေး ဖြစ်သည်။
သူတို့နှစ်ယောက်ကြားတွင် လမ်းလျှောက်နေရခြင်းက သူတို့၏ ကျက်သရေရှိမှုဖြင့် စိန်နားကပ်အရောင်ဖြင့် ပါးပြောင်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့ခန်းမကိုရောက်သည့်အခါ လူတွေစုံနေပြီဖြစ်သည်။
“ဟဲလို ဝမ်း၊ တူး၊ သရီး။” မိုက်စမ်းသက်သံက ထွက်ပေါ်နေသည်။
အသံလာရာကို ကြည့်လိုက်ရာ စကားပြောနေသူက အထက်တန်းဝင်ခွင့်ပွဲတုန်းက စကားပြောဆိုသည့် ဆရာဖြစ်နေသည်။
အထက်တန်း တတိယနှစ်ကျောင်းသားနှင့် မိဘများ နေရာယူပြီးသည့်အခါ ဆရာက တောက်ပစွာပြုံးလျက် မိုက်ကို ချိန်ညှိလိုက်သည်။
သူ့အဖွင့်စကားက ယခင်အတိုင်းသာ ဖြစ်သည်။ “အာ… ကျွန်တော် စကားလေး အနည်းငယ် ပြောပါရစေ….”
***