ရဲစွမ်းသတ္တိနဲ့ပြည့်စုံပါစေ၊ ကိုယ့်ပုံစံ အစစ်အမှန်အတိုင်း နေထိုင်နိုင်ပါစေ၊ နှစ်တိုင်း ေအးချမ်းပါစေကွယ်
Vol. 11 Ch. 132
“အသက်( ၁၈ ) ဆိုတာ အိပ်မက်တွေကို ဖမ်းဆုပ်ဖို့ အကောင်းဆုံး အရွယ်ပဲ၊ အထက်တန်းစီနီယာ ကျောင်းသားအားလုံး တောက်ပတဲ့အနာဂတ် ရှိဖို့ စိတ်ရင်းနဲ့ ဆန္ဒပြုအပ်ပါတယ်ဗျာ။”
“ဒီလိုလှပတဲ့အသက်အရွယ်လေးမှာ ပိုဝေးတဲ့နေရာတွေကိုသွားပြီး ပိုတောက်ပတဲ့အလင်းတွေကို ကြည့်ရှူရှာဖွေကြပါ….”
ဆရာက မိန့်ခွန်းပြောနေကာ စင်အောက်တွင် ဆူညံသံများ ရှိမနေပေ။
အသက်( ၁၆ ) ၊ ( ၁၇ ) ၊ ( ၁၈ ) အရွယ် ကျောင်းသူ၊ ကျောင်းသားများက စင်မြင့်ထက်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။
ဆရာ၏ စကားကို ယခုလောက် အာရုံစိုက်ကာ တစ်ခါမှ နားမထောင်ဖူးပေ။
သူတို့၏ ရုပ်ရည်များက မတူညီသော်လည်း မျက်လုံးထဲက တောက်ပမှုများကတော့ တူညီနေသည်။
လေထု၏ကူးစက်မှုကြောင့်လားမသိ ရှန်းမူမူဟာလည်း တိတ်ဆိတ်စွာဖြင့် စင်မြင့်ထက်ကို ကြည့်နေသည်။
မိန့်ခွန်းပြောပြီးသည့်အခါ အတန်းတာဝန်ခံများက ကောင်းချီးပေးခဲ့သည်။
ချီရှောင်ပိုင်၏ အတန်းပိုင်က သူတို့ အထက်တန်း စရောက်ကတည်းက တစ်ယောက်ချင်းစီ၏ ပုံကို ရိုက်ယူထားခဲ့သည်။
ဓာတ်ပုံတွေ၏ နောက်တွင် သူတို့၏ အသက်အရွယ်၊ သူတို့အထက်တန်းကျောင်းသား စဖြစ်ကတည်းက သူတို့ကိုမြင်ရသည့် ဝမ်းသာကြောင်း ဖော်ပြသည့် စာများ ရေးထားသည်။
ထို့နောက် အငယ်တန်းက ကျောင်းသူကျောင်းသားများက စီနီယာအထက်တန်း ကျောင်းသူကျောင်းသားများကို နေကြာပန်းတစ်ပွင့်စီ ပေးခဲ့သည်။
အရွယ်ရောက်ခြင်းအခမ်းအနားက တစ်နာရီခွဲလောက်သာ ကြာခဲ့သည်။
အကယ်၍ သာမာန်နေ့သာဆိုလျှင် ထိုကလေးတွေက ပျင်းရိငြီးငွေ့နေလောက်ပြီဖြစ်သည်။
သို့သော် ယနေ့တွင်မူ သူတို့က အားအင်ပြည့်ဝ တက်ကြွနေကြသည်။
ဆရာကြီးက အရွယ်ရောက်ခြင်းအခမ်းအနားပြီးဆုံးကြောင်း ကြေငြာကာ ဓာတ်ပုံများ အလိုရှိသလို ရိုက်နိုင်ကြောင်း ကြေငြာလိုက်သည့်အခါ ခန်းမထဲ အသံများညံသွားခဲ့သည်။
သူတို့က သံပြိုင် အော်ဟစ်လိုက်သည်။ “အခု ငါတို့ အရွယ်ရောက်ပြီ။”
အသံက ခေါင်မိုးပွင့်လုနီးပါး ကျယ်လောင်သည်။
လူအုပ်ကြီးထဲတွင် လူငယ်တစ်ယောက်က လမ်းလျှောက်လာနေသည်။
ငယ်ရွယ်သည့် ချီရှောင်ပိုင်က ပြုံးနေကာ လက်ထဲက ပန်းစည်းကို ဝေ့ယမ်းပြီး ချီမော့နှင့် ရှန်းမူမူထံ သွားနေသည်။
သူ၏မျက်ဝန်းများက တောက်ပကာ အသက်ဝင်နေသည်။
ယောက်ျားလေးတစ်ယောက်ကဲ့သို့ ဆွဲဆောင်မှု ရှိနေသည်။
လေထုထဲတွင် ငယ်ရွယ်မှုများ ပြည့်နက်နေကာ မျက်နှာကို ပြန်ဟပ်နေသည်။
ရှန်းမူမူက ထိုပုံလေးကို ဖုန်းဖြင့် အမှတ်တမဲ့ ရိုက်ယူလိုက်သည်။
ထိုရှားပါးသည့် မြင်ကွင်းကို မှတ်တမ်းတင်ခဲ့သည်။
ဓာတ်ပုံရိုက်လိုက်သည်ကိုမြင်တော့ ချီရှောင်ပိုင်က သူမထံ ပြေးလာခဲ့သည်။
”ပြပါဦး။”
ရှန်းမူမူ။ “ပို့ပေးလိုက်မယ်။”
ချီရှောင်ပိုင်က တက်ကြွနေသည်။ သူက ချီမော့နှင့် ရှန်းမူမူ ရှေ့တွင်ရပ်ကာ ဖုန်းထုတ်လိုက်သည်။
ဂုဏ်ပြုစာများထဲတွင် သူက သူ့အဖွားထံက စာကို ဖွင့်လိုက်သည်။
အဖွား၏ အသံမက်ဆေ့ချ်ကို ကြားလိုက်ရသည်။ “အဖွားရဲ့မြေးလေး အရွယ်ရောက်လာခဲ့ပြီး၊ အဖွားကတော့ တစ်ကိုယ်ကောင်းဆန်စွာပဲ ငါ့မြေးလေးကို မြန်မြန် အရွယ်မရောက်စေချင်ဘူး၊ ဒါပေမယ့်လည်း အရွယ်ရောက်တာလေးကို ကြည့်ချင်သေးတာ။”
အသံမက်ဆေ့က ချောင်းဆိုးသံဖြင့် တစ်ဝက်တစ်ပြတ် ဖြစ်သွားပြီး နောက်ထပ် ထွက်ပေါ်လာခဲ့သည်။
စိတ်ခံစားချက်များ ထိန်းညှိပြီးသည့်အခါ တုန်ရီသော အသံဖြင့် အဖွားအိုက ထပ်ပြောလေသည်။ “ငါ့မြေးလေး ရဲစွမ်းသတ္တိနဲ့ပြည့်စုံပါစေ၊ ကိုယ့်ပုံစံ အစစ်အမှန်အတိုင်း နေထိုင်နိုင်ပါစေ၊ နှစ်တိုင်း အေးချမ်းပါစေကွယ်။”
ချီရှောင်ပိုင်၏ နှာခေါင်းများ စူးရှသွားလေသည်။
သူက မျက်ရည်များ မကျအောင် ထိန်းလိုက်လေသည်။
ချီမော့၏ မျက်ဝန်းထဲက အရောင်များလည်း မှုန်မှိုင်းနေကာ မြူတစ်ထပ် ဖုံးကွယ်နေသည်။
သူတို့သုံးဦးထဲတွင် ရှန်းမူမူက စိတ်ခံစားချက်ကို မဖုံးကွယ်နိုင်ဘဲ ငိုမိခဲ့လေသည်။
သူမက ပြုံးကာ မျက်ရည်များကို သုတ်လိုက်သည်။
ချီရှောင်ပိုင်နှင့် အဖွားအိုကြားက သံယောဇဉ်ကြောင့် သူမ ရင်ထဲထိသွားခဲ့သည်။
ဖုန်းယောင်ချင်ကလည်း ချီရှောင်ပိုင်ကို ဂုဏ်ပြုစာ ပို့ခဲ့သည်။
ချီရှောင်ပိုင်ကို ကလေးလိုဆက်ဆံကာ သူမရဲ့ မက်ဆေ့ချ်အရှည် တစ်ဝက်လောက်က အီမိုဂျီများ ပြည့်နေသည်။
နောက်ဆုံးတွင် သူမက ပန်း ( ၁၈ ) ပွင့် အီမိုဂျီပုံကိုလည်း ထည့်ဖို့ မမေ့ခဲ့ပေ။
ချီရှောင်ပိုင်။ “...”
သူက အခုမှ အရွယ်ရောက်ခြင်းအခမ်းအနား ပြီးခါစရှိသေးသော်လည်း သူ့အဖွားက သူ့ကို သတ်လတ်ပိုင်းဂရုထဲ ထည့်ချင်နေပုံရသည်။
ချောင်လီ၏ မက်ဆေ့ချ်က အရိုးရှင်းဆုံးနှင့် နှစ်ကြောင်းသာပါသည်။ “ပျော်ရွှင်ဖွယ် အရွယ်ရောက်ခြင်းအခမ်းအနားပါ ကလေး။”
ဓာတ်ပုံတစ်ပုံလည်း ပေးပို့ထားပြီး ထိုပုံက သူမကိုယ်တိုင်ပြုလုပ်ထားသည့် အောင်လက်မှတ်ဖြစ်ကာ “ချစ်ရပါသော ချီရှောင်ပိုင်၊ ချောမောလှတဲ့ ချီရှောင်ပိုင်ကို (လန်းဆန်းတက်ကြွသော လူငယ်ဆု) ချီးမြင့်ပါတယ်၊ အားပေးနေပါတယ်။” ဟုရေးထားသည်။
ချီရှောင်ပိုင်နှင့် ချောင်လီက အသက်သိပ်မကွာသဖြင့် သူမကို လူကြီးဟု မမြင်ဘဲ မောင်နှမဟုသာ ခံစားရသည်။
အဖွား၏ မက်ဆေ့ချ်ကြောင့် ကျရသည့် မျက်ရည်တွေက ချောင်လီက အောင်လက်မှတ်ကြောင့် ရပ်တန့်သွားခဲ့လေသည်။
သူ၏ ချောမောသည့်မျက်နှာက ရယ်ခြင်း၊ ငိုခြင်းတို့ဖြင့် ရှုပ်ထွေးနေသည်။
သူက ဖုန်းကို သူ့ဖခင်ကို ပြလိုက်သည်။ “အဖေ ဒါက ချောင်လီပို့ပေးတဲ့ လက်မှတ်လေ။”
ချီရှောင်ပိုင်က ချီမော့ထံ ခြေတစ်လှမ်းတိုးလိုက်သည်။
သူတု့အကွာအဝေးက နီးက်နေသည်။
ချီရှောင်ပိုင်၏ အပြုံးတွင် မျက်ရည်များပါနေသည်။
ချီမော့က ပြုံးလိုက်သည်။
ဖုန်းကိုကြည့်ပြီးသည့်နောက်တွင် သူက ချီရှောင်ပိုင်ကို ကြည့်လိုက်သည်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားခဲ့သည်။
သူတို့အနောက်တွင် ခန်းမ ပြတင်းပေါက် အလင်းရောင်က မျက်နှာများထက် ထင်ဟပ်နေသည်။
တစ်ဦးက ရင့်ကျက်ကာ ကျက်သရေရှိသူဖြစ်သည်။
တစ်ဦးက ငယ်ရွယ်ဖြူစင်ကာ မကြာခင် အရွယ်ရောက်လာတော့မည့်လူငယ်လေးဖြစ်သည်။
မီးအလင်းရောင်က သူတို့ကို ပို၍ ဆွဲဆောင်မှု ရှိစေသည်။
ရှန်းမူမူက အခွင့်အရေးကို အမိအရယူကာ ဓာတ်ပုံရိုက်ယူထားလိုက်သည်။
သူမက ဖုန်းကို အိတ်ထဲ ပြန်သိမ်းပြီး ဘူးတစ်ဘူးကို ထုတ်လိုက်သည်။
သူမက ပြုံးကာ ချီရှောင်ပိုင်ကို ပေးလိုက်သည်။ “ချီအာအတွက် အသက်ပြည့် လက်ဆောင်။”
ချီရှောင်ပိုင်က လှည့်ကြည့်ကာ အံ့ဩသွားခဲ့သည်။ “ကျွန်တော့်အတွက်လား။”
ရှန်းမူမူက ပြုံးကာ ခေါင်း ငြိမ့်ပြလိုက်သည်။
“အင်း၊ ဖွင့်ကြည့်ဦး၊ ကြိုက်လားလို့၊ ငါ အချိန်အကြာကြီး ရွေးထားရတာ။”
ချီရှောင်ပိုင်က နေကြာပန်းကို ချိုင်းကြားညှပ်ကာ လက်ဆောင် ယူလိုက်သည်။
လက်ဆောင်က မကြီးပေ။
မေးခွန်းဟောင်းတွေတော့ မဟုတ်နိုင်ပေ။
Legoတွေများလား။
ဘာဖြစ်မလဲ။
မျှော်လင့်ချက်များစွာဖြင့် ဖွင့်ပြီးသည့်အခါ သူအံ့ဩသွားခဲ့သည်။
အစင်းတွေပါသည့် နက်ပြာရောင် နက်ကတိုင်ဖြစ်သည်။
ပုံစံက ( ၁၇ ) ၊ ( ၁၈ ) အရွယ် လူငယ်များနှင့် လိုက်ဖက်သည်။
သူ့ဘဝတွင် ပထမဆုံး ရဖူးသည့် နက်ကတိုင်ဖြစ်သည်။
ချီရှောင်ပိုင်က ဈေးမြင့်သည့် ပိတ်စကို လက်ချောင်းဖြင့်ထိကာ အရွယ်ရောက်လာကြောင်း ခံစားလိုက်ရသည်။
သူက နက်ကတိုင်ကို ထုတ်ကာ လည်ပင်းထက် ပတ်လိုက်သည်။
ချီမော့က ချီရှောင်ပိုင်၏ အစဉ်မကျသည့် အမူအရာကိုကြည့်ကာ ပြောလိုက်သည်။ “ဘယ်လိုစည်းရမလဲဆိုတာ ငါ သင်ပေးမယ်။”
ချီရှောင်ပိုင်က မျက်တောင်ခတ်လိုက်သည်။
သူက သူ့ဖခင်ရှေ့တွင် တပ်သားကဲ့သို့ မတ်မတ် ရပ်နေသည်။
သူ့ဖခင်၏ တည်ငြိမ်သည့်အသံဖြင့် စိတ်ရှည်စွာသင်ပေးနေသည်ကို သေချာနားထောင်နေသည်။
နက်ကတိုင်ကို တွဲဖက်ဝတ်ဆင်ရမည့်အဝတ်အစား၊ နက်ကတိုင် ကလစ်ကို ပွဲအလိုက် တပ်ရမည့်နေရာကို သင်ပေးခဲ့သည်။
ထိုအချိန်တွင် ရှန်းမူမူက ချီရှောင်ပိုင်၏ ဘေးတွင် ရပ်လိုက်သည်။
သူမက ပြုံးကာ ချီမော့ကို ကြည့်လိုက်သည်။
သူမ၏ အမူအရာကို သတိထားမိကာ ချီမော့က သူမကို ကြည့်လိုက်သည်။
သူက မျက်မှောင်ကြုတ်နေကာ သူ့အမူအရာက ရှုပ်ထွေးနေသည်။
သူမက လက်ဖြန့်ကာ ပြောလိုက်သည်။ “လူတိုင်း ချီအာအတွက် လက်ဆောင်ပြင်လာတယ်၊ ရှင်ကရော...။”
ထိုစကားကြောင့် ချီမော့ ရပ်တန့်သွားခဲ့သည်။
ချီရှောင်ပိုင်က သူ့ဖခင်နှင့် မိထွေးကို ကြည့်နေသည်။
သူ တစ်ခုခုပြောမည့်အချိန်တွင် သူ့ပုခုံး အပုတ်ခံရကာ ရှန်းမူမူက ထပ်ပြောလေသည်။ “ချီအာ မကြောက်နဲ့၊ သူ့ဆီကနေ ငါတောင်းပေးမယ်။”
***