ချီရှောင်ပိုင်အတွက် ချီမော့၏လက်ဆောင်
Vol. 11 Ch. 133
“ချီအာ မကြောက်နဲ့၊ သူ့ဆီကနေ ငါတောင်းပေးမယ်။” ရှန်းမူမူက အားပေးသလို ပြောလိုက်သည်။ ချီရှောင်ပိုင်က တိတ်ဆိတ်နေသည့် သူ့ဖခင်ကို ကြည့်လိုက်သည်။
ချီမော့က ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်။ “ကောင်းပြီ၊ ဘာလိုချင်လဲ။”
ချီရှောင်ပိုင်က ကြက်သေသေသွားခဲ့သည်။ သူ မှတ်မိသလောက်ဆိုလျှင် သူ့ဖခင်ထံက လက်ဆောင် မရဖူးခဲ့ပေ။
လက်ဆောင်တောင်းခြင်း အောင်မြင်သွားသဖြင့် ရှန်းမူမူ၏ မျက်နှာက ပျော်ရွှင်သွားခဲ့သည်။ သူမက တံတောင်ဖြင့်တို့ကာ ပြောလိုက်သည်။ “မြန်မြန်၊ နင့်အဖေ သဘောတူတယ်လေ၊ ရဲရဲကြီး တောင်းဆိုလိုက်။”
ချီရှောင်ပိုင်က သူ့ဖခင်ကို မေးလိုက်သည်။ “တကယ် ကြိုက်တာ တောင်းလို့ ရလား။”
ချောမောခန့်ကြားသည့်လူ၏ မျက်ဝန်းတွေက နူးညံ့လာကာ အသံက တိုးသော်လည်း ခိုင်မာနေသည်။ “အင်း၊ ကြိုက်တာပြော။”
ချီရှောင်ပိုင်က စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဂရုတစိုက် ပြောလိုက်သည်။ “နာရီလိုချင်တယ်။”
ချီမော့က ပြန်ဖြေလိုက်သည်။ “အင်း၊ ဘယ်အမျိုးအစား….”
“အဖေ့ရဲ့ ပထမဆုံး နာရီကို လိုချင်တယ်။” ချီမော့ စကားမဆုံးခင်မှာပင် သူက ဖြတ်ပြောလိုက်သည်။
ထို့နောက် အမှတ်တရများ သူ့စိတ်ထဲ ပြန်ပေါ်လာခဲ့သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က မမျှော်လင့်ဘဲ သူ့ဖခင်၏ နာရီများကို တွေ့ခဲ့သည်။
နာရီများထဲတွင် like Patek Philippe, Vacheron Constantin, Earlစသည့် တန်ဖိုးကြီးဘရန်းများနှင့် မတူသည့် နာရီ တစ်လုံး ရှိသည်။
ထိုနာရီကို သူ့ဖခင်က အံဆွဲတစ်ခုဖြင့် သီးသန့်ထားထားသည်။
ချီရှောင်ပိုင်၏ သိချင်စိတ်က ပြင်းပြသွားခဲ့ကာ ထိုနာရီပုံစံကို မှတ်ထားလိုက်သည်။
ထို့နောက် မဂ္ဂဇင်းများ လှန်လှောရင်း သူ့ဖခင်၏ အင်တာဗျူးကို တွေ့လိုက်သည်။
ထိုပုံထဲတွင် သူ့ဖခင်က လုပ်ငန်းကို ဦးဆောင်တုန်းက ပုံ ဖြစ်သည်။
ထိုပုံထဲက သူ့ဖခင် ပတ်ထားသည့် နာရီက သူတွေ့ခဲ့သည့် နာရီနှင့်တူသည်။
ချီရှောင်ပိုင်က မိဘဆရာ အစည်းအဝေးသို့ လာတက်သည့် သူ့ဖခင်၏ လက်ထောက်ကို ထိုကိစ္စကို မေးမြန်းခဲ့သည်။
ချီမော့နောက် လိုက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် အတွင်းရေးမှူးက ထိုနာရီအကြောင်းကို သူ သိသည်။ သူက အမှန်အတိုင်း ပြောပြခဲ့သည်။
“ဥက္ကဌ ပထမဆုံး ရတဲ့ ပိုက်ဆံနဲ့ဝ ယ်ထားတဲ့ နာရီတဲ့၊ အခု ပိုအောင်မြင်လာတာတောင် အရေးကြီးတဲ့ပွဲတွေ တက်ရင် အဲနာရီ ဝတ်တယ်၊ ဥက္ကဌကြီးက အစကို မမေ့ဖို့နဲ့ ဒီလို အောင်မြင်လာတာ တစ်စတစ်စ ကြိုးစားခဲ့ရတာကို မမေ့အောင်လို့တဲ့လေ၊ ဥက္ကဌချီက ကျွန်တော့်ဘဝရဲ့ စံပြပုဂ္ဂိုလ်ပါ။”
ထိုအကြောင်းတွေ ချီရှောင်ပိုင်၏ အတွေးထဲ ပေါ်လာခဲ့လေသည်။
လက်ရှိကို ပြန်တွေးမိပြီး သူစိုးရိမ်သွားခဲ့သည်။
သူ့ဖခင်၏ အရေးကြီးသည့်ပစ္စည်းကို လက်ဆောင်တောင်းခြင်းက သင့်လျော်ပါရဲ့လား။
သွေးပူနေတုန်း ပြောလိုက်မိသည်ကို နောင်တရသွားခဲ့သည်။
ချီရှောင်ပိုင် စိုးရိမ်နေချိန်တွင် သူဖခင်၏ အသံကို ကြားလိုက်ရလေသည်။ “ကောင်းပြီ၊ အိမ်ရောက်ရင် ပေးမယ်။”
ဆယ်ကျော်သက်ကောင်လေး၏ မျက်လုံးက ပြူးကျယ်လာကာ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
အိမ်ပြန်သည့်ကားပေါ်တွင်လည်း စိတ်လှုပ်ရှားမှုတို့ လျော့မသွားဘဲ မျှော်လင့်စောင့်စားနေလေသည်။
သူ့ရဲ့ ကလေးဆန်ဆန် ပျော်နေပုံကို မမြင်စေလို၍ သူက နားကြပ်တပ်ကာ အင်္ဂလိပ်မီးနင်း နားထောင်နေသည်။
အင်္ဂလိပ်စာ နားထောင်ခြင်းက သူ့စိတ်ကို တည်ငြိမ်စေသည်။
သူထင်သည့်အတိုင်း အလွန် အကျိုးသက်ရောက်မှု ရှိသည်။
ဆယ်မိနစ်လောက် နားထောင်ပြီးသည့်နောက်တွင် မျက်တောင်များ စင်းလာခဲ့သည်။
သူက လက်ပိုက်ပြီး အနောက်ကိုမှီကာ ခေါင်းစောင်းရင်း လုံးဝ အိပ်ပျော်သွားခဲ့သည်။
ရှီယွီယွဲ့ဗီလာတွင် ဖြစ်သည်။
ချီရှောင်ပိုင်က သူ့ဖခင်ထံကရသည့် နာရီကို ခဏခဏ ကြည့်နေသည်။
သူက လက်ကောက်ဝတ်တွင် ပတ်ကြည့်ပြီးနောက်တွင် တစ်ခုခု ခြစ်မိမည်ကို စိုးရိမ်သဖြင့် ဖြုတ်ပြီး အံဆွဲထဲ ထည့်သိမ်းခဲ့သည်။
အံခွဲကို သေချာလေး သီးသန့်ခွဲထားသည်။
အံဆွဲထဲတွင် သူ့ဖခင် ပေးသည့် နာရီနှင့် ရှန်းမူမူ ပေးသည့် နက်ကတိုင်ကို ဘေးချင်းယှဉ်ထားသည်။
သူ စိတ်ကျေနပ်မှ အံဆွဲပိတ်လိုက်သည်။ ထို့နောက် တံခါးခေါက်သံ ခပ်အုပ်အုပ်ကြားလိုက်ရလေသည်။
ချီရှောင်ပိုင်က ရှုပ်ထွေးသွားခဲ့သည်။
ရှန်းမူမူ တံခါးခေါက်လျှင် ခပ်ပြတ်ပြတ် ၂ချက်ခေါက်သည်။
အိမ်တော်ထိန်းကျန်း တံခါးခေါက်လျှင် သခင်လေးဟု တွဲခေါ်တတ်သည်။
ယခု တံခါးခေါက်သံက တစ်ချက်သာဖြစ်သည်။ မည်သူဖြစ်မည်နည်း။
တံခးဖွင့်လိုက်သည့်အခါ တံခါးရှေ့ရှိလူကြောင့် သူအံ့ဩသွားခဲ့သည်။
“အဖေ။”
ချီမော့က အနောက်တိုင်းဝတ်စုံ ဝတ်မထားဘဲ မီးခိုးရောင်ရှပ်အင်္ကျီကို အထဲက တီရှပ် အနက်ဝတ်ထားကာ တံခါးနားရပ်နေသည်။ သူ့ပုံစံက အေးစက် တည်တင်းနေပုံနှင့် မတူပေ။
ချီရှောင်ပိုင် ကြည့်လိုက်တော့ ဘီယာ( ၆ ) ဘူး ကိုင်ထားသည်ကို တွေ့လိုက်သည်။
ဘီယာဘူးက ရေစက်လေးတွေက ကြမ်းခင်းပေါ်ကျနေသည်။
ချီမော့က ပြောလိုက်သည်။ “မင်းက အရွယ်ရောက်ပြီလေ၊ ငါနဲ့ သောက်မလား။”
ချီရှောင်ပိုင်က စက္ကန့်အနည်းငယ်လောက် ကြက်သေ သေသွားခဲ့သည်။ ဆယ်ကျော်သက်လေး၏ မျက်ဝန်းထဲတွင် ဂုဏ်ယူမှုတို့ ထင်ဟပ်နေကာ ခံစားချက်များ ဖုံးကွယ်ဖို့ ခက်နေသည်။
အံ့ဩမှုကြောင့် အသက်ပင် အောင့်လိုက်မိလေသည်။
မေးရိုးက တက်လိုက်ကျလိုက် လှုပ်ရှားနေသည်။
သူက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ “ဟုတ်။”
ထိုအရာက သားအဖကြား အမြန်ဆုံး နားလည်နိုင်မည့် အလဲအလှယ် ဖြစ်သည်။
ထိုအရာက သူ့ဖခင် သူ့အတွက် ပြင်ဆင်ထားသည့် တကယ် သက်ပြည့် လက်ဆောင် ဖြစ်သည်။
ယခင်တုန်းက ချီမော့က အထိမ်းအမှတ်နေ့တွေကို ပါဝင်ဆင်နွှဲသည်မှာ ရှားပါးသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်သည်။
အိပ်ရာမဝင်ခင်ညတစ်ညက ရှန်းမူမူက ဖုန်းကြည့်ကာ တီးတိုးပြောနေသည်ကို သူတွေ့ခဲ့သည်။
“ရွေးချယ်ရခက်လိုက်တာ၊ အသက် ( ၁၈ ) အရွယ် ကောင်လေးတွေက ဘာကြိုက်တတ်လဲ…”
“ဘာမှ မပေးလို့ မရဘူး။”
“ဒါပေမယ့် ဘာပေးရမှာလဲ၊ ရွေးရခက်လိုက်တာ…”
ရှန်းမူမူက မေးထောက်ကာ သေချာတွေးတောနေခဲ့သည်။
ထိုအချိန်တွင် ချီမော့ သဘောပေါက်သွားခဲ့သည်။
ချီရှောင်ပိုင်၏ ဖခင် အနေဖြင့် သားဖြစ်သူ၏ အရွယ်ရောက်ခြင်းအခမ်းအနားနေ့ အထိမ်းအမှတ်အဖြစ် တစ်ခုခု ပေးသင့်သည် မဟုတ်လား။
သူမ ကဲ့သို့ သာမာန်နေ့ကို ထုံးတမ်းအတိုင်းဖြစ်အောင် လုပ်ပေးရမည်။
သူက လက်ဆောင် တစ်ခုကို ဆုံးဖြတ်ခဲ့သည်။
ချီမော့က သူ့အသက် ( ၁၈ ) နှစ်ပြည့် မွေးနေ့တုန်းက အကြောင်းကို ပြန်တွေးလိုက်သည်။
ထိုနေ့က သူ့မိဘတွေက ဆွေမျိုးတွေ နေမကောင်းသဖြင့် စောင့်ရှောက်ရန် သူ့ကို အိမ်တွင်ထားကာ ထွက်သွားခဲ့ကြသည်။
အိမ်ပြန်လမ်းတွင် လမ်းကြားက ဆိုင်ထဲ ရေဘူးဝယ်ရန် လုပ်ခဲ့သော်လည်း ဘီယာဘူးတွေအပေါ် အာရုံကျသွားခဲ့သည်။
သူအသိစိတ်ကပ်ချိန်တွင် ဘီယာ ( ၂ ) ဘူး ယူပြီးနေပြီဖြစ်သည်။
အိမ်ပြန်ရောက်သည့်အခါ ခေါင်မိုးထပ်သို့တက်ခဲ့သည်။
အိမ်အိုလေး၏ ခေါင်းမိုးထပ်တွင် အုတ်တို့ ရောထွေးနေသည့် ရနံ့ရသည်။
ညနေခင်း လေပြေထဲတွင် အုတ်နံ့နှင့် အောက်ထပ်က ဟင်းချက်နံ့တို့က သူ့ကို အဖော်ပြုနေသည်။
သူက ဘီယာနှစ်ဘူးကို တစ်ပြိုင်တည်း သောက်ခဲ့သည်။
ထို့နောက် ကောင်းကင်ကြီးကို လက်ညှိုးဖြင့် ဝေ့ကာ ပြောလိုက်သည်။
သူ့ရင်ထဲကနေ ကွယ်လွန်သွားသည့် မိဘနှင့် အစ်မကို တိုင်တည်ကာ ပြောလိုက်သည်။
“ဒီနေ့ပြီးရင် အသက်၁၈ပြည့်ပြီမလို့ ကျွန်တော့်ကို စိတ်မပူကြပါနဲ့တော့။”
ချီရှောင်ပိုင် တံခါးပိတ်လိုက်သည့်အခါ ချီမော့၏ အတွေးတွေက လက်ရှိကို ပြန်ရောက်လာခဲ့သည်။
ချီမော့၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားခဲ့သည်။
သူက ဒုတိယထပ်က လေသာခန်းကို ကြည့်လိုက်သည်။
သူက ရှေ့သို့လျှောက်သွားရင်း ချီရှောင်ပိုင်ကို ပြောလိုက်သည်။ “သွားရအောင် ကလေး။”
***