နယ်မြေရဲ့ ရေက ထင်ထားတာထက်ပိုပြီး နက်ရှိုင်းတယ်
Vol. 1 Ch. 398
ကျန်းရီ၏ စကားများသည် ပြတ်သား၍ ထိရောက်လေသည်။
သိုင်းခန်းမသည် ရာထူးအာဏာအတွက် ယှဉ်ပြိုင်ခြင်းမပြုသော်လည်း နယ်မြေတွင် နိုင်ငံတစ်ခု၏ ကြွယ်ဝမှုနှင့်တောင် နှိုင်းယှဉ်နိုင်သည့် နံပါတ်တစ်အဖွဲ့အစည်းတစ်ခု ဖြစ်နေတုန်းပင်။ သိုင်းခန်းမသည် အဆင့်နိမ့် သိုင်းသမားများကြားတွင် ဂုဏ်သတင်းမွှေးပြီး အင်အားစုတိုင်းနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းထားနိုင်သည်။
လူသားမျိုးနွယ် စတင်ပေါ်ထွန်းခဲ့သည်မှာ နှစ်သန်းပေါင်းများသွား ရှိနေပြီဖြစ်သည်။ နယ်မြေကိုအုပ်ချုပ်ကြသော အာဏာရှင်များ တစ်ဆက်ပြီးတစ်ဆက် ပြောင်းသွားသော်လည်း သိုင်းခန်းမမှာ အမြဲတည်ရှိနေနိုင်ခဲ့သည်။ ထိုအချက်သည် သိုင်းခန်းမတွင် အပြင်လူများမသိသည့် နောက်ခံကြီးတစ်ခုရှိနေမှန်း ညွှန်ပြနေသည်။ ထို့ကြောင့် လက်အောက်ခံနိုင်ငံ ခြောက်ခုသည် သိုင်းခန်းမကို လေးလေးစားစား ဆက်ဆံကြလေသည်။ သူတို့သည် မြို့တစ်မြို့လုံးကို သတ်ဖြတ်ပစ်လျှင်တောင် သိုင်းခန်းမမှ လူများကို လက်ဖျားနှင့်တောင် မထိရဲပေ။
စုလောရွှယ် နန်းတက်ပြီး သုံးရက်မြောက်နေ့တွင် သိုင်းခန်းမခွဲသခင်တစ်ယောက်ကို ဖိတ်ကြားခဲ့သည်။ သူမသည် သိုင်းခန်းမနှင့် ပတ်သက်ပြီး မည်သည့်အရာက ထူးခြားနေမှန်း မသိသော်လည်း သူမသည် ထိုသူအား ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့သည်။ အင်အားစုကြီးခြောက်ခုမှ ရှားနိုင်ငံ၏ မြို့များကို ဖျက်စီးခဲ့စဉ်က သူတို့သည် ထိုမြို့များမှာ သိုင်းခန်းမများကို ဘာမှမလုပ်ခဲ့ပေ။ ထိုအချက်က သိုင်းခန်းမ မည်မျှအင်အားကြီးကြောင်း ဖော်ပြနေသည်။
သိုင်းခန်းမ၏ နတ်မိမယ်များမှာလည်း သူတို့ကိုယ်သူတို့ ရုပ်လုံးပြခြင်းမှာ အလွန်ရှားပါး၍ ပြင်ပလောကမှ သူတို့အား သိပ်မသိကြပေ။ အင်အားကြီးဂိုဏ်းများမှ သခင်လေးများမှတစ်ပါး သာမန်လူများမှာ သူတို့ကိုတွေ့ရန်ပင် အရည်အချင်း မမှီပေ။ သိုင်းခန်းမ၏ သမက်ဖြစ်လာရန်မှာ အင်အားကြီးဂိုဏ်းများမှ သခင်လေးအများစု၏ အိပ်မက်ဖြစ်ကြသည်။
တုကူးယန်သည် ကျန်းရီ၏ ဒဏ္ဍာရီကို ကြားဖူးသည်။ သူမသည် ကျန်းရီ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အမြဲတမ်း ကျေနပ်ခဲ့ရသည်။ သို့သော်လည်း သူမ၏ အခွင့်ထူးခံနောက်ခံ၊ ပြိုင်ဘက်ကင်းအလှအပနှင့် အရည်အချင်းတို့ကြောင့် သူမမှာ အမြဲတမ်း အင်အားကြီးဂိုဏ်းများမှ သခင်လေးများ၏ ခြံရံနေခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သူမသည် အထက်စီးမှနေရခြင်းကို အသားကျနေပြီဖြစ်သည်။
တုကူးယန်သည် ယနေ့ သူမ ကျန်းရီကို ဆက်ဆံသည်မှာ လုံလောက်သည်ထက် ပိုသည်ဟု ထင်နေခဲ့သည်။ သူမသည် သူ့အား လက်ထပ်ရန် စဉ်းစားပေးနိုင်သည်ဟုပင် အရိပ်အမြွက် ပြောခဲ့သေးသည်။ သို့သော် အံ့အားသင့်စရာကောင်းစွာပင် ကျန်းရီသည် သူမအား အရှက်ခွဲခြင်းဖြင့်သာ တုံ့ပြန်ခဲ့သည်။
ထို့ကြောင့် သူမ၏ မျက်နှာလှလှလေးမှာ မည်းမှောင်လာခဲ့သည်။ သူမသည် ချက်ချင်းထရပ်လိုက်ပြီး ကျန်းရီအား အေးစက်စွာ စိုက်ကြည့်လာသည်။
"ကျန်းရီ...ရှင်က တစ်လောကလုံးက သိုင်းသမားတွေကို လျစ်လျူရှုရလောက်အောင် သိပ်တော်နေပြီလို့ ရှင့်ကိုယ်ရှင် ထင်နေလား။ ကျွန်မရှင်ကို ရှင်းအောင်ပြောလိုက်မယ်...သိုင်းခန်းမက ရှင်ထင်ထားတာထက် ဆယ်ဆ၊ အဆတစ်ရာမကတောင် အင်အားကြီးသေးတယ်။ အထင်မမှားလိုက်နဲ့"
"အရူး"
ကျန်းရီသည် ခေါင်းအသာယမ်းလိုက်သည်။ သိုင်းခန်းမသည် အဘယ်ကြောင့် ဦးနှောက်ချို့ယွင်းနေသည့် မိန်းမကို စေလွှတ်လိုက်သနည်း။ ဤမိန်းမသည် မည်သည့်နည်းဖြင့် နတ်မိမယ် ဖြစ်လာသနည်း။ သူမအဖေသည် သိုင်းခန်းမမှ အကောင်ကြီးကြီးတစ်ကောင် ဖြစ်နေသည်လော။
ကျန်းရီသည် ထီမထင်စွာ ပြုံး၍ တုကူးယန်အား စိုက်ကြည့်လိုက်သည်။
"အိုး...သိုင်းခန်းမက ဘယ်လောက်အင်အားကြီးလဲ။ ကျွန်တော်တကယ်မသိဘူး...မိန်းကလေးတုကူးက ကျွန်တော့်ကို အလင်းပြပေးမလား"
"ဟမ့်...သေချာနားထောင်"
တုကူးယန်သည် ခေါင်းကို ဂုဏ်ယူစွာမော့၍ ပြောလာခဲ့သည်။
"သိုင်းခန်းမက လူသားတွေ ပေါ်ထွန်းလာချိန်တည်းက ရှိခဲ့တာ။ အုပ်ချုပ်သူတွေ တစ်ဆက်ပြီးတစ်ဆက် ပြောင်းသွားပေမယ့် သိုင်းခန်းမက ကြံ့ကြံ့ခိုင်ရပ်တည် နေနိုင်တုန်းပဲ။ သိုင်းခန်းမက တစ်ကြိမ်မှ ဖျက်စီးမခံရဖူးသလို ဘယ်သူကမှလည်း သိုင်းခန်းမကို မတိုက်ခိုက်ခဲ့ဖူးကြဘူး။ ဘာကြောင့်လဲဆိုတာ ရှင်သိလား"
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် ထိုအကြောင်းအား အတော်လေး သိချင်နေခဲ့သည်။
"ဘာကြောင့်လဲ"
တုကူးယန်၏ ခေါင်းမှာ ပို၍မြင့်သွားခဲ့သည်။
"ဘာကြောင့်လဲဆိုတော့ သိုင်းခန်းမက ရှင်မထင်ထားလောက်အောင် အင်အားကြီးလို့ပဲ။ သိုင်းခန်းမကို ဆန့်ကျင်တဲ့သူတိုင်းရဲ့ ကံကြမ္မာက တစ်လမ်းပဲရှိတယ်...သေခြင်းပဲ"
သောက်အဓိပ္ပါယ်မရှိလိုက်တာ...
ကျန်းရီသည် မျက်လုံးလှန်လိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူသည် စိတ်မရှည်စွာ ပြောလိုက်သည်။
"မိန်းကလေးတုကူး... ပြောစရာမရှိတော့ဘူးဆိုရင် ခွင့်ပြုပါဦး။ ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးတယ်"
"အဲ့ဒီမှာရပ်လိုက်"
ကျန်းရီ ထသွားသည်ကိုမြင်လျှင် တုကူးယန်မှာ တကယ်ဒေါသထွက်လာခဲ့သည်။ သူမသည် ဒေါသတကြီး အော်ပြောလိုက်သည်။
"ကျန်းရီ...ရှင့်ကို သတင်းတစ်ချို့ ပေးလိုက်ဦးမယ်။ ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ သမိုင်းမှာ စွမ်းအားမြင့်တဲ့သူတွေ၊ ဂိုဏ်းကြီးတွေရဲ့ အဖွဲ့ဝင်တော်တော်များများက သိုင်းခန်းမရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲတွေပဲ။ အခုလာ်း လက်အောက်ခံနိုင်ငံခြောက်ခုက ဘုရင်တစ်ဝက်ကျော်နဲ့ အင်အားကြီးဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေ တော်တော်များများက သိုင်းခန်းမရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲတွေ ဖြစ်နေကြတယ်။ အဲ့အထဲမှာ ဆုံးသွားတဲ့ စုတိဝမ်တောင် ပါသေးတယ်"
"ဟမ်..."
ကျန်းရီသည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဤတစ်ကြိမ်တွင် သိုင်းခန်းမ၏ အင်အားသည် သူ့အား မှင်တက်သွားစေခဲ့သည်။
သို့သော်လည်း သိုင်းခန်းမသည် အုပ်ချုပ်ရေးတွင် မည်သည့်အခါမှ ဝင်မပါခဲ့ပေ။ အဘယ့်ကြောင့် ထိုမျှအင်အားအရေအတွက် လိုအပ်နေသနည်း။ ထိုသို့သော အင်အားမျိုးနှင့်ဆိုလျှင် နယ်မြေအား ပေါင်းစည်းရန် အလွယ်လေးပင်။ သို့သော် သမိုင်းထဲတွင် သိုင်းခန်းမသည် မည်သည့်အခါမှ အာဏာအတွက် မတိုက်ခိုက်ခဲ့ဖူးပေ။
ကျန်းရီသည် နောက်ပြန်လှည့်၍ တုကူးယန်အား မေးရန်ပြင်လိုက်သည်။ သို့သော်လည်း သူမ၏ မျက်နှာပေါ်မှ မထေမဲ့မြင်အကြည့်ကို သူမြင်သောအခါ မေးချင်စိတ်ပင် မရှိတော့ချေ။ သူသည် ဘေးဘက်သို့ အကြည့်လွှဲ၍ ပြောလိုက်သည်။
"ကျန်းရီမှာ ရန်သူတွေ အများကြီးရှိတယ်။ နယ်မြေမှာ ငါ့ကို သေစေချင်နေကြတဲ့သူတွေလည်း အများကြီးပဲ။ ငါက ပြဿနာဖြစ်စေရတာကို မကြိုက်ပေမယ့် ကြောက်လည်း မကြောက်ခဲ့ဖူးဘူး။ ငါ ဂုဏ်ထူးဆောင်အကြီးအကဲ လုပ်မှာမဟုတ်ဘူးလို့ သိုင်းခန်းမသခင်ကို ပြောလိုက်ပါ။ မင်းတို့ လုပ်ချင်တာ လုပ်နိုင်တယ်။ ငါတစ်ခုပြောချင်တာက ငါ့ကို ရန်လာစတဲ့သူတိုင်း ငါ့ဒေါသကို ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားသင့်တယ်"
စကားဆုံးသည်နှင့် ကျန်းရီသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ လှည့်ထွက်လာခဲ့သည်။ သိုင်းခန်းမသခင်နှင့် ကြီးကြပ်သူယန်မှာ မျက်နှာမည်းမှောင်စွာဖြင့် ထွက်ခွာလာသည့် ကျန်းရီကို မြင်သောအခါ နှလုံးခုန်သံများ မြန်လာကြပြီး တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်သည်။ အနှီတုံးအသည့် နတ်မိမယ်သည် ကျန်းရီအား တနည်းနည်းဖြင့် ရန်စခဲ့ပုံပေါ်သည်။
ခွမ်း...
ကျန်းရီထွက်လာပြီးသည်နှင့် အတွင်းမှ ပန်းကန်လုံးပေါက်ခွဲသံတို့ ထွက်ပေါ်လာခဲ့သည်။ နှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းများ ငုံ့သွားကြသည်။ အေးစိမ့်နေသည့် လေသံတစ်ခုကိုလည်း သူတို့ကြားလိုက်ရလေသည်။
"ကျန်းရီ....အဲ့ဒါကို ရှင်ကိုယ်တိုင်တောင်းဆိုတာ"
***
ကျန်းရီသည် သတောတူညီချက်လုပ်ရန် လက်မခံခဲ့သော်လည်း ထိုအကြောင်းကို ရွှယ်လော့နန်းဆောင်သို့ ပြန်ရောက်သည်နှင့် စုလောရွှယ်အား ပြောပြလိုက်သည်။
"လောရွှယ်...မင်းက တော်ဝင်မိသားစုကဆိုတော့ လျှို့ဝှက်ချက် တော်တော်များများကို သိမှာပဲ။ မင်းရဲ့ခမည်းတော်က သိုင်းခန်းမရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲဆိုတာ အမှန်ပဲလား"
"လောရွှယ်မသိဘူး။ လောရွှယ်က မိန်းကလေးတစ်ယောက် ဖြစ်တာကြောင့် လျှို့ဝှက်တဲ့အကြောင်းအရာတွေကို သိဖို့အရည်အချင်းမမှီဘူး"
စုလောရွှယ်သည် ခေါင်းယမ်းရင်း ကုန်းကုန်းချောင်ကို ဆင့်ခေါ်လိုက်သည်။
"ဦးရီးတော်အရှင်ကို သွားဖိတ်ကြားချေ"
"ဦးရီးတော်အရှင်ဟုတ်လား"
ကျန်းရီသည် နားမလည်နိုင်ဖြစ်နေခဲ့သည်။ စုလောရွှယ်သည် အလျင်အမြန် ရှင်းပြလာခဲ့သည်။
"သူက ခမည်းတော်ရဲ့ ဦးရီးတော်ပဲ၊ စစ်တပ် အကြီးအကဲ လုပ်ခဲ့ဖူးတယ်။ သူက အခုဆို အသက်တစ်ရာကျော်နေပြီဖြစ်တာကြောင့် နိုင်ငံရေးကိစ္စတွေမှာ ဝင်မပါတော့ဘဲ အနားယူနေခဲ့တာ တော်တော်ကြာပြီ။ မိုးပြာနဂါးအင်ပါယာနဲ့ နိုင်ငံငါးခုက ရှားနိုင်ငံကို လာတိုက်တော့ သူကတအားစိတ်ဆိုးပြီး အိပ်ရာထဲတောင် လဲသွားခဲ့သေးတယ်။ သူက သူ့အိမ်တော်မှာဘဲ အနားယူနေတာ။ သူ့ဆီ သွားလည်ဖို့လည်း အချိန်မရတာကြောင့် ရှင့်ကို လောရွှယ်မပြောဖြစ်သေးတာ"
"အိုး..."
ကျန်းရီသည် ခေါင်းအသာငြိမ့်ရင်း စုလောရွှယ်နှင့်အတူ စောင့်ဆိုင်းနေလိုက်သည်။ တစ်နာရီကျော်ကြာပြီးနောက် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက်လိုက်ပါသည့် ဆံပင်ဖြူများနှင့် လူကြီးတစ်ယောက် ရောက်လာခဲ့သည်။
ထိူလူကြီးသည် အတော်အိုမင်းနေပြီဖြစ်သည်။ သူ၏လက်တစ်ဖက်သည် တဆတ်ဆတ် တုန်ယင်နေပြီး မျက်နှာတွင် အရေးကြောင်းများ ရှိနေခဲ့သည်။ သို့သော်လည်း လူကြီးသည် တက်တက်ကြွကြွ ရှိနေဆဲဖြစ်သည်။ သူသည် သူ့အား အလျင်အမြန် လာကူညီသည့် စုလောရွှယ်အား ခေါင်းအသာညွှတ်ပြလာခဲ့သည်။
စုလောရွှယ်သည် သူနှင့် စကားအနည်းငယ် ပြောလိုက်ပြီးနောက် အဓိကအကြောင်းအရာကို ကျန်းရီ၏ မေးခွန်းအတိုင်း ပြန်မေးလိုက်သည်။ ကျန်းရီသည်လည်း အကြီးအကဲအား စိတ်လောကြီးစွာ ကြည့်နေလိုက်သည်။
"အမှန်ပါပဲ"
ဦးရီးတော်အရှင်ဆိုသူသည် ခေါင်းငြိမ့်၍ ပြောလာခဲ့သည်။
"ဟုတ်တယ်...တိဝမ်က တကယ်ကို သိုင်းခန်းမရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲ ဖြစ်ခဲ့တယ်။ ပြီးတော့ အဲ့တုန်းက ငါကိုယ်တိုင်လည်း ဂုဏ်ထူးဆောင်အကြီးအကဲတစ်ယောက်ပဲ။ လောရွှယ်...တိဝမ်က ရုတ်တရက်ထွက်သွားတာမို့ မင်းကို ပြောပြဖို့ အချိန်မရခဲ့တာ။ ငါပြောချင်တာက ကောင်းကင်ကြယ်တာရာနယ်မြေမှာ မိုးပြာနဂါးအင်ပါယာအပါအဝင် ဘယ်နိုင်ငံကိုမဆို မင်းဆန့်ကျင်လို့ရတယ်။ ဒါပေမယ့် သိုင်းခန်းမကို ဆန့်ကျင်လို့ လုံးဝမဖြစ်ဘူး"
"ဒါ..."
ကျန်းရီနှင့် စုလောရွှယ်မှာ မျက်နှာများ ပျက်ကုန်ကြသည်။ အထူးသဖြင့် ယခုလေးတင်မှ သိုင်းခန်းမ၏ နတ်မိမယ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့သည့် ကျန်းရီဖြစ်သည်။
ကျန်းရီသည် စုလောရွှယ်အား လှမ်းကြည့်လိုက်သည်။ စုလောရွှယ်သည် ချက်ချင်း နားလည်သွားကာ ဆက်မေးလိုက်သည်။
"ဦးရီးတော်...သိုင်းခန်းမက အဲ့လောက်တောင် အင်အားကြီးတာလား။ ဘာလို့လူတိုင်းက သိုင်းခန်းမကို ကြောက်လန့်နေကြတာလဲ။ သိုင်းခန်းမရဲ့ ဘာက အင်အားကြီးတာလဲ"
ဦးရီးတော်အရှင်၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ခနဲလက်သွားခဲ့သည်။
"သိုင်းခန်းမက ဘယ်လောက်အင်အားကြီးလဲဆိုတာ ငါလည်းအတိအကျမသိဘူး။ ဒါပေမယ့် ငါနှစ်ခုကိုတော့ သိထားတယ်။ ပထမအနေနဲ့ လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်က လက်အောက်ခံနိုင်ငံခြောက်ခု ကြယ်ကောင်းကင်မြို့ကို ချီတက်တိုက်ခိုက်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မင်းတို့သိကြလား။ လက်အောက်ခံနိုင်ငံခြောက်ခုရဲ့ စစ်တပ်တွေ ကြယ်ကောင်းကင်မြို့ထဲကို မဝင်ရဲတဲ့ အကြောင်းအရင်းက လူတစ်ယောက်ကြောင့်ပဲ။ အဲ့ဒီလူက အဲ့ခေတ်ရဲ့ သိုင်းခန်းမဌာနချုပ်သခင်ပဲ။ ဒါ့အပြင် အဲ့ဒီနောက်ပိုင်း နိုင်ငံအဆင့်ပြိုင်ပွဲလုပ်ဖို့ သိုင်းခန်းမဌာနချုပ်သခင်က အမိန့်ပေးတဲ့အခါ ဘယ်လက်အောက်ခံနိုင်ငံကမှ မငြင်းပယ်ရဲခဲ့ကြဘူး"
"ဘယ်လို"
ကျန်းရီနှင့် စုလောရွှယ်သည် ပြိုင်တူအသံထွက်မိသွားကြသည်။ ကျန်းပိုင်လီ၏ သတိပေးစကားသည် ကျန်းရီ၏ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။ ကောင်းကင်ကြယ်တာရာနယ်မြေမှ ရေသည် အမှန်တကယ်ပင် သူထင်ထားသည်ထက် ပို၍ နက်ရှိုင်းသည်ဟု ကျန်းရီခံစားမိလိုက်သည်။
*****