စွမ်းရည်များ ကောက်ယူပြီး သန်မာလာခြင်း...
Vol. 1 Ch. 1
ဘီစီ ၂၃၀ ခုနှစ်တွင် ချင်နှင့်ဟန်နယ်စပ်က စစ်ပွဲများကြောင့် ပျက်ဆီးယိုယွင်းနေခဲ့သည်။ မြေပြင်တွင် အလောင်းများ ပျံ့ကြဲနေပြီး ကျိုးပဲနေသော ဓားများ၊ မြေပြင်တွင်စိုက်ဝင်နေသော မြှားများ၊ ပျက်စီးနေသော စစ်ရထားများနှင့် မရေတွက်နိုင်သော သက်မဲ့ခန္ဓာကိုယ်များက စိတ်ပျက်ဖွယ်ရာမြင်ကွင်းတစ်ခုကို ပုံဖော်ထားသည်။
မြေပြင်က သွေးများနှင့် နီရဲနေပြီး နံရံနှင့် အဆောက်အအုံများက ထိုစစ်ပွဲကို သက်သေထူနေသည့်အလား သေခြင်းတရားနှင့် စိတ်ပျက်အားငယ်မှုများကို ထုတ်လွှတ်နေခဲ့သည်။
" ကျောက်ဖုန်း မင်းက အလောင်းတွေက ရတနာတွေလိုမျိုး ဘာလို့ကောက်နေတာလဲ။ မင်းဒီလောက်သဘောကျနေရင် ဒီနေရာတစ်ခုလုံးက မင်းအတွက်ပဲ။ " ချင်စစ်သားတစ်ယောက်က အလောင်းတစ်လောင်းကို ကျောပေါ်တွင် ပင်ပင်ပန်းပန်း သယ်ဆောင်လာသော အခြားစစ်သားတစ်ယောက်ကို နောက်ပြောင်လိုက်သည်။
သူ၏ စကားများကြောင့် ပတ်ဝန်းကျင်မှ စစ်သားများက ဝိုင်းရယ်လိုက်ကြသည်။
" တပ်မှူးပြောတာ မမှားဘူး။ "
" သူက အလောင်းထမ်းတဲ့နေရာမှာ တကယ်ကိုပါရမီရှိတယ်။ သူက လူဆယ်ယောက်ပေါင်းတာထက်တောင် ပိုပြီးလုပ်နိုင်သေးတယ်။ " သူတို့၏ ရယ်မောသံများက စစ်မြေပြင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
တိုက်ပွဲအပြီးတွင် ချင်စစ်သားများက သတ်ဖြတ်မှုများ ပြုလုပ်ပြီးသောအခါ ဆုတ်ခွာသွားကြပြီး ရှင်းလင်းရန် တပ်ဖွဲ့များကို ထားရစ်ခဲ့ကြသည်။ သူတို့က စစ်မြေပြင်ကို ရှင်းလင်းရန် တာဝန်ရှိသည့် ထောက်ပို့တပ်ဖွဲ့မှ အလောင်းကောက်သူများဖြစ်ကြသည်။
အလောင်းကောက်သူများက အပုပ်နံ့များကို ကာကွယ်ရန် အနက်ရောင်အဝတ်များကို မျက်နှာများတွင် စည်းထားလေ့ရှိသည်။ သူတို့၏ တစ်ခုတည်းသော တာဝန်မှာ ရောဂါများ ပြန်ပွားမှုကို တားဆီးရန်အတွက် သေဆုံးသူများကို သယ်ယူမြှုပ်နှံပေးရသည်။
စစ်သားများထဲတွင် အဝတ်နက်စည်းထားသော လူငယ်တစ်ယောက်က အလောင်းများကို လှည်းပေါ်တင်ကာ ကြိုးစားပန်းစား အလုပ်လုပ်နေသည်။ သူက နောက်ပြောင်မှုများကို လျစ်လျူရှုပြီး သူ၏ အလုပ်ကိုသာ အာရုံစိုက်နေခဲ့သည်။
" မင်းတို့ဘာမှမသိပါဘူး။ ငါက ကံကောင်းမှုတွေကို ကောက်ယူပြီး သန်မာလာတာပဲ။ " ကျောက်ဖုန်းက ဝမ်းသာစွာ တွေးလိုက်သည်။
သူက အလောင်းတစ်လောင်းကို ထိတွေ့လိုက်တိုင်း ကျပန်းစွမ်းရည်အမျိုးမျိုးကို ရရှိသည်။ ကျောက်ဖုန်းက ဟန်စစ်သားတစ်ယောက်၏ အလောင်းကို ထိလိုက်သည်နှင့် သူ၏ မျက်စိရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာသည်။
" သာမန်ဟန်စစ်သားအလောင်းကို ထိပြီး ခွန်အား ၁မှတ်ကို ရရှိသည်။ "
ထို့နောက် သူက အလောင်းကို လှည်းပေါ်သို့ တင်လိုက်ပြီး ၎င်းတို့ကို မြှုပ်နှံရန် သယ်ဆောင်သွားမည်ဖြစ်သည်။
" ဆက်လုပ်စမ်း။ ငါ ဒီနေ့ ခွန်အား ၄၀ ကျော် ကောက်ယူထားပြီးပြီ။ တကယ်လို့ တစ်မှတ်က တစ်ပေါင်နဲ့ ညီတယ်ဆိုရင် နေ့တစ်ဝက်အတွင်း ငါ့ခွန်အားက ပေါင်လေးဆယ်ကျော် တိုးလာတာပဲ။ ဒါတကယ်ကောင်းတယ်။ "
ခွန်အားတစ်မှတ်ချင်းစီရရှိလာသည်နှင့်အမျှ ကျောက်ဖုန်းက ပိုမိုသန်မာလာသည်ကို ရှင်းလင်းစွာ ခံစားနေရသည်။ ထိုခံစားချက်က ကျေနပ်စရာကောင်းလှသည်။
အမြန်နှုန်း ၁မှတ် ရရှိပါသည်။
သက်တမ်း ၁မှတ် ရရှိပါသည်။
ခံနိုင်ရည် ၁မှတ် ရရှိပါသည်။
ကျောက်ဖုန်းက သူ၏ အလုပ်ကို ဆက်လုပ်နေပြီး မကြာမီ လှည်းပေါ်တွင် ကျဆုံးသွားသော ဟန်စစ်သားများ၏ အလောင်းများ ပြည့်သွားခဲ့သည်။ ချင်စစ်သားများ၏ အလောင်းများကို ထိုသို့လုပ်၍မရပေ။ သူတို့ကို တစ်ဦးချင်းစီ သေသေသပ်သပ် စီပြီး ဂုဏ်ပြုမြှုပ်နှံပေးရသည်။
ဤသည်မှာ ရန်သူနှင့် မိမိဘက်တော်သားများကြား ဆက်ဆံမှုကွာခြားပုံပင်ဖြစ်သည်။ နယ်စပ်တွင် အလောင်းများကို နှစ်ရက်တိုင်တိုင် ထမ်းပိုးခဲ့ရသဖြင့် ကျောက်ဖုန်းက ထိုလုပ်ငန်းစဉ်နှင့် ကျင့်သားရနေပြီဖြစ်သည်။
လှည်းပြည့်သွားပြီးနောက် ကျောက်ဖုန်းက သူ၏ အထက်လူကြီးကို လှမ်းပြောလိုက်သည်။ " တပ်ခွဲမှူး ကျွန်တော် အလောင်းတွေ သွားပို့လိုက်ဦးမယ်။ "
" သွား သွား... ကောင်လေး ဖြည်းဖြည်းလုပ်။ ငါတို့ ဒီမှာ အန္တရာယ်ကင်းပါတယ်။ မင်းပင်ပန်းရင် နားလိုက်ဦး။ အလျင်လိုဖို့ မလိုဘူး။ " သူ၏ အဖွဲ့ခေါင်းဆောင် ဝေချွမ်က သတိပေးလိုက်သည်။
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
ထို့နောက် သူက လှည်းကို အလောင်းမြှုပ်နှံသော နေရာသို့ တွန်းသွားခဲ့သည်။ လမ်းတွင် သူ၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။
အမည် - ကျောက်ဖုန်း
အသက် - ၁၅ နှစ်
ခွန်အား - ၂၅၆
အမြန်နှုန်း - ၁၈၈
ခံနိုင်ရည် - ၁၆၇
စိတ်ဝိညာဉ် - ၁၆၆
သက်တမ်း - ၈၆နှစ် ၃၂ရက်
သိုလှောင်နေရာ - ၁ ကုဗမီတာ
သက်တမ်း၏ အပို ၃၂ရက်က လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ ကောက်ယူထားခဲ့ခြင်းဖြစ်သည်။ အစတွင် သူ၏ စွမ်းရည်များက သာမန်လူတစ်ယောက်၏ ပျမ်းမျှနှုန်းဖြစ်သော တစ်ရာဝန်းကျင်တွင်သာ ရှိခဲ့သည်။ သို့သော် သုံးရက်အတွင်း အလောင်းများကို သယ်ဆောင်ခဲ့ခြင်းကြောင့် သူ၏ စွမ်းရည်များ တိုးတက်လာခဲ့ခြင်းဖြစ်သည်။
" ငါ အလောက်ကောက်တာ သုံးရက်ပဲရှိသေးတယ်။ ငါ့သက်တမ်းက ၃၂ရက်တောင် တိုးလာပြီ။ စိတ်လှုပ်ရှားစရာပဲ။ တိုက်ပွဲထဲပြေးဝင်စရာမလိုပဲ အကျိုးအမြတ်တွေ ရနေတာ ငါနေရာမှန် ရောက်လာတာပဲ။ "
" ငါသာ အလောင်းတွေ ဆက်ထမ်းပြီး စွမ်းရည်တွေ ကောက်ယူနေမယ်ဆိုရင် ငါ အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်မလား။ ပြီးတော့ ငါ့ရဲ့ စွမ်းရည်တွေအားလုံး ၁၀၀၀ ကျော်သွားရင် ဘာဖြစ်မလဲမသိဘူး။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။
အလောင်းကောက်တပ်သားများက ဂုဏ်သိက္ခာများနှင့် သူရဲကောင်းတံဆိပ်များကို တောင့်တကြပြီး စစ်သားများကြားတွင် အနှိမ်ခံရဆုံး တပ်ဖွဲ့ဖြစ်သည်။ ကျောက်ဖုန်းက ချင်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် အသက် ၁၄နှစ် ပြည့်ပြီးနောက် အစိုးရ၏ စစ်မှုထမ်းဆင့်ခေါ်စာကို ငြင်းဆန်၍ မရခဲ့ပေ။
စစ်မှုထမ်းရန် ငြင်းဆန်လျှင် ထောင်ဒဏ်ကျခံရမည့်အပြင် အခြေခံအလုပ်သမားအဖြစ် အဆင့်လျှော့ခံရပြီး မဟာတံတိုင်းတည်ဆောက်ရန် မြောက်ဘက်နယ်စပ်သို့ ပို့ဆောင်ခံရပေလိမ့်မည်။ သူက သူ၏ မိခင်နှင့် ညီမလေးကို ထိခိုက်မှုမရှိစေရန်အတွက် အခြားရွေးချယ်စရာမရှိခဲ့ပေ။
ကျောက်ဖုန်းက လန်ထျန်စခန်းသို့ လွန်ခဲ့သော လေးလက ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တစ်လလေ့ကျင့်ပြီးနောက် သူက ထောက်ပို့တပ်ဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး စစ်မြေပြင်ကို ရှင်းလင်းရသော အလောင်းကောက်တပ်သားတစ်ယောက် ဖြစ်လာခဲ့သည်။
သူ၏ ပထမဆုံးအတွေးမှာ အလောင်းကောက်ရသည့်အလုပ်မှာ ကံမကောင်းသော စိတ်ပျက်ဖွယ်ကောင်းသော အလုပ်ဖြစ်သည်ဟု ထင်မိခဲ့သည်။ အစပိုင်းတွင် ကျောက်ဖုန်းက ထိုတာဝန်ကို မနှစ်သက်ခဲ့ပေ။
ပြန်လည်မွေးဖွားလာသူတစ်ယောက်အနေဖြင့် ကျောက်ဖုန်းက ဤခေတ်၏ ရက်စက်မှုကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ ယခုအချိန်က နိုင်ငံခြောက်ခုကို ချေမှုန်းရန် ချင်နိုင်ငံက စစ်ပွဲများကို စတင်သော အချိန်ဖြစ်သည်။
ရှန်ကျိုးကို သိမ်းပိုက်မည့်စစ်ပွဲတွင် မရေတွက်နိုင်သော လူများက စစ်မြေပြင်တွင် သေဆုံးကြမည်ဖြစ်ပြီး နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကြောင့် ပိုမိုများပြားသော လူများ ထပ်မံသေဆုံးရမည်ဖြစ်သည်။
ကျောက်ဖုန်းက ရာထူးတက်ရန် ဆန္ဒမရှိဘဲ စစ်တပ်တွင် နှစ်နှစ် တာဝန်ထမ်းဆောင်ပြီးနောက် အိမ်ပြန်ကာ မိခင်နှင့် ညီမလေးကို စောင့်ရှောက်ရန်သာ စီစဉ်ထားသည်။ သို့သော် သူက ပထမဆုံး အလောင်းကို ထိတွေ့ပြီး စွမ်းရည်များ ကောက်ယူနိုင်သည်ကို တွေ့ရှိပြီးနောက် သူ၏ ကံကောင်းမှုက ရောက်ရှိလာပြီကို နားလည်လိုက်သည်။
ကျောက်ဖုန်းက လှည်းကို အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ထိ တွန်းလာပြီးနောက် မြှုပ်နှံရမည့်နေရာသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင်လည်း ထောက်ပို့တပ်သား တစ်ထောင်ခန့်ရှိနေပြီး ကျင်းများ တူးနေကြသည်။
ယခုအချိန်တွင် ချင်စစ်တပ်က စစ်သည်အင်အားတစ်သိန်းဖြင့် ဟန်နိုင်ငံသို့ ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နယ်စပ်တွင် စစ်ပွဲက အလွန်ပြင်းထန်ခဲ့ပြီ ဟန်နယ်စပ်၏ တပ်ဖွဲ့က သေဆုံးသူများ အလွန်များခဲ့သည်။
" ဟေ့ ကျောက်ဖုန်း မင်းရောက်လာပြန်ပြီလား။ "
" ဒါက ဒီနေ့ မင်းအတွက် လေးစီးမြောက်လှည်းပဲ။ "
ကျင်းတူးနေကြသော စစ်သားများက ဟန်စစ်သားများ၏ အလောင်းများကို တင်ထားသော လှည်းဖြင့် ရောက်လာသော ကျောက်ဖုန်းကို ရယ်မောနှုတ်ဆက်လိုက်ကြသည်။
" ဆက်လုပ်ထား ညီအကိုတို့။ ဒီလှည်းတစ်စီးက မင်းတို့အတွက်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ငါ အချိန်ဖြုန်းလို့မရဘူး။ "
ထိုသို့ပြောပြီး သူက ဘေးမှ လွတ်နေသော လှည်းတစ်စီးကိုယူပြီး စစ်မြေပြင်သို့ ပြန်လည်ထွက်ခွာသွားသည်။
" အလောင်းသယ်တဲ့နေရာမှာ ဒီလောက်တက်ကြွတဲ့ စစ်သားမျိုး ငါတစ်ခါမှမမြင်ဖူးဘူး။ " ကျင်းတူးနေသော စစ်သားများက ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်ကြသည်။
ကျောက်ဖုန်းကတော့ အလောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးတွင် အလွန်စိတ်အားထက်သန်နေခဲ့သည်။ သူက စစ်မြေပြင်သို့ ဝင်ရောက်သွားခဲ့သည်။ စစ်သားများက သူ့ကို အလောင်းသယ်ရန် မွေးဖွားလာသူဟု စနောက်ကြသော်လည်း ကျောက်ဖုန်းက ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။
... ငါက အလောင်းသယ်ရင်း သန်မာလာတာ မင်းတို့မှမသိတာ...
ချင်စစ်တပ်နှင့်အတူ တိုက်ခိုက်ခြင်းမရှိဘဲ ထောက်ပို့တပ်တွင် ရှိနေခြင်းကလည်း အန္တရာယ်ရှိနေသည်။ ရန်သူက သေဟန်ဆောင်ပြီး ခြုံခိုတိုက်ခိုက်လာလျှင် အသက်အန္တရာယ်ရှိနိုင်သည်။
ကျောက်ဖုန်းက သန်မာလာရန် ကြီးမားသော အခွင့်အရေးကို ရရှိထားပြီဖြစ်သဖြင့် သူက ၎င်းကို လက်လွှတ်ခံမည်မဟုတ်ပေ။ ထို့ကြောင့် သူက စွမ်းရည်အားလုံးကို မြှင့်တင်ရန် ကြိုးစားအားထုတ်နေခဲ့သည်။
၎င်းက သူ၏ ရှင်သန်မှုအတွက် လိုအပ်သော အရင်းအနှီးပင်ဖြစ်သည်။ သူက သမိုင်းကို သိနေသော ပြန်လည်ဝင်စားလာသူတစ်ယောက်ဖြစ်သော်လည်း အသုံးမဝင်ပေ။ သူက မင်းသားတစ်ပါး မဟုတ်သကဲ့သို့ ကြီးမားသော မျိုးနွယ်မှ ဆင်းသက်လာသူလည်း မဟုတ်ပေ။
ချင်စစ်တပ်မှ ဆုလာဘ်ပေးသည့်စနစ်က တရားမျှတသော်လည်း တစ်စုံတစ်ခုကို ရရှိရန် အသက်ရင်းပြီး ကြိုးစားရဦးမည်ဖြစ်သည်။
" ဟန်တပ်ဖွဲ့ခေါင်းဆောင်၏ အလောင်းကို ထိတွေ့ခဲ့သည်။ ခွန်အား ၅ မှတ်၊ အမြန်နှုန်း ၅မှတ်၊ ခံနိုင်ရည် ၅ မှတ်၊ သက်တမ်း ၅မှတ်ကို ရရှိပါသည်။ တပ်ဖွဲ့ခေါင်းဆောင်၏ အလောင်းကို ထိတွေ့ခဲ့သောကြောင့် အဆင့်တစ် ရတနာသေတ္တာတစ်လုံးကို ရရှိပါသည်။ "
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ဝမ်းသာသွားသည်။ အရာရှိတစ်ယောက်၏ အလောင်းကို ထိတွေ့ခြင်းက ပိုမိုမြင့်မားသော စွမ်းရည်များ ရရှိသည့်အပြင် ရတနာသေတ္တာတစ်ခုကိုပင် ရရှိခဲ့သည်။