ဟန်တို့၏ အကြံအစည်...
Vol. 1 Ch. 8
" စစ်သူကြီးလီကို အစီရင်ခံပါတယ်။ " ဝမ်ယန်က တဲအတွင်းသို့ ဝင်လာပြီး လီထန်ကို ဦးညွှတ်လိုက်သည်။
" မြို့ထဲမှာ ရှာဖွေရေးလုပ်ငန်းတွေ ပြီးပါပြီ။ ပေါင်ယွမ်ရဲ့ အရိပ်အယောင်ကို ရှာမတွေ့ပါဘူး။ သူက ယန်မြို့က ထွက်ပြေးသွားလောက်ပါပြီ။ သူ့ကို လိုက်လံဖမ်းဆီးဖို့ ကျွန်တော်ကို ခွင့်ပြုပေးပါဦး။ "
ထိုစကားကို ကြားသောအခါ အမြင့်ဆုံးနေရာတွင် ထိုင်နေသော စစ်သူကြီးလီထန်ပ တဲအတွင်းရှိ အခြားသူများကို ကြည့်လိုက်သည်။
" ယန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပတ်ဝန်းကျင်မှာရှိတဲ့ ရန်သူတပ်တွေကို အမြတ်ပြတ်မချေမှုန်းနိုင်သေးဘူး။ ယန်မြို့ရဲ့ ပတ်ဝန်းကျင်က ဟန်တပ်ဖွဲ့တွေကို ရှင်းလင်းဖို့ မင်းတို့ကို နှစ်ပတ်အချိန်ပေးမယ်။ ပြီးရင် ငါတို့ ဟန်မြို့တော်ဆီချီတက်ကြမယ်။ "
" ဟုတ်ကဲ့ပါ။ " အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်ကြပြီး တဲအတွင်းမှ ထွက်ခွာသွားကြသည်။
သူတို့ထွက်သွားပြီးနောက် လီထန်က သူ၏ ရှေ့မှ လူငယ်အရာရှိကို ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
" ယန်အာ ငါ ပေါင်ယွမ်ကို လိုက်ဖို့ စီစဉ်ပြီးပြီ။ ဒါကြောင့် မင်းဒီကိစ္စကို ဝင်ပါစရာမလိုဘူး။ စစ်မြေပြင်က ကစားစရာနေရာမဟုတ်ဘူး။ အန္တရာယ်တွေပြည့်နှက်နေတာ။ မင်း စစ်သေနာပတိဆီကို ပြန်သွားသင့်တယ်။ "
ဝမ်ယန်နှင့် ပက်သက်၍ လီထန်က အတော်လေး အကျပ်ရိုက်နေသည်။ စစ်သေနာပတိချုပ် ဝမ်ကျန်းက အသက်ကြီးမှ ရသော သမီးလေးဖြစ်သောကြောင့် အမြဲတမ်း အလိုလိုက်ခြင်းခံခဲ့ရသည်။
စစ်ရေးကျွမ်းကျင်သော မိသားစုတွင် ကြီးပြင်းလာသူဖြစ်သကဲ့သို့ ဝမ်ယန်က စစ်မြေပြင်ကို အမြဲတမ်း ထွက်ချင်ခဲ့သည်။ ယခုတစ်ကြိမ် ဟန်နိုင်ငံသို့ စစ်ချီရာတွင်လည်း သူမက အတင်းအကျပ် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
" စစ်သူကြီးလီ..." ဝမ်ယန်က ဦးညွှတ်ပြီး ပြောလိုက်သည်။ " ဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့ စစ်သေနာပတိချုပ်က ကျွန်တော်ကို ခွင့်ပြုပြီးသားပါ။ ပြီးတော့ ကျွန်တော်က အရှင်မင်းကြီးကိုယ်တိုင် ခန့်အပ်ထားတဲ့ တပ်မှူးတစ်ယောက်ပါ။ "
" ဟန်နိုင်ငံကို မသိမ်းပိုက်နိုင်သရွေ့ ကျွန်တော် စစ်မြေပြင်က ထွက်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်ကို စစ်ရေးတာဝန်တွေသာပေးပါ။ ကျွန်တော် အောင်မြင်အောင် ထမ်းဆောင်ပါမယ်။ "
ထိုစကားကြားသောအခါ စစ်သူကြီးလီထန်က ခေါင်းကိုက်သွားသည်။ သူမက သူ၏ အထက်လူကြီးဖြစ်သော စစ်သေနာပတိချုပ်၏ သမီးဖြစ်သောကြောင့် သူမကို ပြင်းပြင်းထန်ထန်လည်း အမိန့်မပေးရဲပေ။
" ဝမ်ယန် ငါ့အမိန့်ကို နားထောင်။ ယန်မြို့ထဲမှာ ပုန်းအောင်းနေတဲ့ ဟန်စစ်သားတွေရှိနေသေးတယ်။ မင်းရဲ့ ကိုယ်ရံတော်စစ်သားငါးရာကို ဦးဆောင်ပြီး အကူအညီပေးဖို့ ထောက်ပို့စစ်သားတစ်သောင်းကိုပါ မင်းရဲ့ အမိန့်အောက်မှာ ထားပေးမယ်။ "
" ယန်မြို့ထဲမှာ ကျန်နေတဲ့ ဟန်စစ်သားတွေကို ရှင်းပစ်ရမယ်။ ပြီးရင် ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းတွေ လုံခြုံရေးအတွက် ထောက်ပို့တပ်ဖွဲ့ကို ကူညီရမယ်။ "
ဝမ်ယန်၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ပေါ်လာသော်လည်း ခေါင်းညိမ့်ရန်သာ တတ်နိုင်တော့သည်။ " အမိန့်အတိုင်းပါ စစ်သူကြီး။ "
ယန်မြို့အတွင်း ဝမ်ယန်က သူမ၏ ကိုယ်ပိုင်တပ်ဖွဲ့နှင့် ဝင်ရောက်လာခဲ့သည်။
" ထောက်ပို့တပ်ဖွဲ့ရဲ့ ဝမ်ကျန်းတပ်မှူးက ဘယ်သူလဲ။ " ဝမ်ယန်က အော်မေးလိုက်သည်။ သူမက မိန်းမသံဖြစ်သော်လည်း ယောကျာ်အသံမျိုးဖြစ်အောင် တမင်လုပ်ပြောနေခြင်းဖြစ်သည်။ ဝမ်ကျန်းက စစ်သည်တစ်သောင်းကို အုပ်ချုပ်ရသော တပ်မှူးဖြစ်သည်။
" ကျွန်တော်မျိုး ချန်လေပါ။ " ထောက်ပို့တပ်မှူးက ချက်ချင်း ရှေ့တက်လာသည်။
" မြို့ထဲက ရှင်းလင်းရေးဘယ်လိုလဲ။ " ဝမ်ယန်က တိုက်ရိုက်မေးလိုက်သည်။
" အစီရင်ခံပါတယ်။ မြို့အပြင်ဘက်ကတော့ အတော်လေးရှင်းသွားပါပြီ။ ဒါပေမယ့် မြို့အတွင်းပိုင်းကတော့ နောက်ထပ်သုံးရက်လောက် လိုပါသေးတယ်။ " ချန်လေက ရိုသေစွာ ပြောလိုက်သည်။
ဝမ်ယန်က ငယ်ရွယ်သော်လည်း သူမ၏ ဘေးမှ ကိုယ်ရံတော်များက စစ်သေနာပတိချုပ်၏ ကိုယ်ပိုင်စစ်သားများဖြစ်သည်။
" ရှင်းလင်းရေးကို အရှိန်မြှင့်လိုက်။ " ဝမ်ယန်က အမိန့်ပေးလိုက်သည်။ " နှစ်ရက်အတွင်း အပြီးသတ်ရမယ်။ လမ်းမတွေကို ရှင်းပြီးတာနဲ့ လူနေအိမ်တွေကိုပါ ဝင်ရှာဖို့ တပ်တွေကို ဖြန့်လိုက်။ မြို့ထဲမှာ ကျန်နေတဲ့ ရန်သူစစ်သားအားလုံးကို အကုန်ရှင်းပစ်ရမယ်။ "
" ဟုတ်ကဲ့ပါ။ " ချန်လေက အမိန့်ကို လက်ခံလိုက်သည်။
ဝမ်ယန်နှင့် မလှမ်းမကမ်းတွင် ရှိနေသော ကျောက်ဖုန်းက ထိုအမိန့်ကို ကြားသောအခါ ဆဲရေးလုနီးပါး ဖြစ်သွားသည်။
" ဒီမိန်းမ ရူးနေတာလားဟ။ သုံးရက်လုပ်ရမယ့်အလုပ်ကို နှစ်ရက်နဲ့ အပြီးလုပ်ခိုင်းနေတယ်။ ငါ့ရဲ့ စွမ်းရည်တွေ ဘယ်လောက်တောင် ဆုံးရှုံးသွားပြီလဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ ဒေါသထွက်သွားသည်။ သူက ထိုမိန်းကလေးကို ကြည့်ပြီး ဆုံးမပေးချင်စိတ်များ ပေါက်လာမိသည်။
" မဖြစ်သေးဘူး။ ငါနည်းလမ်းအသစ်ရှာရမယ်။ အလောင်းတွေ သယ်တာ လွယ်ပေမယ့် ကျင်းတူးပြီး မြှုပ်တာက မလွယ်ဘူး။ ဒီနှစ်ရက်ကို ဖြစ်သလိုလုပ်ပြီး အလောင်းမြှုပ်တဲ့ ကျင်းတွေဆီသွားရမယ်။ အဲ့ဒါမှ ငါ့ရဲ့ စွမ်းရည်တွေ စုဆောင်းလို့ရမှာ။ " ကျောက်ဖုန်းက နည်းလမ်းတစ်ခု ရှာတွေ့သွားသည်။ သူက ယန်မြို့တွင် သူ၏ စွမ်းရည်အားလုံးကို ၄၀၀ နီးပါးဖြစ်အောင် စုဆောင်းရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ရှန်ကျန်းမြို့ ဟန်နန်းတော်။
" စစ်အခြေအနေဘယ်လိုလဲ။ " ဟန်ဘုရင်က စိုးရိမ်တကြီး မေးလိုက်သည်။
" ယန်မြို့ကျဆုံးသွားပါပြီ။ " ဝန်ကြီးချုပ်ကျန်းဖျင်က လေးလံစွာ ပြန်ဖြေလိုက်သည်။
ဟန်ဘုရင်က မျက်နှာပျက်သွားပြီး ပလ္လင်ပေါ်တွင် ထိုက်ကျသွားသည်။
" ယန်မြို့ကျရှုံးသွားပြီဆိုတော့ ရှန်ကျန်းမြို့က အမာခံခံတပ် မရှိတော့ဘူးပေါ့။ မြို့စောင့်တပ်က ငါသောင်းတောင်မပြည့်ဘူး။ ချင်နိုင်ငံကို ငါတို့ မယှဉ်နိုင်တော့ဘူး။ သူတို့က ဟန်ကို စစ်ချီတာ တစ်လတောင်မပြည့်သေးဘူး။ ငါတို့ နယ်မြေရဲ့ သုံးပုံတစ်ပုံဆုံးရှုံးသွားပြီ။ "
" အရှင်မင်းကြီး " ကျန်းဖျင်က တိုးညှင်းစွာ ပြောလိုက်သည်။ " ချင်တပ်က ဒီတစ်ခါ မြန်မြန်လှုပ်ရှားခဲ့တာပဲ။ "
" ကျောက်နဲ့ဝေကို သံတမန်တွေ လွှတ်ထားပေမယ့် အချိန်မမီလောက်တော့ဘူး။ ဖြစ်နိုင်တာက စစ်သေနာပတိချုပ်နဲ့ ဆွေးနွေးထားတဲ့ အစီအစဉ်ကိုပဲ အသုံးပြုရတော့မယ်ထင်တယ်။ "
" ငါ့ရဲ့ ဟန်နိုင်ငံရဲ့ အခြေခံအုတ်မြစ်က တကယ်ပဲ ပျက်ဆီးရတော့မှာလား။ " ဟန်ဘုရင်က မကျေမနပ်ဖြစ်နေသည်။
" အရှင်မင်းကြီး တော်ဝင်မျိုးဆက်နဲ့ ဟန်ရဲ့ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းဖို့က အရေးကြီးဆုံးပါ။ နောင်တစ်ချိန်မှာ ဟန်ကို ပြန်လည်တည်ထောင်ဖို့ အခွင့်အရေးရှိနိုင်သေးပါတယ်။ ပြီးတော့ ယန်မြို့ ကျရှုံးသွားပေမယ့် စစ်သေနာပတိချုပ်ပြောတဲ့ နည်းဗျူဟာတစ်ခု ရှိသေးတယ်။ "
" အဲ့ဒါသာ အောင်မြင်ရင် ချင်စစ်တပ်က အထိနာသွားပါလိမ့်မယ်။ ဒါပေမယ့် အနာဂတ်အတွက် တော်ဝင်မျိုးဆက်တွေကို အရင်ဆုံး ဘေးကင်းရာကို ပို့ထားရပါမယ်။ " ကျန်းဖျင်က တိုက်တွန်းလိုက်သည်။
" ငါသိတယ်။ " ဟန်ဘုရင်က ခေါင်းညိမ့်လိုက်သည်။ " ကောင်းကင်က ဟန်နိုင်ငံကို စောင့်ရှောက်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။ "
ယန်မြို့။
တစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး မြို့တစ်ခုလုံးက တိတ်ဆိတ်သွားခဲ့သည်။ ချင်စစ်တပ်က စည်းကပ်းတင်းကျပ်ပြီး သာမန်ပြည်သူများကို အနှောက်အယှက်မပေးကြပေ။ သို့သော် ပြည်သူတိုင်းလိုလို အိမ်ထဲတွင် ပုန်းအောင်းနေကြပြီး အပြင်မထွက်ရဲကြပေ။ ထိုအချိန်တွင် ထောက်ပို့တပ်ဖွဲ့က မြို့ပြင်တွင် စခန်းချနေကြသည်။
ယန်မြို့အတွင်းမှ လမ်းကြားများ၌ ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာသည်။ မြေပြင်၏ အချို့နေရာများက တုန်ခါသွားပြီး သစ်သားချပ်များ ပွင့်လာ၍ မြေအောက်လမ်းကြောင်းများ ပေါ်လာသည်။ မြေအောက်လမ်းကြောင်းများထဲမှ ချပ်ဝတ်များနှင့် စစ်သားများက အလုံးအရင်းနှင့် ထွက်လာကြသည်။ သူတို့၏ ချပ်ဝတ်များက ချင်မဟုတ်ဘဲ ဟန်ဖြစ်နေသည်။
" စစ်သေနာပတိချုပ်ရဲ့ အမိန့် မြို့ထဲက ချင်စစ်သားမှန်သမျှ ညှာတာမှုမရှိ သတ်ပစ်ကြ။ ယန်မြို့ကို ပြန်သိမ်းကြ။ "
မြို့၏ နေရာအသီးသီးရှိ အမှောင်ရိပ်များထဲမှ ဟန်စစ်သားများ ထွက်လာကြသည်။
ကင်းလှည့်နေသော ချင်စစ်သားများကလည်း ဆူညံသံများကို ကြားလိုက်ကြရသည်။
" ဒါဘာသံလဲ။ ရန်သူတွေ တိုက်ခိုက်နေကြပြီ။ "
" မြို့ထဲမှာ ဟန်စစ်သားတွေ ရှိနေသေးတာပဲ။ "
"စစ်သူကြီးဆီ သတင်းပို့ကြ။ ရန်သူကို ခုခံဖို့ ပြင်ဆင်ကြ။ "
မြို့ထဲတွင် ကင်းလှည့်နေသော ချင်စစ်သားများက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသော ဟန်စစ်သားများကို မြင်သောအခါ ရုတ်တရက် ထိတ်လန့်သွားကြသည်။ သို့သော် သူတို့က ရန်သူကို ရင်ဆိုင်ရန် ချက်ချင်း စုစည်းလိုက်ကြသည်။
နှစ်ရက်တိုင်တိုင် တိုက်ပွဲများ ရပ်စဲနေသော ယန်မြို့က ခဏအတွင်း ဖရိုဖရဲအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ချင်အထူးစစ်သည်ငါးထောင်ကျော်က မြို့ထဲတွင် စစ်ဆေးနေကြပြီး ရုတ်တရက် တိုက်ခိုက်မှုကြောင့် သူတို့ဘက်မှ အကျအဆုံး အတော်များခဲ့သည်။ ထွက်ပေါ်လာသော ဟန်စစ်သားအရေအတွက် ကင်လှည့်နေသော ချင်စစ်သားများထက် အဆမတန်များပြားနေခဲ့သည်။
မြို့တော်ဝန်ရုံးအတွင်း တိုက်ခိုက်သံများကို ကြားလိုက်ရသောအခါ ဝမ်ယန်က မျက်နှာပျက်သွားသည်။ ရုတ်တရက် အပြင်မှ ခြေသံများ ထွက်ပေါ်လာသည်။
" အစီရင်ခံပါတယ်။ " ဝမ်ယန်၏ ဒုတပ်မှူးက အထဲသို့ ပြေးဝင်လာသည်။
" ဟန်စစ်သားတွေက မြို့ထဲမှာ ရုတ်တရက် ပေါ်လာပြီး ကျွန်တော်တို့ ကင်းလှည့်တပ်ဖွဲ့တွေကို တိုက်ခိုက်နေပါတယ်။ သူတို့အရေအတွက်က အရမ်းများပါတယ်။ သူတို့က စစ်သားအကြွင်းအကျန်တွေမဟုတ်ဘဲ ဟန်စစ်တပ်ပါ။ အခု မြို့တော်ဝန်ရုံးကို ချီတက်လာပါပြီ။ "