တစ်ယောက်သတ်ရင် အရင်း၊ နှစ်ယောက်သတ်ရင် အမြတ်...
Vol. 1 Ch. 10
" ဆုတ်ခွာမယ်။ " ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
" စစ်သူကြီးတွေ အခြေအနေကို နားလည်သွားတာနဲ့ သူတို့မှာ တန်ပြန်ဖို့ နည်းလမ်းရှိလာလိမ့်မယ်။ "
သူကလည်း စစ်သူကြီးတစ်ယောက်မဟုတ်ဘဲ သာမန်တပ်စုမှူးတစ်ယောက်သာ ဖြစ်သည်။ မျှော်လင့်မထားသော ဤသတ်ဖြတ်ပွဲကို ရင်ဆိုင်ရာတွင် ကျောက်ဖုန်းက ရလဒ်ကို ပြောင်းလဲနိုင်ခြင်းမရှိပေ။ သူက ယခုအခါ လူတစ်ရာကို သတ်နိုင်သော ခွန်အားရှိသော်လည်း သူတစ်ယောက်တည်းသာ ဖြစ်သည်။
သူတို့ဘက်က လုံးဝဖရိုဖရဲဖြစ်နေပြီး အရေအတွက် မသိရသော ရန်သူကို ရင်ဆိုင်ရာတွင် ဝရုန်းသုန်းကား ဝင်ရောက်တိုက်ခိုက်ခြင်းက ကိုယ်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ကျောက်ဖုန်းက ထိုမျှမတုန်းအပေ။
" ဆုတ်မယ် ဆုတ်မယ်။ " ဝေချွမ်က ချက်ချင်း အော်ဟစ်လိုက်ပြီး သူ၏ လူများကို ဆုတ်ခွာရန် အလျင်အမြန် လက်ပြလိုက်သည်။
လူတစ်ရာနီးပါးက ထွက်ပြေးကြပြီး.သူတို့က အခြားသူများကို စိတ်ပူနေချိန်မရပေ။ စစ်သည်သောင်းချီပါဝင်သော စစ်ပွဲမျိုးတွင် လူတစ်ရာအင်အားက မပြောပလောက်ပေ။
ကျောက်ဖုန်းက ရှေ့တက်ပြီး ရန်သူများကို သတ်ဖြတ်ခဲ့လျှင်တောင် ထူးခြားမှု ကြီးကြီးမားမား ရှိမည်မဟုတ်ပေ။ ထောက်ပို့စစ်သားများ၏ စိတ်ဓာတ်က ပျက်ပြားနေပြီဖြစ်သည်။ သူတို့က နောက်ဆုတ်ပြီး ပြန်လည်စုစည်းနိုင်ခြင်းမရှိလျှင် ယခုချိန်တွင် တိုက်ခိုက်နေခြင်းက အဓိပ္ပါယ်မရှိပေ။
မြို့အတွင်း၌။
" အခြေအနေဘယ်လိုလဲ။ " လက်ထဲတွင် လှံရှည်ကို ကိုင်ဆောင်ထားသော ဝမ်ယန်က မြင့်ပေါ်မှနေ၍ မေးလိုက်သည်။
" စစ်သူကြီးကို အစီရင်ခံပါတယ်။ ဟန်တပ်ဖွဲ့တွေက ပင်မတံခါးကနေ ဖောက်ထွက်ပြီး မြို့ပြင်က ထောက်ပို့တပ်ဖွဲ့ကို တိုက်ခိုက်နေပါတယ်။ " လက်အောက်ခံတပ်မှူးတစ်ယောက်က အလောတကြီး တင်ပြလိုက်သည်။
၎င်းကို ကြားသောအခါ ဝမ်ယန်၏ အမူအရာက ပြောင်းလဲသွားသည်။ " မကောင်းတော့ဘူး။ သူတို့က မြို့ကို ပြန်သိမ်းဖို့ကြိုးစားနေတာမဟုတ်ဘူး။ ငါတို့ကို အဲ့လိုထင်အောင် လုပ်ခဲ့တာပဲ။ "
" ငါတို့က မြို့ကို ကာကွယ်ဖို့ စစ်သည်တွေ စုစည်းနေတဲ့အချိန်မှာ သူတို့က မြို့ပြင်ထွက်ပြီး ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ဖို့ ထောက်ပို့တပ်ဖွဲ့ကို တိုက်ခိုက်ကြတာပဲ။ "
" စစ်သူကြီး အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ " တပ်မှူးများက ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။
၎င်းက သေးငယ်သော ကိစ္စတစ်ခုမဟုတ်ပေ။ အကယ်၍ ရိက္ခာများ ဖျက်ဆီးခံလိုက်ရလျှင် ဟန်နိုင်ငံကို ချေမှုန်းမည့် ချင်စစ်တပ်တစ်ခုလုံး ထိခိုက်မည်ဖြစ်ပြီး မျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်သည်။
" တပ်ဖွဲ့တွေကို စုစည်းပြီး အခုသူတို့နောက်လိုက်ကြ။ ရန်သူတွေရဲ့ အကြံအစည် အောင်မြင်လို့မရဘူး။ " ဝမ်ယန်က အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့။ " တပ်မှူးများက ချက်ချင်း ပြန်ပြောလိုက်ကြသည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာပြီး နေမင်းကြီးက တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ယန်မြို့အတွင်းမှ ဟန်စစ်တပ်၏ ရုတ်တရက် တိုက်ခိုက်မှုက ယန်မြို့၏ မြို့စောင့်တပ်ဖွဲ့ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ မြို့အပြင်ဘက်ရှိ ထောက်ပို့စခန်းကလည်း ပျက်ဆီးနေပြီး အလောင်းများက ပြန့်ကျဲနေသည်။
ယန်မြို့နှင့် ဆယ်မိုင်ကျော်အကွာတွင် ထွက်ပြေးလာသော ထောက်ပို့စစ်သားများက အနားယူနေကြသည်။ ဟန်စစ်တပ်၏ တိုက်ခိုက်မှုက ထောက်ပို့တပ်ဖွဲ့ တစ်သောင်း၏ တစ်ဝက်ခန့်က တိုက်ပွဲတွင် ကျဆုံးသွားလောက်ပြီဖြစ်သည်။
" အခုမှပဲ အသက်ဝဝရှူနိုင်တော့တယ်။ "
" အကိုဝေ အဆင်ပြေရဲ့လား။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။
သူက အခြားသူများနှင့် ပင်ပန်းနွမ်းနယ်ပုံမပေါ်ပေ။ လက်ရှိ သူ၏ ခံနိုင်ရည်နှင့် တစ်နေ့လုံးပြေးလျှင်တောင် သိပ်မောပန်းမည်မဟုတ်ပေ။
" ငါ ငါအဆင်ပြေတယ်။ " ဝေချွမ်က မောပန်စွာဖြင့် မြေပြင်သို့ လဲချလိုက်သည်။
" ကောင်းတယ်။ ကျွန်တော်တို့ လွတ်မြောက်လာပြီ။ " ကျောက်ဖုန်းက ဝေချွမ် ဒဏ်ရာမရသည်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။ တပ်ထဲတွင် ဝေချွမ်က သူနှင့် အရင်းနှီးဆုံး ဖြစ်သည်။
" ဒီတစ်ခါ လူဘယ်လောက်တောင် သေသွားလဲမသိဘူး။ " ဝေချွမ်က သူ၏ ရဲဘော်ရဲဘက်များကို ကြည့်ပြီး ပြောလိုက်သည်။ " ဟန်စစ်တပ်က မြို့ထဲမှာ ပုန်းနေကြလိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး။ "
" အထက်လူကြီးတွေလည်း သတိမထားမိလောက်ဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
စစ်မြေပြင်တွင် စစ်ပွဲဆိုသည်မှာ အချိန်မရွေးပြောင်းလဲနိုင်သည်။ ထိုအချိန်တွင်...
ဝှစ် ဝှစ် ဝှစ်....
ရုတ်တရက် ကောင်းကင်မှ မြှားမိုးများ ကျဆင်းလာသည်။
" အား..."
" ရန်သူတွေ ငါတို့ကို မှီလာပြီဟေ့။ "
" ပြေးကြ..."
အသက်ရှူဝခါစ စစ်သားများက မြှားမိုးရွာချမှုကြောင့် တစ်ဖန်ပြန်လည်၍ မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ရောက်သွားကြသည်။
" ကျောက်ဖုန်း သတိထား။ "
မြှားမိုးများရွာချလာချိန်တွင် မြှားအချို့က ကျောက်ဖုန်းထံသို့ တည့်တည့်လာနေသည်ကို ဝေချွမ်က မြင်လိုက်ရသည်။ သူက အော်ဟစ်လိုက်ပြီး ကျောက်ဖုန်းကို ကာကွယ်ရန် ရှေ့သို့ ခုန်ဝင်လိုက်သည်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက ကျောက်ဖုန်းကို အံ့အားသင့်စေခဲ့သော်လည်း သူ၏ စိတ်ဝိညာဉ်က နိုးကြားနေပြီး သူ၏ အလျင်ကလည်း အလွန်လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်း ကျောက်ဖုန်းက ဝေချွမ်ကို ဘေးသို့ ဆွဲဖယ်ပြီး မြှားများကို ရှောင်တိမ်းလိုက်သည်။ သူတို့ရပ်နေခဲ့သော နေရာသို့ မြှားအချို့ စိုက်ဝင်သွားသည်။
" အကိုဝေ ခင်ဗျား ဘာလုပ်တာလဲ။ " ကေကျောက်ဖုန်းက ရှေ့သို့ တိုးပြီး မေးလိုက်သည်။
သူက ကိုယ်တွင်းချပ်ဝတ်ကို ဝတ်ဆင်ထားသည့်အပြင် သူ၏ လက်ရှိခွန်အားနှင့် ပေါင်းစပ်လျှင် ထိုမြှားလောက်က သူ့ကို ဘာမှမဖြစ်စေနိုင်ပေ။ ဝေချွမ်က သူ့အစား မြှားများ ဝင်ခံပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
" မင်းငါ့အသက်ကို ကယ်လိုက်ပြန်ပြီ ကျောက်ဖုန်း။ " ဝေချွမ်က ပြုံး၍ ပြောလိုက်သည်။
" မင်းနဲ့ ပက်သက်ပြီး ငါအမြင်မမှားဘူးဆိုတာ ငါသိတာပေါ့။ မင်းရဲ့ စွမ်းရည်တွေက ထူးခြားလွန်းတယ်။ ဒီလောက်မြန်တဲ့ မြှားတွေကိုတောင် မင်းရှောင်နိုင်တယ်။ "
" ခင်ဗျား သေတော့မလိုဆိုတာ သိရဲ့လား။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားသကဲ့သို့ ဒေါသလည်း ထွက်သွားသည်။
ဝေချွမ်က သူ့ကို ညီအကိုတစ်ယောက်အဖြစ် သတ်မှတ်ပြီး သူ့အတွက် အသက်စွန့်ရန် ဝန်မလေးသည်ကို သိလိုက်ရသောကြောင့် သူကျေနပ်မိသော်လည်း ဝေချွမ်က သူ့အသက်သူ ဂရုမစိုက်ဘဲ မဆင်မခြင်လုပ်ခြင်းကိုလည်း ဒေါသထွက်မိနေသည်။
" ငါက မင်းရဲ့ အထက်အရာရှိနော်။ မင်းက ငါ့ကို ပြန်ဆူနေပါလား။ " ဝေချွမ်က မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။
" လောလောဆယ် အသက်ရှင်အောင် ထွက်ပြေးဖို့က အဓိကပဲ။ " ကျောက်ဖုန်းက အလစ်တိုက်ခိုက်လာသော ဟန်တပ်ဖွဲ့ကို ကြည့်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်လာသည်။
" ဒီအခြေအနေရောက်မှတော့ ကျွန်တော်တို့ ထွက်ပြေးလို့ လွတ်မြောက်လာဦးမယ်ထင်နေတာလား။ ဒီကောင်တွေက ကျွန်တော်တို့ကို လုံးဝ လွှတ်ပေးမယ့်ပုံမပေါ်ဘူး။ "
" ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ " ဝေချွမ်က ကျောက်ဖုန်းကို ကြည့်ပြီး မျက်လုံးပြူးသွားသည်။
" ဘာလုပ်ရဦးမှာလဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " ထွက်ပြေးရင် သေမှာပဲ။ ပြန်တိုက်မှပဲ အသက်ရှင်နိုင်လိမ့်မယ်။ ငါတို့သာ သူတို့ကို အချိန်ဆွဲထားနိုင်ရင် ယန်မြို့က ချင်စစ်တပ်က သူတို့နောက် လိုက်လာလိမ့်မယ်။ သူတို့ရောက်လာရင် ကျွန်တော်တို့ လွတ်မြောက်ပြီပဲ။ "
" ဒါပေမယ့် သူတို့အချိန်မီရောက်မလာရင်ရော။ " ဝေချွမ်က ထပ်မေးလိုက်သည်။
" ဒါဆိုရင်တော့ သေမင်းနဲ့ အတူတူသွားတွေ့ရတာပေါ့။ " ကျောက်ဖုန်းက ချဉ်းကပ်လာသော ဟန်စစ်သားများကို စိုက်ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ " တစ်ယောက်သတ်ရင် အရင်း၊ နှစ်ယောက်သတ်ရင် အမြတ်ပေါ့။ "
ထိုစကားကို ကြားသောအခါ ဝေချွမ်က ခေါင်းညိမ့်ပြီး ခါးမှဓားကို ဆွဲထုတ်လိုက်သည်။
" ညီအကိုတို့ စုကြ။ "
ပတ်ဝန်းကျင်ရှိစစ်သားများက လျင်မြန်စွာ စုရုံးလာကြသည်။ ကျောက်ဖုန်း၏ ကြိုတင်သတိပေးမှုကြောင့် ဝေချွမ်၏ တပ်ဖွဲ့လူတစ်ရာထဲမှ အနည်းငယ်သာ ဆုံးရှုံးခဲ့ရသည်။
ကျောက်ဖုန်းကလည်း ဟန်စစ်သားများကို အေးစက်စွာ ကြည့်ပြီး ဓာကို ဆွဲထုတ်လိုက်သည်။ ရှေ့တန်းမှ ဟန်စစ်သားများက လေးများနှင့် ဒူးလေးများကို ကိုင်ကာ မြှားများဖြင့် ပစ်ခတ်နေကြပြီး နောက်မှ စစ်သားများက ဓားများနှင့် လှံများကို ကိုင်ဆောင်ထားကြသည်။ သူတို့က ဖရိုဖရဲဖြစ်နေသော ချင်ထောက်ပို့တပ်ဖွဲ့ဆီသို့ တည်ငြိမ်စွာ ချဉ်းကပ်လာကြသည်။
" ညီအကိုတို့ " ကျောက်ဖုန်းက ဟိန်းဟောက်လိုက်သည်။ " ထွက်ပြေးနေလည်း အပိုပဲ။ ရန်သူက ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး။ အသက်ရှင်ချင်ရင် အသက်လုတိုက်ခိုက်ရမယ်။ သွေးမနည်းတဲ့ လူတွေ ငါနဲ့အတူ သူတို့ကို သတ်ကြမယ်။ တစ်ယောက်သတ်ရင် အရင်၊ နှစ်ယောက်သတ်ရင် အမြတ်ပဲ။ "
ကျောက်ဖုန်းက မြေပြင်မှ ဒိုင်းတစ်ခုကို ကောက်ယူပြီး ဘယ်လက်တွင် ဒိုင်း၊ ညာလက်တွင် ဓားကို ကုင်ဆောင်ထားသည်။ သူက ရှေ့မှ ဟန်စစ်သားများကို ကြည့်ပြီး ကြောက်ရွံ့ခြင်းမရှိ ပြေးဝင်သွားသည်။
" မှန်တယ်။ " ဝေချွမ်က သူ၏ ဓားကို မြှောက်၍ အော်ဟစ်လိုက်သည်။ " ပြေးရင်သေမှာပဲ။ ပြန်တိုက်မှ အသက်ရှင်ဖို့ အခွင့်အရေးရလိမ့်မယ်။ သတ်...."
" တိုက်ကြ..." " သတ်ကြ..."
၎င်းကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ ထောက်ပို့စစ်သားများက ထွက်မပြေးကြတော့ပေ။ ထိုအစား သူတို့က လက်နက်များကို ကိုင်ဆွဲပြီး ကျောက်ဖုန်း၏ နောက်သို့ ပြေးလိုက်သွားကြသည်။ ဒိုင်းကို ကိုင်ထားသော ကျောက်ဖုန်းက ရှေ့သို့ တိုးသွားရင်း သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။ ပေသုံးဆယ်အကွာအဝေး ရောက်လာသော မြှားတိုင်းကို သူက တိကျစွာ ကာကွယ်နိုင်သည်။