← Chapters

လင်းပိုင်ဝေ့၏နောက်ကြောင်းအမှန်

Vol. 4 Ch. 31

လင်းပိုင်ဝေ့၏နောက်ကြောင်းအမှန်

Vol. 4 Ch. 31

ကောင်းကင်ယံသည် တဖြည်းဖြည်း မှောင်ရီပျိုးစ ပြုလာပြီ ဖြစ်လေ၏။

ရှန်းယီသည် ထုံးစံအတိုင်း တံခါးကို ခေါက်ပြီးမှ အတွင်းသို့ တွန်းဝင်လိုက်‌ပါသည်။

လင်းပိုင်ဝေ့မှာလည်း ထုံးစံမပျက်ပင် နောက်ဖေးခြံဝင်းအတွင်း၌ပုန်းအောင်းနေပြီး ရှန်းယီ၏အသံကို ကြားရမှသာ ခေါင်းလေးပြူထွက်လာလေသည်။

ယမန်နေ့ကကဲ့သို့ စိုစွတ်နေသောအဝတ်အစားများနှင့် မဟုတ်ဘဲ ယနေ့တွင်မူ သူမသည် ဖြူလွှလွှ ဝတ်စုံရှည်ကို လဲလှယ်ဝတ်ဆင်ထားပါသည်။

သူမ၏ကိုယ်လုံးအလှကို ပေါ်လွင်စေသော ဝတ်စုံရှည်သည် လေအဝှေ့တွင် တလွင့်လွင့် ဖြစ်နေပြီး နတ်သမီးလေးတစ်ပါးအလား ကျက်သရေရှိလှပေသည်။

သူမသာ အစားငမ်းငမ်းတက်မက်မောသော အလေ့စရိုက်ကို ဖျောက်ဖျက်၍ တံတွေးခဏခဏ မျိုချခြင်းမပြုပါက ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးဟုပင် အထင်မှားဖွယ်ရာ ရှိလေ၏။

"ဟီး... အသားနံ့ ရနေပါလား"

"လစာ ရပြီလား"

သူမသည် ရှန်းယီ၏လက်ထဲမှ မြေအိုးနှင့် ကြာဖက်ထုပ်ကို လှမ်းယူလိုက်ပြီး စားပွဲပေါ်တင်ကာ စိတ်အားထက်သန်စွာ ဖွင့်လှစ်လိုက်လေသည်။

သူမ၏ပုံသဏ္ဌာန်ကို ကြည့်ရှုရင်း ရှန်းယီ၏စိတ်တွင် အားကျမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာမိပေသည်။

ရိုးရိုးပေါင်မုန့်ကို စားသုံးသည်ဖြစ်စေ။စားကောင်းသောက်ဖွယ်များကို စားသုံးသည်ဖြစ်စေ၊အမြဲတမ်း ပျော်ရွှင်နေတတ်သော သူမ၏ စိတ်နေသဘောထားမျိုးသာ မိမိ၏ယခင်ဘဝတွင် ရှိခဲ့ပါမူ ယခုလောက်အထိ ရုန်းကန်ရှင်သန်နေဖွယ် ရှိမည်မထင်ပါချေ။

"နင့်တစ်ကိုယ်လုံးလည်း သွေးတွေ ပေလို့ပါလား၊ အပြင်ထွက်တိုင်း ဒီလိုချည်းပဲ..."

လင်းပိုင်ဝေ့သည် ဂရုမစိုက်ဟန်ဖြင့် စနောက်လိုက်ပေ၏။

သို့သော် ကြာဖက်ထုပ်နှင့်မြေအိုးအဖုံးကို ဖွင့်လှစ်လိုက်သောအခါ သူမ၏မျက်ခုံးများ တွန့်ချိုးသွားပြီး မျက်နှာထား တင်းမာသွားလေ၏။

သူမ၏မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်တွေ့ရသော်လည်း ရှန်းယီသည် မည်သို့ဖြစ်သည်ကို နားမလည်နိုင်တော့ပါဘူး။

သို့သော် သူ ဂရုပြုမနေလိုတော့ပါချေ။ စားချင်စားမည်၊ မစားချင်လျှင် နေပါလိမ့်မည်။

သူသည် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ငန်းပေါင်တစ်ချောင်းကို လှမ်းယူလိုက်လေသည်။

ပါးစပ်ထဲ ထည့်ဝါးလိုက်သောအခါ ကြွပ်ရွသော အရေခွံနှင့် အရည်ရွှမ်းသော အသားအရသာသည် လျှာပေါ်တွင် ပျံ့နှံ့သွားပြီး အနည်းငယ် ပေါ့ပျက်ပျက်နိုင်သော အရသာကို ဖုံးလွှမ်းသွားစေပေသည်။

လင်းပိုင်ဝေ့၏နှာခေါင်းလေး ရှုံ့သွားလေသည်။

သူမသည် မျက်လုံးကို စုံမှိတ်ကာ လက်ပိုက်လိုက်ပြီး "ကျွန်မ တော်ပြီ... စားချင်စိတ် ကုန်သွားပြီ" ဟု ပြတ်သားစွာ ပြောလိုက်လေ၏။

ရှန်းယီသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဟွာတျောင်းအရက်အိုးကို မော့သောက်လိုက်ပါသည်။

လင်းပိုင်ဝေ့၏မျက်လုံးများ အနည်းငယ်ဖွင့်လာပြီး မျက်တောင်လေးများ တုန်ခါနေပေသည်။

သူမသည် မျက်လုံးထောင့်ကပ်၍ သူ့ကို ခိုးကြည့်ရင်း နှုတ်ခမ်းနီနီလေးကို ကိုက်ကာ ပြောလိုက်လေသည်။

"ရှင် ပေါင်မုန့်ကြမ်းတွေ စားရတာ အဆင်မပြေရင် မနက်ဖြန်ကျ အသားစိမ်းနဲ့ ပဲငံပြာရည် ဝယ်ခဲ့လေ... ကျွန်မ ချက်ကျွေးမယ်။ သူများဆီက လိုက်လုယက်နေရတာ ပင်ပန်းပါတယ်..."

"မင်းက ချက်တတ်လို့လား"

ရှန်းယီ အံ့သြစွာ မော့ကြည့်လိုက်ပါသည်။

"ကျွန်မသာ မချက်တတ်ရင် ငတ်သေနေတာ ကြာပေါ့... နေရာတိုင်းမှာ စားသောက်ဆိုင် ရှိနေတာမှ မဟုတ်တာ... ရှင် ကျွန်မပြောတာကို နားရောထောင်ရဲ့လား"

လင်းပိုင်ဝေ့သည် လက်ချောင်းလေးများကို ကစားရင်း ဆက်ပြောလေသည်။

"ဝက်သားတစ်ပေါင်မှ ပြားနှစ်ဆယ်လောက်ပဲ ရှိတာ... ရှင်လစာထဲက နည်းနည်းချန်ပြီး ထင်း၊ ဆန်၊ ဆီ၊ ဆား ဖိုး ဖယ်လိုက်ရင် နေ့တိုင်းနီးပါး အသားစားလို့ ရနေပြီ။ ကျွန်မ အပ်ချုပ်လည်း တတ်တယ်... အဝတ်အစားတွေ၊ ဖိနပ်တွေ စုတ်ပြဲသွားတိုင်း အသစ်ဝယ်စရာ မလိုဘူး"

မှိန်ဖျဖျ မီးရောင်အောက်တွင် သူမ၏အိမ်မှုကိစ္စ ကျွမ်းကျင်ပုံများကို နားထောင်ရင်း ရှန်းယီ တွေးတောမိလိုက်လေသည်။

သခင်ကြီးလင်းက ငွေတုံး ရှစ်ရာခန့်ကို အလွယ်တကူ ထုတ်ပေးနိုင်သည်ကို သူ ပြန်လည်သတိရလိုက်မိပေ၏။

"မင်းက တကယ်ရော လင်းမိသားစုက သမီးအရင်း ဟုတ်ရဲ့လား"

"ရှင် နားလေးနေတာလား"

လင်းပိုင်ဝေ့ စိတ်ပျက်လက်ပျက် ဖြစ်သွားပါသည်။

အဘယ်ကြောင့် သူ နားမလည်နိုင်ရလေသနည်း။

အစိုးရလစာစားထားသည့် ယာမန်ရုံးတော်မှ နှိမ်နင်းရေးအရာရှိတစ်ဦး ဖြစ်ပါလျက် နတ်ဆိုးများနှင့် ပေါင်းသင်းကာပေါင်းသင်း၊ သာမန်ပြည်သူများကို အနိုင်ကျင့်ကာကျင့်နှင့် သူ၏ အရည်အချင်းများကို အလဟဿ ဖြုန်းတီးပစ်နေပေသည်။

ယခင်ကသာဆိုလျှင် သူမ သူ့၏နားရွက်ကို ဆွဲလိမ်ပစ်လိုက်မိမည်မှာ အသေအချာပါပင်။

စိတ်ကောက်နေသော မိန်းမပျိုလေးမှာ ချစ်စရာကောင်းနေသဖြင့် ရှန်းယီ အကြည့်လွှဲလိုက်ရလေသည်။

ထို့နောက် ခါးကြားမှ ငွေစအကျိုးအပဲ့အချို့ကို ထုတ်ယူကာ စားပွဲပေါ် ပစ်တင်လိုက်ပြီး သူမ၏ စကားများကို ဖြတ်ချလိုက်လေ၏။

"ဒါ မင်းအဖေ ပေးလိုက်တာ"

ထိုစကားကို ကြားသောအခါတွင်

လင်းပိုင်ဝေ့ ကျောက်ရုပ်ပမာ ဖြစ်သွားရလေသည်။

သူမ၏အကြည့်များသည် ငွေစများနှင့် ရှန်းယီ၏ ကိုယ်ပေါ်မှ သွေးစက်များအကြား ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေလေ၏။

"ရှင် သူ့ဆီ သွားခဲ့တာလား"

သူ ပြန်မဖြေနိုင်ခင်မှာပင် သူမ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ သူမ၏လှပသော မျက်နှာလေးကို လူငယ်၏မျက်နှာနား ကပ်သွားအောင် တိုးလိုက်လေသည်။

"အခြေအနေ ဘယ်လောက် ဆိုးရွားတယ်ဆိုတာ ရှင် သိရဲ့လား။ သူတို့က ရှင်ထင်သလောက် ရိုးရှင်းတာ မဟုတ်ဘူး။ မြောက်ဘက် ကမ်းပါးက မြေခွေးနတ်ဆိုးဆီကို အကြီးအကဲတစ်ယောက် ရောက်လာတယ်တဲ့... သူ မြို့ထဲ မဝင်ရဲတာ ကျွန်မကို ကြောက်လို့... ဒါပေမဲ့ ရှင်ကသာ သူ့အမျိုးတွေကို သွားရန်စလိုက်ရင် သူ အကြီးအကျယ် ဒေါသထွက်ပြီး ရှင့်ကို ဘယ်သူမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

သူမ တကယ် စိတ်ပူပင်နေပုံရပေသည်။

ရှန်းယီသည် သူမထံမှ သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်လိုက်မိသော်လည်း တည်ငြိမ်စွာပင် ပြန်မေးလိုက်လေသည်။

"ဒါဆို မင်းက ဘယ်သူမို့လို့လဲ"

ထိုမေးခွန်းကြောင့် လင်းပိုင်ဝေ့ တုံ့ဆိုင်းသွားလေ၏။

တော်တော်ကြာ တိတ်ဆိတ်သွားပြီးမှ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်လေသည်။

"ရှင်က အရေးကြီးတဲ့ အချက်ကိုပဲ ကွက်ပြီး ဖမ်းမိတာပဲ"

ရှန်းယီသည်လည်း မတ်တပ်ထရပ်လိုက်လေသည်။

သူ၏မျက်နှာထားမှာ ခံစားချက်ကင်းမဲ့နေပြီး ရင်ထဲတွင် ဖြစ်ပေါ်လာသော သံယောဇဉ်စများကို ချက်ချင်း ငြှိမ်းသတ်ပစ်လိုက်ပေသည်။

ဤအမျိုးသမီး၌လျှို့ဝှက်ချက်များ ရှိနေပေသေးပါသည်။

သူမနှင့် ပတ်သက်နေသော ပြဿနာများသည် သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုကြီးမားနေပေသည်။

"စားကြရအောင်"

ရှန်းယီသည် ခုတင်ပေါ်သို့ ပြန်သွားထိုင်လိုက်ပါသည်။

"ဘာပဲဖြစ်ဖြစ်... ကျွန်မက လူဆိုးမဟုတ်ပါဘူး"

လင်းပိုင်ဝေ့သည် သူ၏အေးစက်မှုကို ခံစားမိသဖြင့် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး တူဖြင့် ငါးကြော်ကို ထိုးဆွနေမိလေသည်။

ဤတစ်ကြိမ်တွင်မူ သူမ တကယ်ပင် စားချင်စိတ် ပျောက်ဆုံးသွားပုံရပါသည်။

အတော်ကြာမှ သူမ လေသံတိုးတိုးဖြင့် မေးလိုက်၏။

"ကျွန်မအဖေ အဆင်ပြေရဲ့လား"

"လောလောဆယ်တော့ ပြေပါတယ်"

ရှန်းယီသည် သူ့ရှေ့မှ မိန်းမပျို၏ခံစားချက်ကို နားလည်သလို ရှိပေသည်။

"မြေခွေးနတ်ဆိုးက မင်းအိမ်မှာ မရှိတော့ဘူး... ဒါပေမဲ့ သူက တခြားနတ်ဆိုးတွေကို မင်းအိမ်ထဲ ခေါ်ထည့်ထားခဲ့တယ်"

"ကျေးဇူးပါပဲ"

လူငယ်၏ကိုယ်ပေါ်မှ သွေးစက်များနှင့် စားပွဲပေါ်မှ ငွေစများက အရာအားလုံးကို သက်သေပြနေပြီး ဖြစ်လေသည်။

လင်းပိုင်ဝေ့သည် တုန်ရီနေသော လက်များကို ထိန်းချုပ်ရန် ကြိုးစားရင်း မြေအိုးကို မကာ ငါးဟင်းရည်ကို တစ်ငုံချင်း သောက်လိုက်ပေသည်။

သူမသည် အသက်ကို ဖြည်းညင်းစွာ ရှူရှိုက်ရင်း စိတ်လှုပ်ရှားမှုများကို တဖြည်းဖြည်း တည်ငြိမ်အောင် ပြုလုပ်လိုက်လေသည်။

ရှန်းယီသည် သူမ ယခင်က ပြောခဲ့ဖူးသော "ကျွန်မ အသက်ရှင်ရမယ်" ဟူသည့် စကားကို ပြန်လည်သတိရလိုက်လေသည်။

မိဘများ၏အသက်အန္တရာယ် မသေချာလျှင်တောင်မှ သူမ ဆက်လက်ရှင်သန်နေရန် လိုအပ်သည်ဟူသော အဓိပ္ပာယ်ပါလော။

လင်းပိုင်ဝေ၏ပြောပြချက်အရဆိုလျှင် မြေခွေးနတ်ဆိုး အကြီးအကဲဆိုသူပင်လျှင် သူမ၏ အရှိန်အဝါကြောင့် မြို့ထဲ မဝင်ရဲဟု ဆိုပေသည်။

"ငါ ပိုလိုသေးတယ်"

"ဘာ..."

လင်းပိုင်ဝေ့ အံ့သြတကြီး ကြည့်နေစဉ် ရှန်းယီသည် ဓားအိမ်ကို အဝတ်စဖြင့် သေသေချာချာ သုတ်လိုက်လေသည်။

"ငါ ပြောတာက... ကနဦးနယ်ပယ် ကျင့်စဉ် နှစ်ခုလောက်နဲ့ မလောက်တော့ဘူး၊ ကျောက်စိမ်း နယ်ပယ် ကျင့်စဉ်တွေ လိုချင်တယ်။ အရင်အတိုင်းပဲ နှစ်ခုပေးရမယ်... ဒါပေမဲ့ တစ်ခုကိုတော့ စရန်အနေနဲ့ အခု ကြိုလိုချင်တယ်"

သူမ၏အဆင့်အတန်း ပြောင်းလဲသွားပြီ ဖြစ်သဖြင့် ဈေးနှုန်းလည်း ပြောင်းလဲရပေမည်။

လင်းပိုင်ဝေ့သည် သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိလေသည်။ "ဒုက္ခရောက်နေသူထံမှ အမြတ်ထုတ်ခြင်း" ဟု သတ်မှတ်လိုက်ပုံရပြီး တူကို ကောက်ကိုင်ကာ ငါးကို ပြန်စားလိုက်ပေ၏။

"ကျွန်မ တစ်ခုပဲ မှတ်မိတော့တယ်... ရှင် စာရွက်တွေ ပြင်ထားလိုက်၊ သုံးရက်နေရင် ငါ ရေးပေးမယ်"

မိန်းမပျိုသည် ငါးအသားကို အတင်းအကြပ် ဝါးစားလိုက်ရင်း မျက်ဝန်းထဲမှ ဝမ်းနည်းနာကြည်းမှုများကို ဖုံးကွယ်လိုက်လေသည်။

သူမသည် မည်သူ့ရှေ့၌မျှ အားနည်းချက်ကို ပြသလေ့မရှိပေ။

ရုတ်တရက် အေးစက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံကို ထပ်မံကြားလိုက်ရပြန်ပါသည်။

"ခုနက မင်း ပြောတဲ့စကား တည်သေးလား"

"ကျွန်မ ဘာပြောလို့လဲ"

လင်းပိုင်ဝေ့သည် ချိုမြိန်နူးညံ့သော ငါးအသားကို ပါးစပ်ထဲ အပြည့်ထည့်ထားသဖြင့် ပါးလေးများ ဖောင်းနေပြီး နှုတ်ခမ်းတွင် အဆီများ ပေကျံနေလေ၏။

သူမ၏အသံ တုန်ရီနေသည်ကို မသိစေလို၍ အတင်းအကြပ် မျိုချလိုက်ပေသည်။

"ထမင်းဟင်း ချက်ပေးမယ် ဆိုတာလေ"

ရှန်းယီသည် သန့်စင်သွားသော ဓားအိမ်ကို နံရံတွင် ချိတ်လိုက်လေသည်။

ဤမိန်းကလေးသည် ပဟေဠိဆန်နေသော်လည်း သူ အတော်အတန်တော့ စဉ်းစား၍ ရနေပြီ ဖြစ်ပါသည်။

မြေခွေးနတ်ဆိုးက သူမကို မသတ်ရဲ၊ သို့သော် ကာကွယ်စောင့်ရှောက်မှုမရှိသော မိန်းမတစ်ဦးကို သူ၏ယခင်ဘဝပိုင်ရှင်လက်ထဲ အလွယ်တကူ ထည့်ပေးလိုက်ပြန်သည်။

တန်ခိုးစွမ်းအားကြီးသော မြေခွေးများသည် နေ့ရောညပါ မစောင့်ရှောက်နိုင်ပေဘူးလော။

သူတို့သည် သူမကို နှိမ်နင်းရေးအရာရှိတစ်ဦး၏ လက်ဖြင့် သေစေချင်နေကြသည်မှာ အသေအချာပါပင်။

သို့ဆိုလျှင် သူမ၌မည်သည့် ထူးခြားချက် ရှိပေသ‌နည်း။

ရှန်းယီ သေချာစဉ်းစားကြည့်လိုက်ရာ "နတ်ဆိုးနှိမ်နင်းရေးဌာနမှ အမှုထမ်းတစ်ဦး" ဟူသော အဖြေတစ်ခုသာ ထွက်ပေါ်လာပါသည်။

ထိုအချက်ကို ထောက်ချင့်ကြည့်လျှင် လင်းပိုင်ဝေ့ဖုံးကွယ်ထားလိုသော အမှန်တရားကို အလွယ်တကူ ခန့်မှန်း၍ ရနိုင်ချေပါပြီ။

ဟမ်... လင်းမိသားစုက တစ်ဦးတည်းသော သမီးလေးကို ပညာသင်လွှတ်လိုက်ရာ နောက်ဆုံးတွင် နတ်ဆိုးနှိမ်နင်းရေးဌာနထဲ ရောက်ရှိသွားခဲ့သည်ပါလော။

သူမ အကြောက်ရွံ့ဆုံးမှာ မြေခွေးနတ်ဆိုး မဟုတ်ဘဲ သူ့ကို ဖြစ်နေသည်သကိုး။

အကယ်၍ သူမသာ အစိုးရအမှုထမ်းတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လျှင် မြေခွေးနတ်ဆိုးတို့သည် လက်ခါပြီး လွတ်မြောက်သွားကြပေလိမ့်မည်။

အစကသာ သူ အကဲဖြတ် မှားယွင်းခဲ့ပါမူ...

ဤအမျိုးသမီးကို တကယ် သတ်မိတော့မလို ဖြစ်ခဲ့ပြီး နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူကို ကိုယ်တိုင် သတ်ဖြတ်မိလျက်သား ဖြစ်သွားပေတော့မည်။

မဟာချန်အင်ပါယာ တစ်ခုလုံးက လိုက်လံဖမ်းဆီးမည့် တရားခံပြေးဘဝကို တွေးကြည့်ရင်း ရှန်းယီ ကျောချမ်းသွားမိပေသည်။

ရမ္မက်နောက်လိုက်တတ်သော ယခင်ခန္ဓာပိုင်ရှင်ကိုလည်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိလေ၏။

'မင်းက ဘယ်မိန်းမမဆို ထိရဲတယ်ပေါ့လေ။'

"..."

ရှန်းယီ၏အတွေးပေါင်းစုံကို မသိရှာသော လင်းပိုင်ဝေ့သည် ငါးအသားကို မျိုချလိုက်ပြီး နှာခေါင်းလေး နီရဲသွားသည်အထိ အသက်ပြင်းပြင်း ရှူလိုက်ကာ အသံတိမ်တိမ်ဖြင့် ပြောလိုက်လေ၏။

"ကောင်းပြီလေ... လုပ်ပေးပါ့မယ်"

'ထမင်းဟင်းချက်တာလောက်ကတော့... နင့်ကို စားပိုးနင့်သေအောင် လုပ်ပစ်မှာ'

သူမ၏လက်သေးသေးလေးသည် တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်‌ထားပေသည်။

ဤတစ်လသာ ကျော်လွန်သွားပါစေ၊ သူမ၏ချိပ်ပိတ်ထားသော စွမ်းအားများကို ပြန်ဖွင့်နိုင်မည့် နည်းလမ်း ရှာတွေ့ပေလိမ့်မည်။

ထိုအခါကျမှ အိုးဆေးသည့် မြောင်းပုပ်ရေများကို ဇလုံလိုက်ထည့်ပြီး သူ့ပါးစပ်ထဲ အတင်းလောင်းထည့်ပစ်ပါဦးမည်။

ဤအတွေးကြောင့် လင်းပိုင်ဝေ့ စိတ်သက်သာရာ ရသွားပြီး အရက်အိုးကို မော့ကာ တစ်ရှိန်ထိုး သောက်ချလိုက်လေတော့သည်။

All Chapters