← Chapters

ပထမဆုံးသော ဆုံးရှုံးမှု

Vol. 4 Ch. 32

ပထမဆုံးသော ဆုံးရှုံးမှု

Vol. 4 Ch. 32

လင်းပိုင်ဝေ့သည် စားပွဲကို ရှင်းလင်းပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ ရှန်းယီ၏ညစ်ပတ်နေသော ဝတ်ရုံကို ကောက်ယူကာ နောက်ဖေးခြံဝင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။

အိမ်ကလေး ငြိမ်သက်သွားသောအခါ။

ရှန်းယီသည် သွေးစက်များ စွန်းထင်းနေသေးသည့် နတ်ဆိုးအမြုတေကို ထုတ်ယူကာ စနစ်မျက်နှာပြင်ကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်ပါသည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - နှစ်ပေါင်း ၂၂၆ ]

သူသည် မျက်လုံးကို မှိတ်လိုက်ပြီး ရင်ထဲတွင် တက်ကြွလှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရပေသည်။

အမှန်တကယ်ပင် ဒုက္ခနှင့် အခွင့်အရေးသည် အမြဲတမ်း ဒွန်တွဲနေတတ်စမြဲ။ သူ၏ယခင်ခန္ဓာပိုင်ရှင်သာ မိုက်မဲသော အမှားများ မပြုလုပ်ခဲ့ပါက သူသည် ယခုကဲ့သို့ ကျောက်စိမ်းနယ်ပယ် အဆင့်ရှိ သိုင်းပညာအသိပညာများကို မည်သို့လျှင် အလွယ်တကူ ရယူနိုင်ပါမည်နည်း။

သို့သော် မည်သည့် သိုင်းပညာကဏ္ဍကို ရရှိနိုင်မည်ကိုတော့ သူ မခန့်မှန်းနိုင်သေးပါဘူး။

အကောင်းဆုံးမှာ အတွင်းအားကျင့်စဉ်ဖြစ်ပြီး ဒုတိယမှာ ဓားသိုင်းများ ဖြစ်ပေလိမ့်မည်။

သို့သော် တစ်ဖန် ပြန်စဉ်းစားကြည့်ပြန်လျှင်လည်း လက်ရှိရရှိထားသော နတ်ဆိုးသက်တမ်းမှာ အနည်းငယ် မလုံလောက်သလို ရှိနေပြန်လေသည်။

ယခင်ခန္ဓာပိုင်ရှင်နှင့် ပတ်သက်ခဲ့သော နတ်ဆိုးသားရဲများသည် ယခုအခါ သူ့အား ဆက်သွယ်လာခြင်း မရှိသလောက် နည်းပါးသွားချေပါပြီ။

"မျက်စိအောက်က လွတ်သွားရင် စိတ်ထဲကပါ ပျောက်သွားတယ်" ဆိုသည့် စကားအတိုင်း လက်တွေ့ဆန်လွန်းနေသည်ဟု သူ ခံစားလိုက်ရလေ၏။

မြို့ပြင်ထွက်၍ နတ်ဆိုးများ လိုက်လံသတ်ဖြတ်ရန် ကိစ္စနှင့် ပတ်သက်၍မူ...

ရှန်းယီ ရံဖန်ရံခါ စဉ်းစားမိသော်လည်း လင်းပိုင်ဝေ့၏ သနားစဖွယ် အခြေအနေကို မြင်တွေ့ရသောအခါ မသင့်လျော်ဟု ခံစားမိပြန်ပေသည်။

မြို့ထဲတွင် အစွမ်းထက်သော သိုင်းပညာရှင်များ မရှိဘဲ ကာကွယ်ရေးအားနည်းနေသော်လည်း ဤမြို့သည် မဟာချန်အင်ပါယာ၏ ကျောထောက်နောက်ခံ ရှိနေပေသေးသည်။

နတ်ဆိုးများသည် ငြိမ်းချမ်းစွာ နေရသည်ကို ငြီးငွေ့နေသည်မှလွဲ၍ ကြီးကြီးမားမား ပြဿနာရှာရဲမည် မဟုတ်ပေ။

လူအချို့ကို တိတ်တဆိတ် ခိုးယူစားသောက်ခြင်းနှင့် စီရင်စုတစ်ခုလုံးကို ဗြောင်ကျကျ တိုက်ခိုက်သိမ်းပိုက်ခြင်းသည် လုံးဝ ကွာခြားသော ကိစ္စရပ်များ ဖြစ်ပေသည်။

သို့သော် သူသာ မြို့ပြင်ထွက်ပြီး မတော်တဆ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးကြီးများနှင့် ထိပ်တိုက်တွေ့ခဲ့လျှင်...

သူ့ကို ပြန်ပေးဆွဲပြီး ခုတင်အောက်တွင် ပိတ်လှောင်ထားကာ အစားအသောက်ကျွေးမွေးမည့် ရက်ရောသော နတ်ဆိုးမျိုးနှင့် တွေ့ရလိမ့်မည်ဟု ရှန်းယီ မယုံကြည်ပေ။

သူ့ကို ချွန်ထက်သော အစွယ်များနှင့် လက်သည်းများဖြင့် အပိုင်းပိုင်း ကိုက်ဖြတ်ပြီး အသားနှင့် သွေးများကို မြိန်ရည်ယှက်ရည် စားသောက်ပြီးနောက် "ဒီနေ့ ပါဆယ်ကတော့ တော်တော်လေး နူးညံ့ပြီး အရည်ရွှမ်းတာပဲ" ဟု လက်မထောင်ကာ ချီးမွမ်းကြပေလိမ့်မည်။

"..."

လျိုချီ သေဆုံးသွားပုံကို ပြန်တွေးမိပြီး ရှန်းယီ တစ်ကိုယ်လုံးစိမ့်သွားပါသည်။

သူ၏မျက်ဝန်းထဲတွင် အတွေးနက်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။

ထိုအချိန်မှာပင် သူ့လက်မောင်းပေါ်၌အေးစက်ပြီး တွန့်လိမ်နေသော အရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ရှန်းယီ၏မျက်ဝန်းထဲမှ စဉ်းစားတွေးတောမှုများသည် ချက်ချင်းပင် အေးစက်သော သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ရှိ အဓိက မရီဒျန် ၁၂ ခုလုံး တစ်ပြိုင်နက် လည်ပတ်ကာ အတွင်းအားများ ပေါက်ကွဲထွက်လာလေသည်။

သူသည် စောင်ကို အကြမ်းပတမ်း ဆွဲလှန်လိုက်ရာ ခွက်ဝနီးပါးခန့် တုတ်ခိုင်သော အနက်ရောင်နှင့် အဖြူရောင် မြွေနှစ်ကောင်ကို တွေ့လိုက်ရလေသည်။

၎င်းတို့သည် ကုတင်ဘေးရှိ နံရံအက်ကွဲကြောင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

တစ်ကောင်မှာ သူ၏ပေါင်ပေါ်တွင် ရစ်ပတ်နေပြီး ကျန်တစ်ကောင်မှာ သူ၏ဘယ်ဘက်လက်မောင်းပေါ်တွင် ဝပ်လျက်ရှိနေလေ၏။

၎င်းတို့သည် လျှာများကို ပျင်းရိလေးတွဲ့စွာ ထုတ်လိုက်သွင်းလိုက် လုပ်နေကြလေ၏။

ရှန်းယီ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး နံရံတွင် ချိတ်ထားသော ဓားကို လျင်မြန်စွာ လှမ်းယူလိုက်ပေသည်။

ယခုအခါ သူ၏အာရုံခံစားမှုများသည် ယခင်ကနှင့်မတူ ထက်မြက်နေပြီ ဖြစ်ပါသည်။

အနံ့ဆိုးထွက်သော နတ်ဆိုးများသာမက သာမန် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် လက်ချောင်းထိပ်မျှသာရှိသော တွားသွားသတ္တဝါလေးများပင် သူ့အာရုံမှ မလွတ်ကင်းနိုင်ပါပေ။

သို့သော် ဤမြွေနှစ်ကောင်သည် သူ သတိမထားမိဘဲ ကုတင်ပေါ်သို့ ရောက်ရှိလာနိုင်ခဲ့လေသည်။

နောက်တစ်ခဏတွင် မြွေများ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြောင်းလဲသွားတော့လေ၏။

ဖြူဝင်းသော အသားအရေရှိသည့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပသော မိန်းမပျိုနှစ်ဦး ပေါ်ထွက်လာပါသည်။

သူမတို့၏အရေးကြီးသော နေရာများကို အကြေးခွံအချို့ဖြင့်သာ ပါးပါးလေး ဖုံးအုပ်ထားပေသည်။

တစ်ဦးမှာ ရှန်းယီ၏လက်မောင်းကြားတွင် ပြုံးရွှင်စွာ မှီခိုနေပြီး ကျန်တစ်ဦးမှာ သူ၏ခါးကို ပျင်းရိလေးတွဲ့စွာ ဖက်တွယ်လျက် သွယ်လျလှပသော ခြေတံရှည်များကို သူ၏ဒူးခေါင်းပေါ်သို့ တင်ထားလေသည်။

ထိုအမျိုးသမီးနှစ်ဦး မော့ကြည့်လိုက်ရာ သူမတို့၏ မျက်နှာများသည် အလွန်ပင် ဆွဲဆောင်မှုရှိပြီး နတ်ဆိုးဆန်သော အငွေ့အသက်အချို့ပင် လွှမ်းခြုံနေသယောင် ရှိပါသည်။

သူမတို့သည် လက်ချောင်းထိပ်လေးများဖြင့် ဆံနွယ်များကို ကစားရင်း ခေါင်းလောင်းသံလေးများကဲ့သို့ ကြည်လင်သော အသံ၊ သစ်ခွပန်းကဲ့သို့ သင်းပျံ့သော လေငွေ့တို့ဖြင့် ညှို့ဓာတ်ပြင်းစွာ ပြောလိုက်ကြလေသည်။

"ရှန်းလန်... မတွေ့ရတာ ကြာပြီနော်။ တို့တွေကို လွမ်းနေသလားဟင်"

လူသားပုံစံသို့ ပြောင်းလဲလိုက်မှသာ သူမတို့၏ အရှိန်အဝါ အစစ်အမှန် ပေါ်ထွက်လာတော့သည်။

ရှန်းယီ တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး သူတို့ထံမှ ရင်းနှီးသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ပေသည်။

ထိုအရာမှာ ကနဦးနယ်ပယ် ပေါင်းစည်းခြင်း အဆင့်ဖြစ်ပြီး ပြီးပြည့်စုံသော အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်ပါသည်။

သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ညာလက်ဖြင့် ဓားကို ဆွဲထုတ်လိုက်လေ၏။ မှိန်ဖျဖျ ဖယောင်းတိုင်မီးရောင်အောက်တွင် ငွေရောင်တောက်နေသော ဓားသွားသည် ရုတ်ချည်းပင် သိပ်သည်းသော သွေးရောင်အရှိန်အဝါများ လွှမ်းခြုံသွားတော့ပေသည်။

ဤဓားချက်သည် မြွေဖြူမလေး၏လည်ပင်းတည့်တည့်သို့ ဦးတည်ထားပြီး ရက်စက်ကြမ်းကြုတ်ကာ ညှာတာမှုကင်းမဲ့လှပေသည်။

"ရှူး..."

မြွေဖြူမလေး၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး ကုတင်ပေါ်မှ လှိမ့်ဆင်းလိုက်ရလေသည်။

မြွေနက်မလေးသည်လည်း ရှန်းယီ၏ခါးကို ဖက်ထားရာမှ လွှတ်လိုက်ပြီး လက်ဝါးကို ဖြန့်ကာ အပေါ်သို့ မိုးလိုက်သည်။

သူမ၏လက်ဝါးနှင့် လက်ချောင်းထိပ်များသည် သတ္တုရောင်တောက်နေသော အနက်ရောင် အကြေးခွံများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားပါသည်။

သူမသည် ဓားကို ဖမ်းဆုပ်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏လှပသော မျက်နှာထက်တွင် ထိတ်လန့်အံ့သြသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

သူမ အယုံကြည်ရဆုံးသော အနက်ရောင် အကြေးခွံများသည် ဓားနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရှဲခနဲ မြည်သံထွက်ပေါ်လာပြီး လျင်မြန်စွာ ပျက်စီးသွားသည်ကို တွေ့လိုက်ရသောကြောင့်ပါပင်။

မည်းနက်သော သွေးများ သူမ၏လက်ချောင်းကြားမှ စီးကျလာပြီး ဓားသွားပေါ်တွင် အနီရောင်အစင်းကြောင်းတစ်ခု ထင်ကျန်ရစ်စေလေသည်။

မြေပြင်ပေါ်တွင် လဲကျနေသော မြွေဖြူမလေးသည် ကြောက်လန့်တကြား အသက်ပြင်းပြင်း ရှူနေရင်း သူမ၏လည်ပင်းကို စမ်းသပ်ကြည့်လိုက်ပေသည်။

သူမ၏မျက်လုံးများတွင် ဒေါသနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး "နင် ရူးနေလား" ဟု အော်ဟစ်လိုက်ပါသည်။

"ရှန်းယီရဲ့ စိတ်နေသဘောထားတွေ အကြီးအကျယ် ပြောင်းလဲသွားတယ်လို့ သခင်မကြီး ပြောတာ ကြားဖူးပါတယ်..."

မြွေနက်မလေးသည် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ကျန်လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ ရွှေရောင်အမှုန်အမွှားများ ကုတင်ပေါ်သို့ ကျဆင်းသွားလေသည်။

"ဒါပေမဲ့ စီးပွားရေးကိစ္စကိုတောင် ဆက်မလုပ်တော့ဘူးဆိုတာကိုတော့ ငါ နားမလည်နိုင်ဘူး။ ငါတို့က မယ်တော်ကြီးရဲ့အမိန့်အတိုင်း လာခဲ့တာပါ... ရောင်စုံဟွာဖန်း က ဆရာတစ်ယောက်ကို တောင်ပေါ်ပင့်ပြီး သူမအတွက် လက်ဝတ်ရတနာလှလှလေးတွေ လုပ်ပေးဖို့ လာပြောတာပါ"

စကားပြောနေရင်း သူမ၏နဖူးပေါ်မှ ချွေးသီးများ စီးကျလာပါသည်။

သူမ ရှေ့ရှိ လူသားသည် စိတ်နေသဘောထား ပြောင်းလဲရုံသာမက ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပေသည်။

ခုနက ဓားသိုင်းကွက်သည် ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် ကျွမ်းကျင်ပိုင်နိုင်ပြီး မူလအခြေခံသဘောတရားများ ပါဝင်နေပေသည်။

ထူးချွန်သော ပါရမီရှင်များပင်လျှင် ဤကဲ့သို့သော အဆင့်ရောက်ရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရပေမည်။

သူ၏အရှိန်အဝါသည် ပိုမို ကြောက်မက်ဖွယ်ကောင်းလှပြီး နှစ်ပေါင်းရာချီ ကျင့်ကြံထားသော သူမတို့ထက် အနည်းငယ်မျှပင် အားမနည်းပေ။

ညီအစ်မနှစ်ယောက် ပေါင်းတိုက်လျှင်ပင် ဤပြိုင်ဘက်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။

"ရှန်းလန်က ဒီလို အသေးအဖွဲကိစ္စတွေကို မလုပ်ချင်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ... ကျွန်မတို့ ပြန်ပါ့မယ်"

မြွေနက်မလေးသည် ဘေးသို့ မျက်စပစ်ပြရင်း ပြောလိုက်လေသည်။

ထိုအချက်ပြမှုကို မြင်သောအခါ မြေပြင်ပေါ်ရှိ နဆ်ဆိုးမလေးသည် မြွေရှည်ကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး သူမ၏ခန္ဓာကိုယ်မှ ထူထပ်သော မြူခိုးများ ထွက်ပေါ်လာကာ ထိုနေရာမှပင် ပျောက်ကွယ်သွားပါတော့သည်။

"..."

ရှန်းယီသည် မြွေဖြူမလေး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိလေသည်။

သူ့ရှေ့မှ ဤနတ်ဆိုးနှစ်ကောင်သည် သူ မြင်ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး နတ်ဆိုးများ ဖြစ်ပေသည်။

သူ၏ဓားချက်ကို ခံနိုင်ရည်ရှိခြင်းမှာ အံ့သြစရာ မဟုတ်ပါပေ။

သို့သော် သူတို့၏တည်ရှိမှုကို ဖုံးကွယ်ထားနိုင်သော ထူးဆန်းသည့် နည်းလမ်းနှင့် ပျောက်ကွယ်သွားနိုင်သော စွမ်းရည်တို့ကတော့ သူ့အတွက် မျက်စိပွင့်စရာပင် ဖြစ်ခဲ့ပါသည်။

ငါသာ အဲ့ဒါကို သင်ယူနိုင်ခဲ့မယ်ဆိုရင်...

ထိုသို့ တွေးလိုက်မိပြီး ရှန်းယီ၏အကြည့်သည် သူ့ရှေ့မှ အနက်ရောင်အကြေးခွံများ ဖုံးလွှမ်းနေသော ဖြူဖျော့ဖျော့အမျိုးသမီးဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။

သူ၏မျက်ဝန်းများမှာ အနည်းငယ် ပိုမို တောက်ပလာပေ၏။

ထို စူးရှသော အကြည့်အောက်တွင် မြွေနက်မလေးသည် ယခင်က ရမ္မက်ကြီးသော ငတ်မွတ်နေသည့် တစ္ဆေကြီးကို ပြန်မြင်လိုက်ရသလို ခံစားလိုက်ရသည်။

သို့သော် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ သတိပြုမိလိုက်သည် - တစ်ဖက်လူသည် သူမ၏ ခန္ဓာကိုယ်ကို စိတ်ဝင်စားပုံ မရပေ။

သူမသည် သူမ၏ဝမ်းဗိုက်အောက်ပိုင်းကို ငုံ့ကြည့်လိုက်ပြီး အံကို ကြိတ်လိုက်မိလေသည်။

'ဒီကောင်စုတ်က ငါ့ရဲ့ နတ်ဆိုးအမြုတေကို လိုချင်နေတာပဲ'

"ရှန်း... ဒီနေ့တော့ နင်နဲ့ မတိုက်ခိုက်တော့ဘူး၊ မယ်တော်ကြီးဆီ ပြန်ပြီး အစီရင်ခံလိုက်ဦးမယ် နင့်မှာ သတ္တိရှိရင်တော့ ပုန်းမနေနဲ့ပေါ့"

မြွေနက်မလေးသည် မူလပုံစံသို့ ပြန်ပြောင်းသွားပြီး လျှာကို ထုတ်ကာ ရှူးရှူးရှားရှား အသံပြုလိုက်သည်။

ထိုအချိန်မှာပင် နောက်ဖေးတံခါးပေါက်၌ လူရိပ်တစ်ခုကို သူမ၏မျက်လုံးထောင့်မှ မြင်လိုက်ရလေသည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အရပ်ရှည်ပြီး ကျက်သရေရှိကာ နံရံကို မှီလျက် အေးစက်သော ဘေးတိုက်မျက်နှာထားဖြင့် ရပ်နေပေသည်။

သူမသည် ဖြစ်ပျက်နေသည်များကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်သာ လှမ်းကြည့်လိုက်ပါသည်။

မြွေနက်မလေးသည် အကြေးခွံများ ထောင်ထလာပြီး ကြက်သေသေကာ စကားမပြောနိုင်ဘဲ ဖြစ်သွားလေသည်။

ရှန်းယီ ရုတ်တရက် သိုင်းပညာ ထူးချွန်လာပြီး မယ်တော်ကြီးကို ဂရုမစိုက်တော့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ - သူသည် အကိုင်းအခက်ကြီးကြီးတစ်ခုကို တွယ်ကပ်မိပြီး မိတ်ဆွေဟောင်းများကို မေ့သွားခြင်းကိုး။

"နင် ဘယ်လောက်ကြာကြာ မောက်မာနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

မြွေနက်မလေးသည် နာကျည်းစွာဖြင့် ခွေလိပ်လိုက်ပါသည်။

ချီလင်မယ်တော်ကြီးအကြောင်းကို ဆက်မပြောတော့ဘဲ အနက်ရောင် မြူခိုးများကို ဖန်တီးကာ သူမ၏ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်ပြီး ကုတင်ပေါ်မှ ရွှေရောင်အမှုန်များကိုပါ ယူဆောင်လျက် ထိုနေရာမှ ပျောက်ကွယ်သွားတော့ပေသည်။

အခန်းထဲတွင် လူနှစ်ယောက်သာ ကျန်ရစ်ပါတော့သည်။

ရှန်းယီသည် တံခါးပေါက်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာထားတွင် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်နေပေ၏။

နတ်ဆိုးများနှင့် ပတ်သက်၍ အတွေ့အကြုံနည်းပါးခြင်း၏အားနည်းချက်မှာ သိသာထင်ရှားလာပြီ ဖြစ်လေသည်။

အရိုင်းနတ်ဆိုးများနှင့် တိုက်ခိုက်ခြင်းမှာ တစ်မျိုးဖြစ်သော်လည်း နောက်ခံရာဇဝင်ရှိသော နတ်ဆိုးများနှင့် ရင်ဆိုင်ရသောအခါ သူတို့၏နည်းပညာများကိုပင် သူ နားမလည်နိုင်ခဲ့ပါပေ။

"..."

လင်းပိုင်ဝေ့သည် လက်ကို အောက်ချလိုက်ပြီး လူငယ်လေးကို တိတ်ဆိတ်စွာ အကဲခတ်နေမိလေသည်။

သူ၏မျက်နှာထားကို ကြည့်ရင်း သူမ အံ့သြသွားသော်လည်း သူ၏မကျေနပ်သော ပုံစံကြောင့် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားပေသည်။

မူလက ရှန်းယီသည် လူသားခန္ဓာကို စွန့်ခွာရန် အကူအညီလိုနေသော လျှို့ဝှက်အမှုထမ်းတစ်ဦးဟု သူမ ထင်မှတ်ခဲ့သည်။ (သေမျိုးအဆင့်ကနေ ကနဦးအဆင့်တက်ဖို့)

ထို့ကြောင့် အခွင့်အရေးယူပြီး သူ့ကို ကြိုးကိုင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ပါသည်။

နှစ်ရက်တာ ထိတွေ့ဆက်ဆံပြီးနောက် သူမ မှားယွင်းခဲ့ကြောင်း၊ သူသည် အနည်းဆုံး ကနဦးနယ်ပယ် သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခန့်မှန်းမိခဲ့ပေသည်။

သို့သော် ရှန်းယီသည် ကနဦးနယ်ပယ် အထွတ်အထိပ် ရှိသော နတ်ဆိုးမနှစ်ကောင်ကို တစ်ကိုယ်တည်း ခြိမ်းခြောက်နိုင်သည့် အဆင့်အထိ ရောက်ရှိနေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ခဲ့မိပေ... သို့တိုင်အောင် သူက မကျေနပ်နိုင်ပေသေးဘူးလော။

"သူတို့က ချီလင်မယ်တော်ကြီးရဲ့ တန်ဖိုးအထားရဆုံး အပျိုတော်တွေပဲ... နတ်ဆိုးနှိမ်နင်းရေး တပ်မှူးကြီးတစ်ယောက် လာတိုက်ရင်တောင် စိတ်ချရအောင် လူဆယ်ယောက်လောက် ခေါ်ပြီး နတ်ဆိုးချုပ်နှောင်မှော်ဖွဲ့စည်းပုံစံ ကို ကြိုတင်ပြင်ဆင်ထားမှ သူတို့ကို သတ်နိုင်မယ့် အခြေအနေ ရှိတာ"

"ဒါမှမဟုတ်... ခုနက သူတို့ရဲ့ကိုယ်ခန္ဓာတွေကို ကြာကြာလေး ထိတွေ့ခွင့် မရလိုက်လို့ နောင်တရနေတာလား"

All Chapters