အစ်ကိုကြီးက မင်းကို ရှာနေတယ်
Vol. 11 Ch. 134
ညအချိန်ကား တိတ်ဆိတ်နေကာ ကောင်းကင်ကြီးက မှင်ရောင်ကဲ့သို့ နက်မှောင်နေသည်။
ရံဖန်ရံခါ လေပြေများ တိုက်ခတ်နေသည်။
လေသာဆောင်ရှိ စားပွဲလေးထက်တွင် ဘီယာဘူးများ ရှိနေသည်။
အိမ်တော်ထိန်းကျန်းက ချီမော့နှင့် ချီရှောင်ပိုင်အတွက် ဖန်ခွက်များ ယူဆောင်လာပေးသည်။
သူက ထိုသားအဖကို ဘီယာသောက်ခြင်း အတွေ့အကြုံကောင်းတစ်ခု ရရှိစေချင်နေသည်။
သို့သော် ချီမော့နှင့် ချီရှောင်ပိုင်က ဖန်ခွက်ကို မသုံးခဲ့ကြပေ။
သူတို့က ဝက်ပေါင်ခြောက်ကြော်နှင့် မြေပဲကို စားခဲ့ကြသည်။
ချီရှောင်ပိုင်က လက်ရန်းကိုမှီကာ လက်ပေါ်မေးတင်ထားပြီး လက်တစ်ဖက်က ဘီယာဘူး ကိုင်ထားသည်။ လေပြေက သူ၏ ကျယ်ပြန့်သည့် ပုခုံးကို ဖြတ်တိုက်သွားခဲ့သည်။
ချီမော့က ခုံပေါ်တွင် ခြေချိတ်ထိုင်နေသည်။ သူက လက်တစ်ဖက်ဖြင့် ဘီယာဘူးကို ဆွဲဖွင့်လိုက်သည်။
သူက ခေါင်းမော့ကာ ဘီယာတစ်ငုံ ငုံလိုက်ပြီးနောက်တွင် လည်ချောင်းထဲက ပြင်းရှရှ အရသာကို ခံစားလိုက်ရလေသည်။
သားအဖ နှစ်ယောက်လုံးက မူလကတည်းက စကားများများပြောတတ်ကြသူများ မဟုတ်ပေ။
သူတို့က စကားမပြောကြဘဲ ခွက်ချင်းတိုက်လိုက်ကြသည်။
ရံဖန်ရံခါ ရယ်နေတတ်ကြသည်။
ချီရှောင်ပိုင်က ဆန်းသစ်သည့် ခံစားချက်ကို ခံစားနေရသည်။
သူ့ဖခင်ကို အလွန်တည်တံ့သည့်လူဟုသာ ထင်ခဲ့သည်။
သူ့ဖခင် ယခုလို ပေါ့ပေါ့ပါးပါးနေတတ်သည့်ပုံစံကို မမြင်ဖူးခဲ့ပေ။
လေသာခန်း၏ ဘယ်ဖက်မှန်တံခါးက ဖွင့်ထားသဖြင့် အောက်ထပ်ဧည့်ခန်းက ရယ်သံများကို တစ်ချက် တစ်ချက် ကြားနေရသည်။
ရှန်းမူမူက အဖွားအိုကို အဖော်ပြုကာ တီဗွီကြည့်နေသည်။
ဖန်သားပြင်ပေါ်တွင် ယခင်နှစ် တရုတ်နှစ်သစ်ကူးက ထုတ်လွှင့်မှုများကို ပြန်လည်စုစည်းပြသနေသည်။
တီဗွီတွင် သူတို့ရင်းနှီးသည့် စကားလုံး “တော်ဝင်ကျောက်စိမ်းအရက်…”ဟု ပြောလျှင် ရှန်းမူမူက “ခွက်တစ်ရာ”ဟု နောက်တစ်ကြောင်းကို လိုက်ပြောခဲ့သည်။
ထို့နောက် သူတို့က အချင်းချင်းကြည့်ကာ ရယ်ခဲ့ကြသည်။
အဖွားအို။ “မူမူက ဒီလို ခေတ်ဟောင်းရှိုးလည်း ကြည့်တာပဲလား။”
ရှန်းမူမူ။ “ကြည့်ရုံတင်မကဘူး၊ အလွတ်ပါ ပြန်ပြောတတ်တယ်။”
ထိုစကားဆုံးသည်နှင့် ရယ်သံတွေက ပိုကျယ်လာခဲ့သည်။
ထိုရယ်သံက ဒုတိယထပ်က လေသာခန်းထိ ပျံ့သွားခဲ့သည်။
ချီမော့က ခေါင်းငုံ့ပြီး အနည်းငယ်ပြုံးလိုက်သည်။
“အဖေ ဘီယာ ထပ်ယူလို့ ရသေးလား။”
ချီရှောင်ပိုင်က ဘီယာဘူးခွံကို စားပွဲပေါ်ချလိုက်ကာ သူက ထပ်သောက်ချင်နေသည်။
ထိုအချိန်မှာပင် အောက်ထပ်က အသံက အပေါ်ပျံ့လာခဲ့သည်။
”တစ်ခွက်က ပိုဆာလောင်စေပြီး ဒုတိယတစ်ခွက်က ကျောက်ကပ် မပျက်စီးစေသေးပါဘူး…”
ရှန်းမူမူက အသံနေ အသံထား မှန်မှန်ဖြင့် ဒုတိယ အကြောင်းကို လိုက်ဆိုခဲ့သည်။
“သုံးခွက်၊ ငါးခွက်၊ နောက်ထပ်ခွက်တွေသောက်ရင်တော့ ပါးလေးတွေကို ရဲလာစေမှာဖြစ်ပါတယ်။”
ချီမော့၏ မျက်လုံးများက အရောင်လဲ့နေကာ ချီရှောင်ပိုင်ကို ခေါင်းငြိမ့်ပြလိုက်သည်။ “အင်း။”
ချီရှောင်ပိုင် အောက်ထပ်ကို ဆင်းသွားသည့်အချိန်တွင် ချီမော့က ထိုင်ခုံကို မှီထိုင်ပြီး ညကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူ့မေးရိုးက အနည်းငယ် ပြေလျော့သွားခဲ့သည်။
သူ့လေသံက တိုးချ၊ ဩရှကာ နူးညံ့နေသည်။
“ချီရှောင်ပိုင်က အရွယ်ရောက်လာပြီမို့ စိတ်ချလို့ ရပါပြီ။”
သူက ကောင်းကင်က သူ့အစ်မ ကုဝမ်ကို ပြောလိုက်သည်။
ထို့နောက် အောက်ထပ်က ရယ်သံ ထပ်မံပျံ့လွင့်လာခဲ့သည်။
ချီမော့၏ မျက်လုံးတွေက အနည်းငယ် လင်းလက်နေသည်။
လရောင်နှင့် ကြယ်တွေ မရှိသည့် ကောင်းကင်ထက် သူ၏ မျက်ဝန်းတွေက ပိုမိုနက်နဲသိမ်မွေ့နေသည်။
သူ့မျက်ဝန်းတွေက နူးညံ့သိမ်မွေ့နေသည်။
“ကျွန်တော်လည်း ကောင်းကောင်း နေထိုင်နေပါတယ်…”
ထုတ်မပြောဖြစ်တဲ့ စကား၏ ဒုတိယ အပိုင်းက ရင်ထဲ၌ ကျန်ရှိနေလေသည်။
သူမကြောင့်ပါပဲ။
***
နောက်တစ်နေ့။
ရှန်းမူမူ မနက်ခင်း ကုမ္ပဏီရောက်သည့်အချိန်မှာပင် ချန်ကျိုးက တောက်ပစွာပြုံးလျက် ဝင်လာခဲ့လေသည်။
“အစ်မ သတင်းကောင်းရှိတယ်။”
ရှန်းမူမူက ရုံးခန်းထဲ လမ်းလျှောက်ဝင်သွားပြီး ဂျာကင်အင်္ကျီနှင့် လက်ကိုင်အိတ်ကို ချိတ်သည့်နေရာတွင် ထားလိုက်သည်။
“ဘာသတင်းကောင်းလဲ။”
ချန်ကျိုး၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။ “ဘဏ္ဍာရေး အပတ်စဉ် သတင်းဌာနက အစ်မကို အင်တာဗျူးချင်လို့တဲ့။”
ရှန်းမူမူက သူ၏ စကားကို နားမလည်ပေ။ သူမက ထိုင်ခုံတွင် ထိုင်ကာ မေးလိုက်သည်။ “အဲဒါ သတင်းကောင်းလား။”
သူမ သိရှိရသလောက်ဆိုလျှင် နာမည်ရဖို့အတွက် အင်တာဗျူးချင်သည့် မဂ္ဂဇင်းမီဒီယာ များစွာရှိနေသည်။ အများစုကို ချန်ကျိုးကသာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သူမကိုယ်တိုင်လည်း တစ်ခါတစ်လေ အင်တာဗျူးဖြေခဲ့ခြင်း ရှိတာကြောင့် ဘဏ္ဍာရေး အပတ်စဉ် မဂ္ဂဇင်း အင်တာဗျူးကို ထူးခြားသည်ဟု သူမ မထင်မိတော့ပေ။
ချန်ကျိုးက ပြောလိုက်သည်။ “အစ်မ မသိဘူးလား၊ ဘဏ္ဍာရေး အပတ်စဉ် မဂ္ဂဇင်းဌာနက နှစ်ကုန်ကျရင် နှစ်စဉ် အဆင့်ဇယားတွေကို ထုတ်ဝေတယ်၊ အဲဒါကို မဂ္ဂဇင်းနယ်ပယ်က အာဏာပိုင်တွေက ရွေးချယ်တာ၊ မနှစ်က သူတို့ထုတ်ဝေတဲ့ အဆင့်ဇယားထဲက ကုမ္ပဏီက စီအီးအိုတွေဆိုရင် အဓိက ရင်းနှီးမြှုပ်နှံမှု များစွာကို ရခဲ့တာ၊ ဒါက စီးပွားရေးချဲ့ထွင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။”
ရှန်းမူမူက မျက်တောင်ခတ်ကာ ချန်ကျိုး၏ စကားကို ဆက်နားထောင်နေခဲ့သည်။
ချန်ကျိုး။ “နှစ်စကနေ တစ်နှစ်ရဲ့ သုံးပုံတစ်ပုံအထိ အင်တာဗျူးတဲ့သူတွေက အဆင့်ဇယားထဲပါဖို့ စာရင်းဝင်ဖို့ ပိုများတယ်။”
ထိုစကားကြားတော့ ရှန်းမူမူက စိတ်လှုပ်ရှားသွားကာ အရှေ့သို့မှီလိုက်သည်။
“ဆိုလိုချင်တာက ဘဏ္ဍာရေး အပတ်စဉ် မဂ္ဂဇင်းဌာနက နှစ်ကုန် နှစ်စဉ် အဆင့်ဇယားထဲပါနိုင်ခြေများတယ်ပေါ့။”
ချန်ကျိုးက ယုံကြည်ချက်ရှိရှိ ခေါင်းငြိမ့်လိုက်ပြီး သူ့မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ “ဟုတ်တယ်၊ အဲဒါပြောချင်တာ။”
ထိုစကားဆုံးသည်နှင့် ရှန်းမူမူက ထိုင်ခုံမှထကာ စားပွဲကို လက်ထောက်လိုက်သည်။ ထို့နောက် ရှန်းမူမူသည် သူမ၏ ပါးကို သူမ ပြန်ဆွဲကာ တီးတိုးပြောလိုက်သည်။
“ဒီလိုအောင်မြင်တဲ့စာရင်းထဲဝင်အောင် ငါလုပ်နိုင်တာလား၊ မဖြစ်နိုင်ဘူး။”
“အာ့... နာတယ်၊ အိမ်မက် မက်နေတာ မဟုတ်ဘူးပဲ။”
ချန်ကျိုး - “လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက ဘဏ္ဍာရေး အပတ်စဉ် မဂ္ဂဇင်းဌာနက မေးတတ်တဲ့ မေးခွန်းတွေကို စုပြီး အစ်မဆီ ကြိုပို့ထားပေးမယ်။”
“ကျေးဇူးပါ။” ရှန်းမူမူက မျက်ခုံးပင့်လိုက်ကာ ကြည်နူးနေသည်။
ချန်ကျိုးက ပြုံးလိုက်သည်။ “ပြဿနာ မရှိပါဘူး၊ ဒါက ကျွန်တော့်တာဝန်တွေထဲက တစ်စိတ်တစ်ပိုင်းပါပဲ။”
ရှန်းမူမူက စိတ်ကြည်နူးစွာ ပြန်ထိုင်လိုက်ပြီး ချန်ကျိုး၏ ပါးချိုင့်ကို ကြည့်နေသည်။ ရုတ်တရက်ပင် သူမက တစ်ခုခုကို သတိရသွားသဖြင့် ပြောလိုက်သည်။
“ချန်ကျိုး အခုနောက်ပိုင်း နင်ငါ့ကို အစ်မလို့ခေါ်တာ ပိုပြီး သက်သောင့်သက်သာ ရှိလာတယ်နော်၊ အောက်ထပ် နည်းပညာအဖွဲ့က ကောင်မလေးတစ်ယောက်က ဓာတ်လှေကားထဲမှာ ငါနဲ့ ဆုံတော့ ငါ့ကို အစ်မလို့ခေါ်ပြီး နင့်ဝီချက်အကောင့် တောင်းနေတယ်။”
ရှန်းမူမူ၏စကားကိုကြားတော့ ချန်ကျိုးက ကြက်သေသေသွားခဲ့သည်။
“အစ်မက ဘာပြန်ပြောလိုက်လဲ။”
“ဘာပြောရမှာလဲ၊ နင့်မှာ သဘောကျနေတဲ့ မိန်းကလေး ရှိတယ်လို့ ပြန်ပြောလိုက်တာပေါ့။” ရှန်းမူမူက ပြန်ဖြေလိုက်သည်။
ချန်ကျိုးနှင့် ချောင်လီက အလွန်လိုက်ဖက်သည်ဟု သူမ ထင်သဖြင့် ဝီချက်အကောင့်ကို မပေးလိုက်ခြင်း ဖြစ်သည်။
“မဟုတ်ဘူး။” ချန်ကျိုးက စိတ်လှုပ်ရှားနေသည်။ “ကျွန်တော်တို့ကို မောင်နှမတွေလိုမျိုး ရုပ်ချင်းဆင်တယ်လို့ သူ မပြောဘူးလားလို့ သိချင်တာ။”
“ဟမ်။” ရှန်းမူမူက ရှုပ်ထွေးသွားကာ ချန်ကျိုးကို ကြည့်လိုက်သည်။ “တကယ်လို့ တူတယ်ထင်ရင်လည်း တူတယ်ပေါ့၊ တကူးတက ဖြေနေစရာမှ မလိုတာ။”
ချန်ကျိုးက လက်သီးဆုပ်ပြီး ဆုံးဖြတ်ချက်ကာ ပြောလိုက်သည်။ “အစ်မ တကယ်တော့….”
ချန်ကျိုး၏ လေသံ ပြောင်းသွားသည်ကို သတိထားမိလိုက်သဖြင့် ရှန်းမူမူက သူ့ကို ကြည့်လိုက်သည်။ “အင်း။”
ချန်ကျိုး - “တကယ်တော့ ကျွန်တော့်မှာ အစ်မနဲ့ အသက်တူပြီး နာမည်မှာ မူပါတဲ့ အစ်မ တစ်ယောက်ရှိတယ်။”
ရှန်းမူမူက တိုက်ဆိုင်မှုဟုထင်ကာ လေးလေးနက်နက် မတွေးတောခဲ့ပေ။ “တကယ်လား တိုက်ဆိုင်လိုက်တာ။”
ချန်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လိုက်သည်။ “ဒါပေမယ့် သူက…”
“အစ်ကိုကြီးက မင်းကို ရှာနေတယ်၊ အစ်ကိုကြီးက မင်းကို ရှာနေတယ်။”
သူ့စကား မဆုံးသေးခင်မှာပင် ဖုန်းမြည်လာလေသည်။
ထိုအသံက ချန်ကျိုး၏ အိတ်ကပ်ထဲက လာသည့် အသံ ဖြစ်သည်။
ရှန်းမူမူ ဆွံ့အသွားခဲ့သည်။
ထိုဖုန်းမြည်သံက ချန်ကျိုးက သူ့အစ်ကိုအတွက် အသုံးပြုထားခြင်းလားဆိုတာ သူမ မသိပေ။
ထိုအသံအရ ကွမ်းတုံဘာသာစကားဖြစ်ကာ လေသံက မာထန်ကာ အနည်းငယ် ရယ်ချင်စရာကောင်းသည်။
ချန်ကျိုး တစ်ချိန်လုံး သတ္တိမွေးခဲ့သမျှ အကုန် ပျောက်ဆုံးသွားခဲ့သည်။
သူက ဖုန်းကိုထုတ်ကြည့်လိုက်တော့ ချန်ရှင်းဟု ရေးမှတ်ထားသည့် နံပါတ်ကို တွေ့လိုက်သည်။
ချန်ကျိုးက သူ့အစ်ကို၏နာမည်ကိုမြင်တော့ သူ စိတ်လှုပ်ရှားသွားခဲ့သည်။
သူငယ်စဉ်က ကျောင်းက ဆရာတွေထက်ပင် သူအစ်ကိုကို ပိုကြောက်ခဲ့ရသည်။
သူက ရှန်းမူမူကို စကားအနည်းငယ်ပြောပြီးသည့်နောက်တွင် အမြန်ထွက်သွားခဲ့သည်။
ချန်ကျိုးက ဖုန်းပြန်ဖြေလိုက်ကာသူ့အသံက အားနည်း တုန်ယင်နေသည်။
“အစ်ကိုကြီး….”
သူဌေးကို ခေါ်ဆိုသည့် အသုံးအနှုန်း မဟုတ်ဘဲ သူကြီးပြင်းခဲ့သည့် ကွမ်းတုံက တောင်ပိုင်းမြို့ငယ်လေးက အသုံးအနှုန်းအတိုင်း ခေါ်ဆိုခြင်းဖြစ်သည်။
ဖန်ချန်ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ချန်ရှင်း၏အသံက အသက်အရွယ်နှင့် မလိုက်ဖက်အောင် ရင့်ကျက်တည်ငြိမ်နေသည်။
သူ့လေသံထဲတွင် အပြစ်တင်လိုဟန်တွေ ပါဝင်နေသည်။
“ကျင်းမြို့မှာ ဘယ်အချိန်ထိ နေဖို့တွေးနေတာလဲ။”
***