ဇနီးက အိမ်ပြန်လာခိုင်းနေလို့
Vol. 11 Ch. 135
ညနေပိုင်းတွင် ရှန်းမူမူက ရှီယွီယွဲ့ဗီလာကို ပြန်ရောက်ခဲ့သည်။
သူမက ခါးကိုင်းကာ ဖိနပ်လဲမည့်အချိန်တွင် ဖုန်းမြည်လာခဲ့သည်။
ချီမော့ထံက မက်ဆေ့ချ် ရရှိလိုက်ခြင်း ဖြစ်သည်။
“ဒီည သူငယ်ချင်းရဲ့ ညစာစားပွဲရှိနေလို့ ညစာ ပြန်မစားတော့ဘူး။”
ရှန်းမူမူက စက္ကန့်ပိုင်းလောက် ဆွံ့အသွားခဲ့သည်။
ဒါ ဘာလုပ်တာလဲ။
ဒါလေးကိုတောင် သတင်းပို့ဖို့ လိုလို့လား။
ရှန်းမူမူက ပြုံးပြီးသည့်နောက်တွင် အသံမက်ဆေ့ချ် ပို့လိုက်သည်။ “လူကြီးလူကောင်းဆန်တဲ့ အပြုအမူအတွက် တစ်မှတ်။”
ရှန်းမူမူက ပြုံးကာ ထပ်ပြောလိုက်သည်။ “အမြဲ အသိပေးတတ်တဲ့အတွက် တစ်မှတ်။”
တွေ့ဆုံပွဲသို့သွားနေသည့် ချီမော့က ရှန်းမူမူ၏ မက်ဆေ့ချ်ကိုရသည့်အခါ ခပ်ဖွဖွ ရယ်လိုက်သည်။
သူက အသံမက်ဆေ့ချ် ပြန်ပို့လိုက်သည်။ “အမှတ်ပေးတာ နည်းလိုက်တာ၊ နည်းနည်း ပြန်စဉ်းစားပေးပါဦး။”
ရှန်းမူမူက ဖိနပ်လဲနေဆဲဖြစ်ကာ မက်ဆေ့ချ်ရသည့်အခါ ဖိနပ်လဲသည့် ခုံပုလေးပေါ် ထိုင်ချလိုက်သည်။
ဇိမ်ခံကားပေါ်က အမျိုးသားက ဖုန်းကို စိုက်ကြည့်နေခဲ့သည်။
ထို့နောက် မက်ဆေ့ချ် ဝင်လာခဲ့သည်။ “ဒီလောက်ပဲလေ၊ ထပ်ပြောရင် အမှတ်လျှော့ပစ်မယ်။”
ဗီလာထဲက လက်နောက်ပစ်ကာ ရပ်နေသည့် အိမ်တော်ထိန်းကျန်းက အားလုံးကို နားလည်တယ်ဟူသော အမူအရာကို ဆင်မြန်းထားလေသည်။
သူက ရှန်းမူမူကို လက်သုတ်ရန်အတွက် လက်ကိုင်ပဝါ အနွေးကို ကမ်းပေးလိုက်သည်။
ရှန်းမူမူ ပုဝါယူတော့မည့်အချိန်တွင် မက်ဆေ့ချ်ရောက်လာခဲ့သည်။
သူမက လေထဲကလက်ကို ပြန်ရုတ်ကာ ဖုန်းကို ပြန်ထုတ်ယူလိုက်သည်။
ချီမော့။ “မရပါဘူး၊ တစ်မှတ်ဆိုလည်း တစ်မှတ်ပေါ့၊ ဖြည်းဖြည်းချင်း စုသွားပါ့မယ်။”
ထိုစကားကို ချီမော့၏ ဩရှသည့်အသံနှင့်ပြောနေမည့်ပုံစံကို ရှန်းမူမူက စိတ်ကူးကြည့်လိုက်မိသည်။
ဒါက တော်တော်လေးကို ရယ်ချင်စရာ ကောင်းလှသည်။
ထိုအချိန်တွင် အနောက်မှ ခြေသံကြားလိုက်ရသည်။
ခြေသံက ပျင်းရိကာ တရွတ်တိုက်ဆွဲနေသည့်အသံဖြစ်နေသဖြင့် ချီရှောင်ပိုင် ပြန်လာပြီဖြစ်ကြောင်း ရှန်းမူမူ သိလိုက်သည်။
ရှန်းမူမူက အိမ်စီးဖိနပ်လဲပြီး အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။
“ချီအာ ဒီည နင့်အဖေက အပြင်မှာ ညစာစားမှာမလို့ ငါ့မှာ အစီအစဉ် တစ်ခု ရှိတယ်၊ အဲဒါ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။”
ချီရှောင်ပိုင်၏ ပုခုံးတစ်ဖက်က လွယ်အိတ်ကို လျှောချကာ သူမ စကားကိုကြားတော့ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာအစီအစဉ်လဲ။”
ရှန်းမူမူကိုကြည့်ကာ တစ်ခုခု မှားယွင်းနေပြီဟု သူခံစားလိုက်ရသည်။
ယခင်တစ်ခေါက် သူ မေးခွန်းဟောင်းတွေရခဲ့သည့်အချိန်တုန်းကလည်း ရှန်းမူမူ၏ အမူအရာက ထိုအတိုင်း ဖြစ်သည်။
ထိုအကြောင်းတွေးလိုက်တော့ ချီရှောင်ပိုင်က အခန်းထဲ ပြေးဝင်ချင်မိတော့သည်။
သူက ပျင်းရိပျင်းရွဲအမူအရာမှ ချက်ချင်း ဖိနပ်လဲကာ အိမ်ထဲဝင်ဖို့ပြင်လိုက်သည်။
သူက အမြန်ရှောင်ထွက်ဖို့ ကြိုးစားလိုက်သည်။
“လွယ်အိတ် သွားထားလိုက်ဦးမယ်။”
ရှန်းမူမူက မျက်မှောင်ကြုတ်ကာ ချီရှောင်ပိုင်၏ အတွေးတွေကို မြင်နေရသည်။
ပုံမှန်ဆိုလျှင် ချီရှောင်ပိုင်က လွယ်အိတ်ကို ဧည့်ခန်းထဲပစ်ကာ ထမင်းစားခန်းထဲ ဝင်တတ်သည်။
ယနေ့တော့ သူက လွယ်အိတ်သိမ်းဖို့ ပြင်နေသည်။
သရုပ်ဆောင်ညံ့လိုက်တာ။
“ပြန်လာခဲ့။” ရှန်းမူမူက ပြောလိုက်သည်။
သူမ၏ လေသံက မပြင်းထန်သော်လည်း ချီရှောင်ပိုင်၏ ခြေလှမ်းတွေကို ရပ်တန့်ကာ ပြန်လှည့်ကြည့်စေဖို့အထိ ခက်ထန်မှုတို့ ပါဝင်သည်။
ချီရှောင်ပိုင်၏ အမြဲတမ်း မောက်မာအေးစက်တတ်သည့် မျက်နှာထက်တွင် သနားစဖွယ် အမူအရာလေး ဆင်မြန်းထားလေသည်။
ရှန်းမူမူက ချော့မော့သည့်အသံဖြင့် ပြောလိုက်သည်။ “ချီအာ မကြာခင် ဆောင်းဦးရာသီရောက်တော့မယ်မလား။”
ချီရှောင်ပိုင်က သူမ၏ အဖွင့်စကားကို နားမလည်ပေ။
သူက သတိကြီးကြီးထားကာ သူမကို ကြည့်လိုက်သည်။
ရှန်းမူမူက နူးညံ့စွာ ဆက်ပြောခဲ့သည်။ “ရာသီဥတုက ပိုအေးလာပြီ၊ ငါတို့ခန္ဓာကိုယ်က အချက်ပြမှုတွေကိုသိတော့ ကြိုပြီးတော့ အဆီစုဆောင်းလောက်တယ်။”
ချီရှောင်ပိုင်က မျက်ခုံးပင့်လိုက်သည်။ “အဲဒီတော့။”
ရှန်းမူမူက အသက်ပြင်းပြင်းရှုရင်း ထပ်ပြောလိုက်သည်။ “နင့်ရဲ့ အင်္ဂလိပ်စာကလည်း ပိုတိုးတက်လာပြီဆိုတော့ ထပ်ပြီး သင်ပြလေ့ကျင့်ပေးစရာ မလိုတော့ဘူး။”
ချီရှောင်ပိုင်က အပြုံးကို ဖုံးဖိလိုက်သည်။ “အဆင်ပြေနေပါပြီ။”
ရှန်းမူမူက ဆက်ရှင်းပြလိုက်သည်။ “ငါ့မှာ အစီအစဉ်ကြီး တစ်ခု ရှိတယ်၊ နင့်အဖေဆီကနေ gym လေ့ကျင့်ဖို့ သင်ကြမယ်လေ၊ တစ်ပတ်ကို နှစ်ကြိမ်ဖြစ်ဖြစ်၊ တစ်ရက်ကို တစ်ကြိမ်ဖြစ်ဖြစ်ပေါ့။”
“ဝိတ်ချချင်လို့လား။” ချီရှောင်ပိုင်က ခေါင်းကိုလက်နှင့်ထုပြီး ထပ်ပြောလိုက်သည်။ “ခင်ဗျားက ဝိတ်ချရအောင်အထိလည်း မဝပါဘူး၊ ဘာလို့ ဝိတ်ချချင်တာလဲ၊ ကျွန်တော်လည်း ဝိတ်ချဖို့ မလိုပါဘူး၊ လှုပ်ရမှာတောင် ပျင်းနေတာ။”
“လေ့ကျင့်ခန်းလေ၊ ဝိတ်ချချင်လို့ မဟုတ်ဘူး။” ရှန်းမူမူက မျက်လုံးမှေးကျဉ်းပြီး သူ့ကို အထက်အောက် ကြည့်လိုက်သည်။ “မကြာခင်က နင် စာတွေကျက်ရလို့ စိတ်ပင်ပန်းနေတာကို သတိမထားမိဘူးလား။”
“....”
ချီရှောင်ပိုင် - “ဟမ်။”
အဲလိုလား။
ဘယ်နားက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းရတာလဲ။
ရှန်းမူမူ လုပ်ကြံပြောခြင်း မဟုတ်ပေ။ ချီရှောင်ပိုင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက နွေရာသီ အားလပ်ရက်တုန်းကလောက် အခြေအနေ မကောင်းပေ။
နွေရာသီ အားလပ်ရက်တုန်းက ချီရှောင်ပိုင်က ဝေကျောက်နန်နှင့် မကြာခဏ ဘတ်စကက်ဘော ကစားလေ့ ရှိသည်။
သို့သော် စီနီယာအတန်းကို ရောက်ပြီးကတည်းက ဘတ်စကက်ဘော ကစားခြင်း မတွေ့ရတော့ပေ။
ညနေခင်း စာလုပ်ချိန် ပြီးသည်နှင့် အခန်းထဲသာဝင်နေတတ်သည်။ အစာစားချိန်သာ မီးဖိုခန်းထဲ ဝင်လေ့ ရှိသည်။
ထိုကြောင့် လေ့ကျင့်ခန်း လုပ်မည့်အဖွဲ့တွင် ချီရှောင်ပိုင် ပါဝင်သင့်ကြောင်း ရှန်းမူမူ အပြန်လမ်းတွင် တွေးခဲ့ခြင်း ဖြစ်သည်။
ပညာရေးက အရေးကြီးသော်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ပိုအရေးကြီးသည်။
ရှန်းမူမူက ခေါင်းငြိမ့်လိုက်သည်။
မနက်က အလေးချိန် ချိန်ကြည့်ခဲ့တုန်းက နှစ်ပေါင် တက်လာခြင်းကြောင့် ထိုသို့ပြောခြင်း မဟုတ်ပေ။
ချီရှောင်ပိုင်က “မလုပ်ချင်ပါဘူး” ဟူသော အမူအရာကို ဆင်မြန်းထားသော်လည်း ရှန်းမူမူက မိထွေးဟူသော အရှိန်ဖြင့် တွန်းအား မပေးဘဲ ချော့မော့ကာ ပြောခဲ့သည်။
“ချီအာ တွေးကြည့်စမ်းပါ၊ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကိုယ့်ဘာသာ ထိန်းသိမ်းနိုင်တာ၊ ကိုယ့်ဘာသာထိန်းသိမ်းနိုင်တဲ့လူတစ်ယောက်က ဘယ်အရာကိုမဆို အောင်နိုင်တယ်။”
“အဲလိုတော့လည်း မဟုတ်ပါဘူး။” ချီရှောင်ပိုင်က ပုခုံးတွန့်ကာ ပြောလိုက်သည်။ “ကိုယ့်ဘာသာ မထိန်းသိမ်းတာကလည်း ကိုယ့်ဘာသာ ထိန်းသိမ်းတဲ့နည်းတစ်ခုပဲလေ။”
ရှန်းမူမူ။ “...”
ဝေါင်း... ဒါကလည်း ဖြစ်နိုင်ခြေရှိတာပဲ။
အချိန်ခဏလောက်အထိ ရှန်းမူမူ ပြန်ချေပဖို့ စကားရှာမတွေ့ခဲ့ပေ။
“မှန်တယ်မလား” ဟူသော အမူအရာဖြင့် ချီရှောင်ပိုင်က ရှန်းမူမူကို မျက်ခုံးပင့်ကာ ကြည့်နေသည်။
ရှန်းမူမူက သက်ပြင်းချလိုက်သည်။
ချီရှောင်ပိုင် ဖတ်စာအပိုင်းတွင် အဘယ်ကြောင့် အမှတ်လျော့ရသည်ကို သူမ သိသွားပြီဖြစ်သည်။
သိမ်းသွင်းမှုမအောင်မြင်သဖြင့် နောက်ဆုံးတစ်ကွက်သာ ထုတ်သုံးရတော့မည်။
“အေးပါ၊ မလုပ်ချင်တာကို အတင်းမှလုပ်ခိုင်းလို့ မရတာ။”
ရှန်းမူမူက ထမင်းစားခန်းထဲဝင်ပြီး ပုခုံးတွန့်ကာ ပြောလိုက်သည်။ “ဒါဆိုလည်း gym ကစားမယ့်အထဲ နင်မပါတော့မယ့်အကြောင်း နင့်အဖေကို ပြောလိုက်မယ်။”
“ဟမ်၊ အဖေက gym ကစားစေချင်နေတာလား။” ချီရှောင်ပိုင်က ကြက်သေသေသွားပြီး ရှန်းမူမူနောက်သို့ အမှီလိုက်သွားခဲ့သည်။
“အင်း။” ရှန်းမူမူက ပြန်လှည့်မကြည့်ခဲ့ပေ။ “စာပို့လိုက်တော့မယ်။”
ထို့နောက် သူမက လှည့်ကြည့်လိုက်သည်။ “နင့်အဖေရဲ့ အစီအစဉ်က ပျင်းဖို့တော့ ကောင်းသားနော်။”
“ကောင်းပြီ။” ချီရှောင်ပိုင်က ဖြတ်ပြောလိုက်သည်။ “သွားမယ်။”
ရှန်းမူမူက ခြေလှမ်းကိုရပ်လိုက်ပြီး ချီရှောင်ပိုင်ထံ ပြန်လှည့်လိုက်သည်။ “ဟမ်။”
ချီရှောင်ပိုင်က အကြည့်ပြန်ရုတ်သိမ်းပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။ “တကယ်တော့ ခင်ဗျားပြောတာ မှန်ပါတယ်၊ ကျွန်တော်လည်း သိပ်မကြာခင်က ပိန်လာပြီးတော့ လူရုပ်တောင် မထွက်တော့ဘူးလေ။”
ရှန်းမူမူက ရယ်ချင်စိတ်ကိုထိန်းကာ ပြောလိုက်သည်။ “ကောင်းပြီ၊ ဒါဆို အတူတူ လိုက်ကစားပေးမယ်လေ။”
ညစာစားပြီး အိပ်ရာထဲရောက်သည့်အခါ ထိုကိစ္စကို ချီမော့ကို ပြောရမည်ကို သူမ သတိရသွားခဲ့သည်။
သူမက စာပို့လိုက်သည်။
“ခန့်မှန်းကြည့်၊ ကျွန်မ ရှင့်ကို အသိမပေးထားတဲ့အရာတစ်ခု လုပ်ထားတယ်။”
ချီမော့သည် စားပွဲဝိုင်းတွင် ခွက်ချင်းတိုက်ကာ သောက်နေသော်လည်း သူ့ဖုန်းမီးလင်းသွားသည်ကို မျက်လုံးထောင့်မှ တွေ့လိုက်သည်။
ချီမော့က စာဖတ်ပြီးသည့်နောက်တွင် ဖုန်းမချဘဲ ဝိုင်ခွက်ကို ချလိုက်သည်။
သူ့ဘေးရှိလူများက ထိုအမူအရာကို သတိထားမိကာ သူ့ကို လှည့်ကြည့်လိုက်သည်။
ချီမော့က ယဉ်ကျေးစွာ ခပ်ဖွဖွပြုံးကာ သူ့လုပ်ငန်းပါတနာများကို ပြောလိုက်သည်။ “တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော် အရင်ပြန်နှင့်ပါ့မယ်။”
စားပွဲဝိုင်းရှိလူများက ချီမော့၏ ထိုမျက်နှာအမူအရာကို မမြင်ဖူးကြပေ။
သူတို့တွေ ခွက်ချင်းဖလှယ်နေသည့်အချိန်တွင် ချီမော့က သီးသန့်ခန်းထဲက ထွက်သွားခဲ့သည်။
နူးညံ့သည့်လေသံက ပြန့်လွင့်လာခဲ့သည်။
“မိန်းမက အိမ်ပြန်လာဖို့ခေါ်နေလို့ပါ။”
***