ကိုယ့်စကားနဲ့ကိုယ် ပြန်ခံရခြင်း
Vol. 11 Ch. 136
ရှန်းမူမူက အခြေအနေ အရပ်ရပ်ကို ချီမော့ထံ ဖုန်းဖြင့် ရှင်းပြခဲ့သည်။
သူမက ချီရှောင်ပိုင်ကိုလည်း လေ့ကျင့်ခန်းလုပ်ဖို့ အတူတူခေါ်ချင်သည့်အကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။
ထိုအစား သူမက ပြန်လည်ကာ မေးခွန်းထုတ်ခဲ့သည်။ “ဥက္ကဌချီ ချီအာကို ပညာရေးဖိအားကြောင့် အသက်ငယ်ငယ်နဲ့ အားမနည်းစေချင်ဘူးမလား၊ ဘာပဲဖြစ်ဖြစ် ရှင်လည်း တစ်ပတ်ကို သုံးခါလောက် gym သွားနေတာပဲလေ၊ ချီအာကို တစ်ရက်၊ နှစ်ရက်လောက် ခေါ်သွားလို့ အဆင်ပြေတယ်မလား၊ ကျွန်မလည်း မကြာခင်ကအားနေတော့ အဖော်လိုက်ခဲ့မယ်။”
အနက်ရောင် Rolls Royce Phantom ကားက လမ်းမထက် ပြေးလွှားနေသည်။
ကားနောက်ခန်းရှိခုံတွင် ထိုင်နေသည့် ချီမော့၏ ချောမောသည့်မျက်နှာကို ဖုန်းအလင်းရောင် ခပ်မှိန်မှိန်က ထင်ဟပ်နေသည်။
သူက မျက်လုံးမှေးကျဉ်းကာ မနေ့ညက အကြောင်းကို တွေးလိုက်သည်။
မနေ့ညက သူရေချိုးခန်းက ထွက်လာသည့်အချိန်တွင် ရှန်းမူမူက ကိုယ်အလေးချိန်စက်ရှေ့တွင် ခါးထောက်ကာရပ်နေသည်။
သူမက ဒေါသထွက်ကာ ကိုယ်အလေးချိန်စက်ကို ကန်လိုက်သည်။ ထို့နောက် သူမသည် တီးတိုးပြောလိုက်လေသည်။ “ဒါက ပျက်နေပြီ။”
မနေ့ညကအဖြစ်အပျက်များကိုတွေးကာ ရှန်းမူမူက ချီရှောင်ပိုင်ကိုပါခေါ်ကာ လေ့ကျင့်ခန်းလုပ်စေလိုသည့် ရည်ရွယ်ချက်ကို ချီမော့ ခပ်မြန်မြန်ပင် ခန့်မှန်းနိုင်ခဲ့သည်။
သူက သိသော်လည်း မဖော်ထုတ်ခဲ့ပေ။
သူ၏ မျက်လုံးတွေက လင်းလက်နေကာ နှုတ်ခမ်းထောင့်များ ကော့တက်သွားခဲ့သည်။
ချီမော့သည် အကြောင်းတချို့ကြောင့် သူ့မျက်နှာထက်တွင် ရယ်စိတ်ချင်များဖြစ်ပေါ်နေကာ စာပြန်လိုက်သည်။
ဗီလာထဲက အိပ်ခန်းက အိပ်ရာထက်တွင် ရှန်းမူမူက ဖုန်းသုံးနေသည်။
သူမက ဘီးကုတ်ဖြင့် ဆံပင်ကို လှန်တင်ထားသဖြင့် ဖြူဖွေးနူးညံ့သည့် နဖူးပြင်က ထင်ပေါ်နေသည်။
ဘီကုတ်အလယ်က ပန်းပွင့်လေးက သူမ ဖုန်းငုံ့ကြည့်သည့်အချိန်တိုင်း လှုပ်ရမ်းနေသည်။
လွန်ခဲ့သည့်ဆယ်မိနစ်က gym ဆော့သည့် ဝတ်စုံ တစ်မျိုးတည်းကို ဝယ်ယူရန်သာ ရည်ရွယ်ခဲ့သည်။
ဆယ်မိနစ်ကြာပြီးသည့်နောက်တွင် သူမ ဝယ်ယူသည့်စာရင်းထဲတွင် လေ့ကျင့်ခန်းလုပ်သည့် ပစ္စည်းမျိုးစုံဖြင့် ပြည့်သွားလေသည်။
ရေဘူး၊ ဒူးပတ်၊ အကာ၊ ပုံစံသွင်းဒလိမ့်တုံး၊ ယောဂလေ့ကျင့်သည့်ပစ္စည်း စသည်တို့ ဖြစ်သည်။
သေချာစစ်ဆေးပြီးသည့်နောက်တွင် သူမက စိတ်ကျေနပ်စွာဖြင့် ကုတင်ကို ပြန်မှီလိုက်သည်။
ကျောင်းသုံးပစ္စည်း အလွန်ဝယ်သည့် အဆင့်မကောင်းတဲ့ကျောင်းသူဟု သူမကိုယ်သူမ တွေးထင်လိုက်လေသည်။
ထိုအချိန်မှာပင် သူမရဲ့ ဖုန်းက တုန်ခါလာခဲ့သည်။
သူမက ဖုန်းကို လှမ်းယူလိုက်သည်။
ထိုမက်ဆေ့ချ်ကိုမြင်တော့ ရှန်းမူမူက ကြက်သေသေကာ မျက်တောင်ပုတ်ခတ်လိုက်သည်။
ချီမော့။ “ဒီကိစ္စလုပ်ပေးရင် အမှတ်တိုးမှာလား။”
ရှန်းမူမူ။ “....”
ဒီလူက ဘယ်လိုကြီးလဲ။
တော်တော်ကို စိတ်မရှည်တာပဲ။
သွေးနားထင်ရောက်နေတယ်။
သူမက စိတ်ထဲက လှောင်ပြောင်ပြီး ပြုံးလိုက်သည်။
သူမက စာပြန်မပို့ဘဲ အသံမက်ဆေ့ချ် ပို့လိုက်သည်။
သူမက ဖုန်းကို နှုတ်ခမ်းနားတေ့ကာ ပြောလိုက်သည်။
ဇိမ်ခံကား၏ နောက်ခန်းတွင် ဖြစ်သည်။
ရှန်းမူမူထံမှ အသံမက်ဆေ့ချ်ကိုမြင်တော့ ချီမော့၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။
သူက အသံမက်ဆေ့ချ်ကို ဖွင့်နားထောင်လိုက်သည်။
“သိပ်မတွက်ကပ်နဲ့။”
ချီမော့။ “....”
သူမ၏ အသံက သိပ်မကျယ်သဖြင့် သူက သေချာမကြားရပေ။ သို့မဟုတ် သူ့ဦးနှောက်က လက်ခံရန် ငြင်းဆန်နေခြင်းဖြစ်မည်။
သူက အသံချဲ့ကာ ထပ်မံ၍ နားထောင်လိုက်သည်။
ရှန်းမူမူ၏ ရှင်းလင်းပြတ်သားသည့် အသံက ထပ်မံထွက်ပေါ်လာသည်။
“သိပ်မတွက်ကပ်နဲ့။”
ချီမော့။ “.....”
ယခုတစ်ကြိမ်တော့ သူ သေချာ ကြားလိုက်သည်။
သူ သာမက ယာဉ်မောင်း ရှောင်ဝမ်လည်း ကြားလိုက်သည်။
တိတ်ဆိတ်နေသည့် ကားအတွင်းတွင် “သိပ်မတွက်ကပ်နဲ့။” ဟူသော စကားသံက ရှင်းလင်းစွာ ထွက်ပေါ်နေသည်။
ရှောင်ဝမ်က မျက်လုံးပြူးသွားကာ မျက်လုံးအိမ်များ တုန်လှုပ်သွားပြီး ကားစတီယာတိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူက နောက်ကြည့်မှန်မှတစ်ဆင့် တိတ်တဆိတ် ခိုးကြည့်လိုက်သည်။
ချီမော့၏ အေးစက်သည့် အမူအရာက ဖြည်းညင်းစွာ နူးညံ့သွားခဲ့သည်။
လမ်းမီးက ကားပြတင်းပေါက်မှတစ်ဆင့် ဖြာဝင်နေသည်။
သူ့နှုတ်ခမ်းတွေက အနည်းငယ် ပြုံးယောင်သန်းနေသည်။
ရှောင်ဝမ်က ချက်ချင်းပင် အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။
သူ့ရင်ထဲက ထိတ်လန့်ကာ ပြန်လည်ထိန်းချုပ်လိုက်သည်။
ရှောင်ဝမ် နားလည်သည်။
ဒါက မိသားစုထဲမှာ ဥက္ကဌချီရဲ့ အနေအထားပေါ့လေ။
တစ်ပတ်ကြာပြီးသည့်နောက်တွင် ရှန်းမူမူက ဒေါက်တာကျန်းထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
အသားပိုဖြစ်ပွားမှု တားဆီးခြင်း သုတေသန ပြုလုပ်သူ တရုတ်ပြည်ကို ပြန်လာပြီဖြစ်ကြောင်း ဒေါက်တာကျန်းက ရှန်းမူမူကို ပြောခဲ့သည်။
“မစ်ချီ အဖွားကို နောက်ထပ် အသေးစိတ် စစ်ဆေးဖို့အတွက် ဘယ်အချိန်ခေါ်လာမလဲဆိုတာ သိပါရစေ။”
ရှန်းမူမူက တုန့်ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ “ကျွန်မ အခု အားပါတယ်၊ အခု အဆင်ပြေလား။”
ဖုန်းပြောခြင်းက ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။ ဒေါက်တာကျန်းက ယခုလောက် လျင်မြန်မည်ဟု မထင်မိခဲ့ပေ။ သူမက ရယ်လိုက်သည်။ “ဟုတ်ကဲ့၊ အဆင်ပြေပါတယ်၊ ညနေလောက် စစ်ဆေးလို့ရအောင် အခု ပြင်ဆင်လိုက်ပါ့မယ်။”
“နှောက်ယှက်မိတဲ့အတွက် အားနာပါတယ်၊ ကျေးဇူးတင်ပါတယ်။” ရှန်းမူမူက ကျေးဇူးတင်စွာ ပြောလိုက်သည်။
ဒေါက်တာကျန်း။ “ရပါတယ်ရှင်။”
ရှန်းမူမူက ဖုန်းပြောပြီးသည့်နောက်တွင် ကုတ်အင်္ကျီကိုယူပြီး ကုမ္ပဏီမှ ထွက်ခဲ့သည်။
သူမက ရှီယွီယွဲ့ဗီလာသို့ ပြန်မောင်းပြီး ခြံထဲတွင် အအေးခံနေသည့် အဖွားကိုခေါ်ကာ ဆေးစစ်ရန် ထွက်ခဲ့သည်။
စစ်ဆေးချက်များက ယခင်ကထက် ပိုရှုပ်ထွေးသည်။
အသားပိုအသားစကို ဖြတ်ယူပြီးနောက်တွင် ဒေါက်တာကျန်းက အသေးစိတ် စစ်ဆေးခဲ့သည်။
စစ်ဆေးမှုရလဒ်က ရက်အနည်းငယ် ကြာမည်ဖြစ်သည်။
ဆေးခန်းက ထွက်လာပြီးသည့်နောက်တွင် ယနေ့ ဆေးစစ်ချက်က အဖွားဖြစ်သူကို စိုးရိမ်စိတ် ဝင်စေမိမည်ကို သူမ စိုးရိမ်နေမိသည်။
အဖွားဖြစ်သူ အတွေးမလွန်စေရန်အတွက် သူမ အိမ်ကို မမောင်းခဲ့ပေ။
ထိုအစား အဖွားနှင့်ညစာ အတူစားရန်အတွက် ရှောင်လီကိုခေါ်ခဲ့သည်။
“ကောင်းပါပြီ။” ရှောင်လီက ချက်ချင်း သဘောတူခဲ့သည်။
ရှန်းမူမူက ရှောင်လီက လေ့ကျင့်ရေးအဖွဲ့သို့ သွားကြိုခဲ့သည်။
ထိုရောက်သည့်အခါ ရှန်းမူမူ၏ အကြည့်တွေ ရပ်တန့်သွားခဲ့သည်။
အခန်းထဲမှ ရှောင်လီအပြင် တခြားရင်းနှီးသည့် လူတစ်ယောက် ထပ်ထွက်လာခဲ့သည်။
“အစ်မ။”
ချန်ကျိုးက အရင်ဆုံး ရှေ့တိုးလာကာ ဖော်ရွေစွာ စတင်နှုတ်ဆက်ခဲ့သည်။
ရှန်းမူမူက ကားမှနာရီကို ကြည့်လိုက်သည်။
ဝေါင်း အလုပ် နာရီဝက် ကြိုဆင်းလာတာပဲ။
ဒီချန်ကျိုးက အလုပ်ပြီးတာနဲ့ ချောင်လီဆီ တန်းလာတာပဲ။
ဒီနှစ်ယောက်က ဘာလဲ။
ရှန်းမူမူက တစ်ယောက်တည်း အတွေးများနေခဲ့သည်။
ချန်ကျိုးက ကားထဲဝင်ပြီး အဖွားကို နှုတ်ဆက်လိုက်သည်။
“အဖွား ကျွန်တော်က ချန်ကျိုးပါ၊ အဖွားအကြောင်း လီလီဆီကနေ ကြားထားတာကြောင့် ရင်းနှီးနေတာ ကြာပါပြီ။”
ချန်ကျိုးက နွေးထွေးကာ ဖော်ရွေတက်ကြွသူဖြစ်သည်။
ပါးချိုင့်လေးပါ ပါသဖြင့် သက်ကြီးရွယ်အိုတွေက နှစ်ခြိုက်ကြသည်။
သူမက ချန်ကျိုးနှင့် ပထမဆုံး တွေ့ဖူးခြင်းဖြစ်သော်လည်း ရင်းနှီးနေကာ ပါးရည်ပါးတွန့်သည်အထိ ပြုံးပြခဲ့သည်။
ရှန်းမူမူက ဆွံ့အသွားခဲ့သည်။
ချန်ကျိုးရဲ့ လူမှုဆက်ဆံရေးကတော့ လက်ဖျားခါလောက်တယ်။
သူမထက်ပင် လူမှုဆက်ဆံရေး ပြေပြစ်သည်။
ကားပေါ်ကနေ စားသောက်ဆိုင် ရောက်သည်အထိ ချန်ကျိုးက စကားဝိုင်းကို ထိန်းသွားခဲ့သည်။
အဖွားအိုနှင့် စကားပြောကာ ရယ်မောအောင် လုပ်ပေးခဲ့သည်။
နေ့လည်ပိုင်းက ဆေးစစ်မှူတွေကို ချန်ကျိုး၏ ဟာသများကြား မေ့ပျောက်သွားပုံရသည်။
မည်သူမှ အာရုံစိုက်မနေသည့် အချိန်တွင် ရှန်းမူမူက ဖုန်းထုတ်ကာ စာရိုက်ခဲ့သည်။
သူမ ဖုန်းသိမ်းပြီးသည့်အခါ စားပွဲထက်က ချောင်လီ၏ဖုန်းက မီးလင်းလာခဲ့သည်။
“အဟွတ်။”
သူမက အသေးသီးသွားကာ ရင်ဘတ်ကို ထုလိုက်သည်။
ထိုအချင်းအရာကိုမြင်တော့ ချန်ကျိုးက လက်ကိုင်ပဝါ ကမ်းပေးကာ စိုးရိမ်စွာ မေးခဲ့သည်။ “အဆင်ပြေရဲ့လား။”
ရှောင်လီက အဆင်ပြေကြောင်း လက်ခါပြခဲ့သည်။
ချန်ကျိုးက ဆက်ပြောခဲ့သည်။ “နားတောင် နီနေပြီ၊ ဘယ်လိုအဆင်ပြေမှာလဲ။”
ချန်ကျိုး၏ အကြည့်ရွေ့သွားသည်နှင့် ရှောင်လီက ဖုန်းကို ပိတ်လိုက်သည်။
ရှန်းမူမူ ပို့လိုက်သည့်စာက “လီလီ၊ လူကြီးကို စိတ်ချမ်းသာအောင် ထားတတ်တဲ့ သူ့လိုလူကို သေချာ စဉ်းစားသင့်တယ်နော်။” ဟုဖြစ်သည်။
အခြေအနေ ပြန်ငြိမ်သွားသည့်အခါ ချန်ကျိုးနှင့် အဖွားက ဆက်လက်၍ စကားပြောခဲ့သည်။
ထိုအခါမှ ချောင်လီက စားပွဲအောက်တွင် ဖုန်းထားကာ စာပြန်လိုက်သည်။ “ယောက်မ ဒါကြောင့် လူတွေ အများကြီးထဲမှာမှ ကျွန်မ အစ်ကိုကို ရွေးခဲ့တာလား။”
ရှန်းမူမူက သရက်ရေခဲမုန့်စားနေခြင်းဖြစ်ကာ ထိုစာကိုမြင်တော့ တောင့်ခဲသွားလေသည်။
သူမ၏ ပါးတွေက ပူနွေးသွားခဲ့သည်။
ရှန်းမူမူ။ “...”
ရှန်းမူမူသည် သရက်သီးရေခဲမုန့် စားနေသော်လည်း ခေါင်းကို ထုရိုက်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။
***