← Chapters

ကျောက်စိမ်းအဆင့် ရွှေရောင်နေမင်း ရတနာရှစ်ပါး ခန္ဓာကိုယ်ကျင့်စဉ်

Vol. 4 Ch. 35

ကျောက်စိမ်းအဆင့် ရွှေရောင်နေမင်း ရတနာရှစ်ပါး ခန္ဓာကိုယ်ကျင့်စဉ်

Vol. 4 Ch. 35

"မင်းရဲ့ လက်သီးသိုင်းက ကြမ်းတမ်းပြီး ခြေကွက်တွေက သာမန်ကာလျှံ ရှိပေမယ့်၊ ဘယ်လိုလုပ်ပြီး သိုင်းကွက်တိုင်းကို ဒီလောက်ထိ ပြီးပြည့်စုံအောင် ထုတ်ဖော်နိုင်တာလဲကွ"

"မင်းလို သိုင်းပါရမီရှင်မျိုး နန်းတွင်းအမှုထမ်း ဖြစ်သွားတာ တကယ်ကို နှမြောစရာကောင်းလွန်းတယ်"

သားသတ်သမားကျန်းက အခန်းထဲသို့ လှမ်းဝင်လာရင်း ရေအိုးကို ဆွဲယူကာ ဂွပ်ဂွပ်မြည်အောင် မော့သောက်လိုက်ပါသည်။

ထို့နောက် ခေါင်းခါရင်း တပ်မက်စွာဖြင့် ပြောဆိုလိုက်ပေသည်။

"နတ်ဆိုးနှိမ်နင်းရေးဌာနက သိုင်းလောကက ဂိုဏ်းတွေလောက် မကောင်းလို့လား"

ရှန်းယီက ထိုသို့သော သာမန်ဗဟုသုတများကို အလွန် စိတ်ဝင်စားမိပေသည်။

"အဲ့လိုမဟုတ်ပါဘူး... နတ်ဆိုးနှိမ်နင်းရေးဌာနက မဟာချန်မင်းဆက်တစ်ခုလုံးရဲ့ သိုင်းပညာတွေကို စုစည်းထားတာပါ။ နောက်ခံသမိုင်းကြောင်းနဲ့ အရှိန်အဝါအရဆိုရင်တော့ ထိပ်တန်းရွေးချယ်မှုတစ်ခုပါပဲ"

သားသတ်သမားကျန်းက ရေအိုးကိုချရင်း ဆက်ပြောပါသည်။

"ဒါပေမယ့် စည်းကမ်းတွေက တင်းကျပ်လွန်းပြီး အောက်ခြေကနေ တစ်ဆင့်ချင်း တက်သွားရမှာ။ မင်းရဲ့ပါရမီနဲ့သာဆိုရင် ဗာဂျာရာဂိုဏ်းကို ဝင်လိုက်တာနဲ့ အကြီးအကဲတစ်ယောက်ရဲ့ တပည့်ရင်းအဖြစ် သတ်မှတ်ခံရပြီး အဖိုးတန်ဆေးဝါးတွေ၊ နတ်လက်နက်တွေကို ဦးစားပေး ရရှိမှာပါ"

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒါပေမယ့် အခုတော့ အဲ့ဒါတွေက မဖြစ်နိုင်တော့ပါဘူး"

ရှန်းယီက နားမလည်နိုင်စွာဖြင့် မော့ကြည့်လိုက်လေ၏။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

"စဉ်းစားကြည့်လေ.. မင်းသာ သာမန်ပါရမီလောက်ပဲ ရှိမယ်ဆိုရင် ငါမင်းအတွက် လမ်းကြောင်းခင်းပေးပြီး မင်းရဲ့ဝိသေသလက္ခဏာကို ဖုံးဖိပေးလို့ ရနိုင်သေးတယ်။ ဒါပေမယ့် အခု မင်းရဲ့ပါရမီက အရမ်းထူးချွန်လွန်းနေတယ်။ နတ်ဆိုးနှိမ်နင်းရေးဌာနက မင်းကို အလိုမရှိဘူးလို့ ပြောရင် လူနုံလူအတွေပဲ ယုံကြလိမ့်မယ်။ ချင်ကျိုးပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ဘယ်ဂိုဏ်းကမှ မင်းရဲ့ ဂိုဏ်းဝင်ခွင့်လျှောက်လွှာကို လက်ခံရဲမှာ မဟုတ်ဘူး"

သားသတ်သမားကျန်းက သူ၏ရင်ဘတ်ထဲမှ အသင့်ပြင်ဆင်ထားသော အဝါရောင် စာရွက်အချို့ကို ထုတ်ယူလိုက်ပေသည်။

သိသာထင်ရှားသည်မှာ သူ၏အတွေးများက အပေါ်ယံမြင်ရသလောက် ပေါ့ပါးမနေခဲ့ပေ။ မနေ့က ရှန်းယီ အသုံးပြုခဲ့သော မြွေနဂါး ခြေလှမ်းရှစ် ကို ကြည့်ပြီးကတည်းက တစ်ဖက်လူ၏ အခြေအနေကို သူ တွက်ဆနိုင်ခဲ့ပြီဖြစ်ပါသည်။

"ကျုပ်က အသက် ခြောက်နှစ်မှာ ဗာဂျာရာဂိုဏ်းကို ဝင်ခဲ့ပြီး ဆရာသခင်ရဲ့ပါရမီရှင်လို့ ခေါ်ဝေါ်တာ ခံခဲ့ရဖူးတယ်။ ဒါပေမယ့် အခု အသက် လေးဆယ့်ရှစ်နှစ် ရောက်တဲ့အထိ နတ်ဆိုးပေါင်းများစွာကို သတ်ဖြတ်၊ နတ်ဆိုးအမြုတေနဲ့ ဆေးဝါးတွေ ဘယ်လောက်စားသုံးခဲ့မှန်း မသိနိုင်တော့ပေမယ့် စွမ်းအင်မရီဒျန် ခုနစ်ပေါက်ပဲ ဖွင့်နိုင်ခဲ့သေးတယ်"

"အဲ့ဒီအတွက် အကြောင်းရင်းနှစ်ချက် ရှိတယ်။ ပထမအချက်က ဗာဂျာရာဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ မတူဘူး။ သူတို့က မိုးမြေ စွမ်းအင်ကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သွန်းလောင်းတဲ့အပေါ် အလေးထားကြတယ်။ စုပ်ယူလိုက်တဲ့ စွမ်းအင်အများစုကို ခန္ဓာကိုယ်က စားသုံးလိုက်တာကြောင့် တိုးတက်မှုနှုန်းက တခြားသူတွေထက် အဆများစွာ နှေးကွေးသွားစေတယ်"

သားသတ်သမားကျန်းက သွားဖြဲပြရင်း လက်မောင်းကို ဆန့်ထုတ်ပြလိုက်ပါသည်။

"မင်းလည်း တွေ့ဖူးတယ်မလား။ စောစောကသာ မင်းကို သရုပ်ပြချင်တဲ့ စိတ်မရှိခဲ့ရင် ငါ့ရဲ့ စွမ်းအင်မရီဒျန်တွေထဲက စွမ်းအင်ကို ထုတ်သုံးလိုက်လို့ရတယ်။ အဲ့ဒီအခါကျရင် မင်းကို ဘာမှမလုပ်နိုင်ရင်တောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ လုံလောက်တာထက် ပိုပါသေးတယ်"

"ဒါပေမယ့် ငါမင်းကို ဗာဂျာရာခန္ဓာကိုယ်ကျင့်စဉ်တော့ ပေးလို့မရဘူး။ အစားထိုးအနေနဲ့ ဒါကို ကြည့်လိုက်ပါဦး"

သူက အဝါရောင်စာရွက်များကို ရှန်းယီလက်ထဲ ထိုးထည့်ပေးလိုက်ပေသည်။

"ဒါတွေက ငါ့ဘာသာ စိတ်ကူးပေါက်ပြီး ရေးထားတဲ့ အရာတွေပါ။ အဲ့ဒါကြောင့်လည်း ငါက ကနဦးအဆင့်ရဲ့ နောက်ဆုံးမှာပဲ ရပ်တန့်နေရတာလေ"

ရှန်းယီက စာရွက်များကို ဖြန့်ကြည့်လိုက်ပါသည်။

နားလည်ခြင်း မလည်ခြင်းက တစ်ပိုင်း၊ သူကတော့ လှန်ကြည့်ရဦးမည်သာ။

"သိုင်းဂိုဏ်းတွေမှာလည်း အားနည်းချက်တွေ ရှိပါတယ်။ မင်းသာ စိတ်တိုဒေါသထွက်လွယ်ပြီး တစ်ယောက်ယောက်ကိုများ သွားပြစ်မှားမိရင် နာမည်ကျော်ကြားဖို့ အခွင့်အရေး လုံးဝမရှိသလောက်ပဲ"

သားသတ်သမားကျန်းက အတိတ်အကြောင်းကို တည်ငြိမ်စွာ ပြောပြနေလေသည်။

"သူတို့က ငါ့ကို ကျောက်စိမ်းအဆင့် သိုင်းပညာတွေ မပေးကြဘူး။ ဒါကြောင့် ငါ့ဘာသာပဲ အဖြေရှာခဲ့ရတယ်။ ကံဆိုးတာက ဆယ်စုနှစ်တစ်ခုကျော် ကြာတဲ့အထိ ငါက အဲ့ဒီအတားအဆီးကို ကျော်ဖြတ်နိုင်ရုံလေးပဲ ရှိသေးတယ်... ဒါက မှန်းဆချက်သက်သက်မို့လို့ အရမ်း အတည်မယူပါနဲ့။ ဘာပဲဖြစ်ဖြစ် မင်းဒါကို တတ်မြောက်သွားရင် အနည်းဆုံးတော့ ဗာဂျာရာခန္ဓာကိုယ်ကျင့်စဉ်လောက်တော့ စွမ်းအားရှိမှာပါ"

"နောက်တစ်ပိုင်းက ကျောက်စိမ်းနယ်ပယ်နဲ့ ပတ်သက်တဲ့ သင်ကြားမှုတွေပဲ။ ငါသဘောပေါက်ပြီဆိုရင် မင်းကို အသေးစိတ် ရှင်းပြပေးပါ့မယ်"

ရှန်းယီက စာရွက်များကို ဖြည်းညှင်းစွာ လှန်လှောကြည့်ရှုလိုက်ရာ ညွှန်ကြားချက်များက သူ့မျက်စိရှေ့တွင် ပေါ်လာတော့ပေ၏။

[ကျောက်စိမ်း ရွှေရောင်နေမင်း ရတနာရှစ်ပါး ခန္ဓာကိုယ်ကျင့်စဉ် အထက်ပိုင်း - (မတတ်မြောက်သေး)]

"..."

တိကျပြတ်သားသော စာလုံးများကို မြင်လိုက်ရသည့်အခါ ရှန်းယီတစ်ယောက် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ အသက်ရှူသံများက ခေတ္တမျှ မမှန်မကန် ဖြစ်သွားရပေသည်။

သားသတ်သမားကျန်း ရှင်းပြခဲ့သည့်အတိုင်း ဤသိုင်းပညာသည် ကနဦးအဆင့်မျှသာ ဖြစ်ပြီး ကျန်သည့်အရာများမှာ မှန်းဆချက်များသာ ဖြစ်ပါသည်။

သို့သော် ယခု စနစ်ကွက်မျက်နှာပြင်၏အတည်ပြုချက်အရ တစ်ဖက်လူ၏အကြံဉာဏ်မှာ မှန်ကန်နေကြောင်း သက်သေပြလိုက်ပြီဖြစ်ပေသည်။ လိုအပ်နေသည်မှာ အချိန်သာဖြစ်လေ၏။

အောက်ပိုင်းကျင့်စဉ်သာ ပြီးပြည့်စုံသွားပါက ဤအရာသည် စစ်မှန်သော ကျောက်စိမ်းအဆင့် သိုင်းပညာတစ်ခု ဖြစ်လာပေလိမ့်မည်။

နှိုင်းယှဉ်ကြည့်ရလျှင် သွေးနတ်ဆိုးဓားသိုင်းသည် အလွန် ပြင်းထန်ကြမ်းတမ်းသော်လည်း ကြီးထွားနိုင်စွမ်း အားနည်းပြီး အသုံးပြုရန်အတွက် သီးသန့်အခြေအနေများ လိုအပ်ပေသည်။

၎င်းတို့နှစ်ခု၏တန်ဖိုးကို နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

ရှန်းယီက တိတ်ဆိတ်သွားသော်လည်း သားသတ်သမားကျန်းမှာမူ စိတ်လှုပ်ရှားလာကာ ခေါင်းကို ကုတ်ရင်း ပြောလေသည်။

"ဒါက ငါ့ရဲ့ အရိုင်းဆန်တဲ့ စိတ်ကူးတစ်ခုဆိုပေမယ့် အခြေခံပိုင်းကတော့ ဗာဂျာရာခန္ဓာကိုယ်ကျင့်စဉ်ကနေ ယူထားတာပါ။ ဟဲဟဲ... ဒါကြောင့် မှားယွင်းနိုင်ချေ နည်းပါတယ်။ ဘာပဲဖြစ်ဖြစ် ငါက မင်းထက်အရင် ကျင့်ကြံနေတာပဲ။ တကယ်လို့ တစ်ခုခုမှားယွင်းသွားရင် မင်းနောက်မှ ဆုံးဖြတ်လို့ ရတာပဲ"

"စီနီယာက တကယ့် ပါရမီရှင်ပါပဲ"

ရှန်းယီက အဝါရောင်စာရွက်များကို ဂရုတစိုက် သိမ်းဆည်းလိုက်ရင်း လေးစားမှု အပြည့်ဖြင့် ပြောလိုက်ပေသည်။

စနစ်ကွက်ထဲတွင် ကနဦးအဆင့် ဓားသိုင်းတစ်ခုကို သီအိုရီထုတ်ရန်အတွက်ပင် နှစ်ပေါင်း ၅၀ တိတိ အချိန်ယူရပေသည်။

တစ်ဖက်လူမှာမူ မည်သူ့အကူအညီမှ မပါဘဲ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဤမျှကြီးမားသော အောင်မြင်မှုကို ရယူနိုင်ခဲ့ပါသည်။ ဒါကမှ စစ်မှန်သော ပါရမီရှင် ဖြစ်လေ၏။

"ငါ့ကို စီနီယာလို့ မခေါ်နဲ့လို့ ပြောထားတယ်လေ။ ငါက နောက်နေတာလို့ ထင်နေလား။ သိုင်းပညာ ဖလှယ်တယ်ဆိုတာက တိုက်ဆိုင်မှုသက်သက်ပါ"

သားသတ်သမားကျန်းက နှုတ်ခမ်းကို သပ်ရင်း တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်လေ၏။

သူက မျက်လုံးကို လှန်ကြည့်ရင်း ပြောလိုက်ပေသည်။

"ငါ ချင်ကျိုးကို ခြေလျင်လျှောက်လာခဲ့တာ၊ ပိုက်ဆံတွေကုန်တာ ကြာလှပြီ။ အခုကစပြီး မင်းကို ငါ့ခေါင်းဆောင်လို့ သတ်မှတ်ပြီး မင်းဆီမှာပဲ ကပ်စားတော့မယ်... ကဲ.. မင်းအလုပ်ရှုပ်နေတာဆိုတော့ ကူးယူထားတဲ့ သိုင်းကျမ်းတွေကို နောက်မှပဲ ပေးတော့"

ရှန်းယီသည် ထွက်ခွာသွားသော ကျန်းကို ကြည့်ရင်း နားမလည်နိုင်စွာ ခေါင်းခါလိုက်မိပါသည်။

ဘိုင်ယွင်စီရင်စုက သေးငယ်သော်လည်း ကနဦးအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ထောက်ပံ့လိုသူတွေ အများကြီးရှိလေသည်။

'ဘာကြောင့်များ ငါ့ကိုမှ လာပစ်မှတ်ထားနေရတာလဲ။ ထားလိုက်ပါတော့လေ။'

သူက အသစ်တပ်ဆင်ထားသော တံခါးကို ပိတ်လိုက်ပြီး စနစ်ကွက်ဆီသို့ အာရုံပြန်ပို့လိုက်လေသည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၂၂၆ နှစ်]

မူလက ဤသက်တမ်းများကို လင်းပိုင်ဝေ့ သိုင်းကျမ်းကူးယူပြီးသည်အထိ စောင့်ဆိုင်းပြီးမှ အသုံးပြုရန် ရည်ရွယ်ထားခဲ့ပေသည်။

သို့သော် မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် မိမိကိုယ်ကို ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခုကို အမြန်ဆုံး တတ်မြောက်ရန် လိုအပ်ကြောင်း ရှန်းယီ သတိပြုမိလိုက်လေ၏။

ထိုအကြံကြောင့် သူ ခါးသက်သက် ရယ်မောလိုက်မိပါသည်။

ယခင်က သူ၏သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ချိန်တုန်းက အမွေးနက်နတ်ဆိုးကြီးဆီသို့ ပြေးဝင်တိုက်ခိုက်ရန် ဝန်မလေးခဲ့ပါပေ။(ဟွမ်လောင်လျူ)

ယခု သူ့တွင် သက်တမ်း ၄၆ နှစ် ပိုင်ဆိုင်ထားချိန်၌ မြွေနတ်ဆိုးမ နှစ်ကောင်ကြောင့် စိတ်ဓာတ်များ ယောက်ယက်ခတ်နေရပေသည်။

အသက်ရှင်သန်မှုကို တန်ဖိုးထားခြင်းသည် သဘာဝဗီဇတစ်ခု ဖြစ်သည်၊ထိုအသက်ရှင်သန်မှုက မွေးရာပါ ရရှိလာခြင်း မဟုတ်ဘဲ ရှာဖွေတွေ့ရှိထားခြင်း ဖြစ်နေသည့်တိုင်အောင်ပင်။

ရှန်းယီသည် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး နတ်ဆိုးသက်တမ်းများကို အသစ်ရရှိထားသော သိုင်းပညာထဲသို့ စတင် စီးဆင်းစေလိုက်ပေတော့သည်။

...

[ပထမနှစ်တွင် သင်သည် မိုးနှင့်မြေ စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို မည်သို့ သွန်းလောင်းရမည်ကို လေ့လာသင်ယူခဲ့သည်။ လေပြင်းလျှပ်စီးကျင့်စဉ်နှင့် မတူညီသည်မှာ ၎င်းသည် ခန္ဓာကိုယ်ကို လှောင်ကန်တစ်ခုအဖြစ် ပြောင်းလဲခြင်း မဟုတ်ဘဲ စွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်စေခြင်းဖြစ်သည်။ သွေးသားများကို နတ်ဘုရားလက်နက်တစ်ခုသဖွယ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်ပေသည်။]

[ဒုတိယနှစ်တွင် သင်၏စွမ်းအင်မရီဒျန် ၁၂ ခုက ပြီးပြည့်စုံနေပြီး သင်၏ထွက်သက်ဝင်သက်များက ရှည်လျားကာ အဆုံးမရှိ ဖြစ်နေသောကြောင့် ဤသိမ်မွေ့သော နည်းလမ်းသည် သင့်အတွက် အခက်အခဲ မရှိပေ။ အချိန်ကာလကို သည်းခံဖြတ်သန်းခြင်းက သဘာဝကျသော ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေပါသည်။]

[ခုနစ်နှစ်မြောက်တွင်၊ ကျောက်စိမ်း ရွှေရောင်နေမင်း ရတနာရှစ်ပါး ခန္ဓာကိုယ်ကျင့်စဉ်၊ အခြေခံအဆင့်သို့ ရောက်ရှိခဲ့လေသည်။]

[ဆယ့်ငါးနှစ်မြောက်တွင်၊ သင်သည် အသေးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိခဲ့ပြန်သည်။]

[နှစ်ဆယ့်ကိုးနှစ်မြောက်တွင်၊ ကျောက်စိမ်း ရွှေရောင်နေမင်း ရတနာရှစ်ပါး ခန္ဓာကိုယ်ကျင့်စဉ်၊ အကြီးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိခဲ့ပေသည်။]

[လေးဆယ့်နှစ်နှစ်မြောက်တွင်၊ သင်သည် ပြီးပြည့်စုံသော အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး သင်၏ရုပ်ခန္ဓာသည် နယ်ပယ်သစ်တစ်ခုသို့ ခြေလှမ်းလှမ်းနိုင်ခဲ့ပေသည်။]

[လက်ကျန် နတ်ဆိုးသက်တမ်း - ၁၈၄ နှစ်]

...

ဤသိုင်းပညာအသစ်ကို ဆင်ခြင်စဉ်းစားတုန်းက သက်တမ်းများစွာ ဖြုန်းတီးလိုက်ရ၍လားမသိပေ။

ရှန်းယီသည် စနစ်ကွက်ပေါ်မှ လွယ်ကူစွာ အောင်မြင်သွားသည့် စာများကို ကြည့်ရင်း တစ်မျိုးကြီး ခံစားနေရပေသည်။

ပြီးသွားပြီလား။

အကြိမ်ကြိမ်လေ့လာပြီးနောက် ရှန်ရီ ပုံစံတစ်ခုကို သတိထားမိလိုက်ပါသည်။

ပင်ကိုပါရမီ မပါဝင်သော မည်သည့် သိမ်မွေ့သော နည်းစနစ်မဆို သက်တမ်းကုန်ဆုံးမှု အလွန်နည်းပါးလေ၏။

သို့သော် ထိုးထွင်းသိမြင်မှုနှင့် ပတ်သက်လာလျှင်... ကုန်ဆုံးမည့် သက်တမ်းပမာဏသည် အကန့်အသတ် မရှိသလောက်ပါပင်။

သားသတ်သမားကျန်း၏မှန်းဆချက်ကို သူက ပထမဆုံး စမ်းသပ်သူ ဖြစ်လာခဲ့ပြီ။ သို့သော် သူ စိတ်ကူးယဉ်ထားသလောက် စွမ်းအားထက်မြက်ခြင်း ရှိမရှိကိုတော့ မသိရသေးပေ။

သူသည် စားပွဲပေါ်ရှိ ဓားကို ကြည့်လိုက်ပြီး အင်္ကျီလက်စကို ပင့်တင်ကာ လက်မောင်းပေါ်သို့ ဓားဖြင့် ဖွဖွလေး ဆွဲလိုက်ပေသည်။

မည်သည့် တုံ့ပြန်မှုမှ မရှိ။

ရှန်းယီသည် အားကို တဖြည်းဖြည်း မြှင့်တင်လိုက်ပြီး ဓားသွားက ပြန်ကန်ထွက်သွားသည်ကို အကြိမ်ကြိမ် စောင့်ကြည့်နေလိုက်လေ၏။

နောက်ဆုံးတွင် သွေးနတ်ဆိုးဓားသိုင်းကို အသုံးပြု၍ တစ်ကိုယ်လုံးရှိ စွမ်းအင်များကို စုစည်းကာ ဓားသွားကို ဆိုးယုတ်ခြင်းအရှိန်အဝါများဖြင့် ဖုံးလွှမ်းပြီး ခုတ်ချလိုက်မှသာ...

နူးညံ့ပြီး တောင့်တင်းခိုင်မာသော လက်ဖျံပေါ်တွင် ထူးဆန်းသော အလင်းရောင်တစ်လွှာ ချက်ချင်း ပေါ်ထွက်လာပြီး အနီရောင်မြူခိုးများကို ချက်ချင်း စုခွဲပစ်လိုက်ပေသည်။

ကျွတ် ခနဲ ကြွပ်ဆတ်သော အသံတစ်သံ ထွက်ပေါ်လာလေ၏။

ရှန်းယီသည် ကျိုးပဲ့သွားသော ဓားကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်နေမိပါသည်။

နတ်ဆိုးပေါင်းများစွာကို ပိုင်းဖြတ်ခဲ့ပြီး မကျိုးပဲ့ခဲ့သော ဓားသည် သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ပေါ်တွင် နောက်ဆုံး၌ ကျိုးပဲ့သွားခဲ့ချေပြီ။

'ဒါက နည်းနည်းတော့ မများလွန်းဘူးလား။ဒါက သိုင်းဂိုဏ်းကြီးတွေရဲ့ နက်ရှိုင်းမှု သဘောတရားများလား။'

သူသည် ကျိုးသွားသော ဓားအပိုင်းကို ကောက်ယူလိုက်လေသည်။

ဤဓားက ဈေးပေါသည့်အရာ မဟုတ်သော်လည်း မနေ့က ကြုံခဲ့ရသည့် ကျားနတ်ဆိုးအပေါ် အပြစ်ပုံချလိုက်ပြီး ပန်းပဲဖိုသွားကာ အသစ်တစ်ချောင်း သွားလုပ်ရပေတော့မည်။

All Chapters