← Chapters

မင်း သေသင့်တယ်

Vol. 4 Ch. 36

မင်း သေသင့်တယ်

Vol. 4 Ch. 36

တိတ်ဆိတ်ငြိမ်သက်နေသော တာဝန်ကျရုံးတော်တွင်..

ရှန်းယီသည် စုတ်တံကို မရဲတရဲဆုပ်ကိုင်ထားပြီး စာရေးရာတွင် မကျွမ်းကျင်သော်လည်း စာလုံးတစ်လုံးချင်းစီကို ဖတ်ရှုရလွယ်ကူစေရန် အစွမ်းကုန် ကြိုးစားရေးသားနေလေပြီ။

သူသည် ယာမန်ရုံးတော်ဝတ်စုံကို ဝတ်ဆင်ချင်၍ ပြဿနာရှာတတ်သော လူမိုက်တစ်ယောက် ဖြစ်ခဲ့စဉ်က သိုင်းပညာ၊ လူမှုရေးထုံးတမ်းများနှင့် စာဖတ်ခြင်း၊ စာရေးခြင်းတို့ကို လုံ့လစိုက်ထုတ် သင်ယူခဲ့သော တပည့်တစ်ဦး ဖြစ်ခဲ့ဖူးပါသည်။

လက်က အသားကျနေပြီဖြစ်၍ လက်ရေးမလှသော်လည်း ဖတ်ရှု၍တော့ ရပေသည်။

သွေးနတ်ဆိုး ဓားသိုင်းကို တစ်ဆင့်ခြင်း သုံးသပ်တွက်ချက်ထားပြီးဖြစ်ရာ အသေးစိတ်အချက်အလက်အားလုံးသည် သူ၏စိတ်ထဲတွင် စွဲထင်နေပြီဖြစ်သဖြင့် ကူးယူရေးသားရသည်မှာ မခက်ခဲလှပေ။

ရုံးဆင်းချိန် ရောက်သောအခါတော့..

ရှန်းယီသည် စာရေးခြင်းကို ရပ်လိုက်ပြီး မင်ခြောက်သွားအောင် စောင့်ဆိုင်းကာ ချန်ကျိ ယူလာပေးသော ထမင်းထုပ်ကို လှမ်းယူလိုက်ပေသည်။

ဟွမ်ကျိအရှေ့လမ်းမှ အဝါရောင်ဂျုံပေါက်စီနှင့် လမ်းဘေးဈေးသည်များ ရောင်းချသော ငါးခြောက်ကောင်ကြော်တို့သည် စားကောင်းသောက်ဖွယ် မဟုတ်သော်လည်း ဝမ်းဗိုက်ကို ပြည့်စေ၏။

အစားအသောက်များကို အငမ်းမရ စားသောက်ပြီးနောက် ခန္ဓာကိုယ်ကို အညောင်းဆန့်ကာ တံခါးပေါက်မှ ထွက်ခွာလာခဲ့ပါသည်။

ခြံဝင်းထဲတွင် ကျန်းတာ့ဟွာသည် ချွေးများရွှဲနစ်လျက် အကြောလျော့လက်သီးသိုင်းကို မလိုလားသော ပုံစံဖြင့် လေ့ကျင့်နေပေ၏။

နျိုညီအစ်ကိုနှင့် ချန်ကျိတို့မှာမူ မျက်မှောင်ကြုတ်လျက် ဓားများကို အကြိမ်ကြိမ် ဝှေ့ယမ်းနေကြပေသည်။

သူတို့၏ကိုယ်နေဟန်ထား အနည်းငယ် လွဲချော်သွားသည်နှင့် သားသတ်သမားကျန်းက တွန့်ဆုတ်မနေဘဲ ကန်ကျောက်လေတော့သည်။

"မင်းတို့ရဲ့ဟန်ပြသက်သက် သိုင်းကွက်လောက်နဲ့ ဒီလောက်ကျယ်ပြောတဲ့ ဘိုင်ယွမ်စီရင်စုထဲက နတ်ဆိုးသားရဲတွေကို တကယ် နှိမ်နင်းနိုင်ပါ့မလား"

ထိုစကားကို ကြားသောအခါ သားသတ်သမားကျန်းက လှည့်ကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် "ညံ့လွန်းအားကြီးတယ်ကွာ၊ ချန်ကောင်လေးတစ်ယောက်ပဲ ကြည့်ပျော်ရှုပျော်ရှိတယ်၊ ကျန်တဲ့ကောင်တွေက ဘာတွေမှန်းကို မသိဘူး" ဟု ပြောလိုက်ပေသည်။

တခြားသူများ စကားမပြောနိုင်ခင် ကျန်းတာ့ဟွာက အော်ပြောလိုက်လေ၏။ "ဘယ်သူက နတ်ဆိုးတွေကို တိုက်ခိုက်ချင်လို့လဲဗျာ။ ဟို မိန်းမလျှာစာရေးကြီးက ကျုပ်တို့ ခေါင်းဆောင်ရှန်းကို မုန်းနေပြီး ကျုပ်တို့ကိုပါ သေတွင်းထဲ ပို့ချင်နေလို့သာ လုပ်နေရတာ"

ထိုစကားကို ကြားသောအခါ သားသတ်သမားကျန်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ခေတ္တမျှ ကြောင်အသွားပြီးနောက် ကြမ်းပြင်ပေါ်သို့ တံတွေးထွေးလိုက်ကာ "အသုံးမကျတဲ့ကောင်တွေ" ဟု ရေရွတ်လိုက်ပေ၏။

သူသည် ဤနေရာသို့ ရောက်လာပြီးနောက် သူ၏ စီနီယာအစ်ကိုထံမှ ဘိုင်ယွမ်စီရင်စုတွင် နတ်ဆိုးသားရဲများ ပေါများကြောင်း သိရှိခဲ့ရလေသည်။

နတ်ဆိုးသားရဲများကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခများကို ဖုံးကွယ်ထားခြင်းသည် နေရာတိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စဖြစ်ပါသည်။

မနှစ်ကပင် ထိုကိစ္စကြောင့် စီရင်စုမှူး ဆယ်ဦးကျော် ခေါင်းဖြတ် အသတ်ခံခဲ့ရပေသည်။

သို့သော် နတ်ဆိုးသားရဲများကို အကြောင်းပြ၍ မိမိနှင့် သဘောထားကွဲလွဲသူများကို ရှင်းထုတ်ခြင်းမှာမူ အလွန်အရှက်မဲ့သော လုပ်ရပ်ဖြစ်ပေသည်။

"ရော့"

ရှန်းယီသည် စကားများများမပြောဘဲ ကူးယူထားသော ဓားသိုင်းကျမ်းကို ပေးလိုက်လေသည်။

ယာမန်ရုံးတော်၏လုပ်ကြံမှုများကို အခြေခံကျကျ တိုက်ခိုက်ရန်အတွက် သူသည် နတ်ဆိုးများကို သတ်ဖြတ်ပြီး နတ်ဆိုးသက်တမ်း အလုံအလောက် ရယူရမည်ဖြစ်ပေသည်။

ရာထူးအာဏာဖြင့် ဖိနှိပ်ခြင်းက ကိစ္စတစ်မျိုး ဖြစ်သော်လည်း ညစ်ပတ်သော နည်းလမ်းများကို အသုံးပြုခြင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိလွန်းလှလေ၏။

"မြန်လိုက်တာ"

သားသတ်သမားကျန်းသည် အနည်းငယ် အံ့သြသွားပြီး စာရွက်များကို ယူလိုက်ပေသည်။

"ငါ စဉ်းစားထားတာက အမှန်အတိုင်းပြောရရင် ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးတဲ့ သိုင်းပညာရပ်ပါပဲ။ ချင်ကျိုးပြည်နယ်က ဂိုဏ်းအများစုထဲမှာတော့ ဒါက အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်လို့ ယူဆရပြီး အချိန်အလုံအလောက် ပေးနိုင်ရင် အခက်အခဲမရှိသလောက် ကျင့်ကြံနိုင်ပါတယ်"

သူက ဓားသိုင်းကျမ်းကို ရင်ဘတ်ထဲသို့ ထည့်လိုက်ပြီး "မှတ်ထားနော်၊ စိတ်မလောနဲ့၊ ဂဏာမငြိမ် မဖြစ်နဲ့။ နားမလည်တာရှိရင် ငါ့ကို လာမေး" ဟု မှာကြားလိုက်ပေ၏။

"ကျေးဇူးတင်ပါတယ်"

ရှန်းယီက ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ပါသည်။

ထို့နောက် သူသည် ချန်ကျိကို ဝယ်ခိုင်းထားသော အသားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို သယ်ဆောင်လျက် တာဝန်ကျအဆောင်မှ ထွက်ခွာလာခဲ့တော့သည်။

"သူ ချက်ပြုတ်တတ်တယ်လား" သားသတ်သမားကျန်းက ခေါင်းကုတ်လိုက်ပေသည်။

"လွန်ခဲ့တဲ့ လဝက်လောက်တုန်းက ခေါင်းဆောင်ရှန်းကို ခင်ဗျားသာ မြင်ဖူးခဲ့ရင်..." ချန်ကျိက အသက်ပြင်းပြင်းရှူလိုက်ပြီး ကိုယ်နေဟန်ထားကို တည်ငြိမ်အောင် ဆက်လက်ထိန်းထားရင်း "...သူ ဘာမဆို လုပ်နိုင်တယ်ဆိုတာ အံ့သြစရာ မဟုတ်မှန်း သိလာလိမ့်မယ်" ဟု ဆက်ပြောလိုက်လေ၏။

"ဟုတ်လား" သားသတ်သမားကျန်းသည် ပြန်မပြောဘဲ ရယ်မောရုံသာ ရယ်မောလိုက်ပါသည်။

မည်သို့ပင်ဖြစ်စေ ဒါက မြို့ငယ်လေးတစ်ခုသာ ဖြစ်ပေသည်။ ချင်ကျိုးသို့ တစ်ခါမှ မရောက်ဖူးဘဲနှင့် စစ်မှန်သော ပါရမီရှင်တစ်ဦး၏ဂုဏ်ဒြပ်ကို သူ မည်သို့ သိနိုင်ပါမည်နည်း။

သူ့အမြင်တွင် ရှန်းယီ၏စိတ်နေသဘောထားနှင့် ခွန်အားသည် ကောင်းမွန်ပြီး သူ့ထက် သာလွန်သည်မှာ သေချာသော်လည်း ထိုမျှလောက်သာ ရှိပေသည်။

...

မိုးကုတ်စက်ဝိုင်းသည် မီးလောင်နေသကဲ့သို့ ရဲရဲနီနေလေ၏။

ရှန်းယီသည် တံခါးကို ခေါက်ပြီး တွန်းဖွင့်ဝင်လိုက်ပေသည်။

ထိုမိန်းမငယ်သည် စားပွဲပေါ်တွင် မှောက်လျက် အိပ်ပျော်နေပြီး သူမ၏ဆံနွယ်နက်များသည် ရေတံခွန်သဖွယ် ကျဆင်းနေပါသည်။

သူမ၏ဖြူဥနေသော မျက်နှာလေးသည် တည်ငြိမ်အေးချမ်း၍ ချစ်စဖွယ်ကောင်းနေသော်လည်း အနည်းငယ် တွန့်ချိုးနေသော မျက်ခုံးများနှင့် တုန်ခါနေသော မျက်တောင်ထူထူများက စိတ်မလုံခြုံမှု အရိပ်အယောင်ကို ပြသနေပေသည်။

ရှန်းယီသည် ဖြည်းညှင်းစွာ လျှောက်သွားပြီး သူမ၏လက်မောင်းအောက်တွင် ဖိထားသော ထူထဲသည့် အဝါရောင်စက္ကူထပ်ကို ကြည့်လိုက်ရာ အနားသတ်များတွင် မင်စွန်းနေပြီး သူမ၏ နှုတ်ခမ်းတွင်လည်း မင်များ ပေကျံနေသည်ကို တွေ့လိုက်ရသည်။

သူသည် ပြောစရာစကားမဲ့သွားကာ စုတ်တံကို ကိုင်၍ လင်းပိုင်ဝေ့၏ပါးစပ်ထဲမှ ဆွဲထုတ်လိုက်သည်။

"ငါ့ဟာ... မယူနဲ့..."

သူမသည် စုတ်တံကို ကိုက်ထားပြီး မျက်လုံးများ မှေးစင်းလျက် "ထွီ... ထွီ... ထွီ..." ဟု ရေရွတ်လိုက်လေ၏။

ထို့နောက် စိတ်ပျက်အားငယ်သော အမူအရာဖြင့် စာရွက်ပုံကို လှည့်ကြည့်လိုက်ပြီး အမြန်လက်လှမ်းကာ သိမ်းဆည်းလိုက်ပေသည်။

"တစ်ဝက်လောက် ကူးပြီးသွားပြီ..."

စကားမဆုံးခင်မှာပင် လင်းပိုင်ဝေ့သည် ရှန်းယီ၏ လက်ထဲမှ ပစ္စည်းကို သတိထားမိလိုက်ပြီး သူမ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းလာပါသည်။

"ဒါကို ရှင်နဲ့ ထားခဲ့လိုက်မယ်"

သူမသည် အသားများကို ယူဆောင်ပြီး နောက်ဖေးဘက်သို့ ထွက်သွားလေသည်။

"..."

ရှန်းယီသည် စားပွဲပေါ်တွင် ပြန့်ကျဲနေသော စာရွက်များကို ကြည့်ပြီး သေသေချာချာ စုစည်းသိမ်းဆည်းလိုက်လေ၏။

သူ နောက်ဖေးမီးဖိုချောင်ထဲသို့ ဝင်သွားလိုက်ပါသည်။

ထိုနေရာတွင် လင်းပိုင်ဝေ့သည် ဆံပင်ကို စည်းနှောင်ထားပြီး ကျွမ်းကျင်စွာဖြင့် ရေခပ်ခြင်း၊ ဟင်းသီးဟင်းရွက် ဆေးကြောခြင်းများကို ပြုလုပ်နေသည်ကို တွေ့လိုက်ရပေသည်။

သူမသည် ခေါင်းပင်မလှည့်ဘဲ လက်ဝှေ့ယမ်းကာ "ထွက်... အပြင်ထွက်နေ" ဟု ပြောလိုက်လေ၏။

သူကူညီပေး၍ မရကြောင်း ခံစားမိသဖြင့် ရှန်းယီသည် ခြံဝင်းထဲတွင် ထိုင်လိုက်ပြီး ပုဆိန်ကို ကောက်ကာ ထင်းခွဲလိုက်ပါသည်။

နေဝင်ရီတရော အချိန်သို့ ရောက်သောအခါ မြေပြင်ပေါ်တွင် ထင်းများကို သေသပ်စွာ စီစီရီရီ ပုံထားပြီး ဖြစ်ပေသည်။

ထမင်းနံ့နှင့် အသားဟင်းနံ့တို့ ရောနှောကာ နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

ရှန်းယီ လှည့်ကြည့်လိုက်သောအခါ ထိုမိန်းမငယ်သည် သူ့အနောက်တွင် ရပ်နေပြီး အဆီအသား မျှတသော အသားတုံးတစ်တုံးကို တူဖြင့် ညှပ်ကာ အေးသွားအောင် မှုတ်နေသည်ကို တွေ့လိုက်ရပါသည်။

သူမ၏နုနယ်သော ပါးပြင်ပေါ်တွင် ယုံကြည်မှုများ ပြည့်နှက်နေပြီး "ရော့... ပါးစပ်ဟ... အရသာမြည်းကြည့်ပေး" ဟု ပြောလိုက်လေသည်။

ဘဝနှစ်ခုစလုံးတွင် တစ်ကိုယ်တည်းနေထိုင်ခဲ့သူ ဖြစ်သဖြင့် သူသည် အလိုအလျောက် အနောက်သို့ ဆုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူမက တူကို သူ့ပါးစပ်ထဲသို့ အမြန်ထိုးထည့်လိုက်လေသည်။

"..."

"ဘယ်လိုနေလဲ" လင်းပိုင်ဝေ့က မျှော်လင့်တကြီး မေးလိုက်ပေသည်။

အရသာ အလွန်ရှိလှသည် မဟုတ်သော်လည်း မဆိုးလှပေ။ ၎င်းသည် ယခင်ဘဝက စုပေါင်းချက်ပြုတ်စားသောက်ခဲ့ရသည်ကို အမှတ်ရစေပါသည်။ ကြမ်းတမ်းသော်လည်း ထမင်းနှင့် စားလျှင် မြိန်မည့်ပုံပင်။

"မဆိုးပါဘူး"

ရှန်းယီသည် ပုဆိန်ကို ပစ်ချလိုက်ပြီး မတ်တတ်ရပ်ကာ ဟင်းရည်ထည့်ရန် ပြင်လိုက်ပေသည်။

"ကောင်းရမှာပေါ့" လင်းပိုင်ဝေ့က ဂုဏ်ယူဝင့်ကြွားနေသော စားဖိုမှူးတစ်ဦးကဲ့သို့ လက်ကို နောက်ပစ်ကာ ညည်းတွားလိုက်ပေသည်။

ထိုအချိန်တွင် တံခါးကို ကြမ်းတမ်းစွာ ကန်ကျောက်သံ ထွက်ပေါ်လာလေ၏။

ဘုန်း...

ဘုန်း...

"ရှန်း... ထွက်ခဲ့စမ်း"

ရှန်းယီသည် တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် မျက်မှောင်ကြုတ်ကာ အပြင်သို့ ထွက်လာခဲ့လေ၏။

လင်းပိုင်ဝေ့သည် နားမလည်သော အမူအရာဖြင့် ရှိနေသော်လည်း မေးခွန်းထုတ်မနေတော့ဘဲ မီးဖိုချောင်ထဲသို့ အမြန်ဝင်သွားလိုက်ပါသည်။

နောက်တစ်ခဏတွင် ရုံးတော်အမှုထမ်း ငါးဦးခြောက်ဦးခန့်သည် ကျိုးပဲ့သွားသော တံခါးပေါက်မှတစ်ဆင့် ဝင်ရောက်လာကြပေသည်။

လူနှစ်ဦးသည် တံခါးပေါက်မှ တစ်ဦးပြီးတစ်ဦး ဝင်လာကြလေသည်။

ရှေ့မှလူမှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးဖြစ်ပြီး မျက်နှာထားမှာ တင်းမာခက်ထန်နေပေသည်။

ထိုသူသည် စာရေးကြီးလျို ပင် ဖြစ်ပါသည်။

သူ့အနောက်မှ ပိန်လှီသော ရသေ့ကြီးသည် လက်နှစ်ဖက်ကို အောက်သို့ချလျက် ရပ်နေပြီး ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့ ကြည့်ရှုနေပေသည်။

အပြင်ဘက်တွင်မူ ချန်ကျိနှင့် သူ၏အပေါင်းအပါ သုံးဦးကို ရုံးတော်အမှုထမ်းများက ပခုံးပေါ် ဓားတင်၍ နံရံတွင် ကပ်ထားပြီး ချုပ်နှောင်ထားပါသည်။

သားသတ်သမားကျန်းသည် လမ်းမပေါ်တွင် ခပ်လှမ်းလှမ်း၌ရပ်နေပြီး မျက်နှာမှာ မဲမှောင်နေကာ ပန်းကန်လုံးလောက်ရှိသော လက်သီးများကို တင်းတင်းဆုပ်ထားလေသည်။

"ရုံးတော်က မင်းကို ယုံကြည်ပြီး အရေးကြီးတဲ့ တာဝန်ပေးအပ်ကာ နတ်ဆိုးကိစ္စတွေကို တာဝန်ယူခိုင်းခဲ့တယ်" လျိုတျန်းလိသည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေပြီး ရှန်းယီကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်ပါသည်။

"နှစ်ညအတွင်းမှာ ဘိုင်ယွမ်စီရင်စုနဲ့ ပတ်ဝန်းကျင် ကျေးရွာသုံးရွာ၊ ကင်းစခန်းခြောက်ခုက ကလေးငယ် ဆယ်ယောက်ကျော် ဖမ်းဆီးခံလိုက်ရတာတောင် မင်းက အိမ်မှာ ဇိမ်ကျနေတယ်ပေါ့။ မင်းရဲ့ အဖွဲ့တစ်ခုလုံးက ပုပ်သိုးနေပြီ၊ သတင်းလည်း မပို့ဘူး... ငါက မင်းကို ကိုယ့်သွေးသားရင်းချာလို ဆက်ဆံခဲ့တာပါကွာ"

အဘိုးအို၏အသံသည် ပြန်လည်အားပြည့်လာပြီး စူးရှစွာ ထွက်ပေါ်လာပေသည်။

"မင်း သေသင့်တယ်"

"ကျုပ်တို့ ကင်းတပ်ဖွဲ့ရုံးခန်းတံခါးတွေ အကျယ်ကြီး ဖွင့်ထားတာပါ၊ အဲဒီလို သတင်းမျိုး ဘာမှ မရပါဘူး" ချန်ကျိက အသက်ပြင်းပြင်းရှူရင်း အော်ဟစ် ကန့်ကွက်လိုက်ပါသည်။

အိမ်တစ်အိမ်တွင် ကလေးတစ်ယောက် ပျောက်သွားလျှင် မိသားစုက ရူးမတတ် ဖြစ်သွားကြမည်ဖြစ်ပါသည်။

ခေါင်းဆောင်ရှန်း၏ဂုဏ်သတင်း ကျော်ကြားနေချိန်တွင် သူတို့က ခေါင်းဆောင်ရှန်းကို မရှာဘဲ စာရေးကြီးလျိုဆီ သွားတိုင်ကြသည်ဆိုသည်မှာ ဖြစ်နိုင်ပါ့ပေမည်လော။

သူ့ကို တုံ့ပြန်လိုက်သည်မှာ မျက်နှာကို ဖြတ်ရိုက်လိုက်သော ပါးရိုက်သံ ဖြစ်လေသည်။

လျိုတျန်းလိက ချန်ကျိ၏မျက်နှာကို ဖြတ်ရိုက်လိုက်ပြီးနောက် လက်ကို ပြန်ရုတ်လိုက်လေသည်။

"ငါ့ကို ပြန်ပြောနေသေးတယ်ပေါ့"

စကားပြောနေစဉ်မှာပင် လမ်းထောင့်မှ သန်မာသော လူအယောက်နှစ်ဆယ်ခန့် လျှောက်လာကြပါသည်။

သူတို့အားလုံးတွင် လေးနှင့် ဒူးလေးများ ကိုင်ဆောင်ထားပြီး ဝတ်စားဆင်ယင်မှုမှာ ရုံးတော်အမှုထမ်းများနှင့် မတူပါပေ။

သူတို့သည် မြို့စောင့်တပ်သားများ ဖြစ်ပုံရလေသည်။

လျိုတျန်းလိသည် ရှန်းယီဘက်သို့ လှည့်လိုက်ပြီး "ဒီနေ့ နတ်ဆိုးကို မရှင်းလင်းနိုင်ရင် ငါ မင်းရဲ့ ခေါင်းကို ဖြတ်ယူမယ်" ဟု ကြုံးဝါးလိုက်ပေသည်။

All Chapters