မျောက်ဝံနတ်ဆိုး၏လက်စားချေခြင်း
Vol. 4 Ch. 37
"သွားကြစို့"
စာရေးကြီးလျိုသည် လက်ကို ဝင့်ကြွားစွာ ဝှေ့ယမ်းပြလိုက်ပြီး ရှေ့မှ ဦးဆောင်သွားလေ၏။လူအုပ်ကြီးသည်လည်း လမ်းမရှည်ကြီးအတိုင်း ခမ်းနားစွာ ချီတက်လိုက်ပါသွားကြသည်။
"အရာရှိရှန်း... ကြွပါ"
ပိန်လှီသော ရသေ့ကြီးသည် လက်ကို နောက်ပစ်လျက် အကြံပိုင်သော အပြုံးဖြင့် ဆိုလေသည်။
ရှန်းယီသည် တံခါးကို ပေါ့ပါးစွာ ပိတ်လိုက်သော်လည်း သူ၏မျက်ဝန်းအိမ်တွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။
ဤလူစုသည် ဆင်ခြေဆင်လက်များ ပြင်ဆင်ထားရုံသာမက သူ၏ခွန်အားကိုပါ ကြိုတင်ခန့်မှန်းတွက်ချက်ထားပြီး အသေအချာ ပြင်ဆင်လာကြသည်မှာ ထင်ရှားလှပေသည်။
နောက်လိုက် တစ်ဒါဇင်ခန့်သည် ခါးတွင် ဓားကိုယ်စီ ချိတ်ဆွဲထားရုံသာမက တစ်မီတာကျော် ရှည်လျားသော လှံများကိုပါ ကိုင်ဆောင်ထားကြ၏။
ကျန်ရှိသော စစ်သည်များမှာလည်း လေးနှင့် ဒူးလေးများကို ကိုယ်စီ တပ်ဆင်ထားကြပါသည်။
ဤလက်နက်များသည် သိုင်းပညာရှင်များနှင့် နတ်ဆိုးများအတွက် အရေးမပါသော်လည်း အကယ်၍ ထိုပိန်လှီသော ရသေ့ကြီးကသာ ကြားဝင်နှောင့်ယှက်လိုက်ပါက အခြေအနေမှာ မဟန်နိုင်တော့ချေ။
"မင်းတို့ ဘာအကွက်တွေ ရွှေ့မလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်"
သားသတ်သမားကျန်းသည် မျက်နှာထား တင်းမာစွာဖြင့် ရှန်းယီ၏အနောက်ဘက်သို့ ရောက်လာပြီး ပြောလိုက်လေသည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ပိန်လှီသော ရသေ့ကြီး၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း တားဆီးခြင်း မပြုပေ။
သူသည် မျက်ခုံးပင့်ကာ ပြုံးလျက် "မင်းတို့ သဘောပါပဲ၊ ကျုပ်က မင်းတို့ကို အဖော်ပြုပေးရုံ သက်သက်ပါ" ဟုသာ ဆိုလေသည်။
သဘောထားကွဲလွဲနေကြသဖြင့် စကားဆက်မပြောကြတော့ချေ။
လမ်းဘေးဘယ်ညာမှ လူအများ၏အံ့သြတကြီး ကြည့်ရှုနေမှုအောက်တွင် သူတို့ သုံးဦးသည် တိတ်ဆိတ်စွာဖြင့် မြို့ပြင်ဘက်သို့ ဦးတည် လျှောက်လှမ်းသွားကြလေသည်။
ဘိုင်ယွမ်စီရင်စုမှ ထွက်ခွာလာပြီးနောက် လီ (၃၀) ခန့် ဝေးကွာသော ကျောက်တုံးရွာသို့ ရောက်ရှိလာကြသည်။
စာရေးကြီးလျိုသည် သိသိသာသာကို လောနေပြီး မျက်နှာထားမှာလည်း မည်းမှောင်နေလေ၏။ သူသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး ရံဖန်ရံခါ ရှန်းယီကို လှည့်ကြည့်ကာ မျက်လုံးထဲ၌ ပြင်းထန်သော လူသတ်လိုစိတ်များ တိုးပွားလာနေလေသည်။
"ဒါက တကယ်ရော နတ်ဆိုးနှိမ်နင်းဖို့ သွားတာ ဟုတ်ရဲ့လား၊ ဒါမှမဟုတ် ကျုပ်တို့ကို ရှင်းဖို့လား"
ကျန်းတာ့ဟွာသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိသဖြင့် ရုန်းကန်ရန် ကြိုးစားလိုက်လေသည်။
ချက်ချင်းပင် လှံရှည်နှစ်ချောင်း ရောက်ရှိလာပြီး ချွန်ထက်သော လှံသွားများဖြင့် သူ့လည်ပင်းကို ထောက်လိုက်ရာ သွေးစီးကြောင်းနှစ်ခု စီးကျလာလေတော့သည်။
"မလုပ်နဲ့... ဒါ ဘယ်ကို ခေါ်သွားနေတာလဲ"
နျိုညီနောင်များမှာမူ မရုန်းကန်ရဲကြချေ။ လူအုပ်ကြီးသည် ကျောက်တုံးရွာကို မမြင်ချင်ယောင်ဆောင်လျက် ဖြတ်ကျော်ကာ လူသွားလမ်းကျဉ်းလေးထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကြသည်ကို ကြည့်နေမိကြသည်။
"ရှေ့ဆက်သွားရင် တောနက်ထဲ ရောက်တော့မယ်၊ နတ်ဆိုးတွေနဲ့ တွေ့မှာ မကြောက်ကြဘူးလား"
ထိုစကားကို ကြားသောအခါ ပိန်လှီသော ရသေ့ကြီးက လှောင်ပြုံးတစ်ခုပြုံးလိုက်ပြီး ခြေလှမ်းများကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်လေသည်။
တစ်ချိန်တည်းလိုလိုပင် အားလုံး ရပ်တန့်သွားကြပြီး နောက်လိုက်များနှင့် စစ်သည်များက လမ်းဖယ်ပေးလိုက်ကြ၏။
ထို့နောက် ရုတ်တရက်ဆိုသလိုပင် ရှန်းယီတို့အဖွဲ့၏ ခြေသလုံးများကို ကန်လိုက်ကြရာ ယိုင်နဲ့သွားပြီး ဒူးထောက်ကျသွားကြပေသည်။
ချက်ချင်းပင် အေးစက်သော ဓားသွားများက သူတို့၏လည်ပင်းပေါ်သို့ ရောက်ရှိလာပါတော့သည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် သက်ပြင်းချကာ အကြည့်လွှဲသွားလေ၏။
အဝေးတစ်နေရာမှ မှိန်ဖျော့ဖျော့ လရောင်အောက်တွင် လမ်းဘေး၌ သက်ငယ်မိုး တဲအိမ်လေးတစ်လုံး ထင်ရှားစွာရှိနေပါသည်။
ရှည်လျားသော ပုံသဏ္ဌာန်တစ်ခုက စားပွဲဘေးတွင် မတ်တတ်ရပ်နေ၏။ ရိုးရှင်းသော အဝတ်အစားဝတ်ဆင်ထားသော်လည်း လက်မောင်းနှင့် လက်ဖျံများတွင် မည်းနက်သော အမွေးအမျှင်များ ဖုံးအုပ်နေပြီး ပန်းကန်လုံးထဲသို့ ဝိုင်အရက်ကို ဂရုတစိုက် ငှဲ့ထည့်နေလေသည်။
ထိုင်နေသော ပုံသဏ္ဌာန်မှာတော့ ဂင်တိုတိုပုတုတုရှိပြီး ကောက်ရိုးမိုးကာအင်္ကျီနှင့် ဝါးခမောက်ကို ဆောင်းထားပါသည်။ ကျောပေးထားသည်ကိုကြည့်လျှင် ညဉ့်နက်သရေစာ စားသောက်နေပုံရလေသည်။
"ကျွတ်... ကျုပ်တို့ ထောင်ချောက်မိပြီ"
သားသတ်သမားကျန်းသည် အခြေအနေကို ကြည့်ရင်း လေးလေးနက်နက် ရေရွတ်လိုက်မိသည်။
သူ့စီနီယာအစ်ကိုက သူ့ကို ဘာကြောင့် လိုက်ပါခွင့်ပြုခဲ့သလဲဆိုသည်ကို ယခုမှ နားလည်သွားတော့သည်။
သူတို့ရှေ့မှ ပုံသဏ္ဌာန်နှစ်ခုမှာ ကနဦးနယ်ပယ် နတ်ဆိုးကြီးနှစ်ကောင် ဖြစ်နေသောကြောင့်ပင်။
ထိုင်နေသော နတ်ဆိုးမှာ အနည်းငယ် ဂနာမငြိမ်ဖြစ်နေပုံရပြီး မကြာသေးမီကမှ အဆင့်တက်ထားပုံရသော်လည်း ပြင်းထန်သော အရှိန်အဝါအရ ကနဦးနယ်ပယ် ပြီးပြည့်စုံခြင်း သို့ ရောက်ရှိနေပြီမှာ သေချာလှပေသည်။
မတ်တတ်ရပ်နေသော တစ်ကောင်မှာမူ စွမ်းအားအနည်းငယ် လျော့နည်းသော်လည်း သားသတ်သမားကျန်း နှင့် လက်ရည်တူလောက် ဖြစ်ပေမည်။
ထို့အတူ ပိန်လှီသောရသေ့ကြီး လည်း ရှိနေသေးသလို နောက်လိုက်များနှင့် စစ်သည် အင်အား ၃၀၊ ၄၀ ခန့်လည်း ရှိနေသေးသည်။
နှစ်ပေါင်းများစွာ လောကအနှံ့ ကျင်လည်ခဲ့သော အတွေ့အကြုံများအရ သားသတ်သမားကျန်းသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"ပြေးတာက အကောင်းဆုံးပဲ"
လက်ရှိအခြေအနေတွင် အသေခံလိုက်ရသည်ထက် နောက်ဆုတ်ပြီး အသက်အန္တရာယ် ကင်းဝေးအောင် နေသည်က ပိုကောင်းပေလိမ့်မည်။
"ခင်ဗျားတို့ လိုချင်တဲ့လူကို ကျုပ်ခေါ်လာပေးပါပြီ"
စာရေးကြီးလျိုသည် ဟန်လုပ်ရင်းသတ္တိများမွေးကာ တဲအိမ်ဘေးသို့ လျှောက်သွားပြီး ပြောလိုက်လေသည်။
"အဲဒီ မျောက်ဝံတွေကို ကျုပ် သတ်တာ မဟုတ်ပါဘူး၊ပြီးတော့ ကလေးပြန်ပေးဆွဲတဲ့ ကိစ္စကိုလည်း ကျုပ် ဖုံးဖိပေးထားပါသေးတယ်... ခင်ဗျားတို့ သူ့ကို မျှားခေါ်ချင်မှန်း ကျုပ်သိပါတယ်... မျောက်ဝံသခင်... ကျုပ်က အသက်ငါးဆယ်ကျော်မှ ရတဲ့ သားလေးမို့ပါ... ကျုပ်သားကို ပြန်ပေးပါဗျာ..."
"ပါးစပ်ပိတ်ထားစမ်း" အရက်အိုးကို ကိုင်ထားသော မျောက်ဝံနတ်ဆိုးက အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်လေသည်။
"ဟုတ်... ဟုတ်ကဲ့... ကျုပ် ပါးစပ်ပိတ်ထားပါ့မယ်"
စာရေးကြီးလျိုသည် ရှက်ရွံ့သော အပြုံးဖြင့် ခါးကို ကုန်းလိုက်ပြီး သူ့နောက်သို့ လက်ပြလိုက်လေ၏။
စစ်သည်များ၏သန်မာသော လေးမြှားများသည် လူအုပ်ကြားရှိ ရှန်းယီထံသို့ ချက်ချင်း ချိန်ရွယ်လိုက်ကြတော့သည်။
လှံရှည်တစ်ဒါဇင်ကျော်သည် သူ့ထံသို့ တပြိုင်နက်တည်း ထိုးညွှန်ကျဆင်းလာပြီး ဆုတ်လမ်းကို ပိတ်ဆို့လိုက်ကြသည်။
ထိုအချိန်တွင် ကောက်ရိုးမိုးကာ ဝတ်ဆင်ထားသော မျောက်ဝံအိုကြီးသည် ကျေနပ်အားရစွာ လေချဥ်တက်လိုက်ပြီး သူ ကိုက်ဝါးစားသောက်ထားသော ပြောင်လက်သန့်စင်နေသည့် အရာများကို သူ့ဘေးတွင် သပ်ရပ်စွာ စီထားလိုက်လေသည်။
ထို့နောက် မတ်တတ်ထရပ်ကာ ပါးစပ်ကို လက်ဖြင့် သုတ်လိုက်၏။ လရောင်အောက်တွင် မျက်လုံးပေါက်များ ဟာလာဟင်းဖြစ်နေသော သေးငယ်သည့် ခေါင်းခွံ (၁၃) ခုသည် စားပွဲပေါ်၌ ပြောင်လက်တောက်ပနေလေသည်။
ပါးစပ်ကို သန့်စင်အောင် သုတ်ပြီးသည်နှင့် မျောက်ဝံအိုကြီးသည် ခေါင်းကို လှည့်ကာ အက်ကွဲသော အသံဖြင့် ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပါပဲ..."
စာရေးကြီးလျို၏မျက်နှာသည် ထိုစကားကြောင့် ကျေနပ်သွားသော်လည်း သူ၏အကြည့်များ စားပွဲပေါ်သို့ ရောက်သွားပြီး လက်ချောင်းများဖြင့် ရေတွက်လိုက်သောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ပေသည်။
ထို့နောက် သူ၏မျက်နှာသည် ရုတ်ခြည်း သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
ခန္ဓာကိုယ်မှာ ဆန်ခါနေသည့်စကောကဲ့သို့ တုန်ယင်လာပြီး ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားပါတော့သည်။
စာရေးကြီးလျို၏လည်စေ့သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး စကားမပြောနိုင်တော့ဘဲ အသံမထွက်သော အော်ဟစ်သံများသာ ထွက်ပေါ်လာလေသည်။
"အား... အား... အ..."
ခေါင်းခွံပုံကြီးကို ကြည့်ရင်း သားသတ်သမားကျန်းသည် ရွံရှာသော မျက်နှာထား ဖြစ်ပေါ်လာပြီး ပိန်လှီသော ရသေ့ကြီးဘက်သို့ ရုတ်တရက် လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"ဟေ့ကောင်... ခေါင်းမှာ ပွေးကွက်တွေနဲ့ ကောင်၊ မင်း ရူးသွားပြီလား"
"အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ" ပိန်လှီသော ရသေ့ကြီးက မျက်မှောင်ကြုတ်ကာ လက်ကို ဖြန့်ပြလိုက်သည်။
"ငါ ဘာမှ မလုပ်ရသေးပါဘူး၊ စာရေးကြီးလျိုကို စုံစမ်းစစ်ဆေးဖို့ ဒီည လိုက်ပို့ပေးရမယ်ဆိုတဲ့ စီရင်စုမင်း အမိန့်အတိုင်း လုပ်နေတာပါ"
"အမှန်အတိုင်း ပြောရရင် အရာရှိရှန်း သူ့ကိစ္စတွေကို ဘယ်လို စီမံခန့်ခွဲသလဲ ဆိုတာကို မင်းတို့ မေးသင့်တာ မဟုတ်လား"
ပိန်လှီသော ရသေ့ကြီး၏မျက်နှာတွင် အပြုံးမပျက် ရှိနေဆဲဖြစ်ပြီး သူ၏အကြည့်များက ရှန်းယီထံသို့ ရွေ့လျားသွားလေသည်။
"ချီးပဲကွာ... ဘိုင်ယွမ်စီရင်စုက ပြည်သူ နှစ်သိန်းလောက်ကို ကာကွယ်ဖို့ ကျုပ်တို့ လေးယောက်ပဲ ရှိတာ၊အဲဒါတောင်မှ နတ်ဆိုးသတင်းကို ဖုံးဖိပေးဖို့ ကူညီပေးသေးတယ်။ ငါသာ နတ်ဆိုးနှိမ်နင်းရေးဌာနက လူဆိုရင် ဒီတိရစ္ဆာန်ကောင်တွေရဲ့ ခေါင်းကို အရင်ဖြတ်ပစ်လိုက်ပြီ"
သားသတ်သမားကျန်းသည် ဒေါသအိုးပေါက်ကွဲနေပြီး ထပ်မံ ဆဲဆိုရန် ပြင်လိုက်သော်လည်း သူ့ဘေးမှ တစ်စုံတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားသည်ကို သတိပြုမိလိုက်သည်။
သူ မော့ကြည့်လိုက်လေသည်။
ရှန်းယီသည် သူ့ဘေးပတ်လည်မှ လှံရှည်များနှင့် လေးမြှားများကို လုံးဝ ဂရုမစိုက်ဘဲ တိတ်ဆိတ်စွာ လျှောက်သွားနေသည်ကို တွေ့လိုက်ရ၏။
သူသည် ချန်ကျိအနားသို့ ရောက်သွားပြီး ခါးမှ ဓားကို ကုန်း၍ ဆွဲထုတ်လိုက်လေသည်။
"သွားကြစို့... အခွင့်အရေး ရှိလာမှာပါ" ချန်ကျိ စကားမဆုံးသေးခင်မှာပင် သူ့ဘေးမှ လူတစ်ယောက်က သူ့ကို တွန်းလှဲလိုက်သည်။
ထိုသို့ ပြုလုပ်လိုက်သော နောက်လိုက်သည် ရှန်းယီ၏ဘေးတိုက်မျက်နှာကို ငေးကြည့်နေပြီး အချိန်အတော်ကြာအောင် စကားတစ်ခွန်းမျှ မပြောနိုင် ဖြစ်နေလေသည်။
မကြာမီ လူငယ်လေးသည် တဲအိမ်လေးရှိရာသို့ ရောက်ရှိသွားလေသည်။
မျောက်ဝံနတ်ဆိုး နှစ်ကောင်သည် သူ့ကို ဂရုမစိုက်သော မျက်လုံးများဖြင့် ကြည့်နေကြပြီး အရပ်ရှည်ရှည် မျောက်ဝံပျိုက လှောင်ပြောင်သရော်လိုက်ပေသည်။
"မင်း အခုချက်ချင်း သူ့လို ဒူးထောက်လိုက်မယ်ဆိုရင် အလောင်းမပျက်စီးဘဲ သေခွင့်ရဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်"
"သူတို့ကို သတ်ပေးကြစမ်း... ငတုံးတွေ မင်းတို့က ဟိတ်ဟန်ထုတ်ရတာ ကြိုက်တယ်မလား၊ အခု ငါ အမိန့်ပေးမယ်... သူတို့ကို အမြန် သတ်ပစ်လိုက်စမ်း"
စာရေးကြီးလျိုသည် ရူးသွပ်သွားသကဲ့သို့ သူ့ဝတ်ရုံကို ဆွဲဖဲရင်း တိရစ္ဆာန်တစ်ကောင် အော်ဟစ်သကဲ့သို့ အော်ဟစ်လိုက်လေသည်။
ကံမကောင်းစွာဖြင့်ပင် ထိုတောင်းဆိုသံသည် တစ်ခဏသာ ကြာမြင့်လိုက်ပြီး သွေးပွက်ပွက်အန်သံအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ဓားချက် လျှပ်တစ်ပြက် ဝင်းလက်သွားပြီးနောက် ဆံပင်ဖြူဖြူနှင့်ဦးခေါင်းတစ်လုံးသည် မြေပြင်ပေါ်သို့ ဘုတ်ကလုပ်ဖြင့် လိမ့်ကျသွား၏။
ရှန်းယီသည် မျောက်ဝံနတ်ဆိုး နှစ်ကောင်ကို စိုက်ကြည့်ရင်း စာရေးကြီးလျို၏ခန္ဓာကိုယ် မလဲကျသေးခင်လေး သူ၏အစိမ်းရောင် ဝတ်ရုံပေါ်၌ ဓားကို ပေါ့ပါးစွာ သုတ်လိုက်လေသည်။
အဝေးတစ်နေရာတွင် လှံကိုင်ထားသော နောက်လိုက်များ၏လက်များမှာ ချွေးစေးများပြန်သွားကြလေသည်။
စစ်သည်များသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြပြီး သူတို့၏လေးများကို ထိုတစ်ယောက်တည်းသော ပုံရိပ်ထံသို့ ချိန်ရွယ်ကာ မြှားတင်ထားကြသော်လည်း မပစ်လွှတ်ရဲဘဲ ဖြစ်နေကြပေသည်။
"မိုက်ရူးရဲ ဆန်လိုက်တာ"
ပိန်လှီသော ရသေ့ကြီးသည် တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် ဒေါသတကြီးဖြင့် ခြေလှမ်းကျဲကြီးများ လျှောက်သွားလေသည်။
သူ့ကို ယနေ့ည ဤနေရာသို့ စေလွှတ်လိုက်ခြင်းမှာ ရှန်းယီကို လုပ်ကြံရန် အဓိကမဟုတ်ဘဲ စာရေးကြီးလျိုကို ကာကွယ်ရန်နှင့် လူအုပ်ကို ခြိမ်းခြောက်ရန်သာ ဖြစ်ပေသည်။
ဤအရူးကောင်က နတ်ဆိုးကြီးနှစ်ကောင်ရှေ့ရပ်ပြီး စာရေးကြီးကို အရင် ခေါင်းဖြတ်ပစ်လိုက်လိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ ထိုမျောက်ဝံအိုကြီးနှစ်ကောင်က ဘာမှ မလုပ်ဘဲ တိတ်တဆိတ် ကြည့်နေကြခြင်းပင်။
ဘေးလူသာ ကြည့်မည်ဆိုပါက ဤည လုပ်ကြံသတ်ဖြတ်မှု၏ပစ်မှတ်မှာ စာရေးကြီးလျို ဖြစ်သည်ဟု ထင်မြင်သွားပေလိမ့်မည်။
သူ ဒေါသထွက်နေစဉ်မှာပင် ကြီးမားသော လက်မောင်းတစ်ဖက်သည် ဘယ်နေရာကမှန်းမသိ ရောက်ရှိလာပြီး သူ့ရင်ဘတ်ကို မညှာမတာ ရိုက်ချလိုက်လေသည်။
ပိန်လှီသော ရသေ့ကြီးသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ယိုင်နဲ့နေသော ကိုယ်ကို မနည်း ထိန်းလိုက်ရပေသည်။
ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မင်း ဒီခွေးကောင်... သူ လူသတ်လိုက်တာကို မမြင်ဘူးလား"
သားသတ်သမားကျန်း၏မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့နေပြီး ဝက်သတ်ဓားကို ဆွဲထုတ်ကာ ဝင်ရောက်တိုက်ခိုက်ပါတော့သည်။
"မင်းအမေလင်ကို သွားပြော"
ထိုအချိန်တွင်...
မျောက်ဝံနတ်ဆိုးနှစ်ကောင်၏လျစ်လျူရှုထားသော အကြည့်များတွင် နောက်ဆုံး၌ လှုပ်ရှားသက်ဝင်မှုများ ပေါ်ပေါက်လာလေတော့သည်။