မျောက်ဝံနတ်ဆိုးကို လက်ဗလာဖြင့် အနိုင်ယူခြင်း
Vol. 4 Ch. 38
ဝါးခမောက်ဆောင်းထားသော မျောက်ဝံနတ်ဆိုးကြီးသည် ခမောက်ကို ချွတ်လိုက်ရာ ကျဲပါးပြီး အိုစာနေသည့် အမွေးအမျှင်မည်းမည်းများကို မြင်တွေ့လိုက်ရသည်။
၎င်းသည် အရပ်ပုသော်လည်း ဦးခေါင်းမှာ အလွန်ကြီးမား၏။ နှုတ်ခမ်းလှုပ်လိုက်သည်နှင့် ချွန်ထက်သော အစွယ်နှစ်ချောင်း ပေါ်ထွက်လာပြီး "ဓားသိုင်းကတော့ မဆိုးပါဘူး၊ နှမြောစရာကောင်းတာက ဓားအဆင့်မမီနေတာပဲ" ဟု ဆိုလေသည်။
အရပ်ရှည်ရှည်နှင့် မျောက်ဝံပျိုသည် ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး ပိုးသားစဖြင့် သေချာစွာ ထုပ်ပိုးထားသော ရှည်လျားသောပုံစံ အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက်ပိုးသားစကို ဖြေလိုက်သောအခါ သေးသွယ်ရှည်လျားသည့် လှပသော အခမ်းအနားသုံး ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။
ဓားအိမ်မှာ မြှားတစ်စင်းကဲ့သို့ ဖြောင့်တန်းနေပြီး ရွှေရောင်ကနုတ်ပန်းများဖြင့် တန်ဆာဆင်ထားကာ တစ်ကိုယ်လုံး မည်းနက်ပြောင်လက်နေ၏။
၎င်းသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ အထူးလေးစားသော အမူအရာဖြင့် ဆက်သလိုက်သည်။
ဝါးခမောက်နှင့် မျောက်ဝံအိုကြီး၏ပိန်လှီသောလက်များက ဓားလက်ကိုင်ကို ဆုပ်ကိုင်ကာ မည်းနက်တောက်ပနေသော ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်ရှုစစ်ဆေးနေလေသည်။
ဤအရာက တိုက်ဆိုင်မှုတစ်ခု ဖြစ်တန်ရာမရှိပေ။
ဤနတ်ဆိုးများ၏ကျင့်ကြံဆင့်မြင့်မားလာလေလေ လူသားများ၏အပြုအမူကို ပိုမိုအတုခိုးလေလေ ဆိုသည်ကို ရှန်းယီ သတိပြုမိလိုက်သည်။
မွေးဝါနတ်ဆိုးဆိုလျှင် ဝေါယှဉ်ဖြင့်သွားလာလေ့ရှိပြီး ငမ်းငမ်းတက်လောဘကြီးကာ လူသားများကို စားသောက်ရန်သာ စိတ်ကူးရှိသူဖြစ်ပေသည်။
ယခု မျောက်ဝံနတ်ဆိုးအုပ်စုမှာမူ လူအဝတ်အစားများဖြင့်နေကြရုံသာမက စာအုပ်ထဲမှနှစ်သက်ရာ အမည်တစ်ခုကို ရွေးချယ်ကာ မှည့်ခေါ်တတ်ကြပြီး ငယ်ရွယ်နုပျိုသော အမျိုးသမီးများကိုပင် သိမ်းပိုက်လိုကြသေးသည်။
ချီလင်နတ်ဆိုးအိုမကြီးဆိုလျှင်လည်း သူမကိုယ်သူမပြင်ဆင်ခြယ်သကာ အလှပဆုံးနှင့် တန်ဖိုးအကြီးဆုံး ရတနာများကို ဖန်တီးပေးရန် အတော်ဆုံး လက်မှုပညာရှင်များကို ဖမ်းဆီးလိုစိတ် ရှိနေလေပြီ။
"ငါ့ရဲ့ ဒီဓားနာမည်က..."
ယွမ်ထုံထျန်းသည် အသက်ကို အောင့်ထားရင်း မျက်လုံးများ အရောင်တောက်လာကာ ဤရတနာဓား၏မူလဇာစ်မြစ်ကို သေချာစွာ ရှင်းပြရန် ပြင်လိုက်လေ၏။
ရှန်းယီသည် အတွေးများကို စုစည်းလိုက်ပြီး ဒူးထောက်နေသော မျောက်ဝံရှည်ကြီးထံသို့ ဓားဖြင့် ချက်ချင်း ခုတ်ပိုင်းလိုက်လေသည်။
တိုက်ပွဲအလည်တွင် အခမ်းအနားစည်းမျဉ်းအကြောင်း ပြောချင်နေသေးသည်မှာ အလွန်ပင် ရယ်ဖွယ်ကောင်းလှပေသည်။
သွေးရောင်လွှမ်းသော ဆိုးယုတ်ခြင်းအငွေ့အသက်များ ရစ်ပတ်ထားသည့် ဓားသွားသည် ကြီးမားသော စွမ်းအားဖြင့် မျောက်ဝံနတ်ဆိုး၏ လည်ပင်းဆီသို့ ကျဆင်းသွားလေ၏။
ရွှေရောင်နေမင်း ရတနာရှစ်ပါး ခန္ဓာကိုယ်ကျင့်စဉ်၏ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိပြီးကတည်းက ရှန်းယီသည် သူ၏ခွန်အားများမှာ ကြီးကျယ်ခမ်းနားသော မြစ်ကြီးတစ်စင်းကဲ့သို့ တိုးပွားလာပြီး ယခင်ကထက် များစွာ သာလွန်လာသည်ကို ခံစားမိပေသည်။
နတ်ဆိုးနှစ်ကောင်သည် သူ၏လျှပ်တစ်ပြက် တိုက်ခိုက်မှုကို မျှော်လင့်ထားပုံမရပေ။
မျောက်ဝံရှည်ကြီးမှာ တစ်ခဏမျှ ကြောင်အမ်းသွားပြီးမှ ကာကွယ်ရန် ကပျာကယာ လက်လှမ်းလိုက်ပေသည်။
ထိုခေတ္တမျှ တုံ့ဆိုင်းသွားခြင်းကပင် ၎င်း၏လည်ဂုတ်ရိုးကို တို့ဖူးတစ်တုံးအား ဓားဖြင့်လှီးဖြတ်လိုက်သကဲ့သို့ လွယ်ကူစွာ ပိုင်းဖြတ်ခံလိုက်ရစေလေသည်။
အံ့အားသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်နေသော ခေါင်းပြတ်ကြီးသည် ယွမ်ထုံထျန်း၏ ခြေရင်းသို့ လိမ့်ဆင်းသွားပေ၏။
အခမ်းအနားသုံးဓားရှည်ကို ကိုင်ထားသော ယွမ်ထုံထျန်း၏နှာခေါင်းဝများ ကျယ်လာပြီး စူးရှစွာ အော်ဟစ်လိုက်တော့လေသည်။
"ရိုင်းစိုင်းလိုက်တာ... ရိုင်းစိုင်းလွန်းတယ် စည်းကမ်းနည်းလမ်း မသိနားမလည်တဲ့ တောသားလူရိုင်းပါလား"
သူသည် အစာမစားမီ လက်ကို ရေစိုဝတ်ဖြင့် သုတ်ပြီးမှ စားလေ့ရှိသလို၊ သုံးရက်တစ်ခါ ရေချိုးပြီး ငါးရက်တစ်ခါ အမွှေးတိုင်ထွန်းလေ့ရှိသည်။
လူသတ်မည်ဆိုလျှင်လည်း မိမိမည်သူဖြစ်ကြောင်း ကြေညာရမည်၊ အကြောင်းပြချက် ပေးရမည်၊ ဘာကြောင့် သတ်ရကြောင်းနှင့် မည်သို့ အနိုင်ယူမည်ကို ရှင်းပြရမည်ဖြစ်သည်။
'ဒီကောင်က ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး ဒီလောက် အဓိပ္ပာယ်မရှိ ရိုင်းစိုင်းတဲ့အလုပ်ကို လုပ်ရက်တာလဲ။'
အော်ဟစ်နေရင်းပင် ယွမ်ထုံထျန်း၏ဂင်တိုတို ခန္ဓာကိုယ်သည် ရုတ်တရက် ခုန်တက်လာပြီး လက်ထဲမှ ဓားနက်ကြီးဖြင့် ဆက်တိုက် ခုတ်ပိုင်းလိုက်ပေ၏။
ဓားချက်တိုင်းသည် တည်ငြိမ်ပြီး ရက်စက်ကာ ပထမဆုံး ဓားချက်ဖြင့်ပင် ခိုင်မာသော အခြေခံရှိကြောင်း ပြသနေပေသည်။
ရေခဲအလား အေးစက်သော ဓားချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး သက်ငယ်မိုးတဲအိမ်လေးကို ဖျက်ဆီးပစ်လိုက်လေသည်။
ချက်ချင်းအခြေအနေကြားမှာပင် ယွမ်ထုံထျန်း၏ဓားကွက်များမှာ စနစ်တကျနှင့် နက်နဲလှသဖြင့် ၎င်းသည်လည်း ကနဦးအဆင့် ဓားသိုင်းပညာကို ပြီးပြည့်စုံအောင် တတ်မြောက်ထားကြောင်း ထင်ရှားပေသည်။
လူသားများ၏နေထိုင်မှုပုံစံကို သင်ယူရုံသာမက သိုင်းပညာကိုပင် လေ့ကျင့်ထားသည်။
"ယဉ်ကျေးမှု မရှိတဲ့ကောင်၊ မင်း သေသင့်တယ်"
"ငါ့မျိုးဆက်ကို သတ်တဲ့ကောင်၊ မင်း သေကို သေရမယ်"
"ငါ့လက်ထဲမှာ သေလိုက်စမ်း"
ယွမ်ထုံထျန်း၏ကိုင်းညွှတ်နေသော ခန္ဓာကိုယ်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ရှေ့သို့ တိုးဝင်လာပေသည်။
ရှည်လျားသော လက်မောင်းများကို ဝှေ့ယမ်းလိုက်ရာ ဓားချက်တိုင်းသည် ယခင်ဓားချက်ထက် ပိုမိုမြန်ဆန်လာလေ၏။
ထိုမျှ ကြမ်းတမ်းသော တိုက်ခိုက်မှုများကြားတွင် ရှန်းယီသည် တည်ငြိမ်စွာပင် ခြေလှမ်းမှန်မှန်ဖြင့် ရှိနေသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် အားမလိုအားမရ ဖြစ်မိသွားပေသည်။
ဤမျောက်ဝံအိုကြီးသည် သာမန်မဟုတ်သည်မှာ ထင်ရှားလှပြီး တစ်စုံတစ်ဦး၏သင်ကြားပြသမှုကို ခံထားရပုံရလေ၏။
၎င်းအသုံးပြုသော ဓားသိုင်းသည်လည်း သူ၏လက်မောင်းများနှင့် အံဝင်ခွင်ကျ ဖြစ်အောင် စီစဉ်ထားပုံရကာ ထိုဓားရှည်သည်လည်း သာမန်ပစ္စည်းမဟုတ်ပေ။
ရှန်းယီ၏လက်ထဲမှ ယာမန်ရုံးတော်သုံး ဓားမှာ ငွေခုနစ်ကျပ်သားနှင့် နှစ်မူးသာ တန်ပြီး ထိုထဲ၌ ပန်းဘဲဖို၏အမြတ်ငွေကိုပါ ထည့်တွက်ထားပြီး ဖြစ်ပေသည်။
ယခင်က သတိမထားမိခဲ့သော်လည်း ယခုအခါ မိမိနှင့် ကျင့်ကြံဆင့်တူပြီး သိုင်းပညာ မနိမ့်ကျသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် လက်နက်ကွာခြားချက်မှာ ရုတ်တရက် သိသာထင်ရှားလာပေတော့သည်။
အကယ်၍ပြိုင်ဘက်ကို အထိအခိုက်မရှိဘဲ ဖမ်းဆီးရန် ဆက်လက်ကြိုးစားနေမည်ဆိုပါက သူ ပိုမိုကြီးမားသော တန်ကြေးကို ပေးဆပ်ရလိမ့်မည်ဟု စိုးရိမ်မိလေ၏။
ဤအချက်ကို တွေးမိသည်နှင့် ရှန်းယီ၏အကြည့်များ တည်ငြိမ်သွားပြီး ဟာကွက်တစ်ခုကို အခွင့်ကောင်းယူကာ ဓားဖြင့် ပိုင်းချလိုက်ပေသည်။
လက်နက်ချင်း ကွာခြားမှုမှာ သူထင်ထားသည်ထက် ပိုမိုကြီးမားနေခဲ့ချေ၏။
တစ်ချက်တည်း အားကုန်သုံး၍ ထိပ်တိုက်တွေ့လိုက်ရုံဖြင့် သူ၏ရုံးတော်သုံးဓားမှာ နှစ်ပိုင်းကျိုးသွားပြီး ဓားသွားအပိုင်းအစ လွင့်ထွက်သွားပါတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဤအခြေအနေကို မျှော်လင့်ထားပြီးဖြစ်၍ ဓားရိုးကို ချက်ချင်းလွှတ်လိုက်ကာ နောက်ဆုတ်မသွားဘဲ ရှေ့သို့ တိုးဝင်လိုက်ပေသည်။
သူတို့နှစ်ဦးကြား အကွာအဝေးကို လျှပ်တစ်ပြက် ကျဉ်းမြောင်းစေလိုက်ပြီး သန်မာသော လက်ချောင်းရှည်များကို လက်သီးဆုပ်အဖြစ် ပြောင်းလဲလိုက်လေသည်။
သူလည်းနာကိုယ်လဲထိ ဝင်ရောက်တိုက်ခိုက်ခြင်း။
ယွမ်ထုံထျန်းသည် ရှန်းယီ၏အတွေးကို ရိပ်မိသဖြင့် ကြောက်ရွံ့ခြင်းမရှိဘဲ ရက်စက်သော အပြုံးတစ်ခုကိုပင် ထုတ်ဖော်လိုက်ပေသည်။
နှစ်ပေါင်းများစွာ သူနှင့်မကွာ ဆောင်ထားသောသူသာလျှင် ဤရတနာဓား မည်မျှထက်ရှကြောင်း သိပေသည်။
'နှစ်ဖက်စလုံးအထိနာစေမှာလား၊ မင်း နောက်ထပ် တိုက်ခိုက်ဖို့ အခွင့်အရေး ရမယ်များ ထင်နေတာလား'
နောက်တစ်ခဏတွင် ဓားနက်ကြီးသည် ရှန်းယီ၏ ပခုံးပေါ်သို့ ရက်စက်စွာ ခုတ်ပိုင်းချလိုက်တော့လေသည်။
အသားများစုတ်ပြဲသွားခြင်း မရှိသလို ဓားဖြင့် အသားကို လှီးဖြတ်လိုက်သည့် အသံလည်း ထွက်မလာခဲ့ပေ။
"ထန်"
သတ္တုချင်း ရိုက်ခတ်မိသော အသံ ကျယ်လောင်စွာ ထွက်ပေါ်လာပေသည်။
နှစ်ဖက်စလုံး ခေတ္တမျှ ကြောင်အမ်းသွားကြလေ၏။
ယွမ်ထုံထျန်းသည် သူ၏ဓားရှည်ကို ဆုပ်ကိုင်ထားရင်း မယုံကြည်နိုင် ဖြစ်နေပေသည်။ အနက်ရောင် အလင်းတန်းများ တောက်ပနေသော ဓားကို မည်မျှပင် အားကုန်သုံး၍ ဖိချစေကာမူ တစ်လက်မမျှပင် တိုးမဝင်ပေ။
"..."
သူ မော့ကြည့်လိုက်ရာ ရှန်းယီ၏မျက်လုံးထဲတွင်လည်း အံ့သြရိပ် အနည်းငယ်ကို တွေ့လိုက်ရလေသည်။
ထိုသို့ဆိုရးလျှင်...
'မင်းက ဘာကို အံ့သြနေတာလဲ။ ခုနက ဘာကို ရှောင်တိမ်းနေတာလဲ။ဒဏ်ရာရမှာကို မမှုသလို တန်ပြန်တိုက်စစ်ဆင်ချင်ယောင်ဆောင်တဲ့ ဒီဇာတ်ကွက်ကို ဘယ်သူ့အတွက် ကပြနေတာလဲ။'
ယွမ်ထုံထျန်း သတိဝင်လာချိန်တွင် သွယ်လျသော်လည်း သန်မာသော လက်ချောင်းငါးချောင်းက သူ့မျက်နှာကိုဆုပ်ကိုင်ထားပြီးဖြစ်ကာ ကြီးမားသော စွမ်းအားအရှိန်ဖြင့် သူ့တစ်ကိုယ်လုံးကို ကြမ်းပြင်ပေါ်သို့ ရက်စက်စွာ ရိုက်ချလိုက်တော့ပေသည်။
သူ့ခန္ဓာကိုယ် အတွင်းကလီစာများအားလုံး ကြေမွသွားသလိုပင် ခံစားလိုက်ရလေ၏။
ထိုခွန်အားသည် ကနဦးအဆင့်၏ခွန်အားမဟုတ်သည်မှာ သေချာလှပေသည်။
၎င်းသည် သူ အိပ်မက်မက်ခဲ့သော နယ်ပယ်တစ်ခု ဖြစ်လေ၏။
ကျောက်စိမ်းအဆင့် နှင့် ယှဉ်နိုင်သော ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးက အဘယ်ကြောင့်တိုက်ပွဲမစမီ လျှပ်တစ်ပြက် ဝင်တိုက်ခိုက်ခဲ့ရပေသနည်း။
နားမလည်နိုင်ခင်မှာပင် ယွမ်ထုံထျန်း၏မျက်လုံးသူငယ်အိမ်သည် ကျဆင်းလာသော လက်သီးချက်ကြောင့် ကြေမွသွားပေတော့သည်။
နှာခေါင်းပေါက်ထဲမှ သွေးများစီးကျလာပြီး ပါးစပ်ဟလိုက်သောအခါ ချိုအီအီသွေးအရသာများနှင့်အတူ သွေးများ အန်ထွက်လာလေ၏။
လေတိုးသံကဲ့သို့ လက်သီးသံများကို သူ့နားထဲတွင် ကြားနေရပြီး ၎င်းအသံသည် ဝိညာဉ်နှုတ်ယူမည့် သရဲတစ္ဆေတစ်ကောင် လာရောက်၍ တီးတိုးပြောဆိုနေသကဲ့သို့ ရှိလေသည်။
အဝေးတစ်နေရာတွင်...
သားသတ်သမားကျန်းသည် နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပါသည်။
သူနှင့် ပိန်လှီသော ရသေ့ကြီးတို့သည် တူညီသောဂိုဏ်းများမှဖြစ်ကြပြီး တစ်ဖက်လူ၏သိုင်းကွက်များကို အလွန်ရင်းနှီးကျွမ်းဝင်နေကြသဖြင့် အချိန်တိုအတွင်း အနိုင်အရှုံး ခွဲခြားရန် မဖြစ်နိုင်ပေ။
သို့သော် ယခုလက်သီးချက်သည် အလုပ်ဖြစ်သွားပြီး ပြိုင်ဘက်၏နှာခေါင်းရိုးပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားပေသည်။
ရသေ့ပိန်ကြီးမှာ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားရင်း နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေလေ၏။
လက်ချောင်းကြားမှ စီးကျလာသော သွေးများကို လျစ်လျူရှုကာ အဝေးတစ်နေရာကို ကြောက်ရွံ့တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်နေမိပေတော့သည်။
"ဒီလောက်အသက်ကြီးနေပြီကို ငါ့ကိုနောက်လှည့်ကြည့်စေတဲ့လှည့်ကွက်တွေ သုံးနေတုန်းလား။ ဒီနေ့တော့ ဂိုဏ်းဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ မင်းလိုကောင်ကို အပြတ်ရှင်းပစ်မယ်"
သားသတ်သမားကျန်းသည် လက်သီးကို မြှောက်ကာ ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုရသေ့ကြီးသည် သူ့နောက်ကျောဘက်သို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်လေ၏။
သူ အံကိုကြိတ်ကာ နောက်သို့ လှည့်ကြည့်လိုက်ပေသည်။
ထိုအခါမှာတော့ ကျောချမ်းဖွယ်အေးစက်မှုကို ခံစားလိုက်ရပေသည်။
သန်မာထွားကျိုင်းသော လူငယ် ဒါဇင်ပေါင်းများစွာသည် လှံရှည်များနှင့် လေးများကို ကိုင်ဆောင်ထားကြသော်လည်း လက်များ အားမရှိတော့သလို ကြောင်အမ်းအမ်း ရပ်နေကြသည်ကို တွေ့လိုက်ရပေသည်။
ထိုလူအုပ်၏အရှေ့ဆုံးတွင် ရှန်းယီသည် မျောက်ဝံအိုကြီးကို ဖိထားကာ ခံစားချက်ကင်းမဲ့စွာဖြင့် လက်သီးဖြင့် ထိုးနှက်နေလေသည်။
သူ၏လက်တွင် အနီရောင်နှင့် အဖြူရောင် ရောနှောနေသော ပျစ်ချွဲချွဲအရည်များ ပေကျံနေပြီး တောက်တောက်ကျနေပေသည်။
လက်သီးချက်တိုင်းတွင် မျောက်ဝံနတ်ဆိုးကြီး၏ ခြေထောက်များ ဆတ်ခနဲတုန်တုန်သွားပေ၏။
နောက်ဆုံး လှုပ်ရှားမှု လုံးဝမရှိတော့သည့် အချိန်အထိပင်။
ရှန်းယီသည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပြီး ပူနွေးသော လေပူတစ်လုပ်ကို မှုတ်ထုတ်လိုက်ကာ သူ၏နက်မှောင်သော မျက်လုံးများဖြင့် နောက်သို့ ပြန်ကြည့်လိုက်ပေသည်။
သူ့အကြည့် ရောက်ရှိလာသည့် ခဏတွင် ယာမန်ရုံးတော်မှ အမှုထမ်းများနှင့် စစ်သည်များမှာ ခြေထောက်များ ပျော့ခွေသွားပြီး တညီတညွတ်တည်း ဒူးထောက်ကျသွားကြပေသည်။
အသက်ကယ်ရန် တောင်းပန်ဖို့ပင် အားအင်မရှိတော့ပေ။
"အချိန် ဘယ်လောက်တောင် ကြာသွားပြီလဲ..."
သားသတ်သမားကျန်း တံတွေးတစ်ချက် မျိုချလိုက်ပေသည်။
သူ သွေးပူလေ့ကျင့်ခန်းလုပ်၍ပင် မပြီးသေးပေ၊ တစ်ဖက်မှာတော့ တိုက်ပွဲပြီးသွားပြီလော။
ကနဦးအဆင့် နတ်ဆိုးကြီးနှစ်ကောင်လုံး အသံမထွက်နိုင်ဘဲ မည်သို့ သေသွားကြပေသနည်း။
သူ ပိန်လှီသော ရသေ့ကြီး ရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်ပေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုရသေ့ကြီးသည် ကျန်း ၂၀ ခန့် အကွာအဝေးသို့ တွားသွားလိုက်၊လိမ့်သွားလိုက်ဖြင့် ထွက်ပြေးသွားပြီးဖြစ်ပေသည်။
သူသည် သိုင်းပညာရှင် ကျင့်ကြံသူတစ်ယောက်နှင့်ပင် မတူတော့ဘဲ လန့်ဖျပ်သွားသော ယုန်တစ်ကောင်အလား ဖြစ်နေတော့ပေ၏။