မျောက်ဝံနတ်ဆိုး၏ရတနာ
Vol. 4 Ch. 39
ရှန်းယီသည် အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်နေသော အခမ်းအနားသုံး ဓားရှည်ကို ကောက်ယူလိုက်လေသည်။
ယခင်ဓားနှင့် နှိုင်းယှဉ်ပါက ဓားရွက်သည် အနည်းငယ် ပိုကျဉ်း၍ ဖြောင့်တန်းကာ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော်လည်း အလေးချိန်မှာမူ အဆများစွာ ပိုလေးလံပေသည်။
၎င်းသည် သာမန်ပစ္စည်း မဟုတ်ကြောင်း ထင်ရှားလှပေ၏။
သို့သော် ထိုကဲ့သို့ အဖိုးတန်သော ဓားတစ်လက်သည်ပင် သူ့အရေပြားကို မထိုးဖောက်နိုင်ခဲ့ပေ။
ရွှေရောင်နေမင်း ရတနာရှစ်ပါး ခန္ဓာကိုယ်ကျင့်စဉ် ၏အကျိုးသက်ရောက်မှုသည် ရှန်းယီ မျှော်လင့်ထားသည်ထက်ပင် သာလွန်နေခဲ့ပေသည်။
သားသတ်သမားကျန်း၏အဆိုအရ ဤပညာရပ်သည် ဗာဂျာရာဂိုဏ်း၏ကနဦးအဆင့် သိုင်းပညာကို အခြေခံပြီး သူကိုယ်တိုင် စူးစမ်းဆင်ခြင် ထားခြင်းသာ ဖြစ်ပေသည်။
အကယ်၍ ထိုဂိုဏ်း၏ပြီးပြည့်စုံသော ကျောက်စိမ်းအဆင့် သိုင်းပညာသာ ဆိုပါက မည်မျှ အစွမ်းထက်လိုက်ပေမည်နည်း။
ရှန်းယီသည် ခေါင်းခါလိုက်ပြီး ထိုဓားကို အသုံးပြုကာ ယွမ်ထုံထျန်း၏ခန္ဓာကိုယ်မှ နတ်ဆိုးအမြုတေကို ထုတ်ယူလိုက်လေသည်။
ထို့နောက် မျောက်ဝံပျိုအလောင်းရှိရာသို့ လျှောက်သွားပြီး အလားတူ ပြုလုပ်လိုက်ပေ၏။
နောက်ဆုံးတွင် ဓားအိမ်ကို ကောက်ယူပြီး ဓားနက်ကို ပြန်လည် ထည့်သွင်းလိုက်ပေသည်။
ဤမျှအဖိုးတန်သော ဓားတစ်လက်တွင် နာမည်မရှိခြင်းက နှမြောစရာ ကောင်းလှပေ၏။
တစ်ခဏမျှ စဉ်းစားပြီးနောက် ဓားရွက်မှာ နက်မှောင်တောက်ပနေပြီး ဓားအိမ်မှာလည်း မင်ရည်ကဲ့သို့ မည်းနက်နေသဖြင့်...
ရှောင်ဟေး(အနက်လေး) ဟုသာ အမည်ပေးလိုက်တော့သည်။
သူ မော့ကြည့်လိုက်ပြီးနောက် မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
[ ကနဦးအဆင့် ပြီးပြည့်စုံခြင်း မျောက်ဝံနတ်ဆိုးကို သတ်ဖြတ်ပြီးဖြစ်သည်၊ စုစုပေါင်း သက်တမ်း ၇၇၄ နှစ်၊ လက်ကျန် သက်တမ်း ၁၉၇ နှစ်၊ စုပ်ယူခြင်း ပြီးဆုံး ]
[ ကနဦးအဆင့် နှောင်းပိုင်း မျောက်ဝံနတ်ဆိုးကို သတ်ဖြတ်ပြီးဖြစ်သည်၊ စုစုပေါင်း သက်တမ်း ၆၃၁ နှစ်၊ လက်ကျန် သက်တမ်း နှ၂၇၀ နှစ်၊ စုပ်ယူခြင်းပြီးဆုံး။ ]
[ လက်ကျန် နတ်ဆိုးသက်တမ်း - ၆၅၁ နှစ် ]
"..."
ပထမဆုံး မျောက်ဝံနတ်ဆိုးတစ်ကောင်ထံမှ အဖိုးတန်ဓားတစ်လက် ရရှိပြီးနောက် ယခုလို များပြားလှသော သက်တမ်းကိုပါ ရိတ်သိမ်းရရှိလိုက်ပေသည်။
သူ ဝမ်းသာအားရ ဖြစ်နေသင့်ပါသည်။
သို့သော် ရှန်းယီသည် စားပွဲပေါ်တွင် သပ်ရပ်စွာ စီထားသော ဦးခေါင်းခွံများကို ကြည့်လိုက်ပြီး ရုတ်တရက် စိတ်အားထက်သန်မှု လျော့နည်းသွားသလို ခံစားလိုက်ရပေ၏။
သူ လှည့်ထွက်လိုက်ပြီး လူအုပ်ကြီးရှိရာသို့ လျှောက်သွားလိုက်လေသည်။
ချန်ကျိသည် တိတ်ဆိတ်စွာ မတ်တတ်ထရပ်ပြီး သူ့နောက်သို့ လိုက်ပါလာပေသည်။
နျိုညီနောင်များနှင့် သားသတ်သမားကျန်းတို့လည်း မြေပြင်ပေါ်မှ အလျင်အမြန် ထရပ်လိုက်ကြသော်လည်း သူတို့၏မျက်နှာများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များကို ဖုံးဖိမထားနိုင်ကြချေ။
အရာရှိရှန်းသည် မူလကတည်းက ကြင်နာတတ်သူ မဟုတ်ပေ။
သို့သော် ယခုလေးတင် မြင်တွေ့ခဲ့ရသော မြင်ကွင်းနှင့် နှိုင်းယှဉ်ပါက သူသည် ယခင်ကသနားကြင်နာသူဟုပင် ထင်ရသည်။
နတ်ဆိုးတစ်ကောင် အရှင်လတ်လတ် ထုချေခံရကာ သွေးအိုင်ထဲ လဲကျသွားသည့် မြင်ကွင်းသည် သာမန် အမှုထမ်းစာရေးများအတွက် ထရော်မာကြီးကြီးရကာ စိတ်ပြန်လည်တည်ငြိမ်ရန် ရက်အတော်ကြာ၊ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်ကောင်း ကြာမြင့်နိုင်ပေသည်။
"ဘာ ကြောင်ကြည့်နေကြတာလဲ၊ သွားကြမယ်"
ရှန်းယီ အဝေးသို့ ရောက်သွားသည်ကို မြင်သောအခါ သားသတ်သမားကျန်းက မြေပြင်ပေါ်တွင် လဲလျောင်းနေသော စစ်သည်များနှင့် စာရေးများကို ခြေထောက်ဖြင့် ကန်ကာ အော်ဟစ်လိုက်လေသည်။
သူ သက်ပြင်းချလိုက်မိ၏။
အပြစ်ကြီးမားသော စာရေးကြီးလျိုနှင့် နှိုင်းယှဉ်လျှင် ဤလူများသည် ရုံးတော်မှ စေခိုင်းသည့်အတိုင်း လုပ်ဆောင်ရသော လက်နက်ကိရိယာ သက်သက်သာ ဖြစ်ကြပေသည်။
စာရေးကြီး ခေါင်းဖြတ်ခံရပြီးနောက် သူတို့ ဘာမှ မလုပ်ရဲကြတော့ပေ။
ရှန်းယီသည် လူသတ်ရတာ အရှိန်တက်လာပြီး ဤသာမန်လူများကိုပါ လက်လွတ်စပယ် သတ်ဖြတ်ပစ်လိုက်မည်ကို သူ အမှန်တကယ် စိုးရိမ်ခဲ့ပေသည်။
ဗာဂျာရာဂိုဏ်းသည် ဗုဒ္ဓဘာသာနှင့် အဆက်အစပ် အနည်းငယ် ရှိသော်လည်း သားသတ်သမားကျန်းသည် ကံ၊ ကံ၏အကျိုး ဆိုသော စကားများကို မယုံကြည်ပေ။
သို့သော် အလွန်အကျွံ သတ်ဖြတ်ခြင်းသည် စိတ်နှလုံးကို အမြဲတမ်း အနှောင့်အယှက် ဖြစ်စေပြီး သိုင်းကျင့်စဉ်တွင် လမ်းမှားရောက်သွားစေနိုင်ပေသည်။
ထိုသို့ ဖြစ်စရာ အကြောင်းတော့မရှိပေ။
ရုံးတော်အတွင်းမှ ပြဿနာများကို ဖြေရှင်းပြီးသည်နှင့် ဤတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းစောင့်ရှောက်မည့်သူ ရှိလာမည်ဖြစ်ပြီး အနည်းငယ် စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ပါက သူတို့သည် စီရင်စု၏အဓိက ကာကွယ်ရေး အင်အားစု ဖြစ်လာနိုင်ပေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့အားလုံးကို သတ်ပစ်လိုက်ပါက မြို့တော်ကာကွယ်ရေးအတွက် နေ့မနား ညမနား တာဝန်ယူဖို့ သိုင်းပညာရှင် အနည်းငယ်လောက်ကို အားကိုးနိုင်ပေမည်လော။
"ကျွန်တော်တို့ အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် အရာရှိရှန်း..."
ဒူးထောက်နေသော ရဲမက်များသည် နောက်ဆုံးတွင် သူတို့၏တင်းမာနေသော စိတ်များကို လျှော့ချနိုင်ခဲ့ပြီး လူငယ်လေး ထွက်ခွာသွားရာ အရပ်သို့ ဦးခေါင်းဖြင့် အကြိမ်ကြိမ် ခိုက်ကာ တောင်းပန်လိုက်ကြလေ၏။
သားသတ်သမားကျန်းသည် စောစောက ထွက်ပြေးသွားသော ပွေးခေါင်းနှင့် လူကို အမှတ်ရလိုက်မိရင်းနောက် ဓားချီစွမ်းအင်ကြောင့် မှတ်မိနိုင်စရာ မရှိအောင် စုတ်ပြတ်သတ်နေသော အစိမ်းရောင် ဝတ်ရုံနှင့် အလောင်းကို ကြည့်လိုက်လေသည်။
"သူက..."
"စာရေးကြီးလျိုက နတ်ဆိုးလက်ချက်နဲ့ သေဆုံးသွားတာပါ၊ ကျွန်တော်တို့ သိပါတယ်" ဟု ရဲမက်များက ပြောဆိုလိုက်ကြလေ၏။
သူတို့ တစ်ဦးချင်းစီသည် နတ်ဆိုးနှိမ်နင်းရာတွင် မပါဝင်ရဲသော်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်း ရှိကြပေသည်။
ဘိုင်ယွမ်စီရင်စုသည် ပြီးဆုံးသွားပေပြီ။
အရာရှိရှန်းသည် နတ်ဆိုးများကို ဆက်တိုက် သတ်ဖြတ်နေပြီး ဤကိစ္စကို ဖုံးဖိထားရန် လုံးဝ မဖြစ်နိုင်တော့ပေ။
သုံးနှစ်ဆက်တိုက် ရုံးတော်မှတင်ပြခဲ့သည်မှာ မြို့တော် အေးချမ်းသာယာကြောင်း၊ ပြည်သူများ ရောင့်ရဲတင်းတိမ်ကြောင်း၊ပြင်ပတွင် နတ်ဆိုးအန္တရာယ် မရှိ၊ အတွင်းပိုင်းတွင် မကျေနပ်မှုများ မရှိကြောင်း ဖြစ်ပေသည်။
ဤကိစ္စ ပေါက်ကြားသွားသည်နှင့် တပြိုင်နက် စီရင်စုမင်း ခေါင်းဆယ်လုံး ရှိလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
သိသာထင်ရှားသည်မှာ ဤနတ်ဆိုးကိစ္စရပ်များ အားလုံးသည် ရက်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော်လည်း စီရင်စုမင်းသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အာရုံခံမိသဖြင့် ထိုကျွမ်းကျင်ပညာရှင်ကို စာရေးကြီးနှင့်အတူ ထည့်ပေးလိုက်ခြင်း ဖြစ်ပေသည်။
အသည်းအသန် ထွက်ပြေးသွားသော ပိန်လှီသော ရသေ့ကြီးကို တွေးမိရင်း...
သားကောင်ကမည်သူလဲဆိုတာကို အားလုံး နားလည်သွားကြပေတော့သည်။
"ဟမ့်..."
သားသတ်သမားကျန်းသည် စိတ်ပျက်လက်ပျက်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှန်းယီနောက်သို့ အလျင်အမြန် လိုက်ပါသွားလေသည်။
'ဟိုဘက်က နတ်ဆိုးနှစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ပြီး အစင်းရာလေး တစ်ချက်တောင် မထင်ခဲ့ပေမယ့် ငါကတော့ ပိန်လှီနေတဲ့ ရသေ့ကြီးတစ်ပါးကိုတောင် မနိုင်ခဲ့ပါလား။'
'ဒီနေ့ လက်ရည်စမ်းပွဲနဲ့ ပတ်သက်ရင်တော့...
ဒါက အလျှော့ပေးလိုက်တာ မဟုတ်ဘူး၊ ရေတံခါး ဖွင့်ပေးလိုက်တာနဲ့ တူနေပြီ။'
'ပြီးတော့ သူတို့က ငါ့ကို ပါးစပ်ဖွင့်တိုင်း စီနီယာ လို့ ခေါ်နေကြတာ... သားသတ်သမားလောကအတွက် အရှက်ရစရာပဲကွ။'
...
ညဉ့်နက်သန်းခေါင်၊ စီရင်စုမင်း၏နေအိမ်။
ခန်းမဆောင်ထဲတွင် အတွင်းခံအင်္ကျီအဖြူနှင့် ဘောင်းဘီတိုသာ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် နှင်းဆီသစ်သား ကုလားထိုင်ပေါ်တွင် မှီထိုင်လျက် ခြေထောက်ကို သစ်သားဇလုံထဲတွင် စိမ်ထားလေသည်။
သူ၏မျက်လုံးများ မှိတ်ထားပြီး လက်ချောင်းများဖြင့် လက်ရန်းကို တဒေါက်ဒေါက် ခေါက်နေပေသည်။
ဇလုံထဲမှ ရေများ အေးစက်နေပြီ ဖြစ်သော်လည်း သူ သတိထားမိပုံ မရပေ။ အခြားအတွေးများနှင့် အလုပ်ရှုပ်နေသည်မှာ ထင်ရှားပေသည်။
ညကင်းစောင့်၏သစ်သားခေါက်သံ သုံးချက်တီးသံ ပေါ်ထွက်လာပြီ ဖြစ်ပေသည်။
ပုံမှန်အတိုင်းဆိုလျှင် ကိစ္စရပ်များ ပြီးစီးသင့်နေပြီ ဖြစ်ပေသည်။
'ဆုန့်ချန်ဖုန်းနဲ့ ဟိုလျိုဆိုတဲ့ကောင်... ဒီခွေးကောင်နှစ်ကောင်က တကယ့်ကို မျက်စိကောင်းကြတာပဲ၊ တစ်ယောက်စီ ရွေးချယ်မွေးမြူထားပြီး ကိုယ့်အတွက် ကိုယ် ပြဿနာရှာကြတာ။'
'ဟိုရုံးအုပ်လေး ရှိနေသရွေ့ နတ်ဆိုးတွေ ကျေနပ်နေကြတယ်၊ ဘာမှ ညည်းညူသံ မထွက်ဘူးလို့ သူတို့ ပြောခဲ့ကြတယ်။'
'အခုတော့ အကုန်လုံး သင်္ဂြိုလ်စက်ထဲရောက်ကုန်ကြပြီဆိုတော့ ဘာ ညည်းညူစရာ ကျန်သေးလဲ။
အကယ်လို့ သူသာ တကယ်ပဲပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ငါ့အတွက် ပတ်ဝန်းကျင်က နတ်ဆိုးတွေကို ရှင်းလင်းပေးနိုင်မှာပေါ့... ငွေကြေးနဲ့ မိန်းမပျိုလေးတွေ ငါ ပုံပေးလိုက်မှာ။'
'ဒါပေမဲ့ အရည်အချင်းမရှိတဲ့ကောင်တွေက ပြဿနာပဲ သယ်လာတတ်တယ်၊ ဘာမှ သုံးစားမရဘူး... တောက်'
"မင်း ဘာလို့ အခုမှ ပြန်ရောက်တာလဲ"
စီရင်စုမင်းသည် မျက်လုံးဖွင့်လိုက်ပြီး တံခါးကို တွန်းဖွင့်ဝင်လာသော ဖရိုဖရဲပုံစံနှင့် လူကို ကြည့်လိုက်လေသည်။
"မြန်မြန်... ငွေတွေ... ငါ့ငွေတွေ အကုန်လုံး ရထားပေါ် တင်ပေး၊ ငါ ချင်ကျိုးကို အခုချက်ချင်း ပြန်တော့မယ်"
ပိန်လှီသော ရသေ့ကြီးသည် အသက်ကို ပြင်းပြင်းရှူရင်း အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာကာ သတိထားစောင့်ကြည့်နေသော စီရင်စုမင်း၏ကော်လာကို ဆွဲကိုင်လိုက်ပေသည်။
"မင်း... မင်း ဘာလုပ်တာလဲ။ မင်းဆရာက ငါ့ကို ကာကွယ်ဖို့ မင်းကို လွှတ်လိုက်တာလေ၊ လပိုင်းပဲ ရှိသေးတယ်... အခု မင်းက ပြန်ချင်ပြီလား"
"မင်းအဖွား...ကာကွယ်ရမှာလား။ ဟို လျိုဆိုတဲ့ကောင်က ဘယ်လို ဦးနှောက်မရှိတဲ့ နတ်ဆိုးတွေနဲ့ ပေါင်းပြီး အဲဒီ သိုင်းပညာရှင်ရဲ့ဒေါသကို ဆွပေးလိုက်မှန်း မသိဘူး။ ငါသာ အခု မပြေးရင် သူ တံခါးကို ဖျက်ပြီး ငါ့ခေါင်းကို လာဖြတ်လိမ့်မယ်"
ရသေ့ကြီး၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေလေသည်။သူ ဘိုင်ယွမ်စီရင်စုကို လာခဲ့ခြင်းမှာ ငွေရှာရန်သာ ဖြစ်ပြီး အသက်ပေးရန် မဟုတ်ပေ။
'ဒီလောက် ခေါင်တဲ့ နေရာလေးမှာ ဒီလို အဆင့်မြင့် သိုင်းပညာရှင်မျိုး ဘယ်လိုလုပ် ပေါ်ထွက်လာရတာလဲ။'
"အရင်ဆုံး ငါ့ကို လွှတ်စမ်းပါဦး... ဘာတွေ လောနေတာလဲ... သူက ရုံးအုပ်လေး တစ်ယောက်ပါကွ၊ ရုံးတော်အမှုထမ်းလေ... မင်းတို့လို လေလွင့်သိုင်းပညာရှင်မှ မဟုတ်တာ"
စီရင်စုမင်းသည် ထိတ်လန့်တကြား ပြောဆိုရင်း သူ့ကော်လာကို ကိုင်ထားသော လက်ချောင်းများကို ဆွဲခွာရန် ကြိုးစားလိုက်ပေသည်။
မမျှော်လင့်ဘဲ သူအလွယ်တကူပင် ခွာနိုင်လိုက်လေသည်။
စီရင်စုမင်း၏မျက်နှာတွင် အံ့သြထိတ်လန့်မှုများ ပေါ်လာပြီး သူ့ရှေ့မှ လူ၏မျက်လုံးများထဲမှ အသက်ရှင်မှုအငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပေသည်။
လည်ပင်းတွင် နွားမွေးမျှင်ကဲ့သို့ သေးငယ်သော အပ်တစ်ချောင်း စိုက်ဝင်နေလေသည်။
နောက်တစ်ခဏတွင် သကြားအရုပ်ရောင်းသောတုတ်တံကို ထမ်းထားသည့် လူငယ်လေးသည် သူ့မှုတ်ပြောင်းကို ပြန်သိမ်းရင်း ပြုံးလိုက်ပြီး အမှောင်ထုထဲမှ အခန်းထဲသို့ ဝင်ရောက်လာလေသည်။
သူ့နောက်တွင် ရထားမောင်းသမားများ၊ သူဌေးများ၊သူတောင်းစားများ အသွင်ဝတ်ဆင်ထားသူများ အသီးသီး ဝင်ရောက်လာကြပေသည်။
တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကာ နေရာယူ ထိုင်လိုက်ကြလေ၏။
သူတို့၏မျက်နှာများတွင် သူတို့၏ဝတ်စုံများနှင့် မလိုက်ဖက်သော အရှိန်အဝါများ ရှိနေကြပေသည်။
၎င်းသည် သီးခြားကင်းကွာနေသော အထက်စီးဆန်မှုမျိုး ဖြစ်နေပေသည်။
ထိုအထက်စီးဆန်မှု၏ပစ်မှတ်မှာ တုန်ယင်နေပြီး သူ့အပေါ် လဲကျနေသော အလောင်းကို တွန်းဖယ်နေသည့် စီရင်စုမင်းမှတပါး အခြားသူ မဟုတ်ချေ။
"မင်းတို့... မင်းတို့က ဘယ်သူတွေလဲ... စီရင်စုမင်း နေအိမ်ထဲကို ဘယ်လိုလုပ် ဝင်လာရဲကြတာလဲ"
မည်သူမျှ ပြန်မဖြေကြဘဲ တံခါးပေါက်ဆီသို့သာ အကြည့်ပို့လိုက်ကြပေ၏။
ခြေသံများနှင့်အတူ အနက်ရောင် ဖဲသားဝတ်ရုံရှည် ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူတစ်ယောက်သည် တံခါးခုံကို ကျော်ဖြတ် ဝင်ရောက်လာလေသည်။
ထိုလူသည် အရပ်ရှည်ပြီး ကိုယ်ခန္ဓာ ထွားကြိုင်းလှပေ၏။ ခါးတွင်လည်း ကျောက်စိမ်းဖြူ ခါးပတ်ကို ပတ်ထားပြီး ပခုံးပေါ်တွင် ရန်လိုနေသော ဝံပုလွေပုံ ရှိနေသည့်ဝတ်စုံသည် ခမ်းနားထည်ဝါနေပေသည်။
လက်မောင်းစွန်းများတွင်လည်း တိမ်ပုံစံများ ရေးထိုးထားပြီး စုစုပေါင်း သုံးခု ရှိလေသည်။
ထိုလူသည် ခန်းမဆောင်ကို ပေါ့ပေါ့ပါးပါး ဝေ့ဝဲကြည့်လိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်ပေသည်။
"နတ်ဆိုးနဲ့ ပူးပေါင်းကြံစည်မှု... သူ့အထောက်အထားကို စစ်ဆေးလိုက်"
"ဟုတ်ကဲ့ပါ"
ထိုစကားကို ကြားသည်နှင့် သူတောင်းစားဝတ်စုံ ဝတ်ထားသူက လျှောက်လာပြီး ညစ်ပေနေသော လက်ချောင်းများဖြင့် ရသေ့ကြီး၏ ခန္ဓာကိုယ်ကို အမြန် ရှာဖွေလိုက်လေသည်။
ခဏအကြာတွင် သူ မော့ကြည့်ပြီး ပြုံးလိုက်ကာ "ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်၊ လက်ချောင်းသိုင်းကျွမ်းကျင်တယ်... နတ်လင်းယုန်လက်သည်း၊ ဗာဂျာရာဂိုဏ်းက တပည့်ပဲ။ ဟားဟား... လျိုကြီးရေ... ကောင်းလိုက်တဲ့လက်ရာပဲ။ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်ရှိတဲ့ သိုင်းပညာရှင်ရဲ့လည်ပင်းတောင် ခင်ဗျားရဲ့လက်နက်ပုန်းကို မတားနိုင်ပါလား"
သကြားရုပ်သည်လူငယ်က ရယ်မောလိုက်ပြီး လက်ကာပြလိုက်ပေသည်။
"နည်းနည်းလောက် ပိုမာရင် မဖြစ်နိုင်တော့ပါဘူးဗျာ"
ခေါင်းဆောင်လူသည် ဂုဏ်သရေရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ခေါင်းညိတ်လိုက်လေ၏။
"ဗာဂျာရာဂိုဏ်းဆီ စာပို့လိုက်၊ သူတို့ရဲ့ပြစ်ဒဏ်ကို နတ်ဆိုးနှိမ်နင်းရေးဌာနမှာ လာခံယူဖို့ ပြောလိုက်"
ထိုလူ၏ဝတ်စားဆင်ယင်မှုကို မြင်လိုက်ရသည်နှင့် စီရင်စုမင်း၏မျက်နှာသည် တရုတ်မသာကဲ့သို့ပြောင်းလဲသွားပေတော့သည်။
ဤအရာက နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး၏ ဝတ်စုံဖြစ်ပြီး တိမ်ပုံစံသုံးခုသည် စစ်သူကြီးများအကြား အမြင့်ဆုံး အဆင့်အတန်းကို ဖော်ပြနေခြင်း ဖြစ်ပေသည်။
"အရှင်ရဲ့နာမည်ကို သိခွင့်ပြုပါ"
စီရင်စုမင်းသည် သတ္တိကို အတတ်နိုင်ဆုံး စုစည်းပြီး မေးလိုက်သော်လည်း သူ အမှန်တကယ် သိလိုသည်မှာ စစ်သူကြီးက ဘာကြောင့် ချိန်းဆိုထားတဲ့ အချိန်ထက် စောပြီး ဘိုင်ယွမ်စီရင်စုကို ရောက်နေသလဲ ဆိုတာပင် ဖြစ်ပေ၏။
"စီရင်စုမင်းက ယဉ်ကျေးလွန်းနေပါပြီ၊ အဲ့လောက်ကြီးတွေ မလိုပါဘူး။ကျုပ်က လီရှင်းဟန် ပါ"
ထိုလူသည် သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"ကျေးဇူးပြုပြီး ခင်ဗျားကိုယ်ခင်ဗျား ကြိုးတုပ်ပေးပါဦး၊ ကျုပ်တို့ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိနေလို့ပါ"