← Chapters

လေးပါးညီမျှခြင်းမူလစွမ်းအင်

Vol. 4 Ch. 40

လေးပါးညီမျှခြင်းမူလစွမ်းအင်

Vol. 4 Ch. 40

ဘိုင်ယွင်စီရင်စု၊အနောက်ဘက်လမ်းမတွင် ဖြစ်ပေသည်။

ရှန်းယီသည် သူ့နောက်သို့ လိုက်ပါလာသော လူအချို့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။

"ကဲ... အခု လူစုခွဲလို့ ရပြီ၊ အိမ်ပြန်ပြီး စောစောစီးစီး အနားယူကြတော့"

သူတို့အတွက်မူ ယနေ့ညသည် မလိုလားအပ်သော ကပ်ဘေးတစ်ခုပင် ဖြစ်ချေသည်။

အထူးသဖြင့် စီရင်စုနယ်မြေတစ်ခွင်တွင် မည်သည့်ပြဿနာမျှမရှိဘဲ ဟိတ်ဟန်ထုတ် လမ်းလျှောက်နေကျဖြစ်သော ကျန်းတာ့ဟွာအတွက် ပိုဆိုးပေသည်။

သူသည် ယခုမှ စတင်၍ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရန် ကြိုးစားနေခိုက်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ခုတ်ပိုင်းခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရလေသည်။

"နှိမ်နင်းရေးအရာရှိရှန်း... ဂရုစိုက်ပါဦး"

ချန်ကျိနှင့် အခြားသူများက လက်သီးဆုပ်ကာ သဘောတူညီကြောင်း ပြသရင်း နှုတ်ဆက်လိုက်ကြပေသည်။

သားသတ်သမားကျန်းသည် ပါးစပ်ဟ၍ ယခင်က ပြောလက်စ စကားအကြောင်းအရာကို ဆက်ပြောရန် ပြင်လိုက်ပေသည်။

"ကျုပ်အလျှော့ပေးလိုက်တာ မဟုတ်ပါဘူး... သူများတွေနဲ့ ယှဉ်ပြိုင်ရဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေးမို့လို့ သင်ခန်းစာယူစရာလေးတွေ ရသွားရုံပါ" ဟု ရှန်းယီက ခေါင်းကိုက်သလို နဖူးကို ပွတ်ရင်း ပြောလိုက်လေသည်။

"အဲဒါမှ ဖြစ်နိုင်သေးတယ်" သားသတ်သမားကျန်း ရေရွတ်လိုက်ပြီး သူ၏ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်ရရှိသွားပုံ ရလေသည်။

ထိုလူများကို နှုတ်ဆက်ပြီးနောက် ရှန်းယီသည် မိမိ၏တဲအိုလေးရှိရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ပေသည်။

ယခုအခါ ခွေးနတ်ဆိုးနှင့် မျောက်ဝံနတ်ဆိုးအိုကြီးတို့ကို ရှင်းလင်းပြီးပြီဖြစ်ရာ၊ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော်လည်း ဘိုင်ယွင်စီရင်စုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုများ ဖြစ်ခဲ့ပေသည်။

နောင်လာမည့်ရက်များတွင် သူ၏ဘဝသည် များစွာ သက်သောင့်သက်သာ ရှိလာပေလိမ့်မည်။

သူသည် တံခါးဝသို့ ရောက်သောအခါ တံခါးခေါက်ရန် လက်ကို မြှောက်လိုက်သော်လည်း ထူထဲသော ညမှောင်မိုက်မှုကို ကြည့်ရှုပြီး လက်ကို ပြန်ရုပ်လိုက်လေသည်။

သူမ အိပ်ပျော်နေလောက်ပြီ ထင်ပေသည်။

လင်းပိုင်ဝေ့သည်တော့ စားပွဲတွင် ထိုင်လျက် သိုင်းပညာကျင့်စဉ်မူများကို လုံ့လစိုက်ထုတ်၍ ကူးယူနေဆဲပင် ဖြစ်ပေ၏။

တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူမ၏ဘယ်ဘက်လက်ဖဝါးလေးကသာ စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ကို ဖော်ပြနေပေသည်။

မူလက သူမသည် မိမိအသက်ရှင်သန်ရေးအတွက် ထို ယုတ်မာသော နှိမ်နင်းရေးအရာရှိကို လှည့်စားရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ရက်များကုန်လွန်လာသည်နှင့်အမျှ ရှန်းယီသည် အိမ်ပြန်လာတိုင်း သန့်ရှင်းသော အဝတ်အစားနှင့် ပြန်ရောက်လာသည်ဟူ၍ မရှိသလောက် ရှားပါးလာရာ လင်းပိုင်ဝေ့၏အမြင်များလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရချေသည်။

ဤကဲ့သို့ ရှုပ်ထွေးပွေလီသော လောကကြီးတွင် နတ်ဆိုးများကို သတ်ဖြတ်ရဲသူများသည် လူဆိုးများ ဖြစ်နိုင်ခဲလှပေသည်။

သို့သော် ယမန်နေ့ညက ဖြစ်ရပ်များသည် သူမ၏ ရင်ထဲတွင် ဒေါသအငွေ့အသက်အချို့ကို ဖြစ်ပေါ်စေခဲ့သည်။

ဤမျှ ကြီးမားကျယ်ပြန့်သော ဘိုင်ယွင်စီရင်စုကြီးသည် နတ်ဆိုးရန်ကို ကာကွယ်ရန်အတွက် လူတစ်ယောက်တည်းကိုသာ အားကိုးနေရသလော။

အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် သွေးချောင်းစီးမှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်ပေသည်။

လင်းပိုင်ဝေ့သည် နေ့စဉ်နေ့တိုင်း သူ၏အဝတ်အစားများမှ နတ်ဆိုးသွေးများကို လျှော်ဖွပ်ပေးရသည်။

ရှန်းယီသည် မိမိတာဝန်ကို သိလျက်နှင့် အထက်သို့ အစီရင်ခံရန် ပျက်ကွက်မည့်သူမျိုးလော။ သူမ သူ့အကြောင်း ကောင်းကောင်း သိနေချေပြီ။

ထို့အပြင် ဤကဲ့သို့သော တာဝန်ဝတ္တရားကြီးသည် အစကတည်းကပင် ဖြစ်သင့်ဖြစ်ထိုက်သော အရာမဟုတ်ပေ။

"ရှင် ပြန်ရောက်ပြီလား"

တံခါးပွင့်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လင်းပိုင်ဝေ့၏ချစ်စဖွယ်ကောင်းသော မျက်နှာလေးပေါ်တွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားပြီး မတ်တပ်ထရပ်ကာ ကြည့်လိုက်လေသည်။

ရှန်းယီသည် အနည်းငယ် အံ့သြသွားပြီး ခေါင်းညိတ်ပြလိုက်ပေသည်။ ထို့နောက် အပေါ်ဝတ်ရုံကို ချွတ်၍ ဗီရိုပေါ်တင်လိုက်ပြီး စားပွဲပေါ်မှ စာရွက်များကို လှမ်းယူကြည့်ရှုလိုက်လေ၏။

"ဒီလောက် အများကြီးလား"

" ကျောက်စိမ်းအဆင့် သိုင်းပညာတွေက မရီဒျန်တွေနဲ့ ပတ်သက်နေသလို အသက်ရှူခြင်းနဲ့ ကျောက်စိမ်းနှင်းစက်(ကျောက်စိမ်းရည်ကြည်)ကို ထိန်းချုပ်ခြင်းတွေလည်း ပါဝင်နေတော့ သာမန်သိုင်းပညာတွေနဲ့ ဘယ်ယှဉ်လို့ရမလဲ။ မလောပါနဲ့ဦး... အမှားအယွင်း မရှိအောင် ကျွန်မ နောက်ထပ်အကြိမ်နည်းနည်းလောက် ပြန်စစ်ပါရစေဦး" ဟု လင်းပိုင်ဝေ့က အကျဉ်းချုံး ရှင်းပြလိုက်ပေသည်။

ထို့နောက် သူ ဒဏ်ရာမရလာသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး "သွား... ရေသွားချိုးချေ၊ ကျွန်မ ရှင့်အတွက် ထမင်းဟင်းတွေ ပြန်နွှေးပေးမယ်" ဟု ပြောလိုက်လေ၏။

"မလိုပါဘူး... ကျုပ်သိပ်လည်း ဗိုက်မဆာပါဘူး" ဟု ပြောရင်း ရှန်းယီသည် စာမျက်နှာများကို ပေါ့ပေါ့ပါးပါး လှန်လှောကြည့်ရှုနေသော်လည်း သူ၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ဖြစ်ပေါ်လာလေသည်။

စနစ်မျက်နှာပြင်ပေါ်တွင် အသိပေးချက်အသစ်တစ်ခု ထင်ရှားစွာ ပေါ်ထွက်လာလေသည်။

[ကျောက်စိမ်းအဆင့် - လေးပါးညီမျှခြင်းမူလစွမ်းအင် (မသင်ယူရသေး)]

ဘိုင်ယွင်စီရင်စု တစ်ခုလုံး ရှာဖွေလျှင်ပင် တွေ့ရှိရန် ခဲယဉ်းလှသော ကျောက်စိမ်းအဆင့် သိုင်းပညာသည် ယခုအခါ သူ၏လက်ထဲတွင် ငြိမ်သက်စွာ ရောက်ရှိနေပြီ ဖြစ်ပေသည်။

"ကျောက်စိမ်းအဆင့်ထဲမှာတောင်မှ ဒါက အရမ်းရှားပါးပြီး လွှမ်းမိုးမှုပြင်းထန်တဲ့ နည်းစနစ်တစ်ခုပဲ။ရှင့်လို အခြေခံနည်းပါးတဲ့သူတစ်ယောက်အနေနဲ့ ပေါ့ပေါ့တန်တန် သုံးစွဲဖို့ မသင့်တော်ပေမယ့် လောလောဆယ်တော့ ဒါပဲ ကျွန်မပေးနိုင်တယ်" ဟု သူမက တစ်ကိုယ်တည်း ပြောဆိုနေမိပေသည်။

လင်းပိုင်ဝေ့သည် မီးဖိုချောင်ထဲသို့ ဝင်သွားရင်း စကားတစ်ခွန်းဖြင့် ထပ်မံသတိပေးလိုက်လေသည်။

"ရှင် ကျင့်ကြံတဲ့အခါ တစ်ဆင့်ချင်း သွားသင့်တယ်နော်"

ခဏအကြာတွင် သူမသည် ပူနွေးသော အသားပြုတ်ဟင်းရည်နှင့် ထမင်းတစ်ပန်းကန်လုံးကို စားပွဲပေါ် လာချပေးသည်။

"ကျွန်မဆရာ ပြောဖူးတယ်... ဘယ်လောက်ပဲ သွေးတွေ မြင်ခဲ့ရပါစေ၊ ဘယ်လောက်ပဲ ကြေကွဲစရာကောင်းတဲ့ မြင်ကွင်းတွေ တွေ့ခဲ့ရပါစေ... ထမင်းတော့ ဝင်အောင် စားရမယ်တဲ့"

မည်သည့်ဂိုဏ်းမှ မရှိဟု ငြင်းဆိုခဲ့ဖူးသော လင်းပိုင်ဝေ့သည် ယခုညတွင်မူ ဆရာဟူသော စကားလုံးကို ဝန်လေးခြင်းမရှိဘဲ ထုတ်ဖော်ပြောဆိုလိုက်လေသည်။

ရှန်းယီသည် နှုတ်ခမ်းကို စေ့လိုက်ပြီး သူမ၏ စေတနာကို မငြင်းပယ်တော့ပေ။ တူကို ကောက်ကိုင်လိုက်ပြီး နူးညံ့သော အသားပြုတ်ကို ထမင်းနှင့်နယ်ကာ ပန်းကန်လုံး ပြောင်သည်အထိ လျင်မြန်စွာ စားသောက်လိုက်ပေသည်။

အစားအစာ၏နွေးထွေးမှုသည် သူ၏ရင်ထဲမှ အမှောင်ထုများကို လွင့်စင်သွားစေပေသည်။

ရှန်းယီသည် အသားဟင်းရည်ကိုပါ မော့သောက်လိုက်ပြီး ဗိုက်ကို ကျေနပ်စွာ ပွတ်သပ်လိုက်လေ၏။

ထိုအချင်းအရာကို မြင်သောအခါ လင်းပိုင်ဝေ့ ပြုံးလိုက်မိပြီး ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။

အခန်းထဲတွင် တိတ်ဆိတ်သွားသောအခါ။

ရှန်းယီသည် ကုတင်ပေါ်သို့ တက်လိုက်ပြီး စနစ်မျက်နှာပြင်ကို နောက်တစ်ကြိမ် ဖွင့်လိုက်ပေသည်။

လေးပါးညီမျှခြင်းမူလစွမ်းအင် - ၎င်းသည် အတွင်းအားကျင့်စဉ် တစ်မျိုးမဟုတ်သလို၊ ဓားသိုင်း သို့မဟုတ် ဓားကွက်များနှင့်လည်း သက်ဆိုင်ပုံ မရပေ။

၎င်း၏လွှမ်းမိုးနိုင်စွမ်းသည် မည်သည့်နေရာတွင် ရှိပေသနည်း။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၆၅၁ နှစ်]

ရှန်းယီသည် ချက်ချင်း အသုံးမပြုသေးဘဲ ကျားနတ်ဆိုးနှင့် မျောက်ဝံနတ်ဆိုးတို့ထံမှ ရရှိထားသော နတ်ဆိုးအမြုတေ ၃ လုံးကို ထုတ်ယူလိုက်ပေသည်။

သူသည် တစ်လုံးကို ပါးစပ်ထဲ ငုံလိုက်ပြီး နတ်ဆိုးသက်တမ်းကို လေးပါးညီမျှခြင်းမူလစွမ်းအား ထဲသို့ လျင်မြန်စွာ စီးဝင်စေလိုက်လေသည်။

[ပထမနှစ်တွင် သင်သည် ကျောက်စိမ်းအဆင့် သိုင်းပညာကို အတင်းအကြပ် လေ့ကျင့်ခဲ့ပြီး ကျားနတ်ဆိုး၏အမြုတေကို စုပ်ယူရင်း နားလည်ရခက်သော စာသားများကို တစ်ခုချင်း အဓိပ္ပာယ်ဖော်ခဲ့သည်။]

[တတိယနှစ်တွင် သင်သည် ဤသိုင်းပညာကို နောက်ဆုံး၌ နားလည်သဘောပေါက်ခဲ့ပြီး နတ်ဆိုးအမြုတေကိုလည်း အပြည့်အဝ စုပ်ယူပြီးခဲ့ပြီ ဖြစ်သည်။ သင်၏ပထမဆုံး မရီဒျန် အတွင်းရှိ စွမ်းအင်အားလုံးသည် ကျောက်စိမ်းနှင်းစက် အဖြစ် ပြောင်းလဲသွားခဲ့သည်။]

[၂၉နှစ်မြောက်တွင် သင်သည် လေးပါးညီမျှခြင်း ဟူသည်မှာ ကောင်းကင်၊ မြေကြီး၊ လူသား နှင့် မိမိကိုယ်တိုင်ဖြစ်ကြောင်း စတင်သဘောပေါက်လာပြီး ခန္ဓာနှင့် စွမ်းအင်ကို ပေါင်းစည်းခြင်း ဟူသော ပထမအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ကာ လေးပါးညီမျှခြင်းမူလစွမ်းအား၏တံခါးပေါက်သို့ ဝင်ရောက်နိုင်ခဲ့သည်။]

[၃၂နှစ်မြောက်တွင် သင်၏တိုးတက်မှု နှေးကွေးသွားသည်။ အဓိက အကြောင်းရင်းမှာ သင့်ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်သည် ဤသိုင်းပညာကို ထောက်ပံ့ရန် မလုံလောက်သောကြောင့် ဖြစ်သည်။ကြိုးစားလိုက်တိုင်း မရီဒျန်များအတွင်းမှ စွမ်းအင်အချို့ ကုန်ဆုံးသွားခဲ့သည်။]

...

ရှန်းယီသည် စွမ်းအင်လောင်းခြင်းကို ခေတ္တရပ်တန့်လိုက်ပြီး ဒုတိယ နတ်ဆိုးအမြုတေကို ပါးစပ်ထဲ ထည့်လိုက်လေသည်။

[၄၃နှစ်မြောက်တွင် မျောက်ဝံနတ်ဆိုး အမြုတေ၏ အကူအညီဖြင့် သင်၏ကိုယ့်ကိုပြန်လည်ကုသခြင်း မြန်ဆန်လာပြီး မျောက်ဝံနှလုံးသား သဘောတရားကို နားလည်လာခဲ့သည်။ ကာလရှည်ကြာ လေ့ကျင့်ပြီးနောက် သင်သည် လေးပါးညီမျှခြင်းမူလစွမ်းအား ကို သေးငယ်သော ပြီးပြည့်စုံခြင်း အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။]

[၇၂နှစ်မြောက်တွင် သင်သည် ပါရမီနှင့် အဖိုးတန်ဆေးဝါးများ၏အရေးပါမှုကို နောက်တစ်ကြိမ် သိမြင်လာခဲ့သည်။ ပါရမီမရှိခြင်းက သင့်တိုးတက်မှုကို နှေးကွေးစေပြီး၊ ဆေးဝါးမရှိခြင်းက ကြိုးစားအားထုတ်မှုဖြင့် အစားထိုး၍ မရနိုင်သော လိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ပေ။]

ထိုအရာကို မြင်သောအခါ ရှန်းယီသည် တုံ့ဆိုင်းမနေတော့ဘဲ တတိယမြောက် နတ်ဆိုးအမြုတေကို မျိုချလိုက်လေသည်။

[၉၄နှစ်မြောက်တွင် လေးပါးညီမျှခြင်းစွမ်းအင် သည် ကြီးမားသောပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် သင် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်အပြည့် ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာပြီး မြေအင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်နေပြီဟု ထင်မှတ်ရသော်လည်း၊ ထိုလက်တစ်ဖက် ဝှေ့ယမ်းမှုသည် နှစ်ပေါင်းများစွာ စုဆောင်းထားသော စွမ်းအင်များ ဖြစ်ကြောင်း သင်တစ်ဦးတည်းသာ သိရှိပေသည်။]

[၁၃၀ နှစ်တွင် နှစ်ပေါင်းများစွာ တိုးတက်မှုမရှိဘဲ ဖြစ်နေသဖြင့် သင် နာကျင်မှုကို ခံစားလာရသည်။ သိုင်းပညာ လေ့လာခြင်းသည် ကြိုးစားသလောက် အရာထင်သည်ဟူသော ကိစ္စမဟုတ်တော့ချေ။ နားမလည်လျှင် နားမလည်၊ ဉာဏ်အလင်းမပွင့်လျှင် မပွင့်သည်သာ ဖြစ်၏... တဖြည်းဖြည်းနှင့် သင်သည် ကောင်းကင်နှင့် သူတစ်ပါးကို အပြစ်တင်လာမိသည်။]

[၁၉၀ နှစ်တွင် နှစ်ကာလများက သင့်ကို တိုက်စားလာသည်နှင့်အမျှ ညည်းညူချင်စိတ်များ ပျောက်ဆုံးသွားခဲ့သည်။ သင်သည် မရီဒျန်များအတွင်း စွမ်းအင်များကို တိတ်ဆိတ်စွာ စုဆောင်းရင်း၊ကျောက်စိမ်းနှင်းစက်များကို သန့်စင်ရင်း နောက်တစ်ကြိမ် ကြိုးစားရန် စောင့်ဆိုင်းနေခဲ့သည်။]

[၂၆၀ နှစ်တွင် သင်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းမရှိဘဲ ထပ်တူညီသော လှုပ်ရှားမှုများကိုသာ ထပ်ခါတလဲလဲ ပြုလုပ်ရင်း လေးလံထိုင်းမှိုင်းစွာ နိုးထလာခဲ့သည်။ ဤတစ်ခါတွင် အနည်းငယ်သော အပြောင်းအလဲ ရှိခဲ့သော်လည်း ထုံထိုင်းနေသော သင့်အတွေးများက အဘယ်ကြောင့် ထိုသို့ဖြစ်သည်ကိုပင် ခွဲခြား၍ မရတော့ချေ။]

[လေးပါးညီမျှခြင်းမူလစွမ်းအင်၊ အထွတ်အထိပ်သို့ ရောက်ရှိခြင်း]

[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၉၁ နှစ်]

...

ရှန်းယီ၏မျက်ဝန်းများသည် ခဏတာမျှ ဗလာဖြစ်သွားရလေသည်။

ကြီးမားလှသော ဖိအားများ၊ အောင်မြင်မှုနှင့်အတူ ပါလာသော ပိုမိုကြီးမားသည့် ရှုပ်ထွေးမှုများ၊ ရောယှက်ပေါင်းစပ်နေသော ခံစားချက်ပေါင်းစုံတို့သည် သူ၏စိတ်ထဲတွင် တဒင်္ဂမျှ ဖြတ်သန်းသွားရာ...

သူ့အား အကြောင်းရင်းမရှိဘဲ ဗိုက်ထဲတွင် ရစ်နာလာစေပြီး အတွင်းကလီစာများကိုပါ အန်ထုတ်ချင်စိတ် ဖြစ်ပေါ်လာစေ၏။

ကံကောင်းထောက်မစွာဖြင့် သူသည် ချက်ချင်းပင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့ပေသည်။

"ဟူး..."

ရှန်းယီ မျက်နှာကို ပွတ်သပ်လိုက်လေ၏။

ဤကျင့်ကြံခြင်းသည် သူ၏ယခင်ဘဝက အလုပ်နှင့် စာလေ့လာခြင်းတို့နှင့် များစွာ တူညီနေပေသည်။

အစပျိုးခြင်းနှင့် အဓိကအချက်များ၊ ဖော်မြူလာအချို့ကို ကျက်မှတ်ခြင်းသည် မခက်ခဲသော်လည်း၊ အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်ရန်မှာ မိမိလက်ဖမိုးဖဝါးသိသကဲ့သို့ သိရှိရန်၊ အပြည့်အဝ ပေါင်းစည်းနိုင်ရန်နှင့် စာအုပ်တစ်အုပ်လုံးကို ပြီးပြည့်စုံစွာ နားလည်ထားရန် လိုအပ်ပေသည်။

ထိုအဆင့်ကို ရောက်ရှိနိုင်သူများသည် အနည်းဆုံးတော့ မိမိတို့ နယ်ပယ်တွင် ထိပ်တန်းပညာရှင်ကြီးများ ဖြစ်ကြလေသည်။

မိမိကဲ့သို့ အစွမ်းထက်သောအကူအညီ ရရှိထားသူကသာလျှင် လေ့ကျင့်သမျှ သိုင်းပညာတိုင်းကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံရန် မျှော်မှန်းရဲပေမည်။

အသုံးမဝင်သော ခံစားချက်များ လွင့်ပါးသွားသောအခါ သူ၏စိတ်ထဲတွင် ကျန်ရစ်နေသည်မှာ ဤ ကျောက်စိမ်းအဆင့် သိုင်းပညာအကြောင်းသာ ဖြစ်ပေတော့သည်။

[ကျောက်စိမ်းနှင်းစက် - လေးပါးညီမျှခြင်းမူလစွမ်းအင် (အထွတ်အထိပ်)]

[ကနဦးနယ်ပယ် - မျောက်ဝံနှလုံးသား : သင်သည် မျောက်ဝံအမျိုးအစား နတ်ဆိုးသားရဲများ၏ အလေ့စရိုက်များကို အလုံးစုံသကဲ့သို့ သိရှိနားလည်ထားပြီး၊တောင်တက်ခြင်းသည် မြေပြန့်တွင် လမ်းလျှောက်သကဲ့သို့ဖြစ်ကာ။ ခြေကွက်များနှင့်သက်ဆိုင်သော သိုင်းပညာစွမ်းရည်သည် ပိုမိုကောင်းမွန်လာသည်။]

စာစဉ်၄ပြီး။

All Chapters