အခန်း (၃)
Vol. 1 Ch. 3
ခရမ်းရောင် ဝိညာဉ်ကွင်း...
နှစ်တစ်ထောင်သတ်တန်း...
လီကျယ်ရှန်း ပင်ပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ် ထိုင်နေသည်။ ဓားချက်တစ်ချက်သာ အသုံးပြုခဲ့သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုဓားချက်သည် သူ၏ ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းထားခြင်းပင် ဖြစ်သည်။ တကယ်၍ စိမ်းပြာပုရစ်ကိုသာ မသတ်နိုင်ခဲ့ပါက သူထွက်ပြေးရမည်ပင် ဖြစ်သည်။
စွမ်းအား အနည်းငယ် ပြန်လည်ရရှိပြီးနောက် လီကျယ်ရှန်းသည် ခရမ်းရောင် ဝိညာဉ်ကွင်းဆီသို့ တုန်တုန်ရီရီဖြင့် လျှောက်သွားသည်။
“ပုရစ်မက ပုရစ်ထီးကို စားပြီးနောက် နှစ်တစ်ထောင်အထိ ရှင်သန်နိုင်အောင် ဆင့်ကဲပြောင်းလဲသွားတယ်”
“ဒါက ငါ့ရဲ့ပထမဆုံးဝိညာဉ်ကွင်းကို စုပ်ယူနိုင်တဲ့ အကန့်အသတ်ထက် ကျော်လွန်နေပြီ”
“ဒီတိုင်းထားခဲ့ဖို့ကလဲ နှမျောဖို့ကောင်းတယ်။ ငါနဲ့သင့်တော်တဲ့ဝိညာဉ်ကွင်းကို ထပ်ရှာဖို့က လွယ်မှာမဟုတ်ဘူး”
လီကျယ်ရှန်းသည် ဝိုင်အား ထပ်မံသောက်လိုက်ပြန်သည်။ ထို့နောက်သူ၏ ဝိညာဉ်စွမ်းအား တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်ကို ခံစားရသည်နှင့်အမျှ သူ၏မျက်လုံးထဲရှိ သံသယမှာ စိတ်ဓာတ်ခိုင်မာမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဒီလိုအခွင့်အရေးမျိုးကို စွန့်လွှတ်လိုက်ရင် ငါ လီကျယ်ရှန်းမဟုတ်တော့ဘူး”
“ဝိုင်ဝိညာဉ်ရဲ့ အထောက်အပံ့နဲ့ဆို ငါအောင်မြင်နိုင်မယ်ဆိုတာ သေချာတယ်”
ချက်ချင်းဆိုသလို လီကျယ်ရှန်းသည် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ဝိုင်အားသောက်လိုက်တိုင်းမှာ သူ့ရဲ့ကုန်ခမ်းသွားတဲ့ ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဝလာသည်။ စွမ်းအင်များပြန်လည်ဖြည့်တင်းပြီးသွားချိန် လီကျယ်ရှန်း၏မျက်လုံးများ အရောင်တောက်လာတော့သည်။
လီကျယ်ရှန်း၏ မျက်လုံးများ တောက်ပလာပြီး ဝိညာဉ်ကွင်းစုပ်ယူမှုကို စတင်လိုက်သည်။
ခရမ်းရောင်ဝိညာဉ်ကွင်း၏ ထူးဆန်းသော စွမ်းအင်သည် အလွန်မြန်ဆန်ပြီး ချွန်ထက်သည့် စိမ်းပြာပုရစ်၏ လက္ခဏာများကို သယ်ဆောင်ကာ လီကျယ်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ အားပြင်းစွာ စီးဝင်လာသည်။
ခဏအကြာ လီကျယ်ရှန်းထံမှ နာကျင်သောအသံတစ်သံထွက်ပေါ်လာကာ သွေးတစ်စက်သည် သူ၏နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ သူ၏နဖူးပေါ်ရှိ သွေးပြန်ကြောများ ဖောင်းကြွလာပြီး အရေပြားတစ်လျှောက်စီတိုင်းသည် ဓားချွန်ဖြင့် ထိုးဖောက်ခံနေရသလိုပင်။ နှစ်တစ်ထောင် ဝိညာဉ်ကွင်း၏ စွမ်းအင်သည် သူ၏ခန္ဓာကိုယ်အတွင်း ရူးသွပ်စွာဝင်ရောက်လာပြီး သူ၏သွေးကြောများကို ခရမ်းရောင် နဂါးများကဲ့သို့ ဖောင်းကြွစေကာ သွေးများ စိမ့်ထွက်လာသည်။
ယေဘုယျအားဖြင့် ထူးခြားသော ကိုယ်ခန္ဓာစွမ်းအားရှိသည့် ပါရမီထူးရှင်တစ်ဦးအတွက် နှစ်ပေါင်း လေးငါးရာသတ်တန်းရှိသည့် ဝိညာဉ်ကွင်းကို ပထမဆုံးဝိညာဉ်ကွင်းအဖြစ် စုပ်ယူနိုင်ခြင်းမှာ ကြီးကျယ်သော အောင်မြင်မှုတစ်ခုဖြစ်သည်။ ယခု လီကျယ်ရှန်းကို စဉ်းစားကြည့်ပါက ပထမဆုံး ဝိညာဉ်ကွင်းကို နှစ်တစ်ထောင်အရွယ် စုပ်ယူနေခြင်းဖြစ်ပေသည်။ ဤအရာသည် သဘာဝတရားကိုလွန်ဆန်နေခြင်းပင်။
လီကျယ်ရှန်း နှုတ်ခမ်းအားတင်းကျပ်စွာ စေ့ထားပြီး သွေးများစိုနေပြီးဖြစ်သော သူ၏အဖြူရောင်အင်္ကျီသည်လည်း ကျောပြင်နှင့် ကပ်နေသည်။ ထို့နောက်သူ၏လက်များကို မြေကြီးပေါ်သို့ ထိုးချလိုက်ပြီး သူ၏မှောင်နေသော မျက်လုံးများသည် တောက်ပလာသည်။
“ငါပြောခဲ့တယ်...”
“ငါက လီကျယ်ရှန်းပဲ၊ သာမန်လူမဟုတ်ဘူး”
“သာမန်လူများမလုပ်နိုင်တာကို ငါလုပ်နိုင်တယ်”
“ငါဒီဝိညာဉ်ကွင်းကို ရအောင်စုပ်ယူရမယ်”
အစိမ်းရောင် ဝိုင်အိုးသည် လီကျယ်ရှန်း၏ ခြေထောက်အောက်ကို ကျလာသည်။ သူသည် ဝိုင်အိုးကို ကောက်ကိုင်ပြီး ခေါင်းမော့ကာ ပါးစပ်ထဲရှိ သွေးနှင့်ရောနှောနေသော ဝိုင်ကို မျိုချလိုက်သည်။ ဒဏ်ရာများစွာရရှိထားသော ခန္ဓာကိုယ်သည် ပြန်လည်၍ကောင်းမွန်လာသည်။ လီကျယ်ရှန်းသည် ဝိညာဉ်ကွင်းစုပ်ယူခြင်းကို ပို၍အရှိန်တင်လိုက်သည်။
ခဏအကြာတွင် ခရမ်းရောင်ဝိညာဉ်ကွင်းသည် တုန်ခါလာသည်။ ပေါက်ကွဲထွက်လာသော စွမ်းအင်များသည် လီကျယ်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းစီးဝင်လာပြီး ပြန်လည်ကောင်းမွန်ကာစ ခန္ဓာကိုယ်အား ဒဏ်ရာများထပ်မံဖြစ်ပေါ်လာစေသည်။
သို့သော် ချက်ချင်းဆိုသလို နောက်ထပ် ဝိုင်တစ်ငုံ သောက်လိုက်သည်။ ဤနည်းအတိုင်းပင်.. လီကျယ်ရှန်းသည် ဒဏ်ရာရလိုက်၊ ပြန်ကောင်းလိုက်ဖြင့် ဝိညာဉ်ကွင်းစုပ်ယူရာ၌ သံသရာလည်နေပေသည်။ ဤလုပ်ငန်းစဉ်သည် ညှင်းပန်းနှိပ်စက်မှုတစ်မျိုးနှင့် မခြားနာပေ။ သို့သော် သူ၏ ကိုယ်ခန္ဓာတွင် စွမ်းအားများတဖြည်းဖြည်း တိုးတက်လာနေပြီး သူ၏အရှေ့မှ ခရမ်းရောင် ဝိညာဉ်ကွင်းသည် တစ်ဖြည်းဖြည်းမှေးမှိန်လာသည်။
အမွှေးတိုင်တစ်တိုင်စာပြီးသည့်နောက် လီကျယ်ရှန်း မြေပြင်ပေါ် ပက်လက်လှန်လျက်လဲချလိုက်သည်။ သူ၏မျက်နှာမှာ သွေးမရှိသည့်နှယ် ဖြူနေပြီး ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးများထင်နေသည်။
“ငါအောင်မြင်သွားပြီ”
မျက်လုံးများကို မှိတ်ကာ သူ၏အပြုံးများသည် ပို၍ပင် ထင်ရှားလာသည်။
“ဟားဟား၊ငါလုပ်နိုင်ပြီ”
နှစ်တစ်ထောင် ဝိညာဉ်ကွင်းကို စုပ်ယူရသည့် လုပ်ငန်းစဉ်သည် အလွန်အန္တရာယ်များသည်။သို့သော်လည်း ဝိုင်ဝိညာဉ်၏ကျေးဇူးဖြင့် သူ၏ဆန္ဒကို အောင်မြင်စေခဲ့သည်။ အခြားမည်သူ၏ ခန္ဓာကိုယ်မဆိုပေါက်ကွဲပြီး သေဆုံးနေပေမည်ဖြစ်သည်။
နာရီဝက်အကြာအနားယူပြီးသည့်နောက် လီကျယ်ရှန်း သူ၏ ကြာပန်းစိမ်းထားအားဆင့်ခေါ်လိုက်ပြီး သုံးပေခြောက်လက်မခန့်ရှိသော အစိမ်းရောင်ဓားတစ်လက် ပေါ်လာပေသည်။ ဓားပေါ်ရှိ ကြာပန်းပုံစံ အမှတ်အသားသည် ထူးဆန်းသော အပြာနှင့် အစိမ်းရောင် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်နေသည်။ ဓားသွား၏ အေးစက်သောအလင်းသည် စူးရှနေပေသည်။ ဤသည်မှာ စစ်မှန်သော ဓားတစ်လက်ဖြစ်ပေသည်။
လီကျယ်ရှန်း ကံကောင်းခဲ့သည်။ ဤခရမ်းရောင် ဝိညာဉ်ကွင်းက သူ့အား ပေးအပ်သော စွမ်းရည်မှာ စိမ်းပြာရောင်ဓားခုတ်ချက် ဟုခေါ်ပေသည်။
လီကျယ်ရှန်းသည် ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏မျက်လုံးများ ဆူးရှသွားသည်။
“စိမ်းပြာရောင်ဓားခုတ်ချက်”
ဓားသည် ဖြတ်သန်းသွားသော နေရာအားလုံးကို အစိမ်းနှင့်အပြာ ရောစပ်သော အလင်းတန်းများဖြင့် တောက်ပသွားစေပြီး ဓားကို ဘေးတိုက်ရိုက်ချိန် ချွန်ထက်သော အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ လေထုသည် နှစ်ပိုင်းကွဲသွားကာ ဓားသွားသည်သစ်ပင်၏ပင်စည်အား ခုတ်ဖြတ်သွားပေသည်။ ထို့ပြင်ဓားအလင်းသည် ရပ်တန့်ခြင်းမရှိဘဲ သစ်ပင်ကို အပြည့်အဝဖြတ်သန်းသွားသည်အထိ ရှေ့သို့ဆက်လက် ပျံသန်းသွားပေသည်။
“ကောင်းတယ်”
ဤဓားချက်အား သူအလွန်ပင်ကျေနပ်ပေသည်။ သူ၏ အနာခံရမှုသည် အချည်းနှီးမဖြစ်ခဲ့ပါ။
ဓားချက်များကို အနည်းငယ်စမ်းသပ်ပြီးနောက် လီကျယ်ရှန်းသည် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သူသည် သွေးစွန်းထင်းနေသော စုတ်ပြဲထားသည့် အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသည်။
“အင်း... ဒုတိယ ဝိညာဉ်ကွင်းကို မရှာခင်မှာ ရေချိုးလိုက်ရမယ်”
ကြယ်သစ်တောထဲရောက်နေသော်လည်း သန့်ရှင်းရေးလုပ်ဖို့လိုပေသည်။ အဓိကအကြောင်းမှာ သူ့ဆီမှသွေးအနံ့ဖြစ်ပြီး ဝိညာဉ်သားရဲဟာ ထိုအနံ့အားသတိထားမိနိုင်ပေသည်။
ဆယ်မိနစ်အကြာတွင် လီကျယ်ရှန်းသည် ပြင်ပသစ်တောအတွင်းရှိ ချောင်းကလေးတစ်ခုကို တွေ့လိုက်သည်။ ရေသည် တိမ်ကာ ကြည်လင်ပြတ်သားပေသည်။ ထို့နောက် လီကျယ်ရှန်းတစ်ယောက် အန္တရာယ်ရှိ မရှိစစ်ဆေးလိုက်ပေသည်။
“ကြယ်သစ်တောရဲ့ အပြင်ဘက်အစွန်းက ဒီလောက်ကျယ်ပြန့်တာ ဘယ်သူ့ကိုမှ ငါမတွေ့နိုင်ဘူး။ ရေချိုးချိန်ရောက်ပြီ”
ထို့နောက် သူအဝတ်အစားအားလုံးကို ချွတ်ပစ်လိုက်ပြ ရေထဲသို့ ခုန်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် မီတာ ရာချီဝေးသော သစ်တောထဲတွင်
ဖောက်…
သွေးများသစ်ရွက်များပေါ်သို့ ဖြန်းကျသွားသည်။ မီတာနှစ်မီတာအထက်ရှည်သော ဝံပုလွေတစ်ကောင် မြေပြင်ပေါ်လဲနေသည်။ ထို့နောက် ဖျော့တော့သော အဖြူရောင် ဝိညာဉ်ကွင်းတစ်ခု ထွက်ပေါ်လာပေသည်။
ကျူကျူကျင်း၏ မျက်နှာအမူအရာသည် အေးစက်နေပြီး သူမ၏လှပသော မျက်လုံးများတွင် မည်သည့်ခံစားချက်မျှ မတွေ့နေရပေ။
“လေ့ကျင့်ရေးပြီးဆုံးပြီ၊ရှီလိုင်ခဲ့အကယ်ဒမီကို သွားရတော့မယ်”
သူမသည်မူလက ကြယ်သစ်တောကနေ ထွက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ သူမရဲ့ လက်မောင်းပေါ်က သွေးစက်အနည်းငယ်ကို မြင်လိုက်ရချိန် အနီးအနားက ချောင်းငယ်တစ်ခုစီသို့ သွားလိုက်သည်။
…
ကျူကျူကျင်းသည် ချောင်းဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်နေပြီး သူမ၏လက်မောင်းများကို ဂရုတစိုက် ဆေးကြောနေသည်။ သန့်ရှင်းအောင် ဆေးကြောပြီးနောက် သူမထရပ်လိုက်ပြီး မြစ်ညာဘက်ကို သတိမထားမိဘဲ ကြည့်လိုက်မိသည်။ ထိုအခါ မြစ်ထဲတွင် ကိုယ်လုံးတီးဖြင့် လူတစ်ယောက် မျောပါလာသည်ကို တွေ့လိုက်ရသည်။
ကျူကျူကျင်း: “...”
သူမ၏ သိုင်းဝိညာဉ်မှာ ငရဲကြောင်ဖြစ်သည်။ သူမ၏အမြင်သည် ကောင်းမွန်ပြီး အရာအားလုံးကို မြင်နိုင်ပေသည်။ သူမသည် အေးစက်သော်လည်း အရွယ်ရောက်ပြီးသော ကောင်မလေးတစ်ယောက်သာဖြစ်သည်။ ဤမြင်ကွင်းသည် သူမအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့ပေသည်။ သူမ၏အေးစက်သောမျက်နှာသည် အလွန်မြန်ဆန်သည့်နှုန်းဖြင့် နီရဲလာသည်။ ကျူကျူကျင်းသည် ရှက်ရွံ့ဒေါသဖြင့် သွားကြိတ်ကာ အော်ဟစ်လိုက်ပေသည်
“အရက်သမား”
လီကျယ်ရှန်းသည် အသက်ဘေးနှင့်ကြုံပြီးနောက် ဤအေးမြသောချောင်းထဲတွင် ရေကူးနေကာ ဤခံစားချက်သည်ဝိုင်သောက်နေရသလိုပင် ပျော်ရွှင်မှုကို ပေးပေသည်။ သူ၏ မျက်လုံးများကိုမှိတ်ထားလိုက်ပြီး ချောင်းရေစီးအတိုင်း မျောနေလိုက်သည်။
လီကျယ်ရှန်းသည် သက်တောင့်သက်သာဖြင့် သူ၏အာရုံများကို ကန့်သပ်ထားသောကြောင့် ချောင်းဘေးတွင် ရပ်နေသူများကိုပင် မသိရှိခဲ့ပါ။ “အရက်သမား” ဟူသော ဒေါသထွက်သော အော်ဟစ်သံကြားလိုက်ချိန် သူရုတ်တရက် မျက်လုံးများကိုဖွင့်လိုက်သည်။ ခန္ဓာကိုယ်ကို ရေထဲသို့ ချက်ချင်းနှစ်ပြီး ခေါင်းကိုသာ ရေပေါ်တွင် ထားကာ လှည့်ပတ်ကြည့်ရှုသည်။
“အရက်သမားတွေဘယ်မှာလဲ”
လှည့်ပတ်ကြည့်ရှုသော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပါ။ လီကျယ်ရှန်းသည် “အရက်သမား” ဟု ခေါ်ဝေါ်သော လှပသည့် ကောင်မလေးသည် ရေစပ်တွင် ရပ်နေပြီး ရှက်ကြောက်ဒေါသထွက်နေသော မျက်နှာဖြင့် သူ့ဘက်သို့ ကြည့်နေသည်ကိုသာ မြင်တွေ့ရသည်။ ထို့နောက်ဘာဖြစ်နေတာလဲဆိုတာ သူနားလည်သွားပေသည်။
သူ့ကို အရက်သမားလို့ ရည်ညွှန်းနေတာလား…
ကျူကျူကျင်းက ချောင်းထဲက ယောင်္ကျားလေးကို ကြည့်ရင်း သွားကြိတ်ပြီး ပြောလိုက်သည်။
“ဘာလို့...ဘာလို့အဝတ်အစားမဝတ်ထားတာလဲ?”
လီကျယ်ရှန်း မျက်ခုံးကျုံ့သွားသည်။
“မင်းဦးနှောက်မကောင်းဘူးလား”
“ငါရေချိုးနေတာ၊အဝတ်ဘယ်လိုဝတ်ရမှာလဲ”
ကျူကျူကျင်း၏ လှပသောမျက်နှာသည် ပို၍နီရဲလာသည်။ ဒေါသလား ရှက်တာလား မခွဲခြားနိုင်တော့ပါ။
“နင်နေ့ခင်းဘက်မှာ ရေချိုးတာလား”
“ပတ်ဝန်းကျင်မှာလူရှိမရှိ ဂရုမစိုက်ဘူးလား”
လီကျယ်ရှန်း ထရပ်လိုက်သည်။ သူ၏ ကိုယ်အပေါ်ပိုင်းသည် ရေစက်များဖြင့် ဖုံးအုပ်ထားပေသည်။ ထိုအချိန် ကျူကျူကျင်း၏ မျက်နှာမှာ ပန်းရောင်သန်းသွားကာ ခေါင်းအားချက်ချင်းလှည့်လိုက်ပေသည််။ ဤမိန်းကလေးကို ကြည့်ရင်း လီကျယ်ရှန်းသည် လက်ဖြင့် ရေမျက်နှာပြင်ကို ရိုက်ခတ်လိုက်ပြီး
“မင်းတို့လို လူတွေကတကယ်ပါပဲ”
“ကြယ်သစ်တောကြီးက မင်းပိုင်တာလား”
“ငါရေမချိုးခင် လူရှိမရှိ သေချာကြည့်ခဲ့ပြီးသား”