← Chapters

အားကောင်းသောမှော်ကျင့်စဉ်

Vol. 1 Ch. 399

အားကောင်းသောမှော်ကျင့်စဉ်

Vol. 1 Ch. 399

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က မိုးပြာနဂါးအင်ပါယာနှင့် ကြယ်ကောင်းကင်မြို့မှ စွမ်းအားမြင့်သူများအားလုံး ရုတ်တရက်ကြီး အသတ်ခံလိုက်ရသည်။ တစ်ချိန်တည်းတွင် စစ်သေနာပတိချုပ် ခြောက်ယောက်သည် ပုန်ကန်ကာ ကိုယ်ပိုင်နိုင်ငံ အသီးသီးကို တည်ထောင်လိုက်ကြသည်။ မိုးပြာနဂါးအင်ပါယာသည် အသက်ရှင်ကျန်ရစ်သူ ကလေးတစ်ဦးကို နန်းတင်ပေးလိုက်ရသည်။ စစ်သေနာပတိချုပ် ခြောက်ယောက်သည် စစ်တပ်အသီးသီးကို ဦးဆောင်ကာ ကြယ်ကောင်းကင်မြို့ဆီ ချီတက်လာကြသည်။ သူတို့သည် ဘုရင်အသစ်လေးအား သူတို့ရုပ်သေးလုပ်လျှင်လုပ်မည်။ သို့မဟုတ် မိုးပြာနဂါးအင်ပါယာကို အပိုင်စီးကာ ကျန်နိုင်ငံများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်တော့မည်ဖြစ်သည်။

စစ်သည်သန်းပေါင်းများစွာသည် ကြယ်ကောင်းကင်မြို့သို့ ချီတက်သွားကြသော်လည်း နောက်ဆုံးတွင် မည်သူကမှ ဝင်မသွားရဲကြဘဲ စိတ်ပျက်စွာ တပ်ဆုတ်သွားကြရသည်။ သို့နှင့် နယ်မြေ၏ အင်အားညီမျှမှုသည် ယနေ့တိုင် တည်မြဲနေခဲ့သည်။ စစ်သည်များ ကြယ်ကောင်းကင်မြို့သို့ အဘယ့်ကြောင့် ဝင်မသွားရဲကြသနည်း ဟူသောမေးခွန်းသည် နယ်မြေမှလူများ၏ ရင်ထဲတွင် အကြီးမားဆုံးသော ပဟေဠိ ဖြစ်လာခဲ့သည်။

ထို့နောက် မိုးပြာနဂါးအင်ပါယာသည် ရွှေကျင်းရှီလွင်ပြင်တွင် ဆယ်နှစ်ကြာတိုင်း နိုင်ငံခြောက်ခုအကြား နိုင်ငံအဆင့်ပြိုင်ပွဲတစ်ခုကို ကျင်းပရမည်ဟု အမိန့်ထုတ်ခဲ့သည်။ အင်ပါယာသည် သူတို့၏အင်အားကို ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်နေရင်း လက်အောက်ခံနိုင်ငံခြောက်ခု၏ အင်အားကို လျှော့ချရန် ကြိုးစားနေကြောင်း အရူးတစ်ယောက်ကပင် ပြောနိုင်သည်။

အရူးတစ်ယောက်က ထိုအရာကို သိနိုင်လျှင် နိုင်ငံခြောက်နိုင်ငံ၏ ဘုရင်များကလည်း အင်ပါယာ၏ ပရိယာယ်ကို နားလည်ကြသည်သာ။ သို့သော်လည်း သူတို့သည် လိုက်နာကြပြီး နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပါဝင်ကြသည်။ သူတို့သည် နောက်ပိုင်းတွင် နိုင်ငံအဆင့်ပြိုင်ပွဲအငယ်စားကိုပါ ဖန်တီးခဲ့ကြသေးသည်။

ထိုအချက်မှာလည်း နယ်မြေ၏ နောက်ထပ်သော ပဟေဠိ ဖြစ်လာခဲ့သည်။

ယခု ထိုပဟေဋ္ဌိများမှာ ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။ ထိုကိစ္စများအားလုံးတွင် သိုင်းခန်းမဟူသည့် တရားခံရှိနေခဲ့သည်။

တုကူးယန်သည် သူ့အား မလိမ်ခဲ့ပေ။ သိုင်းခန်းမသည် နယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်သည်အထိ အမှန်တကယ် အင်အားကြီးလေသည်။ သိုင်းခန်းမဌာနချုပ်သခင်က အမိန့်ပေးလိုက်သည်နှင့် လက်အောက်ခံနိုင်ငံခြောက်ခု၏ ဘုရင်များ အာခံရဲကြမည်မဟုတ်။ သိုင်းခန်းမဌာနချုပ်သခင်သည် နယ်မြေ၏ အမည်မခံထားသည့်ဘုရင်ဟုပင် ပြောနိုင်လေသည်။

ယခု နောက်ပြဿနာတစ်ခု ပေါ်လာခဲ့ပြီဖြစ်သည်။ သိုင်းခန်းမသည် နယ်မြေ၏ အမည်မခံထားသည့်ဘုရင် မည်သို့ဖြစ်လာသနည်း။ ယခု နယ်မြေတွင် အင်အားကြီးသော ပုဂ္ဂိုလ်များ အမြောက်အများရှိနေပြီဖြစ်သည်။ ရွှေယို့လန်နှင့် မိုးပြာနဂါးအင်ပါယာ၏ ဘိုးဘေးများထဲတွင် ဗာဂျရာအဆင့်အမြင့်ဆုံးကို ရောက်ရှိခဲ့သူများလည်း ရှိလိမ့်မည်။ မေးခွန်းထုတ်စရာမှာ သိုင်းခန်းမတွင် ကောင်းကင်ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်များ ရှိနေသည်လော။

ကျန်းရီသည် ထိုအချက်ကို ထုတ်မေးလိုက်ချိန်တွင် ဦးရီးတော်အရှင်မှ ခေါင်းယမ်း၍ ပြောလာခဲ့သည်။

"အသေးစိတ်ကိုတော့ ငါလည်းမသိဘူး။ ဘုရင်တွေပဲ အဲ့လိုဟာတွေကို သိလောက်တယ်။ ဒါပေမယ့် ကောင်းကင်ဧကရာဇ်အဆင့် ရှိလောက်တယ်လို့ ငါမထင်ဘူး။ ကောင်းကင်ဧကရာဇ်အဆင့်ရဲ့ အရှိန်အဝါက အရမ်းပြင်းထန်တယ်။ ဗာဂျရာအဆင့်လူတစ်ယောက်တောင် သူ့ရဲ့ အရှိန်အဝါကို မဖုံးကွယ်နိုင်ဘူး။ ထူးဆန်းတာက...လက်အောက်ခံနိုင်ငံခြောက်ခုက သိုင်းခန်းမမှာ ခန်းမသခင်တစ်ယောက်ကလွဲပြီး တခြားဗာဂျရာအဆင့်ရှိကြောင်း အာရုံမခံမိကြဘူး"

ကျန်းရီသည် မရေရာစွာ မေးလိုက်သည်။

"ဦးရီးတော်...တော်ဝင်မိသားစုမှာ လျှို့ဝှက်မှတ်တမ်းတွေဘာတွေ မရှိဘူးလား။ ရှားနိုင်ငံရဲ့ ပထမဆုံးဘုရင် အဲ့ဒီနှစ်ရဲ့အဖြစ်အပျက်တွေကို မှတ်တမ်းတင်ခဲ့လောက်တယ်"

စုလောရွှယ်သည် ခါးသီးစွာ ပြုံးရင်း ဖြတ်ပြောလာခဲ့သည်။

"မှတ်တမ်းတွေရှိတာပေါ့။ ကံမကောင်းစွာနဲ့ ရှားယွိမြို့ကို ရန်သူတွေ လာမတိုက်ခင် ခမည်းတော်က အရေးကြီးမှတ်တမ်းတွေအားလုံးကို မီးရှို့လိုက်တယ်"

"စိတ်မကောင်းစရာပဲ"

ကျန်းရီသည် သက်ပြင်းအသာချလိုက်သည်။ ဦးရီးတော်သည် ဘုရင်မဟုတ်ရာ ထိပ်တန်းလျှို့ဝှက်ချက်များကို သိခွင့်ရှိမည် မဟုတ်ပေ။ မှတ်တမ်းများလည်း မရှိတော့ရာ ရှန်မိမြို့သို့သွား၍ ယွင်ချင်းထျန်းကို မေးရန်သာ ရှိတော့သည်။

"သိုင်းခန်းမ...ခင်ဗျားကဘာလဲ"

ကျန်းရီသည် တီးတိုးရေရွတ်လိုက်သည်။ သူသည် သိုင်းခန်းမကို အမှန်တကယ် မကြောက်ပေ။ တုကူးယန်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် သူလုပ်လိုက်သော်လည်း သိုင်းခန်းမဌာနချုပ်သခင်သည် အရူးမဟုတ်ပါလျှင် ကျန်းရီကို ရန်သူအဖြစ် ချက်ချင်းသတ်မှတ်လိုက်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရီသည် လက်ရှိအချိန်တွင် အရေးပါသူဖြစ်နေသည် မဟုတ်ပါလော။

အဲ့ဒါက အကြောင်းမဟုတ်ဘူး...

ကျန်းရီသည် ချက်ချင်းထရပ်ကာ သူ့အခန်းသူပြန်၍ အနားယူလိုက်သည်။

မဖြစ်လာသေးသော အရာများကို စိတ်ပူနေခြင်းက အသုံးမဝင်ပေ။ သိုင်းခန်းမသည် သူ့ရန်သူဖြစ်ချင်ပါလျှင် ထိုအချက်ကို ပြောင်းလဲပစ်ရန် သူဘာမှလုပ်ပေးနိုင်မည်မဟုတ်။ သိုင်းခန်းမကို ဝင်ရောက်ရမည်လော။ သူလုံးဝလုပ်မည် မဟုတ်ပေ။

***

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့သည်။ မျက်စိတစ်မှိတ်စာအတွင်းတွင် ဆယ်ရက်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ချမ်ဝမ်ကွမ်သည် သိဒ္ဓိဝင်ကျောက်ရေစင်များ နောက်တစ်ကြိမ်ထပ်ပို့လိုက်ပြီး စုလောရွှယ်သည်လည်း အချို့ကို ဝယ်နိုင်ခဲ့သည်။ သူမသည် သတ္ထုကြောတူးဖော်သည့် လူအရေအတွက်ကိုလည်း တိုးမြှင့်ထားရာ လုပ်ငန်းမှာ လျင်မြန်စွာ လည်ပတ်နေခဲ့သည်။ ဆယ်ရက်အတွင်းတွင် ကောင်းကင်ကျောက်တုံးတစ်ရာကျော် ရရှိခဲ့သည်။ ထို့ပြင် ကောင်းကင်သတ္ထုကြောမှာ ဘယ်ဘက်ခြမ်းတစ်ဖက်သာ အဆုံးသို့ရောက်သွားခဲ့သည်။ ညာဘက်နှင့် ရှေ့ဘက်မှာ အဆုံးသတ်နေရာကို မတွေ့ရသေးပေ။ သတ္ထုကြော မည်မျှကြီးကြောင်း သူတို့မသိရသေး။

ကျန်းရီ စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေမှ ထွက်ခွာလာခဲ့သည်မှာ လေးလခန့်ရှိခဲ့ပြီဖြစ်သည်။ သူယခုပြန်မသွားလျှင် စုန်းနတ်ဘုရား၏ ကြွင်းကျန်ရစ်သော ဝိဉာဉ်အပိုင်းအစမှာ ထာဝရကွယ်ပျောက်သွားတော့ပေမည်။

ကျန်းရီသည် အားတင်း၍ပြုံးကာ ပြောလိုက်သည်။

"လောရွှယ်...ကိုယ်သွားရတော့မယ်။ စုန်းနတ်ဘုရားရဲ့ အမွေအနှစ်တွေကို ရပြီးတာနဲ့ ကိုယ်အမြန်ဆုံး ပြန်လာခဲ့မယ်။ ပြီးရင် ကိုယ်တို့ လက်ထပ်ကြတာပေါ့"

တွန့်ဆုတ်နေသော စုလောရွှယ်ကိုကြည့်ရင်း ကျန်းရီ၏နှလုံးသားမှာ လေးလံလာရသည်။ စုလောရွှယ်သည် ခေါင်းငြိမ့်ကာ ကျန်းရီအား အနမ်းတစ်ပွင့်ပေးလာခဲ့သည်။

"အိုး...ဟုတ်သား"

ကျန်းရီသည် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ မီးဝိဉာဉ်ပုလဲသည် တောက်ပသွားခဲ့ပြီး လှပသော ဓားရှည်တစ်ချောင်းနှင့် ခမ်းနားတင့်တယ်လွန်းသော လေးတစ်လက် ပေါ်ထွက်လာခဲ့သည်။ လက်နက်နှစ်ခုမှာ အလင်းရောင်များ ဖြာထွက်နေလေသည်။ ၎င်းတို့မှာ သာမန်ပစ္စည်းများ မဟုတ်ကြောင်း အကြည့်တစ်ချက်ဖြင့်ပင် သိနိုင်လေသည်။ သူသည် လက်နက်နှစ်ခုကို စုလောရွှယ်အား ပေးကာ ပြောလိုက်သည်။

"ဒါတွေက စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲက ကိုယ်ရခဲ့တဲ့ လက်နက်နှစ်ခုပဲ။ မင်းမှာအချိန်ရတဲ့အခါ သင့်တော်တဲ့တစ်ခုကိုရွေးပြီး စိတ်ဝိဉာဉ်အမှတ်အသား ပြုလိုက်"

"နတ်စစ်သည်တော်လေး"

စုလောရွှယ်၏ မျက်လုံးအိမ်များ လှုပ်ရှားသွားခဲ့ပြီး လေးအားလှမ်းယူလိုက်သည်။ သူမသည် လေးကို မခွဲခွာနိုင်လောက်အောင် သဘောကျသော်လည်း အဆုံးသတ်တွင် လက်မခံခဲ့ပေ။ သူမသည် လေးကို ကျန်းရီထံ ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။

"ကျန်းလန်...ဒီလေးကို တစ်ခါက ကောင်းကင်ဧကရာဇ်တစ်ဦးက ပိုင်ဆိုင်ခဲ့ဖူးတယ်။ သူလေးနဲ့ရွယ်လိုက်တဲ့သူတိုင်း သေရတယ်လို့တောင် ပြောကြတယ်။ ဒီလေးက အရမ်းစွမ်းအားကြီးတယ်။ လောရွှယ်ယူလိုက်ရင် လေးရဲ့စွမ်းအားကို ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ်။ ရှင်ပဲသိမ်းထားသင့်တယ်"

"ကိုယ်လား"

ကျန်းရီသည် မီးနဂါးဓားကိုကိုင်နေသည်မှာ အသားကျနေပြီဖြစ်သည်။ သူ့အတွက် လေးကိုပြောင်းကိုင်ရန်မှာ မဖြစ်နိုင်ချေ။ စုလောရွှယ်သည် သူတုံ့ဆိုင်းနေမှန်း သတိပြုမိလိုက်သည့်အခါ အကြံတစ်ခု ချက်ချင်းရသွားခဲ့သည်။

"ဘာလို့ ညီမရှောင်နူကို မပေးရမှာလဲ။ ဒီလေးက သူမလက်ထဲမှာဆို ပိုပြီး အစွမ်းထက်လာနိုင်တယ်"

"အကြံကောင်းတယ်"

ကျန်းရီသည် ဓားရှည်အား စုလောရွှယ်ထံ ပေးလိုက်ပြီးနောက် ကျန်းရှောင်နူအား သွားရှာလိုက်သည်။ သူသည် သူမအား လေးကိုပေး၍ ပြောလိုက်သည်။

"ရှောင်နူ...မင်းဒါကို စိတ်ဝိဉာဉ်အမှတ်အသား ပြုကြည့်မလား။ မင်းက အသွင်ပြောင်းလိုက်ရင် ပျံနိုင်တယ်ဆိုတော့ ဒီလေးနဲ့ သင့်တော်လောက်တယ်"

"လှလိုက်တဲ့လေး"

ကျန်းရှောင်နူသည်လည်း လေးကို အလွန်နှစ်သက်လေသည်။ သူမသည် လက်မှအစိမ်းရောင်စွမ်းအင်တို့ကို ထုတ်ဖော်လိုက်သည်နှင့် လေးမှအလင်းရောင်များ ဖြာထွက်လာခဲ့သည်။ ကျန်းရှောင်နူသည် လေးအား အလွန်လွယ်ကူစွာ စိတ်ဝိဉာဉ်အမှတ်အသား ပြုနိုင်ခဲ့သည်။

ကျန်းရီသည် မီးဝိဉာဉ်ပုလဲထဲမှ ရှေးဟောင်းနတ်ဘုရားလက်စွပ် တစ်ကွင်းထုတ်ကာ ရှောင်နူအား ပေးလိုက်သည်။ ထို့နောက် သူသည် သူမအား ရှားယွိမြို့တွင်နေ၍ သူပြန်အလာကို စောင့်နေရန် မှာကြားလိုက်သည်။

စုလောရွှယ်၊ ကျန်းရှောင်နူနှင့် မြေခွေးလေးအား နှုတ်ဆက်စကားပြောပြီးနောက် ကျန်းရီသည် စုန်းနတ်ဘုရား၏နယ်မြေသို့ နောက်တစ်ကြိမ် ထွက်ခွာလာခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ယာ့ဇီသားရဲစီး၍ ထွက်မသွားခဲ့ပေ။ ထိုအစား ကျုံးဝူသားရဲဖြင့်သာ မြေအောက်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ စုလောရွှယ်၊ ကျန်းရှောင်နူနှင့် မြေခွေးလေးမှတစ်ပါး မည်သူမှ သူထွက်သွားကြောင်း မသိလိုက်ကြပေ။ ကုန်းကုန်းချောင်တောင် မသိချေ။

စုလောရွှယ် ပြုလုပ်ထားခဲ့သည့် လူသားအရေပြားမျက်နှာဖုံးကို နောက်တစ်ကြိမ် ထုတ်သုံးရပြီဖြစ်သည်။ ကျန်းရီအဖြစ် ဟန်ဆောင်ထားသူသည် စစ်တပ်၏စိတ်အားထက်သန်မှုကို တည်ငြိမ်စေရန် ရှားယွိမြို့ထဲတွင် ရံဖန်ရံခါ လူလုံးထွက်ပြရလေသည်။

ကျန်းရီသည် တမလွန်တောအုပ်သို့ မြေအောက်မှသာ တန်းတန်းမတ်မတ် သွားခဲ့သည်။ သူသည် နေ့မနား၊ညမနား ခရီးဆက်ခဲ့သောကြောင့် ဆယ်ရက်အတွင်း တမလွန်တောအုပ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် တံဆိပ်ပြားကိုသုံး၍ စကြဝဠာနန်းတော်၏ အပေါ်ဆုံးထပ်သို့ တိုက်ရိုက်တက်သွားလိုက်သည်။

"စုန်းနတ်ဘုရား...ကျွန်တော်ပြန်ရောက်ပါပြီ"

သူသည် စုန်းနတ်ဘုရား၏ ရုပ်ကြွင်းကို ဦးညွှတ်အရိုအသေ ပေးလိုက်သည်။ နန်းတော်ထဲမှ အစီအရင်များသည် လင်းလက်လာခဲ့ပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ပုံရိပ်သည် ယခင်ကထက် သိသိသာသာ မှိန်ဖျော့သွားခဲ့သည်။ စုန်းနတ်ဘုရား၏အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"ကောင်လေး...မင်းတစ်လနောက်ကျပြီးမှသာ ပြန်ရောက်လာရင် ငါ့ရဲ့ရှေးဟောင်းမှော်ပညာတွေ ပျောက်ဆုံးကုန်လောက်တယ်။ ဟုတ်ပြီ...အပိုတွေ မလုပ်နဲ့တော့။ ဒီမှော်ကျင့်စဉ်ဆယ်မျိုးကို မြန်မြန်လာပြီး အလွတ်မှတ်တော့"

ကျန်းရီ၏ အရှေ့ဘက်ရှိ ကျောက်စိမ်းဖြူ နံရံထက်တွင် အနက်ရောင်အက္ခရာများ တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ ကျန်းရီသည် မလိုအပ်သော အတွေးများအားလုံးကို ဖယ်ရှားကာ စိတ်ပါလက်ပါ စတင်ဖတ်ရှုလိုက်သည်။ သူ့စိတ်သည် ပထမဆုံး မှော်ကျင့်စဉ်ကို မြင်ချိန်မှာပင် ဟာခနဲဖြစ်သွားလေသည်။

"ကောင်းကင်အသိအမြင်— ကောင်းကင်စိတ်အာရုံကို အဆတစ်သန်း တိုးမြှင့်နိုင်၍ နယ်မြေတစ်ခုလုံးကို လျှို့ဝှက်စွာ ကြည့်ရှုနိုင်စေသည်။ ကောင်းကင်ဧကရာဇ်အဆင့်သို့ မရောက်ကြသေးသူများမှာ ထိုကောင်းကင်စိတ်အာရုံကို အာရုံခံမိကြမည်မဟုတ်"

ယာ့ဇီသားရဲသည် ကျန်းရီအား ဤမှော်ပညာအကြောင်း ပြောခဲ့ဖူးသော်လည်း သူ့ထံတွင် ဤသို့အားကောင်းသည့် မှော်ကျင့်စဉ်ကို သင်ယူခွင့် ရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ကောင်းကင်စိတ်အာရုံသည် အဆတစ်သန်းအထိ ကျယ်ပြန့်သွားမည်ဖြစ်ပြီး ဗာဂျရာအဆင့်များက အာရုံခံမိမည်မဟုတ်သော ကျင့်စဉ်၊ ဤသည်မှာ အမှန်တကယ် ကြမ်းရမ်းသော မှော်ကျင့်စဉ်ဖြစ်လေသည်။ သူ့တွင်သာ ထိုသို့သော စွမ်းအားကို ပိုင်ဆိုင်ထားပါက ဗာဂျရာအဆင့်များကိုပင် ရင်ဆိုင်နိုင်လောက်ပြီဖြစ်သည်။

*****

All Chapters