အခန်း (၁၄)
Vol. 2 Ch. 14
လီကျယ်ရှန်း၏ မျက်လုံးသည် နဂါးငွေ့တန်းကို သယ်ဆောင်ထားသည်ဟုထင်ရသည့် သုံးလက်မခန့်ရှိ ဖန်ဗူးပေါ်သို့ စိုက်ကပ်သွားပြီး အလျင်အမြန်ပင် ပြေးသွားလိုက်သည်။
“ဒါ...”
ရွယ်ချင်းဟော်သည် ခန့်ညားစွာဖြင့် ငါးရိုးတစ်ချောင်းကိုထွေးထုတ်ပြီး ခေါင်းမမော့ဘဲ ပြောလိုက်သည်။
“မင်းလိုချင်တဲ့ ယောင်ကွမ်းအရက်။”
“ငါစားတာနှစ်နပ်ပဲရှိသေးတယ်၊ မင်းကတောင်းနေပြီ*
“အင်း၊ မင်းငါ့ကို နောက်ထပ်ဆယ်နပ်စာလောက် အကြွေးကျန်သေးတယ်။”
လီကျယ်ရှန်းသည် အောင်ပွဲခံသည့်ပုံစံဖြင့် ပြောလိုက်သည်။
“ဆယ်နပ်လောက်ကို ပြောမနေနဲ့ မင်းစားချင်ရင် ရာနဲ့ချီကျွေးမယ်”
သူသည် ဖန်ဗူးကိုဆုတ်ယူပြီး သူ၏မျက်လုံးများရှေ့တွင် ကိုင်ထားကာ စစ်ဆေးကြည့်ရှုလိုက်သည်။
အတွင်းရှိဝိုင်သည် တစ်ခါတစ်ရံတွင် မြောက်ဝင်ရိုးစွန်းမီးတောက်ကဲ့သို့ အပြာနှင့်အစိမ်းရောင်ဖျော့ဖျော့ဖြင့် တောက်ပနေပြီး အခြားအချိန်များတွင် ညနေခင်း၏နေဝင်ချိန်ကဲ့သို့ လိမ္မော်ရောင်ဖြင့် ပွင့်ဖူးနေသည်။ ၎င်းသည် ကြယ်စင်ရောင်ခြည်နှင့် တကယ်ပင်တူညီနေပေသည်။
ထိုကဲ့သို့သော မှော်ဆန်သည့်ဝိုင်ကိုမြင်တွေ့ရသည့်အခါ လီကျယ်ရှန်း အလွန်ပျော်ရွှင်သွားခဲ့သည်။ သူသည် သူ၏လက်သီးကိုဆုပ်ကိုင်ပြီး ရွယ်ချင်းဟော်၏ရင်ဘတ်ကို ခပ်ဖွဖွထိုးလိုက်သည်။
“မင်းကတကယ်ကို မိတ်ဆွေကောင်းတစ်ယောက်ပဲ!”
ရွယ်ချင်းဟော်၏ ငါးစားနေသည့်လှုပ်ရှားမှု ရပ်တန့်သွားသည်။
သူသည် တောင့်တင်းစွာပင် မျက်လုံးများကို ဖြည်းဖြည်းချင်းမော့ကြည့်ကာ ကိုယ်ပိုင်နေရာများကို လက်လွတ်စပယ်ထိကိုင်နေသော အဖြူရောင်ဝတ်ရုံလူငယ်ကို မယုံကြည်သောမျက်လုံးဖြင့် ကြည့်နေသည်။ တကယ်တော့ လီကျယ်ရှန်းသည် ရွယ်ချင်းဟော်၏ရင်ဘတ်ကိုတုပ်လိုက်သည့်အချိန်တွင် သူသည် စိတ်လှုပ်ရှားမှုလွန်ကဲသွားကြောင်း သိရှိခဲ့သည်။
သူသည် ယောင်ကွမ်းအရက်ကို အာရုံစိုက်ထားသည့်ပုံပေါက်နေသော်လည်း တကယ်တော့ သူသည် စတင်ပြီးစိုးရိမ်နေခဲ့သည်။ သူသည် သူ့ရှေ့မှောက်တွင်ထိုင်နေသော ရွယ်ချင်းဟော်သည် တဖြည်းဖြည်းအန္တရာယ်ရှိသည်ဟု ခံစားမိလာသည်။
သူဘာလုပ်ရမလဲ။
တစ်စက္ကန့်အတွင်းမှာပင်၊ လီကျယ်ရှန်း၏ တုံ့ပြန်မှုအရှိန်သည် သူ၏ဓားဆွဲသည့်အရှိန်ထက်ပင် ပိုမိုမြန်ဆန်နေသည်။
ဘာမှမဖြစ်ခဲ့သလိုပဲ ဟန်ဆောင်လိုက်ရအောင်။
သူသည် ရွယ်ချင်းဟော်ပင်
ချန်ရန်ရွယ် မဟုတ်ပေ
ငါတို့အားလုံးသည် မိတ်ဆွေတွေပဲ ရင်ဘတ်ကို မိတ်ဆွေသဘောမျိုးထုရိုက်လိုက်တာက ဘာမှမဖြစ်ပါဘူး။
လီကျယ်ရှန်းသည် လက်ကိုမြှောက်သည့်ဟန်ပြုလုပ်ကာ။
“ဒါကတော့ ဝိုင်ကောင်းတစ်မျိုးပဲဖြစ်ရမယ်။”
“ညီအကိုရေ၊ မင်းကတော့ အကောင်းဆုံးပဲ။”
ရွယ်ချင်းဟော်သည် လီကျယ်ရှန်း၏ မျက်နှာအမူအရာကို စိုက်ကြည့်နေသည်။ သူသည် လီကျယ်ရှန်း၏လက်ကို သိမ်မွေ့စွာရှောင်ရှားလိုက်သည်။
“မင်းရဲ့အသက်အရွယ်နဲ့ လက်ထဲမှာအမြဲဝိုင်နဲ့၊ မင်းအဲဒါကိုတကယ်ပဲနားလည်လို့လား?”
လီကျယ်ရှန်း ရယ်မောလိုက်သည်။ ဝိုင်ကိုနားမလည်ဘူးလို့ပြောတာသည် ဓားကိုမကိုင်တတ်ဘူးလို့ပြောသလိုမျိုးပင်။ ချက်ချင်းဆိုသလို၊ လီကျယ်ရှန်းသည် ပုလင်းကိုဖွင့်ပြီး ယောင်ကွမ်းအရက်ကို စိတ်အားထက်သန်စွာဖြင့် တစ်ငုံသောက်လိုက်သည်။
၎င်းသည် ကြယ်စင်ရောင်ခြည်တစ်ချောင်းသည် သူ၏လည်ချောင်းမှတစ်ဆင့် စီးဆင်းသွားသကဲ့သို့ပင်ဖြစ်သည်။ ချောမောလှပသည့်မျက်နှာပေါ်တွင် စင်ကြယ်သောပျော်ရွှင်မှုများလင်းလက်လာသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။”
“ယောင်ကွမ်းအရက်က တော်ဝင်မျိုးနွယ်တွေတောင် တန်ဖိုးထားရတဲ့ဝိုင်ဆိုတဲ့နမည်နဲ့ တကယ်ကိုထိုက်တန်တာပဲ။”
သူသည် “ကောင်းတယ်” ဟူ၍ သုံးကြိမ်တိုင်တိုင် အော်ဟစ်လိုက်သည်။ ထို့နောက်လီကျယ်ရှန်းသည် မျက်လုံးများကိုမှိတ်ကာ ဂရုတစိုက်မြည်းစမ်းနေသည်။
သူမျက်လုံးဖွင့်လိုက်သည့်အခါ၊ ပတ်ဝန်းကျင်သည် မှောင်မိုက်သောည၏မှုန်ဝါးမှုဖြင့် ဝိုင်းရံနေသည်။ ထိုအနားတွင်အရောင်စုံကြယ်စင်ရောင်ခြည်သည် ဖြတ်ပြေးသွားသည်။
လီကျယ်ရှန်းသည် ကြာပန်းစိမ်းဓား၏တုန်ခါမှုကိုခံစားမိပြီး သက်ပြင်းချလိုက်သည်။
“ယောင်ကွမ်းအရက်၊ စိတ်ကူးယဉ်မှုနှင့်ကဗျာကိုပေါင်းစပ်ထားတဲ့ ဝိုင်တစ်မျိုးပဲ”
ရွယ်ချင်းဟော်သည် အံ့အားသင့်စွာဖြင့် အဖြူရောင်ဝတ်ရုံလူငယ်ကို ကြည့်နေသည်၊ သူသည် ခေါင်းကိုလိုက်သည်။ လူငယ်၏မျက်နှာအရောင်သည် ဖြူဖွေးပြီး သူ၏နဖူးပေါ်တွင် ဆံပင်တစ်ချောင်းရှိနေသည်မှာ သူ့ကိုချောမောနုပျိုပြီး လွတ်လပ်သည့်ပုံစံဖြစ်စေသည်။
သူသည် ၁၂ သို့မဟုတ် ၁၃ နှစ်ထက်မကြီးဟုထင်ရသော်လည်း ဝိုင်မြည်းစမ်းသည့်အခါ၊ ထိုယုံကြည်မှုနှင့်တောက်ပမှုသည် သူ့ကို ဆယ်စုနှစ်များစွာလေ့လာနေသည် ဝိုင်အရသာခံပညာရှင်တစ်ဦးကဲ့သို့ဖြစ်နေစေသည်။
“သူက စိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက်ပဲ...”
ရွယ်ချင်းဟော်က သူမဘာသာသူမတွေးမိသည်။
“မင်းနာမည်ကို ငါမသိသေးဘူး။”
“လီကျယ်ရှန်း။”
လီကျယ်ရှန်းသည်လည်း ပြန်လည်မေးမြန်းလိုက်သည်။
“မင်းရော?”
ရွယ်ချင်းဟော်သည် လီကျယ်ရှန်းကိုကြည့်ကာ ပြောလိုက်သည်။
“မင်းမနေ့ကငါဘယ်သူဆိုတာမသိခဲ့ဘူး၊ အခုလည်းမသိသေးဘူးလား?”
လီကျယ်ရှန်းသည် မရှက်ခဲ့ပေ။ သူသည် လတ်လတ်ဆတ်ဆတ်ချက်ထားသည့်ငါးတစ်ကောင်ကိုကောက်ယူပြီး ရွယ်ချင်းဟော်၏ပန်းကန်ထဲသို့ထည့်ကာ ရယ်မောသံမြည်လိုက်သည်။
“မင်းကတော်ဝင်မင်းသားဖြစ်တာကြောင့် အနူးညံ့ဆုံးငါးကိုမင်းကိုပေးမယ်”
ရွယ်ချင်းဟော် အံ့အားသင့်သွားသည်။
သူသည် မူလက လီကျယ်ရှန်းသည် သူ၏အထောက်အထားကိုသိရှိပြီးနောက် အနည်းငယ်ပိုမိုတင်းကျပ်လာမည်ဟု ထင်မှတ်ထားသည်။
“မင်းမစားဘူးလား”
လီကျယ်ရှန်းသည် မတ်တတ်ရပ်ပြီး ငါးကိုပြန်ယူရန် အဆင်သင့်ပြင်နေသည်။
“မင်းမစားရင် ငါစားမယ်”
ရွယ်ချင်းဟော် စိုးရိမ်သွားသည်။
“ငါ့ငါးကိုချထားပါ”
ထိုညတွင်၊ ခြံကလေးအတွင်း၌ လီကျယ်ရှန်းသည် ကျန်ရှိသောယောင်ကွမ်းအရက်ကို စင်ကြယ်သောစမ်းချောင်းဝိုင်အိုးထဲသို့ လောင်းထည့်လိုက်သည်။
ရုတ်တရက်၊ ကြယ်စင်ရောင်ခြည်တစ်ချက်သည် ညကောင်းကင်ယံမှဆင်းသက်လာပြီး တိုက်ရိုက်ပင်စင်ကြယ်သောစမ်းချောင်းဝိုင်အိုးထဲသို့ ကျရောက်သွားသည်။
ခဏအတွင်းမှာပင်၊ အရောင်စုံမြူခိုးများသည် အိုး၏နှုတ်ခမ်းမှထွက်ပေါ်လာသည်။ နက်နဲသောဝိုင်အနံ့သည် ခြံတစ်ခုလုံးကိုပြည့်နှက်သွားစေသည်။
ပုလင်းကိုယ်ထည်ပေါ်တွင်၊ စမ်းချောင်းများနှင့်အသီးများကိုဖော်ပြထားပြီး ကြယ်စင်ရောင်ခြည်ချက်တစ်ခုပေါ်လာသည်။
လီကျယ်ရှန်းသည် ခေါင်းကိုမော့ကာ ဝိုင်ကိုအကြီးအကျယ်ပင်သောက်လိုက်သည်။
ထို့နောက်သူ၏လည်စလုတ်သည် တုန်ခါသွားသည်။ ပြင်းထန်သောဝိုင်သည် အပူချိန်မြင့်သည့်စီးကြောင်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။
သို့သော်၊ သူ၏ရင်ဘတ်ထဲတွင်၊ ၎င်းသည် ရေခဲအရည်ပျော်ခြင်းနှင့်မိုးရေကဲ့သို့သော ကြည်လင်သည့်အေးမြမှုကိုနှိုးဆွပေးခဲ့သည်။
လီကျယ်ရှန်း၏မျက်နှာသည် ချက်ချင်းဆိုသလို နီမြန်းသွားသည်။
“တကယ်ကောင်းတဲ့ဝိုင်ပဲ”
ထို့နောက်ကြာပန်းစိမ်းဓား၏အမှတ်အသားသည် သူ၏နဖူးပေါ်တွင်ပေါ်လာသည်။
လီကျယ်ရှန်း၏အတွေးဖြင့်၊ သုံးပေခြောက်လက်မရှိကြာပန်းစိမ်းဓားသည် သူ၏လက်ထဲတွင်ရှိနေသည်။
ဝိုင်သည် သူ၏သွေးကြောများမှတစ်ဆင့်လှိုင်းတံပိုးခတ်နေပြီး တောက်ပသောကြယ်စင်ရောင်ခြည်ကဲ့သို့ကြာပန်းများသည် ဓား၏ကျောရိုးပေါ်တွင်စုစည်းနေသည်။
ရုတ်တရက်ဆိုသလိုပင်လီကျယ်ရှန်းသည် ခုန်တက်လိုက်ပြီး သူ၏လွင့်မြောနေသောဝတ်ရုံများသည် မြက်ခင်းပြင်ထဲရှိပိုးစုန်းကြူးများကို ထိတ်လန့်သွားစေသည်။
သူသည် ဓားကိုခါလိုက်ပြီး ကြယ်စင်ရောင်ခြည်အားလုံးသည် လေထဲတွင် ကျန်နေခဲ့ပေသည်။ ဤဓားခုတ်ချက်သည် အလွန်လှပပေသည်။
ညကောင်းကင်ယံမှ ကြယ်စင်ရောင်ခြည်တစ်ချောင်းကိုခိုးယူထားသကဲ့သို့ ဤမျှကြီးကျယ်ခမ်းနားသောဓားခုတ်ချက်သည် ယခင်ကတစ်ခါမျှမရှိခဲ့ဖူးပေ။
လီကျယ်ရှန်းသည် သူ၏နောက်ဆုံးဓားခုတ်ချက်ကိုထုတ်ဖော်သည့်အခါ၊ ဓားထိပ်ဖျားတွင်ရှိနေသည်မှာ အေးမြမှုမဟုတ်တော့ဘဲ ခိုင်မာစွာစုစည်းထားသောကြယ်စင်ရောင်ခြည်တစ်ခုဖြစ်လာပေသည်။
ဤအရာကိုဗဟိုပြုပြီး၊ ခြေခြောက်လှမ်းအတွင်းရှိအရာအားလုံးသည် ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားပေသည်။
ထို့နောက် ၎င်းသည် လေနှင့်အတူပြိုကွဲသွားသည်။
“ကြာပန်းစိမ်းဓားသီချင်းရဲ့ ပထမဆုံးပုံစံ ယောင်ကွမ်းဓား၊ ပြီးပြည့်စုံသွားပြီ။”
နောက်ထပ်ကာလအတွက်၊ လီကျယ်ရှန်းသည် အခြေခံအားဖြင့် ကြာကန်တွင်ငါးမျှားခြင်း၊ ရွယ်ချင်းဟော်နှင့်ငါးစားခြင်းနှင့် ညနေပိုင်းတွင်အိမ်တွင် ဓားရေးလေ့ကျင့်ခြင်းဟူသော အလုပ်များဖြင့်သာအချိန်ကုန်ခဲ့ပေသည်။
တကယ်တော့၊ ငါးသည်အရသာရှိသော်လည်း၊ တစ်စုံတစ်ယောက်သည် ၎င်းတို့ကိုငြီးငွေ့လာသည့်အချိန်ရောက်လာပေသည်။ ထို့ကြောင့် ရွယ်ချင်းဟော်သည် ရက်အနည်းငယ်တိုင်း နန်းတော်မှ အရသာရှိသည့်အစားအစာအချို့ကို ယူဆောင်လာခဲ့သည်။
ဤနေ့တွင်တော့ လီကျယ်ရှန်းသည် ကြက်သားပန်းကန်ကို အလုအယက်စားသောက်နေပေသည်။ ရွယ်ချင်းဟော်သည် သူ့ရှေ့တွင်ထိုင်ပြီး နှုတ်ခမ်းကိုအနည်းငယ်စုပ်ကာ ပြောလိုက်သည်။
“မင်းငါ့ကိုကြွေးတဲ့ငါးကိုပြန်ဆပ်ပြီးတဲ့အပြင် ငါမင်းကိုကြက်နှစ်ကောင်၊ ဘဲလေးကောင်၊ အမဲသားနှင့်အသီးအရွက်အစုံပါ ပြန်ကျွေးပြီးပြီ…”
လီကျယ်ရှန်းသည် ရယ်မောသံမြည်လိုက်ပြီး ပြောလိုက်သည်။
“ငါတို့ကညီကိုတွေပဲ၊ အဲဒါတွေကိုမပြောနဲ့တော့။ နောက်မှတစ်ချိန်ချိန်မှာ မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုလာပြောပါ။”
အင်း… သူ ယခင်က ကျုကျုချင်းကိုလည်း အလားတူစွာပြောခဲ့ဖူးသလား…
လီကျယ်ရှန်းသည် ခေါင်းခါကာ အတွေးကိုပယ်ဖျက်လိုက်သည်။ ဤအရာများမှာသိပ်အရေးမကြီးပါ။
ရွယ်ချင်းဟော်သည် သူမ၏ခေါက်ယပ်တောင်အားဖြန့်ကာ မတတ်သာသည့်ပုံစံဖြင့်ခေါင်းခါလိုက်သည်။ ရိုးရိုးသားသားပြောရလျှင်၊ သူမသည် လီကျယ်ရှန်းမှပြန်လည်ပေးဆပ်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူမ၏အမြင်တွင်၊ ကောင်းကင်ဒိုမင်းသား သို့မဟုတ် ဝိဉာဉ်ခန်းမရဲ့သခင်မတို့မလုပ်နိုင်သောအရာကို လီကျယ်ရှန်းလဲ လုပ်ဆောင်နိုင်မည်အဟုတ်ပေ။ သူမသည် လီကျယ်ရှန်းကို ညီအစ်ကိုတစ်ယောက်အနေဖြင့် သဘောထားရခြင်း၏အကြောင်းရင်းမှာ ၎င်းသည် သက်သောင့်သက်သာရှိသောကြောင့်ဖြစ်သည်။
ရွယ်ချင်းဟော်သည် ထိုကဲ့သို့သောလူကို နှလုံးသားထဲမှအားကျမိသည်။
“လီကျယ်ရှန်း၊ မင်းတကယ်ပဲ ကောင်းကင်ဒိုအင်ပါယာကျောင်းတော်ကိုမသွားတော့ဘူးလား။ မင်းအသက်အရွယ်က ကျင့်ကြံဖို့အကောင်းဆုံးအချိန်ပဲ။မင်းသွားချင်ရင်၊ ငါမင်းကိုကူညီနိုင်တယ်။”
ရွယ်ချင်းဟော်သည် လီကျယ်ရှန်း၏သိုင်းဝိဉာဉ် သို့မဟုတ် ဝိဉာဉ်စွမ်းအင်အကြောင်းကိုမသိရှိခဲ့ပေ။
သို့သော် သူမသည် အရက်သမားတစ်ဦးသည် သိပ်တော်မည်မဟုတ်ဟု ယူဆထားသည်။
“မလိုဘူး” လီကျယ်ရှန်းက မတွန့်ဆုတ်ဘဲပြောလိုက်သည်။
သူနားမလည်နိုင်သည်မှာ
ကျုကျုချင်းနှင့် ရွယ်ချင်းဟော်တို့သည် သူ့ကိုကျောင်းတက်စေချင်ကြသည်မှာ မှန်ပါသလား။
ရွယ်ချင်းဟော်သည် စကားကိုဆက်ပြောရန် အကြောင်းရှိသည်။
ထိုအချိန်တွင်၊ ငါးပူတင်းအဓိပတိနှင့် မြွေလှံတံအဓိပတိတို့သည် အဝေးကနေရောက်လာနေကြပေသည်။ ရွယ်ချင်းဟော်၏မျက်ခုံးများကျုံ့သွားပြီး သူမပြောလိုက်သည်။
“ငါ့မှာလုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ်”
လီကျယ်ရှန်းသည် ကြက်သားကိုကိုက်စားရင်း ခေါင်းမမော့ဘဲ နှုတ်ဆက်လိုက်ပေသည်။ တောသားတစ်ယောက်၏ ပေါ့ပေါ့တန်တန်သဘောထားကို သူတို့၏အရှင်အပေါ်တွင်မြင်ရသည့် ငါးပူတင်းအဓိပတိ၏မျက်နှာတွင် ဒေါသအနည်းငယ်ပေါ်လာသည်။ မြွေလှံတံအဓိပတိက သက်ပြင်းချကာ ပြောလိုက်သည်။
“မေ့လိုက်ပါ၊ သူကနေ့တိုင်းကြာကန်သို့လာနေတဲ့နောက်ပိုင်း တစ်ဖြေးဖြေးနဲ့ ပိုပျော်လာတဲ့ပုံပဲ”
“ဒါကအစီအစဉ်ကိုမထိခိုက်သရွေ့၊ ဒီတိုင်းပဲထားလိုက်ပါ။”