← Chapters

ချီမော့အတွက် ပျော်ရွှင်ဖွယ်အိမ်လေး၊ ရှန်းမူမူအတွက် ကွပ်မျက်ခြင်းကွင်းပြင်

Vol. 12 Ch. 137

ချီမော့အတွက် ပျော်ရွှင်ဖွယ်အိမ်လေး၊ ရှန်းမူမူအတွက် ကွပ်မျက်ခြင်းကွင်းပြင်

Vol. 12 Ch. 137

Gymတွင်ဖြစ်သည်။

လူမျိုးစုံတွင် အမြင်မျိုးစုံ ရှိသည်။

ဥပမာအားဖြင့် ထိုအရာကို ချီမော့၏ ပျော်ရွှင်ဖွယ် အိမ်လေးဟု ခေါ်နိုင်သည်။

ရှန်းမူမူအတွက်တော့ ကွပ်မျက်ခြင်းကွင်းပြင်ဟု ခေါ်နိုင်သည်။

ချီရှောင်ပိုင်အတွက်တော့ Gym နှစ်နာရီ ကစားခြင်းက သားအဖကြား ဖွင့်ဟစရာ မလိုပဲ အလိုလို သိသည့် အချိန် ဖြစ်သည်။

တစ်နာရီ ကြာပြီးသည့်နောက်တွင် ရှန်းမူမူက သည်းမခံနိုင်တော့ပေ။

သူမက ကြမ်းပြင်ပေါ် ကားယားထိုင်ချလိုက်သည်။

“မရတော့ဘူး သေတော့မယ်၊ ကျွန်မ ခြေထောက်တွေ တစ်ဆက်တည်း ရှိသေးရဲ့လား ကြည့်ပေးပါဦး။”

ချီမော့က အနက်ရောင် လေ့ကျင့်ခန်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ပုံမှန်ထက် ပေါ့ပါးလန်းဆန်းနေသည်။

လေ့ကျင့်ခန်းဝတ်စုံက သူ၏ ကြွက်သားများကို ပိုထင်ပေါ်စေသည်။

သူက ရှန်းမူမူထံ တိုးသွားလိုက်သည်။

သူက ပြုံးကာ ငုံ့ကြည့်ပြီး ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ မင်းခြေထောက်တွေ ရှိနေပါသေးတယ်။”

သူ့စကားကြောင့် ရှန်းမူမူက စိတ်အေးသွားပြီး မျက်လုံးမှိတ်ကာ အသက်ရှူနေသည်။

ချီမော့က ခါးကိုင်းကာ လက်ဆန့်ပေးပြီး ပြောလိုက်သည်။ “နားချိန် ပြီးပြီ၊ ထတော့။”

ရှန်းမူမူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သဖြင့် ချီမော့နှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

ချီမော့၏ အသံက အလွန်ဆွဲဆောင်မှု ရှိသည်ဟု သူမ ထင်ခဲ့သည်။

ယခုတော့ ထိုအသံက နတ်ဆိုးသံဟု သူမ ခံစားနေမိသည်။

ကြောက်ဖို့ကောင်းသည်၊ အလွန်ကြောက်ဖို့ကောင်းသည်။

သူမ ဆင်ခြေပေးကာ ထွက်မပြေးရသေးခင်မှာပင် ချီမော့က သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားလိုက်လေသည်။

နည်းပြအနေဖြင့် ထူးဆန်းစွာပင် သူ့လေသံက နူးညံ့နေသည်။

“ပုံစံနှစ်မျိုးပဲ လုပ်ဖို့ ကျန်တော့တာပါ။”

ရှန်းမူမူ။ “....”

ရှန်းမူမူက သက်ပြင်းရှိုက်ပြီး ဆွဲထူခွင့်ပေးလိုက်လေသည်။

သူမကိုယ်သူမ အားပေးလိုက်လေသည်။

အားတင်းထား ရှန်းမူမူ၊ ဒီလမ်းကို နင်ရွေးခဲ့တာ။

ချီရှောင်ပိုင်က သူတို့ကို ကြည့်ပြီးနောက် အကြည့်ကို ပြန်ရုတ်သိမ်းကာ ခေါင်းခါလိုက်သည်။

သူက တီးတိုးရေရွတ်လိုက်သည်။

လေ့ကျင့်ခန်း လုပ်မယ်ဆိုပြီး တပူးပူး တတွဲတွဲ ကပ်‌နေတယ်။

အဟက်... ရူးသွပ်နေကြတဲ့ သက်ကြီးပိုင်းတွေပဲ။

နောက်တစ်နေ့တွင် သူမ ခြေထောက်တွေ မပါတော့သလို ရှန်းမူမူ ခံစားလိုက်ရသည်။

မြေပြင်တွင် လမ်းလျှောက်ရသည်မှာ အဆင်ပြေသော်လည်း လှေကားအတက်အဆင်းက သူမကို သေလောက်အောင် နာကျင်စေသည်။

သူမက ဘေးလက်ရန်းကို မှီကိုင်ကာ တစ်လှမ်းချင်း လှမ်းဆင်းနေရသည်။

ခြေတစ်လှမ်းတိုင်း အကြောတွေ ပြတ်တောက်မတတ် ခံစားနေရသည်။

ထိုမြင်ကွင်းကို ကျောင်းသွားဖို့ အခန်းထဲက ထွက်လာသည့် ချီရှောင်ပိုင်က မြင်သွားခဲ့သည်။

ချီရှောင်ပိုင်က နေရာတွင်ရပ်ကာ ပေါင်မုန့်ကို တမြုံ့မြုံ့ဝါးနေသည်။

သူက စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ကျောင်းလွယ်အိတ်ထဲ လက်နှိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။

ရှန်းမူမူက အံ့အားသင့်သွားပြီး သူ့ရည်ရွယ်ချက်ကို သိသွားခဲ့သည်။

လိမ္မာလိုက်တဲ့ ကလေးလေး၊ အောက်ထပ်ရောက်အောင် တွဲခေါ်ပေးမလို့ထင်တယ်။

ကလေးတောင် အရွယ်ရောက်လာပြီပဲ။

ဒီ'လူအိုကြီး’ကို တကယ် ပီတိဖြစ်မိစေတယ်။

သူမက လက်တစ်ဖက် ဆန့်တန်းပေးသည့်အချိန်မှာပင် ချီရှောင်ပိုင်က လှေကားရှေ့မှာ ရပ်လိုက်သည်ကို တွေ့လိုက်သည်။

ထို့နောက် ကျောပိုးအိတ်ထဲမှ ဖုန်းကို ထုတ်လိုက်လေသည်။

ဟိုဟိုဒီဒီ နှိပ်ပြီးသည့်နောက်တွင် ဖုန်းကို ခပ်မြင့်မြင့် မြှောက်လိုက်လေသည်။

“ချပ်။”

ရှန်းမူမူ။ “....”

ရှုထောင့်အနေအထား မှန်ကန်စွာဖြင့် ဓာတ်ပုံရိုက်ပြီးသည့်အခါ ချီရှောင်ပိုင်က ဖုန်းကို ကျေနပ်စွာကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ကျောပိုးအိတ်ကို ပြန်ပြင်လွယ်ပြီး လှည့်ထွက်သွားခဲ့သည်။

အနောက်ပင် လှည့်မကြည့်ဘဲ လက်ခါရမ်းပြသွားခဲ့သည်။

ထို့နောက် စကားပြောခဲ့သည်။ “ဓာတ်ပုံကို ဝီချက်ကနေ ပို့ထားပေးမယ်။”

ထိုကောင်လေး၏ အသံက စံအိမ်ထဲ ပဲ့တင်ထပ်သွားလေသည်။

ရှန်းမူမူ။ “....”

အယ်လ်ပါကာတစ်စောင်းက သူမ နှလုံးသားထဲ ပျံဝဲသွားတယ်။

သို့သော် ချီရှောင်ပိုင်သည် ကြံ့ကြံ့ခံနေဆဲဖြစ်ပြီး သူ့အနားမှ ဖြတ်သွားစဉ် အစေခံအား စကားအနည်းငယ်ပြောပေးလိုက်သည်။

အစေခံက ချက်ချင်းရောက်လာပြီး ရှန်းမူမူကို လှေကားမှ အောက်ဆင်းနိုင်ဖို့ ကူညီပေးခဲ့သည်။

ရှန်းမူမူသည် လှေကားပေါ်မှ ခက်ခက်ခဲခဲ ဆင်းလာပြီးနောက် အပန်းဖြေရန် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

ဟုတ်ပါတယ်၊ ထိုအချိန်တွင် သူမ၏ ဝီချက်တွင် ချီရှောင်ပိုင်၏ ရုပ်ပုံမက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

အဆိုပါဓာတ်ပုံတွင်၊ သူမ၏ လက်များကို တစ်ဝက်ဆန့်ထားပြီး ရုပ်ငြိမ်ပုံတွင်ပင် သူမ၏ ခြေလှမ်းများသည် မတည်မငြိမ်ဖြစ်နေကြောင်း ပြောပြနိုင်သည်။

သူမ၏ မယုံကြည်နိုင်လောက်တဲ့ အသွင်ကို ချိန်သားကိုက် ပုံရိပ်ဖမ်းယူထားနိုင်ခဲ့သည်။

သူမရဲ့ အမူအရာက အရူးတစ်ယောက်လိုပါပဲ။

ရှန်းမူမူက လက်သီးဆုပ်ပြီး ဖုန်းမျက်နှာပြင်ကို အသာထုလိုက်သည်။

သူမ၏ အတွေးထဲတွင် ဘာသာပေါင်းစုံ ဆဲနည်းများ ထွက်ပေါ်နေသည်။

သူမ ပြန်မပြောနိုင်သေးခင်မှာပင် ချီရှောင်ပိုင်က ထပ်ပြောလာသည်။

“ဝေါင်း၊ လူသားမျိုးနွယ်စု ခြေထောက်နဲ့ လမ်းစလျှောက်ပုံကို လက်တွေ့ပြသပေးတဲ့ ရှားပါးဓာတ်ပုံလေးပဲကွာ။”

ရှန်းမူမူက တောင့်ခဲသွားခဲ့သည်။

ဒေါသလည်း ထွက်မိသလို ရယ်လည်း ရယ်ချင်သွားမိသည်။

အရူးလေးပဲ။

ရှန်းမူမူသည် သူမ၏ နှုတ်ခမ်းများကို စေ့စေ့သာ ပိတ်ထားလိုက်တော့သည်။

ကလေးဘဝက စိတ်ဒဏ်ရာများစွာရလာသည့် ချီရှောင်ပိုင်က မှုန်ကုတ်နေတတ်သည့် လူငယ်လေးမှတစ်ဆင့် ယခုတော့ တက်ကြွသည့်လူငယ်လေးဖြစ်လာကာ အထိန်းအချုပ်တွေ မရှိတော့ဘဲ နောက်ဆုံးတော့ လွတ်လပ်ပေါ့ပါးသည့် လူငယ်လေးဖြစ်လာပြီဖြစ်သည်။

ထိုသို့ တွေးကြည့်လိုက်သည့်အခါ သူမ၏ နှလုံးသားတွေ နူးညံ့သွားခဲ့သည်။

ထိုကောင်လေးနှင့် စကားပြိုင် မ‌ငြင်းချင်တော့ပေ။

သူမက ပေါင်တွေကို ထုကာသာ ဒေါသဖြေလိုက်လေသည်။

သို့သော် ပေါင်ကိုလက်ဖြင့်ထိလိုက်သည်နှင့် ပေါင်မှ နာကျင်မှုတို့က ထိုးထွက်လာခဲ့လေသည်။

ကောင်စုတ်လေး…

နာကျင်မှုကြောင့် အသံမထွက်နိုင်တော့ဘဲ အသံတိတ်သာကြိတ်ဆဲနေမိတော့လေသည်။

သူမက ရုတ်တရက်ပင် တစ်စုံတစ်ရာကို တွေးမိသွားခဲ့သည်။

နေပါဦး။

သူပြောတဲ့စကားက ဘာလို့ ရင်းနှီးနေတာလဲ။

သူမ အရင်က အလားတူ တစ်ခုခု လုပ်ခဲ့ဖူးသလား။

သုံးရက်ကြာပြီးသည့်နောက်တွင် ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းက အချိန်ဇယားအတိုင်း အနုပညာပြပွဲ ကျင်းပခဲ့သည်။

ဓလေ့ရိုးရာအရ ယနေ့ည အတန်းအားလုံး ဖျက်သိမ်းထားသည်။

ညစာ စားပြီးသည့်နောက်တွင် ဆရာတွေ၏စီမံပေးမှု‌ဖြင့် ကျောင်းသားတွေက ကစားကွင်းထဲ ဆင်းခဲ့ကြသည်။

ကျင်းမြို့၏ နံပါတ်( ၁ ) အထက်တန်းကျောင်းတွင် အနုပညာပွဲတော် ကျင်းပရန်အတွက် အသုံးပြုရန် အားကစားရုံများစွာရှိသည်။

သို့သော် ကျောင်းသားများက အားကစားကွင်းပြင်တွင် ကျင်းပခြင်းက လေကောင်းလေသန့် ပိုရသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

အထူးသဖြင့် ညဉ့်နက်လာသည့်အခါ စင်ပေါ်ကမီးရောင်များနှင့် ကွင်းပြင်တွင် တိုက်ခတ်သည့် လေပြေများ ပေါင်းစပ်သွားသည့်အခါ ပို၍ သက်ဝင်မည်ဖြစ်သည်။

“ငယ်ရွယ်နုပျိုခြင်း”၊ “အကန့်အသတ်မဲ့ခြင်း” စသည့် ခံစားချက်များ ရရှိနိုင်မည်ဖြစ်သည်။

အကယ်၍ ခြင်ကိုက်ခံရမည်ဆိုလျှင်တောင် ထိုက်တန်သည်။

ကျောင်းဘက်က ကျောင်းသားများ၏ အမြင်ကို အလေးထားသဖြင့် ကိုယ့်ခုံကိုယ် သယ်ခဲ့ရန်သာ တောင်းဆိုခဲ့သည်။

ကျောင်းသားများထိုင်ရမည့်ခုံများ သာမကဘဲ ပွဲတော်တက်ရောက်မည့် မိဘများ၏ ခုံတွေပါ သယ်ဆင်းရမည်ဖြစ်သည်။

ညနေခင်းတွင် နေဝင်သွားကာ ကောင်းကင်ကြီးက ရွှေရောင်တောက်နေသည်။

ပွဲကျင်းပရာလမ်း‌တစ်လျှောက် ဘေးနှစ်ဖက်တွင် ပရုတ်ပင်တန်းများရှိသည်။

ကျောင်းသားများက နှစ်ယောက်၊ သုံးယောက် အဖွဲ့တွေဖြင့် အဖွဲ့ဖွဲ့ကာ ခုံတွေသယ်ရင်း စကားပြောနေကြသည်။

ချီရှောင်ပိုင်နှင့် ဝေကျောက်နန်က တစ်ခုံစီ သယ်ရင်း ပျင်းရိစွာ သွားနေကြသည်။

ဝေကျောက်နန်က မေးပင့်ကာ မေးလိုက်သည်။ “ချီရှောင် မင်းက ထိုက်ချီဓားကျင့်တာ ကြွားလုံးထုတ်မှာလား။”

ချီရှောင်ပိုင်က သူ့ကို တစ်ချက်စောင်းကြည့်လိုက်သည်။ “ထိုက်ချီဓားရေးပြတယ်လို့ ခေါ်တယ်။”

ဝေကျောက်နန်။ “ဪ၊ ကြွားလုံးထုတ်မှာကိုး။”

ချီရှောင်ပိုင်၏ လက်များက ငြိမ်နေသော်လည်း ခြေထောက်တွေက ငြိမ်မနေခဲ့ပေ။

သူက ခြေလှမ်းနှစ်လှမ်းလောက် အမြန်လှမ်းပြီး ဝေကျောက်နန်ကို ကန်လိုက်သည်။

ဝေကျောက်နန်က တင်ပါးကို ဘေးသို့ရှောင်ထွက်လိုက်သည်။

ချီရှောင်ပိုင်က စိတ်ရှုပ်သလို တစ်ချက်ကြည့်ပြီး နောက်တစ်ချက် ထပ်ကန်ရန် အလွန်ပျင်းနေသည်။

ယခုအချိန်က ဝေကျောက်နန်နှင့် ကတောက်ကဆ ဖြစ်နေခြင်းထက် ထိုက်ချီအကွက် သုံးဆယ့်နှစ်ကွက်ကိုသာ ပြန်မှတ်ရမည်ဖြစ်သည်။

ဖျော်ဖြေနေသည့်အချိန်တွင် အဖွားဖြစ်သူကို အရှက်ရအောင် လုပ်လို့ မဖြစ်ပေ။

***

All Chapters