← Chapters

အခန်း (၁၃၈)

Vol. 12 Ch. 138

အခန်း (၁၃၈)

Vol. 12 Ch. 138

နေဝင်သွားပြီဖြစ်ကာ ကောင်းကင်က ကြည်လင်ကာ မီးခိုးပြာရောင်သမ်းနေပြီဖြစ်သည်။

လခြမ်းလေးက ထွက်ပေါ်လာပြီဖြစ်သည်။

စင်ပေါ်က မီးထိုးလာသည်နှင့် ကွင်းပြင်တွင် စောင့်ဆိုင်းနေသည့် ကျောင်းသားများက အသံထွက် အော်ဟစ်ခဲ့ကြသည်။

ကျောင်းသားအများစုက ဝီစီနှင့် မီးအလင်းချောင်းများ ယူလာကြသည်။

အစီအစဉ်တင်ဆက်သူက အဖွင့်စကားသာ ပြောရသေးသော်လည်း ကျောင်းသားများက ဝီစီမှုတ်ကာ မီးအလင်းချောင်းများ ဝေ့ယမ်းကာ အားပေးနေကြသည်။

စင်နောက်တွင် ချီရှောင်ပိုင်က ဖျော်ဖြေရေးဝတ်စုံ လဲပြီးပြီ ဖြစ်သည်။

ကွင်းပြင်မှ တင်ဆက်သူ၏ အသံကိုကြားသည့်အခါ သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

“မြေးလေး၊ စိတ်လှုပ်ရှားနေတာလား။”

အဖွားအိုက ဓားအိမ်ထဲက ထိုက်ချီဓားကိုထုတ်ကာ ဝေ့ယမ်းပြီး မေးလိုက်သည်။

သူမ၏ စိတ်လက်ပေါ့ပါးနေသည့် ပုံစံကို ချီရှောင်ပိုင်က ကြည့်လိုက်သည်။

ချီရှောင်ပိုင်။ “မလှုပ်ရှားပါဘူး။”

အဖွားအိုက ပြုံးကာ သူ၏ ကျောကို ဓားအိမ်ဖြင့် ထိလိုက်သည်။

“ကျောမတ်ထား။”

ချီရှောင်ပိုင်က ပျင်းရိစွာဖြင့် ကျောကိုမတ်လိုက်ပြီး ပုခုံးကြော လျှော့လိုက်သည်။

ထို့နောက် ဘာမှမဖြစ်သလိုပင် လိုက်ကာနောက်မှ ထွက်လာခဲ့သည်။

သူက လူအုပ်ကြားမှ သူ့မိထွေးနှင့် ဖခင်ဖြစ်သူကို ရှာလိုက်သည်။

ယနေ့ အနုပညာပြပွဲသို့ တက်ရောက်သည့် မိဘများစွာရှိသော်လည်း ချီရှောင်ပိုင်က သူ့မိဘတွေကို ချက်ချင်း ရှာတွေ့ခဲ့သည်။

ရှန်းမူမူက မုန့်အိတ်ကိုင်ထားကာ အသားလုံးတစ်လုံးကို တူဖြင့်ထိုးကာ ပါးစပ်ထဲသို့ထည့်ပြီး စားနေသည်။

ထိုအသားလုံးက ကျောင်းအနောက်လမ်းက အသားလုံးဖြစ်ပုံရသည်။

ချီရှောင်ပိုင်က ဘေးကို အကြည့်ရွေ့လိုက်သည်။

သူ့ဖခင်က တစ်ခါသုံးပိုက်၏ အပေါ်က အခွံလေးကို ခွာနေသည်ကို တွေ့လိုက်ရသည်။

သူ့လက်ထဲတွင် နို့လက်ဖက်ရည်တစ်ခွက်ရှိနေကာ ပိုက်ကို စိုက်ပေးပြီးသည်နှင့် ဘေးဘက်ကို ကမ်းပေးလိုက်လေသည်။

ရှန်းမူမူက နို့လက်ဖက်ရည်ခွက်ကိုယူကာ သူ့ဖခင်ကိုကြည့်ပြီး ပြုံးပြကာ သောက်လိုက်သည်။

“မူမူနဲ့ နင့်အဖေကို တွေ့လား။”

အဖွားအို၏ အသံက သူ့နောက်မှ ထွက်လာခဲ့သည်။

ချီရှောင်ပိုင်က အနောက်သို့ လှည့်ကြည့်ပြီး ပြန်ဖြေလိုက်သည်။ “တွေ့တယ်။”

အဖွားအိုက ချီရှောင်ပိုင်၏ ပုခုံးကိုကိုင်ကာ ခြေဖျားထောက်ပြီး လူအုပ်ထဲ လှမ်းကြည့်လိုက်သည်။ “သူတို့တွေ စင်ပေါ်ကို မျှော်လင့်တကြီးကြည့်နေပြီး ငါတို့ကို ရှာနေတယ်မလား။”

အဖွားအိုက လူအုပ်ထဲကို စိုက်ကြည့်ခဲ့သော်လည်း မျက်နှာတွေကို သေချာ မမြင်ရသဖြင့် လက်လျှော့လိုက်သည်။

“အမ်….” ချီရှောင်ပိုင်က ခေါင်းကုတ်ရင်း မည်သို့ ပြန်ဖြေရမည်ကို မသိ ဖြစ်နေသည်။

သူ့မိထွေးနှင့် ဖခင်က မျှော်လင့်တကြီး စောင့်ဆိုင်းနေခြင်း မရှိကြောင်းကို မည်သို့ ရှင်းပြရမည်ကို မသိတော့ဘူးဖြစ်နေသည်။

သူတို့က ပျော်ပျော်ပါးပါး စားသောက်ကာ စကားပြောနေကြသည်။

ထိုအချိန်မှာပင် စင်ပေါ်က လိုက်ကာက နှစ်ခြမ်းကွဲသွားခဲ့သည်။

တာဝန်ခံဆရာမများက စကားလှမ်းပြောခဲ့သည်။

“ ( ၁၂ ) တန်း အခန်း ( ၂ ) နဲ့ အခန်း ( ၅ ) က ကျောင်းသားတွေ အသင့်ပြင်ထားပေးပါ၊ အခန်း ( ၁ ) က ကျောင်းသား စင်ပေါ်တက်လို့ရပါပြီ။”

ဖျော်ဖြေရန်အတွက် စင်နောက်တွင် အဝတ်အစားလဲသူကလဲ၊ လေ့ကျင့်ပြင်ဆင်သူက လေ့ကျင့်နှင့် ပျားပန်းခတ်နေသည်။

ချီရှောင်ပိုင်က စကားလမ်းကြောင်းပြောင်းလိုက်သည်။

“အဖွား၊ အကွက်တွေ ပြန်လေ့ကျင့်ကြမလား။”

အဖွားအိုက မျက်မှောင်ကြုတ်ကာ ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။

“စိုးရိမ်စိတ်က မျက်နှာမှာ အတိုင်းသားပေါ်နေတယ်၊ ဘာတွေကြောက်နေတာလဲ၊ ဒါကဖျော်ဖြေရုံပါပဲ၊ တကယ်လို့ အကွက်မှားခဲ့ရင်တောင် အဖွားက အရှေ့ကနေ ဦးဆောင်ပြမှာပါ။”

ထိုအချိန်တွင် စင်ပေါ်က တင်ဆက်သူက ကြေငြာလိုက်သည်။ “ ( ၁၂ ) တန်း အခန်း ( ၁ )။”

ရှန်းမူမူက သောက်လို့မကုန်သေးသည့် မစ်တီးခွက်ကို ချီမော့ကို ကမ်းပေးလိုက်သည်။

“ကိုင်ထားပေးဦး။”

ထို့နောက် သူမက အိတ်ထဲက DV ကင်မရာကို ထုတ်လိုက်သည်။

ချီမော့က သူမကိုကြည့်ပြီး သတိပေးလိုက်သည်။ “အခန်း ( ၄ ) မဟုတ်သေးဘူးနော်။”

“သိတယ်။” ရှန်းမူမူက ကင်မရာကို ပြင်ဆင်ကာ ပြောလိုက်သည်။

“အရင်ဆုံး အစမ်းရိုက်ကြည့်တာ၊ ချီအာနဲ့အဖွားအလှည့်ရောက်ရင် အကောင်းဆုံး ရိုက်ကူးနိုင်အောင်လို့။”

“အင်း။” ချီမော့က ပြုံးလိုက်ပြီး ရင်ထဲနွေးထွေးသွားလေသည်။

သူက ခေါင်းငြိမ့်ပြီး မေးလိုက်သည်။ “ကူညီပေးရမလား။”

ရှန်းမူမူက မော့ကြည့်လိုက်သဖြင့် သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားခဲ့သည်။

ရှန်းမူမူက မျက်လုံးများကွေးညွတ်သည်အထိ ရယ်ပြလိုက်သည်။

“အင်း။”

ရိုက်ကူးရေး အကောင်းဆုံးဖြစ်စေရန်အတွက် သူမက SLRနှင့် မှန်ပြောင်းတပ်ရန် မလိုသည့် ကင်မရာကို တမင်မယူခဲ့ခြင်း ဖြစ်သည်။

Vintage DVကင်မရာကသာ အထက်တန်းကျောင်း ရိုက်ကူးရေးအတွက် အလိုက်ဖက်ဆုံး ဖြစ်သည်။

သို့သော် သူမက ကင်မရာခလုတ်၏ လုပ်ဆောင်ချက်တွေကို အကျွမ်းတဝင် မရှိသေးပေ။

တစ်စုံတစ်ယောက်က ကူညီရန် အသင့်ရှိနေသည့်အတွက် သူမက ကင်မရာချိန်ညှိရန် ပေးလိုက်လေသည်။

ချီမော့က သူမထံက DVကင်မရာကိုယူပြီး ဟိုဟိုဒီဒီနှိပ်ပြီး ချိန်ညှိလိုက်သည်။

အချိန်ခဏကြာပြီးသည့်နောက်တွင် ချီမော့က ဘေးသို့ခေါင်းစောင်းကာ ကပ်သွားလိုက်သည်။

သူတို့ကြားက အကွာအဝေးက ရုတ်တရက် ပိုနီးသွားခဲ့သည်။

ချီမော့၏ နူညံ့လှသည့်အသံက ညလေပြေနှင့်အတူ သူမရဲ့နားစည်အတွင်း ဝင်ရောက်ခဲ့သည်။

မည်သည့်ခလုတ်ကို မည်သို့အသုံးပြုရမည်နည်းကို စိတ်ရှည်စွာဖြင့် ပြောပြခဲ့သည်။

ခလုတ်များကို သေချာမြင်နိုင်ရန်အတွက် ရှန်းမူမူက ခေါင်းစောင်းကာ အနားပိုကပ်လိုက်သည်။

သူမက သေချာအာရုံစိုက်ကာ ခေါင်းငြိမ့်နားထောင်ခဲ့သည်။

အချိန်ခဏကြာပြီးသည့်အချိန်တွင်ဖြစ်သည်။

“သေချာနားလည်လား၊ ထပ်ရှင်းပြရမလား။”

ချီမော့က DV ကင်မရာကို အောက်သို့ နိမ့်ချလိုက်ပြီး သူမကို လှည့်ကြည့်ကာ မေးလိုက်သည်။

ထိုစကားကြောင့် ရှန်းမူမူက မော့ကြည့်လိုက်သည့်အချိန်တွင် သူမ အသက်ရှူပင် အောင့်လိုက်မိသည်။

ချီမော့၏ ချောမောပြေပြစ်ကာ စူးရှသည့်မျက်ဝန်းတစ်စုံက သူမ၏ မျက်စိရှေ့တွင် ရှိနေသည်။

လေထုက စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့၏ နှာဖျားထိပ်များက တစ်စင်တီမီတာလောက်သာ ကွာဝေးတော့သည်။

သူမ၏ မျက်တောင်ရှည်များက လှုပ်ခတ်သွားကာ သူမ၏ကိုယ်ခန္ဓာက တောင့်ခဲသွားခဲ့သည်။

နောက်တစ်စက္ကန့်အတွင်းတွင် ရှန်းမူမူက လည်ပင်းကိုနောက်ဆုတ်ပြီး သူတို့ကြားက အကွာအဝေးကို ပြန်ချဲ့လိုက်သည်။

သူမက ချီမော့လက်ထဲက DVကင်မရာကိုယူကာ ဟိုဟိုဒီဒီကြည့်နေသည်။

သူမ၏လေသံက ရှက်ရွံ့ရိပ်ပါနေကာ ပုံမှန်ထက် အနည်းငယ်မြန်နေသည်။ “ရှင်းပါတယ်၊ ကိုယ့်ဘာသာ လုပ်ကြည့်ဦးမယ်။”

ချီမော့က “အင်း” ဟုပြန်ဖြေခဲ့သည်။

သူ့လက်က ဆန့်တန်းလျက်ရှိနေပြီး ကင်မရာကတော့ လက်ထဲ မရှိတော့ပေ။

ရှန်းမူမူ ကင်မရာကိုယူလိုက်သည့်အခါ သူ့လက်ဖဝါးကို ထိတွေ့သွားသည့် သူမ၏ လက်ဖျားထိပ် အထိအတွေ့လေးကို ခံစား‌မိနေဆဲ ဖြစ်သည်။

သူက ထိုင်ခုံကို အနောက်မှီလိုက်သည်။

သူ့ပုံစံက ပျင်းရိပျင်းတွဲဆန်နေသည်။

သူသိသည့် တစ်ခုတည်းသောအရာက ဒရမ်တီးသကဲ့သို့ အလွန်အမင်း နှလုံးခုန်မြန်နေခြင်းဖြစ်သည်။

သူအကြည့်ရွေ့လိုက်သည့်အခါ ရှန်းမူမူ၏ နားထိပ်လေးတွေ ရဲနေသည်ကို မြင်လိုက်သည်။

ချီမော့၏မျက်လုံးများ မည်းနက်သွားခဲ့သည်။

သူက လက်တီးကိုတင်းတင်းဆုတ်ပြီး သူ့ပေါင်ပေါ်တင်ထားလိုက်သည်။

မျက်တောင်များချထားကာ သူ့မျက်ဝန်းထဲက ခံစားချက်များကို ဖုံးကွယ်ထားလိုက်လေသည်။

ယခုအချိန်ကို တစ်ကိုယ်တည်းအဖြစ် အပိုင်သာ သိမ်းဆည်းထားချင်သည်။

ထိုအချိန်တွင် ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းတွင် ဖြစ်သည်။

မိန်းကလေးနှစ်ယောက်က လူအုပ်အနောက်မှ အထဲဝင်လာခဲ့သည်။

ဆံမြိတ်ချထားသည့် ကောင်မလေးက သူမ၏ သူငယ်ချင်းဖြစ်သူ ထွက်ပြေးသွားမည်ကို စိုးရိမ်သကဲ့သို့ သူငယ်ချင်းဖြစ်သူ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

“ချီရှာ့ ငါနဲ့လိုက်ခဲ့နော်၊ ငါတစ်ယောက်တည်း မဝင်ရဲဘူး။”

ချီရှာ့၏ ဖြူဖွေးလှသည့် မျက်နှာထက်တွင် တုံ့ဆိုင်းသည့် အရိပ်အယောင်များ ရှိနေသည်။

“လိုက်ခဲ့မယ်၊ ဒါပေမယ့် လုံခြုံရေးတွေ ငါတို့ကို မိသွားရင် ဖြေရမယ့်စကားကို စဉ်းစားထားဖို့ လိုမယ်။”

ဆံမြိတ်နှင့်ကောင်မလးက ချီရှာ့၏ သူငယ်ချင်းကောင်း ဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းတွင် အနုပညာပြပွဲတော် ကျင်းပမည့်အကြောင်း သတင်းရကတည်းက လူအုပ်နှင့်အတူ မည်သို့လိုက်ဝင်ရမည်ကို အစီအစဉ်ချခဲ့သည်။

ထိုသို့ လုပ်ရသည့်အကြောင်းအရင်းမှာ ကျောင်းပြင်ပ စာသင်ဝိုင်းတွင် သူမ ဆုံခဲ့သည့်ကောင်လေးကို တွေ့ချင်လို့ပဲဖြစ်သည်။

လွန်ခဲ့သည့်တစ်ပတ်က သူက ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်း အနုပညာပြပွဲတွင် ဂီတာဖြင့် ဖျော်ဖြေမည့်အကြောင်း တခြားသူများကို ပြောပြခဲ့သည်ကို သူမ ကြားခဲ့သည်။

သူမ၏ သူငယ်ချင်းကောင်းက တစ်ယောက်တည်း မသွားရဲသဖြင့် ချီရှာ့ကို အဖော်ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဘောက်စ်မှ ဂီတာသံထွက်လာခဲ့သည်။

“အဲဒီအကြောင်းကို နောက်မှ တွေးရအောင်။” ချီရှာ့၏သူငယ်ချင်းက သူမကို စိတ်မရှည်စွာ ဆွဲခေါ်သွားခဲ့သည်။ “ဒါ သူ ဖျော်ဖြေနေတာ ဖြစ်မယ်၊ ငါတို့ မြန်မြန်သွားရအောင်။”

ချီရှာ့ ပြန်မဖြေရသေးခင်မှာပင် သူမ၏ သူငယ်ချင်းက သူမကို ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းဝန်းထဲသို့ ဆွဲခေါ်သွားနှင့်ပြီဖြစ်သည်။

***

All Chapters