← Chapters

အံ့ဖွယ်လက်ဆောင်လေး

Vol. 12 Ch. 139

အံ့ဖွယ်လက်ဆောင်လေး

Vol. 12 Ch. 139

ရှန်းမူမူက ကင်မရာရိုက်ကူးရေးအား အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးသည့်နောက်တွင် ရိုက်ကူးရန် အကောင်းဆုံး ရှူထောင့်ကို ရှာတွေ့သွားခဲ့သည်။ အစီအစဉ်တင်ဆက်သူက ဖြည်းညှင်းစွာပင် စင်ပေါ်လျှောက်လာခဲ့သည်။

သူက ရယ်မာလျက် ကြေငြာခဲ့သည်။

“နောက်ထပ်ဖျော်ဖြေဖို့ အလှည့်ကျသူကတော့ ( ၁၂ ) တန်း အခန်း ( ၄ ) က ချီရှောင်ပိုင်နဲ့ ချီရှောင်ပိုင်ရဲ့ အဖွားဖြစ်သူတို့ပဲ ဖြစ်ပါတယ်၊ အဖွားအတွက် လက်ခုပ်တီးရင်း အားပေးလိုက်ကြရအောင်ဗျာ။”

တင်ဆက်သူ၏ နောက်ဆုံးစကားကြောင့် လူတွေက လက်ခုပ်တီးကာ အားပေးခဲ့ကြလေသည်။

အဖွားအိုက ပွဲတော်တွင်ပါဝင်သည့် မိဘများထဲတွင် အသက်အရွယ် အကြီးဆုံးဖြစ်သည်။

တင်ဆက်သူ၏စကားဆုံးသွားသည်နှင့် လက်ခုပ်လက်ဝါးသံများ ပြည့်သွားခဲ့သည်။

မီးအလင်းချောင်းများကလည်း ဝေ့ယမ်းနေသည်။

ပထမအချက်အနေဖြင့် ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားများက အမှတ်များကောင်းကာ လူကြီးသူမများအား ရိုသေလေးစားမှုရှိသဖြင့် အဖိုးအို စင်ပေါ်သို့ တက်ရောက်လာသည့်အခါ တစ်ခဲနက်တည်း အားပေးကာ အနွေးထွေးဆုံး ထောက်ပံ့ပေးခဲ့သည်။

ဒုတိယအချက်အနေဖြင့် ချီရှောင်ပိုင်က မိန်းကလေးကြားတွင် ရေပန်းစားသည့်လူငယ်လေးဖြစ်သဖြင့် မိန်းကလေး အားပေးသံများက ယောက်ျားလေး အားပေးသံများထက် ပိုကျယ်သည်။

ချီရှောင်ပိုင်ကို ကြိတ်သဘောကျနေသည့် မိန်းကလေးများက ချီရှောင်ပိုင်၏ ဖျော်ဖြေမှုကို ကြည့်ရန်အတွက် ညလုံးပေါက် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ရှန်းမူမူက ဆောင့်ကြောင့်ထိုင်ကာ သေချာရိုက်ကူးနေသည်။

တင်ဆက်သူ၏စကားသံကိုကြားတော့ သူမက တောက်ပစွာပြုံးလျက် အားပေးခဲ့သည်။

“ဝေါင်း….သေချာလုပ်ထားဟေ့။”

သူမ၏ တက်ကြွနေသည့် အားပေးသံက ကင်မရာရိုက်ကူးသည့်အထဲ ပါဝင်သွားခဲ့သည်။

ချီမော့က သူမ၏ အိတ်ကို ဘယ်ဘက်လက်ဖြင့်ကိုင်ထားကာ သူမ သောက်လို့ မကုန်သေးသည့် နို့လက်ဖက်ရည်ခွက်ကို ညာဘက်လက်ဖြင့် ကိုင်ထားပြီး သူမ အနောက်တွင် ရပ်နေသည်။

သူပင် တက်ကြွသည့် လေထု ကူးစက်ခံသွားရပြီး တိုးလျသည့်အသံဖြင့် ပြောလိုက်သည်။ “သေချာလုပ်ထား။”

သူ့အသံက မကျယ်လောင်ဘဲ ရယ်သံအနည်းငယ် ယှက်နေသည်။

သူလည်း ရှန်းမူမူနှင့် မဝေးသဖြင့် သူအသံက ရိုက်ကူးရေးထဲ ပါသွားခဲ့သည်။

နောက်စက္ကန့်အတွင်း စင်ပေါ်က မီးရောင်ပြောင်းလဲသွားကာ စင်ပေါ်က လိုက်ကာအစွန်းဆီသို့ မီးရောင်ပြခဲ့သည်။

စပီကာများထံမှ ထိုက်ချီတေးသီချင်းများ ပြန့်လွင့်လာကာ ကျောင်းကွင်းထဲ သီချင်းသံများ ပဲ့တင်ထပ်နေသည်။

မီးရောင်ထဲတွင် ချီရှောင်ပိုင်က အဖွားအိုကို လက်ချင်းချိတ်ပြီး ဖြည်းညှင်းစွာ ထွက်ခဲ့သည်။

စင်အလယ်လောက်ကို ရောက်သည့်အခါတွင် သူတို့နှစ်ဦးက ပရိသတ်များထံ မျက်နှာမူလိုက်ပြီး ထိုက်ချီဓားကို ဆွဲထုတ်ကာ ကိုင်လိုက်ပြီး လက်သီးနှင့်လက်ဖဝါးကိုပူးကာ ခါးကိုင်းလျက် ပရိသတ်များထံ အရိုအသေပေးလိုက်သည်။

ထို့နောက် အဖွားအိုက ခြေတစ်လှမ်း ရှေ့တိုးပြီး ချီရှောင်ပိုင်နှင့် ထောင့်ဖြတ်အနေအထားတွင် ရပ်လိုက်သည်။

သံစဉ်အလိုက် သူတို့ဓားတွေကို ဝေ့ယမ်းခဲ့သည်။

လက်ရှေ့တိုး၊ လက်မြှောက်၊ ခါးကိုင်း၊ နောက်လှည့်ကြည့်သည့်အကွက် စသည်တို့ ဖြစ်သည်။

ထိုအရာက ထိုက်ချီဓားကွက် ( ၃၂ ) ကွက်နှင့် တူညီသည်။

သို့သော် အဖွားအိုနှင့် လူငယ်ကြားက ပုံစံက ကွဲပြားနေခြင်း ဖြစ်သည်။

အဖွားအို၏ ငွေရောင်ဆံပင်များက ကောက်ထားသဖြင့် စင်ပေါ်က မီးရောင်စုံအောက်တွင် အလွန်ကြည့်ဖွယ်ကောင်းနေသည်။

သူမ၏ ကကွက်များက ကျွမ်းကျင်ကာ အဆင့်အတန်းရှိပြီး၊ လိုအပ်သည့်အခါ တိုးလျသည့် အသံပြုသံများထုတ်ခဲ့ကာ လိုအပ်ပါက ဆုံးဖြတ်ချက် ပြတ်သားသည်။

သူမ၏ ကကွက်နှင့် လှုပ်ရှားမှုတွေကို ကြည့်ခြင်းဖြင့် သူမ၏ ရှိရင်းစွဲအသက်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ချီရှောင်ပိုင်က နှုတ်ခမ်းတင်းတင်းစေ့ထားကာ တည်ကြည်ကာ ခေါင်းမာသည့်အသွင်ရှိသည်။

ယခင်က ကျောင်းတုန်းက သူ့ပုံစံက ပျင်းရိပျင်းတွဲ ပုံစံသာ လူတွေမြင်နေကြဖြစ်သဖြင့် ယခုပုံစံက တမူထူးခြားနေသည်။

ထို့အပြင် ယနေ့ လှုပ်ရှားမှုအကွက်များက ဖြည်းညှင်းနေကာ တိကျပြတ်သားသည်။

သူ့လှုပ်ရှားမှုများက ခန့်ညားထည်ဝါသည့် ခံစားချက်ကို ရစေသည်။

စင်အောက်တွင် အားပေးနေသည့် ကောင်မလေးများက ချီရှောင်ပိုင်၏ တင်ဆက်မှုအောက်တွင် မေ့မြောနေသည်။

ဖျော်ဖြေရေးပြီးသွားသည့်အခါ ယနေ့ပွဲတွင် လက်ခုပ်သံ အကျယ်ဆုံးဖြင့် ချီးမြှောက်ခံခဲ့ရသည်။

ဖျော်ဖြေမှုပြီးသွားသည့်အခါ သူတို့မြေးဖွားနှစ်ဦးက သာမာန်အဝတ်အစားများ ပြန်လဲပြီး ရှန်းမူမူ၊ ချီမော့တို့နှင့်အတူ ထိုင်နေခဲ့သည်။

ရှန်းမူမူက အဖွားအိုဘက် တိုးကာ သူမ ရိုက်ကူးထားသည့် ဗီဒီယိုကို ပြသခဲ့သည်။

“အဖွား ကြည့်ဦး၊ ဒါကျွန်မ ရိုက်ကူးထား‌တာလေ၊ သေချာကို ရိုက်ကူးထားတာ။”

အဖွားအိုက ရယ်မောပြီး သေချာ မမြင်ရသကဲ့သို့ ကင်မရာအား စိုက်ကြည့်နေသည်။

“ရိုက်ကူးထားတာ တော်သားပဲ၊ မူမူက ဘယ်လိုရိုက်ရမလဲဆိုတာ သိသားပဲနော်။”

ရှန်းမူမူက ပြုံးရွှင်ကာ ပြောခဲ့သည်။ “အဖွား လှလို့ပါ၊ ကျွန်မက ဒီတိုင်း ခလုတ်လေးကိုဖိပြီး ရိုက်ထားရတာပဲရှိတာကို။”

ချီရှောင်ပိုင်က သူ့ဖခင်ထံ တိတ်တဆိတ် လျှောက်သွားခဲ့သည်။

သူ့ဖခင်က ရှန်းမူမူ၏ အိတ်နှင့် သောက်လက်စ နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားဆဲ ဖြစ်နေသည်ကို တွေ့လိုက်သည်။

'ငါ အရွယ်ရောက်နေပြီလေ၊ လူကြီးသူမတွေကို ကူညီရမယ်။” ဟူသော အတွေးကိုတွေးပြီး အချိန်အနည်းငယ် ကြာပြီးမှ သူက ထုတ်ပြောလိုက်သည်။ “အဖေ ကျွန်တော် ကိုင်ထားပေးရမလား။”

ချီမော့က သူ့ကိုလှည့်ကြည့်ပြီး တိုးတိတ်စွာ ရယ်လျက် ပြောခဲ့သည်။ “မလိုပါဘူး။”

ချီရှောင်ပိုင်က “အွင်း” ဟုသာ ပြန်ဖြေပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ စင်ပေါ်က ဖျော်ဖြေရေးကို ကြည့်လိုက်လေသည်။

ရုတ်တရက်ပင် သူ့ဖခင်၏ တည်ငြိမ်သည့်အသံကို ကြားလိုက်လေသည်။ “မင်း ကောင်းကောင်းဖျော်ဖြေခဲ့တာပဲ။”

ဆယ်ကျော်သက် ကောင်လေးက တစ်ခဏလောက် ကြက်သေသေသွားခဲ့လေသည်။

သူ၏ တောက်ပသည့် မျက်ဝန်းထဲတွင် အပြုံးတို့ တဖြည်းဖြည်း ဖြန့်ကျက်သွားခဲ့သည်။

အနုပညာပြပွဲက အချိန်သုံးနာရီလောက် ကုန်ဆုံးခဲ့သည်။

ပွဲပြီးခါနီးအချိန်တွင် အဖွားအိုက သမ်းဝေလာခဲ့သည်။

ထိုအချင်းအရာကိုမြင်တော့ ချီမော့က ထိုင်ခုံမှထရပ်ခဲ့သည်။

အဖွားအိုက ချီမော့နှင့် အချိန်အကြာကြီး မကုန်ဆုံးဖူးသော်လည်း ချီမော့အကြောင်းကို ကောင်းကောင်းသိသည်။

သူက စကားနည်းကာ အပြောထက် အလုပ်ပိုလုပ်သူ ဖြစ်သည်။

ယခု သူ ထရပ်လိုက်ခြင်းက သူမ သမ်းဝေနေသည်ကိုမြင်သဖြင့် သူမ အိပ်ချင်နေပြီဟုထင်ကာ အိမ်လိုက်ပို့ဖို့ရန်အတွက် ထရပ်လိုက်ခြင်း ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ချီမော့က ပြောလိုက်သည်။ “အဖွားကို အိမ်ပြန်လိုက်ပို့ပေးမယ်။”

“ရတယ်၊ ငါ့ကို လိုက်ပို့ဖို့အတွက် အစောကြီး ပြန်မနေနဲ့။” အဖွားအိုက လက်ယမ်းပြကာ စကားပြောလိုက်သည်။

အဖွားအိုက အသံကိုလျှော့ချကာ ချီမော့ကို ပြောလိုက်သည်။ “မြေးငယ်လေးက မနက်က အထက်တန်းအတွက် စာတွေလုံးပန်းနေရတာနဲ့ အခုမှ အနုပညာပြပွဲမှာ ပျော်ရ‌တာလေ၊ သူ စိတ်ကျေနပ်တဲ့အထိ ပေးပျော်လိုက်ပါ။”

ချီမော့အသံက နူးညံ့နေသည်။ “အဖွားကို ကျွန်တော် လိုက်ပို့မှာ‌ပါ၊ သူ့ကို ဒီမှာ ထားခဲ့မှာ၊ သူကြိုက်သလောက်ပျော်လို့ရပါတယ်။”

အဖွားအို။ “ဘယ်တုန်းက ဒီလောက် တုံးအသွားတာလဲ။”

ချီမော့က ဘာမှထပ်မပြောဘဲ နူးညံ့စွာ ပြုံးနေသည့် အဖွားအိုကိုသာ ကြည့်နေသည်။

အဖွားအို။ “ကျောင်းအာနဲ့ ဖေးအာက အပြင်မှာ ကားနဲ့ စောင့်နေတယ်လေ၊ သူတို့ကို လိုက်ပို့ခိုင်းလိုက်မယ်၊ နင်က မူမူကို အဖော်လုပ်ပေးလိုက်။”

ကျောင်းအာနှင့် ဖေးအာက အဖွားအို၏ ယာဉ်မောင်းနှင့် သက်တော်စောင့် ဖြစ်သည်။ အဖွားအိုသွားသည့်နောက်ကို လိုက်ပါစောင့်ရှောက်ကြသူများဖြစ်သည်။

သူတို့က ဘာမှလုပ်စရာမရှိသည့်အခါ ကားထဲမှ စောင့်နေလေ့ ရှိသည်။

နောက်ဆုံးတွင် ချီမော့က အဖွားအိုကို နားချလို့ မရတော့သဖြင့် သူမကို လာရောက်ခေါ်ဆောင်သွားသည်ကိုသာ ကြည့်နေလိုက်တော့သည်။

အချိန်ခဏ ကြာပြီးသည့်နောက်တွင် အနုပညာပြပွဲ၏ နောက်ဆုံး ဖျော်ဖြေမှု ပြီးဆုံးသွားခဲ့သည်။

စင်မြင့်ထက်တွင် ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းအုပ်ကြီးက အပိတ်စကား ပြောခဲ့သည်။ “ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းရဲ့ အနုပညာပြပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ၊ ကျွန်တော့်ကို စကားအနည်းငယ် ပြောခွင့်ပေးပါ…..”

သူ့စကားဆုံးခါနီးတွင် ကျောင်းသား၊ ကျောင်းသူများက ပို၍ လှုပ်ရွလာကြသည်။

နောက်ဆုံးတန်းက ကျောင်းသားများက မတ်တပ်ပင် ထရပ်နေပြီဖြစ်ကာ ဆူညံသံများ ထွက်နေပြီ ဖြစ်သည်။

မည်သူမှ ကျောင်းအုပ်ကြီး၏ ရှည်လျားလှသည့် မိန့်ခွန်းကို နားမထောင်ချင်ကြပေ။

“အဟမ်း။” ကျောင်းအုပ်ကြီးက လည်ချောင်းရှင်းလိုက်ကာ စကားကိုတမင် ရှည်လိုက်သည်။

“ဒီနေ့ ကျောင်းသားတိုင်းအတွက် အံ့ဩစရာကောင်းတဲ့ အထူးလက်ဆောင်လေး ပြင်ဆင်ထားတာရှိပါတယ်။”

လှုပ်လှုပ်ရွရွ ဖြစ်နေသည့် ကျောင်းသား၊ ကျောင်းသူများက စင်မြင့်ထက်ကို လည်ပြန်ကြည့်လိုက်သည်။

စင်အောက်တွင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဆူညံသံများ ထပ်ထွက်လာခဲ့သည်။

ကျောင်းအုပ်ကြီးက မိန့်ခွန်းအရှည်ပြောရန်အတွက် စကားရှည်နေခြင်း ဖြစ်သည်။

မည်သူမှ သူပြောသည့် အံ့သြစရာကောင်းတဲ့ အထူးလက်ဆောင်ကို မျှော်မနေကြပေ။

ယခင်က ယခု ကျောင်းအုပ်ကြီး လှည့်စားခဲ့သည့် ကိစ္စရှိခဲ့ဖူးသည်။

ယခုနှစ် ဆယ်တန်း ကျောင်းသူ၊ ကျောင်းသားများအတွက် စာရင်းသွင်းလက်ဆောင် ပြင်ဆင်ထားသည်ဟု ပြောခဲ့သည်။

တကယ်တန်းကျတော့ မိ‌ဘများကိုခေါ်ယူကာ ‘’အိမ်တွင် ကျောင်းပညာရေး သင်ကြားခြင်း ပတ်ကေ့ချ်”ကို မိတ်ဆက်ပေးခဲ့သည်။

နောက်တစ်ကြိမ်က ( ၇ ) တန်းကို စစ်လေ့ကျင့်ရေး ဆင်းခိုင်းခဲ့ခြင်း ဖြစ်သည်။

တစ်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ ရာသီဥတု ပူလောင်လောင်ထဲ လေ့ကျင့်ရေးဆင်းရသည်မှာ ပင်ပန်းကြောင်းကို သိသွားသဖြင့် သူက ရက်တစ်ရက်ကိုရွေးကာ အနီးအနားက အားကစားပွဲရုံသို့ အပန်းဖြေခရီးထွက်နိုင်ရန် ဘတ်စ်ကား ပြင်ဆင်ပေးခဲ့သည်။

သို့သော် ထိုနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

ဤသို့ဖြင့် ကျောင်းသား၊ ကျောင်းသူများက အဆောင်တွင်သာ နားခဲ့ရသည်။

ကျောင်းအုပ်ကြီးက ရာသီဥတုကို အရင်စစ်ဆေးပြီးမှ သူတို့ကို စနောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ( ၇ ) တန်းမှ ( ၁၂ ) တန်းအထိ ကျောင်းသားကျောင်းသူတွေ၏ အမြင်တွင် ကျောင်းအုပ်ကြီးက ကျောင်းသားကျောင်းသူများအတွက် ကောင်းမွန်သည့်အရာကို ယူဆောင်လာပေးမည့်လူမဟုတ်ကြောင်း မြင်ကြလေသည်။

အံ့ဩဖွယ် လက်ဆောင်လေး ဟုတ်လား။

ဘာလက်ဆောင်မှ ပြင်မထားတာ ပိုကောင်းသေးတယ်။

ရုတ်တရက်ပင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ညကောင်းကင်ယံတွင် မီးပန်းများ ပစ်လွှတ်လိုက်သဖြင့် မဟူရာညကောင်းကင်ကြီးက ရုတ်ချည်း လင်းလက်သွားခဲ့သည်။

***

All Chapters