မီးပန်းည
Vol. 12 Ch. 140
မီးပန်းများက ညကောင်းကင်ယံထက်မှ လင်းလာခဲ့သည်။
မီးပန်းများက ကောင်းကင်ဘုံထက် ပွင့်လန်းသည့် ကြယ်ကလေးများနှင့် ဆင်တူသည်။
မီးအလင်းတန်းများက အရောင်စုံကာ လင်းထိန်နေသည်။
ထိုအချိန်တွင် ကွင်းထဲရှိ ကျောင်းသူ၊ ကျောင်းသားများက ကောင်းကင်ကို မော့ကြည့်နေသဖြင့် သူတို့မျက်နှာထက်တွင် မီးရောင်စုံအရောင်များ ထင်ဟပ်နေခဲ့သည်။
ပတ်ဝန်းကျင်မှ အာမေဋိတ်သံများကို နေရာအနှံ့ ကြားနေရသည်။
ယခုတစ်ကြိမ်တော့ ကျောင်းအုပ်ကြီးက သူ့ကတိစကားကို တည်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ပေ။
တကယ်ကို အံ့အားသင့်ခဲ့ရသည်။
လူအများစုက သူတို့၏ဖုန်းတွေကိုထုတ်ကာ ထိုအခိုက်အတန့်လေးကို မှတ်တမ်းတင်ထားခဲ့ကြသည်။
ထိုအရာကိုမြင်တော့ ချီရှောင်ပိုင်၏ အကြည့်တွေက နေရာရွေ့သွားခဲ့သည်။
လူတွေ၏ အကြည့် ဦးတည်ရာနှင့် ဆန့်ကျင်စွာ သူက သူ့ဖခင်နှင့် မိထွေးကို ကြည့်လိုက်သည်။
သူတို့နှစ်ဦးက ဘေးချင်းရပ်နေကာ ကောင်းကင်ကို မော့ကြည့်နေသည်။
သူတို့၏ မျက်ဝန်းတွေက တူညီသည့် အလင်းတန်းများ ထင်ဟပ်နေသည်။
ချီရှောင်ပိုင်က သူတို့နှစ်ဦးနား သွားပြီး ပြောလိုက်သည်။ “အဖေတို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးမယ်။”
ထိုအသံကြားသည့်အခါ ရှန်းမူမူ လှည့်ကြည့်လိုက်တော့ ချီရှောင်ပိုင်က အနောက်တွင် နေရာယူထားပြီဖြစ်သည်။
ချီရှောင်ပိုင်က အနောက်မှနေ၍ သူတို့နောက်ကျောနှင့် ကောင်းကင်ပုံကို တွဲရိုက်ပေးချင်နေပုံရသည်။
ရှန်းမူမူ ပြန်မဖြေရသေးခင်မှာပင် သူမဘေးရှိ တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သည့် ချီမော့က ပြန်ဖြေလိုက်လေသည်။
“ကောင်းပြီလေ။”
နောက်တစ်စက္ကန့်တွင်ဖြစ်သည်။
ရှန်းမူမူက သူမ ပခုံးထက်က ချီမော့၏ နွေးထွေးသည့် လက်အထိအတွေ့ကို ခံစားမိလိုက်သည်။ ချီမော့၏ နောက်ထပ် လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားကာ ကောင်းကင်ကို မော့ကြည့်နေသည်။
သူမကို လက်ဖြင့်သိုင်းဖက်ထားပုံက သူ့အတွက် အလွန်သာမာန်ဆန်သည့်ပုံစံရသည်။
သူ၏နှာတံက ဆင်းနေကာ မေးရိုးကထင်းနေသည်။
ထိုအချိန်မှာပင် ကောင်းကင်ထက်တွင် မီးပန်းများစွာ ထွန်းလင်းလာခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် မီးပန်းမီးပွားများက စုဝေးလိုက် ကွဲသွားလိုက်ဖြင့် ပုံရိပ်များထင်ဟပ်နေသည်။
ကြယ်တွေ ရေကန်အတွင်းသို့ ကြွေကျနေပုံနှင့် ဆင်တူသည်။
အလွန်ညှို့ယူဖမ်းစားနေသည်။
“ကောင်းကင်ကိုကြည့်။”
သူက ရှန်းမူမူကို လှည့်မကြည့်ဘဲ သူမ၏ ပခုံးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရယ်သံယှက်သောအသံဖြင့် ပြောလိုက်သည်။ “ကိုယ့်ကို နောက်မှကြည့်ပါကွာ။”
သူမဘေးက ချောမောသည့်လူ၏ နှုတ်ခမ်းများ ကော့တက်သွားသည်ကိုမြင်တော့ ရှန်းမူမူက အသက်ရှူပင် အောင့်လိုက်မိလေသည်။
ရှန်းမူမူသည် သူမ ခိုးကြည့်နေသည်ကို မိသွားသဖြင့် ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။
ထို့နောက် ရှန်းမူမူက လက်မြှောက်လိုက်သည်။ “ဖြန်း။”
ချီမော့၏ လည်ပင်းကို ရိုက်လိုက်လေသည်။ “ခြင်ကိုက်နေလို့။”
ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် သူမက အတွေးထဲ ပေါ်လာသည့် စကားကို ပြောလိုက်သည်။
အကြောင်းအရင်းမရှိ အရိုက်ခံလိုက်ရသဖြင့် ချီမော့က အံ့ဩသွားကာ စက္ကန့်အနည်းငယ်လောက် တောင့်ခဲသွားခဲ့သည်။
သူက ဖြည်းညှင်းသွာဖြင့် ရှန်းမူမူကို လှည့်ကြည့်လိုက်သည်။
သူတို့နှစ်ဦးက အကြည့်ချင်း ဆုံသွားခဲ့သည်။
ရှန်းမူမူက အပြစ်ကင်းစွာ မျက်တောင်များ ပုတ်ခတ်လိုက်သည်။
သူမက တစ်ချက်ပင် အကြည့်မလွှဲခဲ့ပေ။
ထိုငြိမ်သက်နေသည့် အခြေအနေတွင် ချီမော့က မျက်မှောင်ကြုတ်ပြီးတောင်တွင် သူ့မျက်ဝန်းထဲ၌ ရယ်မြူးရိပ်များပေါ်လာပြီး သဘောပေါက်စွာ ခေါင်းငြိမ့်လိုက်သည်။
သူ့အမူအရာက သူမ၏ အလိမ်အညာစကားကို မယုံသော်လည်း ထုတ်ဖော်မပြောသည့် အမူအရာ ဖြစ်သည်။
ရှန်းမူမူကလည်း သူ့စိတ်ကို ဖတ်တတ်နေခဲ့သည်။
သူမက လက်ညှိုးကို အသုံးပြုကာ ချီမော့၏ မေးကို ကောင်းကင်ဘက်သို့ တွန်းပို့ပြီး ပြောလိုက်သည်။
“ကောင်းကင်ကိုကြည့်၊ ကျွန်မကို နောက်မှကြည့်။”
ထိုသို့ပြောပြီးသည်နှင့် သူမက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူမက လှည့်မကြည့်သော်လည်း သူမကို ကြည့်နေသည့် ပူပြင်းသည့် အကြည့်ကို ခံစားမိသည်။
အလွန်ပူပြင်းကာ၊ တောင့်တနေသည့် အကြည့်မျိုး ဖြစ်သည်။
သူတို့ အနောက်တွင် ဖြစ်သည်။
လူသားဖုန်းထောက်တိုင် ချီရှောင်ပိုင်က ဖုန်းကိုင်ကာ ရပ်နေသည်။
သူက လက်မဖြင့် ခလုတ်ကိုထိပြီး ပုံများစွာ ရိုက်ကူးနေသည်။
ထိုအချိန်တွင် ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းတွင်ဖြစ်သည်။
ဇိမ်ခံကားတစ်စီးက ကျောင်းဝန်းအပြင်သို့ မောင်းထွက်သွားခဲ့သည်။
အဖွားအိုက ကားခုံကိုမှီထားကာ မျက်လုံးမှိတ်ထားကာ အိပ်နေသည်။
ကောင်းကင်က မီးပန်းအလင်းများက ကားပြတင်းပေါက်မှတစ်ဆင့် အဖွားအို၏ မျက်နှာထက် ထင်ဟပ်နေသည်။
သူမက ခပ်ဖွဖွပြုံးလိုက်သည်။
သူမက လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အဖြစ်အပျက်ကို အိပ်မက်မက်နေသည်။
အစ်မ ဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် အသက် ( ၁၅ ) နှစ်အရွယ် ချီမော့က ဆေးရုံအခန်းရှေ့တွင် ရပ်နေသည်။
သူ၏ မျက်လုံးများက ရဲနေကာ မျက်ရည်မကျအောင် အံကြိတ်ကာ နှုတ်ခမ်းတင်းတင်းစေ့ထားသည်။
သူမက ဆေးနံ့များပြင်းရှသည့် ဆေးရုံဟောခန်းမထဲ ဖြတ်လျှောက်သွားရင်း သူမရဲ့ မြေးဖြစ်သူကို ပွေ့ဖက်ခဲ့သည်။
သူမက နူးညံ့စွာ နှစ်သိမ့်ခဲ့သည်။ “မကြောက်နဲ့၊ အဖွား ရှိပါသေးတယ်။”
ထိုကောင်လေးက နောက်ဆုံးတော့ ထိန်းချုပ်မထားတော့ဘူး သူမ လက်မောင်းကြား ခေါင်းစိုက်ထားကာ ပခုံးများ တုန်လှုပ်သည်အထိ ငိုခဲ့သည်။
ကောင်လေး၏ မျက်ရည်များက ဆေးရုံကြမ်းခင်းအထိ ကျဆင်းခဲ့သည်။
ထိုမျက်ရည်များက သူမရဲ့ နှလုံးသားကိုလည်း ပြင်းထန်စွာ ပူလောင်စေခဲ့သည်။
သူမက မြေးဖြစ်သူ၏ ပခုံးကို ပုတ်ပေးကာ ပြောခဲ့သည်။ “အဖွားက သားအစ်မရဲ့ သားကို သေချာစောင့်ရှောက်မှာပါ၊ စိတ်မပူနဲ့၊ မကြောက်ပါနဲ့ကွယ်။”
အိမ်မက်များက နောက်ထပ် အပိုင်းအစတစ်ခုအဖြစ် ထပ်မံ ကူးပြောင်းသွားခဲ့သည်။
သူမ ထပ်မက်သည့် အိပ်မက်က တစ်ခုသော နွေရာသီ၏ နေ့လည်ပိုင်း ဖြစ်သည်။
လေပြေများက ပြတင်းပေါက် လိုက်ကာမှတစ်ဆင့် ဝင်ရောက်နေသည်။
ပန်ကာအိုလေးတစ်လက်က အီနေကာ တီဗီမှ နေ့ခင်းသတင်းတစ်ခု ထုတ်လွှင့်နေသည်။
တယ်လီဖုန်းမှ ထွက်ပေါ်လာသည့် ဖုန်းမြည်သံက အိပ်ငိုက်နေသည့် သူမကို အသိစိတ်ပြန်ကပ်စေခဲ့သည်။
သူမက တယ်လီဖုန်းဟောင်းလေးကို ပျင်းရိစွာ ကောက်ကိုင်လိုက်သည်။ “အဖွား၊ ကျွန်တော် ပြန်ရောက်ပြီ။”
သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုတို့ ဖြန့်ကျက်သွားလေသည်။
သူမ မြေး၏ စိတ်လှုပ်ရှားနေသည့် အသံကို ဖုန်းမှတစ်ဆင့် ကြားနေရသည်။
သူမကို သတင်းကောင်းများ ဝေမျှခဲ့ကာ အနာဂတ်တွင် ပိုက်ဆံများစွာရှာပြီး သူမနှင့် ချီအာလေးကို မပူမပင် မကြောင့်မကြထားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
သူမ၏ ပြန်လည်မြင်ယောင်မှုမြင်ကွင်းတွေက အချိန်တွေ မြန်ဆန်သွားခဲ့သည်။
သူမ၏ အတိတ်ကို ပြန်သတိရသည့်အချိန်က ချီအာလေး အရွယ်ရောက်သည့်အချိန်သို့ ရောက်ခဲ့သည်။
သူမ ချီအာလေးကို ကျောင်းသွားကြိုသည့်အချိန်တွင် ဘေးခန်းက ကျောင်းသားလေးက သူမမြေးအား မိဘမရှိသည့်ကလေးဟုခေါ်ကာ လှောင်ပြောင်ခဲ့သည်ကို ကြားခဲ့သည်။
ချီအာလေးက မျက်လုံးကို ပွတ်သပ်ပြီး သူ့အသက်အရွယ်နှင့် မလိုက်စွာ ထိုကလေးတွေကို အေးစက်စွာ ကြည့်ခဲ့သည်။
သူမ မီးဖိုချောင်ထဲ ဖက်ထုတ်ကြော်နေသည့်အချိန်တွင် ချီအာလေးက ရောက်လာပြီ လက်မဆေးဘဲ နှိုက်စားခဲ့သည်။
သူမက မျက်မှောင်ကြုတ်ပြီး လက်သွားဆေးရန် တိုက်တွန်းခဲ့သည်။
နောက်ပိုင်းမှာတော့ ချီအာလေးက သူ့ဦးလေးက အတူနေဖို့ ခေါ်သွားခဲ့သည်။
သူတို့ ဗီဒီယိုကောလ် ပြောတိုင်း စိတ်မပူရန် ပြုံး၍ ပြောလေ့ ရှိသည်။
သူမက ချီအာထက် လူ့လောကတွင် ပို၍နေထိုင်လာခဲ့သူဖြစ်သည်။
ချီအာ၏ အားတင်းထားသော အပြုံးကို သူမ မမြင်ဘဲ မနေပေ။
ရုတ်တရက်ပင် သူမရဲ့ အမြင်တွေက နွေးထွေးသည့် အရိပ်အယောင် ပြောင်းသွားခဲ့သည်။
သူမ မြင်နေရသည့် မြင်ကွင်းက ကျင်းမြို့ရှိ ရှီယွီယွဲ့ဗီလာတွင်ဖြစ်သည်။
သူမက တန်ဖိုးကြီး ထမင်းစားပွဲဝိုင်းတွင် ထိုင်နေပြီး သူမ၏ မျက်နှာချင်းဆိုင်တွင် ချီမော့နှင့် ချီအာ ရှိသည်။
စက္ကန့်အနည်းငယ်အတွင်း သူတို့၏ အသွင်တွေက ရင့်ကျက်သည့်ပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဆေးရုံလျှောက်လမ်းတွင် ငိုကြွေးခဲ့သည့် မြေးဖြစ်သူက မိသားစုတာဝန်ကို ပခုံးလွှဲယူနိုင်သည့် အရွယ်ရောက်လာပြီဖြစ်သည်။
တစ်ချိန်က မှုတ်ကုပ်နေတတ်သည့် မြေးကြီးက လွတ်လပ်ပေါ့ပါးသည့် အသက် ( ၁၇ ) နှစ်အရွယ် ရောက်ခဲ့ပြီ ဖြစ်သည်။
စံအိမ်၏ လှေကားထက်မှ ပုံရိပ်တစ်ခု ဆင်းလာသည်ကိုမြင်တော့ သူမ လှမ်းကြည့်လိုက်သည်။
ရှန်းမူမူက သူမ ဘေးကခုံကိုဆွဲကာထိုင်ပြီး သူမကို “အဖွား” ဟု နွေးထွေးစွာ ခေါ်လာခဲ့သည်။
အိပ်မက်တွေက နှစ်များစွာရှည်လျားသည့် အချိန်တစ်ခုအထိ လျင်မြန်စွာ မြင်မက်ခဲ့သည်။
အိပ်မက်ထဲတွင် အချိန်ဆယ်စုနှစ်ကြာသွားသော်လည်း လက်တွေ့တွင် နာရီအနည်းငယ်သာ ကြာသေးသည်။
ကားထဲတွင် လူ ( ၃ ) ဦး ရှိသည်။
ရှောင်ဖေးက အိပ်ပျော်နေသည့် အဖွားအိုကိုကြည့်ကာ သူ့ဘေးက လူကိုပြောလိုက်သည်။
“ဒီနေ့ အဖွားက တကယ်ပျော်နေတာထင်တယ်၊ အိပ်တာတောင် ပြုံးနေတာပဲ။”
အနုပညာပြပွဲ ပြီးသွားသည့်အခါ ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကျောင်းဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းရေး လုပ်ရန်အတွက် စီစဉ်ပေးခဲ့သည်။
စင်မြင့်ထက်က အလှဆင်ထားသည်များကိုလည်း တစ်ခုချင်း ဖြုတ်သိမ်းခဲ့သည်။
ကျောင်းသူကျောင်းသားများက ခုံများကို မူလနေရာသို့ ပြန်လည်သိမ်းဆည်းခဲ့သည်။
ချီရှောင်ပိုင်က အကူအညီပေးမည့် သူ့ဖခင်နှင့် မိထွေးကို ငြင်းဆန်ခဲ့သည်။ “မကူညီနဲ့၊ ဒါတွေကို ကျောပေါ် တစ်ခါတည်း တင်ပြီးတောင် သယ်နိုင်တယ်၊ ကျောင်းနောက်ပေါက်ဂိတ်မှာ ပြန်ဆုံမယ်၊ အခုတော့ လျှောက်ပတ်ကြည့်လိုက်ပါဦး။”
သူက စကားဆုံးသည်နှင့် သက်သေပြရန်အတွက် ခုံနှစ်လုံးကို တစ်ခါတည်းသယ်ပြီး အရှေ့က သွားနှင့်ပြီဖြစ်သည့် ဝေကျောက်နန်၏ အနောက်သို့ အမှီလိုက်သွားကာ အော်ပြောလေသည်။ “ဟေ့ လမ်းလျှောက်နှေးတဲ့ကောင် မင်းအဖေကို စောင့်ဦး။”
ရှန်းမူမူ။ “.....”
ချီမော့။ “.....”
သူတို့နှစ်ဦးက အကြည့်ချင်း ဖလှယ်လိုက်သည်။
သူတို့က တိတ်ဆိတ်စွာပင် ခေါင်းခါလိုက်ကြသည်။
ချီရှောင်ပိုင်က သူတို့ ရှိလျှင်တောင် ဟန်ဆောင်မှုတွေ မရှိတော့သည်မှာ ကြာပြီဖြစ်သည်။
ထိုခံစားချက်က ကောင်းမွန်သော်လည်း သူတို့အတွက် ကျင့်သားတော့ မရသေးပေ။
***