ချစ်စကားလေးများ
Vol. 12 Ch. 141
ကျောင်းကစားကွင်းတွင်ဖြစ်သည်။
ရာဘာနံ့သင်းသင်းလေးက ဆောင်းဦးမြက်ခင်းနံ့နှင့်အတူ လေထံ ပျံ့လွင့်နေသည်။
ချီမော့နှင့် ရှန်းမူမူက ကစားကွင်းလမ်းမတွင် ဇိမ်ပြေနပြေ လမ်းလျှောက်နေသည်။
ညလေပြေက နူးညံ့စွာ တိုက်ခတ်နေသည်။
ရှန်းမူမူက မျက်လုံးမှိတ်ကာ လေပြေကိုခံစားနေသည်။
“နင်က တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ..”
စိတ်မရှည်သည့် အော်သံ တစ်ခုက အဝေးတစ်နေရာက ထွက်လာခဲ့သည်။
အသံလာရာ စင်မြင့်ဘက်ကို လှမ်းကြည့်လိုက်တော့ ကျောင်းသား၊ ကျောင်းသူ နှစ်ဦး ပြေးလွှားနေသည်ကို မြင်လိုက်လေသည်။
ကောင်လေးက ကောင်မလေး၏ ကျောဘက်က ဖဲဖြားလေးကို တမင်ဖြုတ်ယူထားပုံရသည်။
ကောင်မလေးက သတိထားမိသွားပြီး ဘုတ်ပြားတစ်ခုကို ထုတ်ကာ ကောင်လေးနောက်လိုက်ရင်း လိုက်လုနေသည်။
ခပ်ဆိုးဆိုးပုံရှိသည့်ကောင်လေးက တမင်တကာ ခြေလှမ်းများ နှေးချလိုက်ပြီး ခေါင်းအရိုက်ခံလိုက်ရသည့်အခါတွင်လည်း ပြုံးရယ်နေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်တော့ ရှန်းမူမူက ပြုံးလိုက်လေသည်။
အလွန်နှစ်သက်ဖွယ်ကောင်းသည်ဟု သူမ ထင်သည်။
ငယ်ရွယ်နုပျိုခြင်းက အလွန်ကောင်းသည်။
သူမက ခြေလှမ်းများနှေးလိုက်ပြီး အနောက်ကို လှည့်ကြည့်လိုက်သည်။
ချီမော့က သက်ကြီးရွယ်အိုလူအိုကြီးကဲ့သို့ လက်နောက်ပစ်ကာ သူမ အနောက်မှ လမ်းလျှောက်လိုက်နေသည်။
သူမစိတ်ထဲတွင် သိချင်စိတ်များ တိုးပွားလာလေသည်။
သူမ ကြည့်နေသည်ကို သတိထားမိတော့ ချီမော့က သူမကို ကြည့်လိုက်လေသည်။
ချီမော့။ “?”
သူက မျက်ခုံးပင့်ကာ သူ့မျက်ဝန်းထဲတွင် မေးခွန်းအမှတ်အသား ထင်ပေါ်နေလေသည်။
ရှန်းမူမူက သိချင်စိတ်ကို မဖုံးကွယ်ဘဲ မေးလိုက်သည်။ “ရှင့်မှာ ကျောင်းသားဘဝတုန်းက သဘောကျခဲ့တဲ့လူရှိလား။”
ထိုစကားကြားတော့ ချီမော့က မျက်မှောင်ကြုတ်ပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။ “မရှိဘူး။”
ရှန်းမူမူက မယုံကြည်နိုင်စွာ မျက်တောင်ခတ်ပြီး ထပ်မေးလိုက်သည်။ “ကြိတ်ပြီး သဘောကျနေရတဲ့လူရော။”
သူမက လက်မနှင့်လက်သန်းကိုထိကာ အနည်းငယ်ဟူသော အတိုင်းအဆကို လုပ်ပြခဲ့သည်။ “ဒါမှမဟုတ် နည်းနည်းလေး စိတ်ဝင်စားမိတဲ့လူပေါ့။”
သူမ၏ လက်အမူအရာက သိသာထင်ရှားသဖြင့် ချီမော့က မျက်လုံးများမှေးကာ ရယ်မောခဲ့သည်။ ထို့နောက် သူက ခိုင်မာစွာ ပြောလိုက်သည်။ “တကယ်ကို တစ်ယောက်မှ မရှိဘူး။”
သူ့အစ်မ သမီးရည်းစားဆက်ဆံရေးမှ အဆင်မပြေမှုများကြောင့် သေသွားသည့်နောက်ပိုင်းတွင် လူတစ်ဦးက ကမ္ဘာကြီးပေါ် ရှင်သန်ဖို့အတွက် အဖော်မလိုအပ်ကြောင်း သူတွေးထင်ခဲ့သည်။
“သနားဖို့ကောင်းလိုက်တာ။”
ရှန်းမူမူက သက်ပြင်းချပြီး အရှေ့ကို ကြည့်လိုက်သည်။
“အကောင်းဆုံး အသက်အရွယ် တစ်ခုမှာ ဆယ်ကျော်သက် အချစ်ရေးကို လက်လွှတ်ခဲ့ရတယ်လို့ကွယ်။”
ရှန်းမူမူက လမ်းလျှောက်ကာ စကားပြောနေပြီး ချီမော့က တိတ်တဆိတ် နားထောင်နေသည်။
ချီမော့၏ခြေလှမ်းများ နှေးသွားကာ သူမကိုကြည့်ပြီး ပြောလိုက်သည်။ “အခုလည်းနောက်မကျသေးပါဘူး။”
ရှန်းမူမူက ကြောင်အစွာ ကြည့်လိုက်သည်။ “ဘာကိုလဲ။”
“မင်းပြောတဲ့ ရိုမန်တစ်ဆန်တဲ့ အကောင်းဆုံး အချိန်လေ၊ တကယ်တော့ အခုလည်း နောက်မကျသေးဘူးလို့။”
သူ၏ အေးစက်သည့် အရှိန်အဝါက မရှိတော့ပေ။
လေထုပတ်ဝန်းကျင်က နူးညံ့မှုထဲ နစ်မြှုပ်သွားဟန်တူသည်။
လမ်းမီးရောင်က သူ့မျက်နှာထက် ဖြာကျနေကာ သူ့အသွင်အပြင်က ပိုထင်ရှားနေပြီး မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။
သူက ရှန်းမူမူကို တည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းကိုဖွင့်ပြောလိုက်တဲ့နေ့ကစပြီး ကိုယ့်အမြင်တွေ ပြောင်းသွားတယ်။”
ရှန်းမူမူ။ “...”
ချီမော့ ရုတ်တရက် ပြောလိုက်သည့် စကားကြောင့် ရှန်းမူမူ အံ့ဩနေသည်။
သူမက လက်သီးဆုပ်ထားကာ ချီမော့ကို ကြည့်နေသည်။ ချီမော့၏ မျက်ဝန်းထဲတွင် ခံစားချက်များ မြင့်တက်လာနေသည်ကို သူမ မြင်နေသည်။
“ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမိတာ ဒါ ပထမဆုံးပဲ။”
ဆူညံနေသည့် လမ်းကြားလေးက ရုတ်ခြည်းဆိုသလိုပင် အသံတိတ်သွားသလို ခံစားလိုက်ရသည်။
လေပြေများကလည်း မနားမနေ တိုက်ခတ်နေသည်။
ချီမော့၏ မျက်ဝန်းထဲတွင် သူ အမြဲ ဖိနှိပ်ခဲ့သည့် စိတ်အားထက်သန်သည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ့အသံက ယခင်နှင့်မတူစွာ အနည်းငယ် ပြတ်တောင်းနေသည်။ “ရှန်းမူမူ မင်းစခဲ့တဲ့ ဇာတ်လမ်းမို့ မင်းတာဝန်ယူရမယ်။”
ရှန်းမူမူ။ “....”
တီ…
သူမ၏ ခေါင်းထဲတွင် အမည်မသိ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် ပူပေါင်းပေါက်သံများ ကြားလိုက်လေသည်။
ဖောက် ဖောက် ဖောက်။
သူမ ရင်တွေတုန်နေကာ ဘာမှ သေချာ မစဉ်းစားနိုင်ပေ။
ဒီလူက ဘယ်လိုလုပ် ဒီလောက် အပြောကောင်းရတာလဲ။
သူမက ရှက်ရွံ့လာသဖြင့် ပါးများရဲနေသည်။
နားတစ်လျှောက်လုံးလည်း ပူနွေးနေသည်။
အချိန်ခဏကြာပြီးသည့်နောက်တွင် သူမ အကြည့်ရုတ်သိမ်းလိုက်သည်။
ရုတ်တရက်ပင် သူမက တစ်စုံတစ်ခုကိုတွေးလိုက်ပြီး ဖုန်းထုတ်ယူကာ အဝေးကို လျှောက်သွားကာ ပြောလိုက်သည်။ “ခဏလေး၊ လုပ်စရာရှိလို့ ခဏစောင့်ဦး။”
သူမ၏စကားကိုကြားသည်နှင့် ချီမော့၏ မျက်ဝန်းထဲ အလင်းတန်းတစ်ခုဖြတ်ပြေးသွားသည်။
ချီမော့က လက်ကို ဘေးချထားပြီး အကွာအဝေးတစ်ခုက သူမကို ကြည့်နေသည်။
သူ့ပုံစံက သာမာန်ဆန်နေသော်လည်း သူမ၏ အသည်းနှလုံးကို လက်တစ်စုံက ဖိညှစ်ထားသကဲ့သို့ ခံစားနေရသည်။
အလွန်တင်းကြပ်နေသည်။
ယခုလို သူ မပြောလိုက်သင့်ပေ။
သူ၏ ဒေါသနှင့် ပိုင်ဆိုင်လိုစိတ် ကြီးမားသည့်ပုံစံကို မပြလိုက်သင့်ပေ။
သူမကို မသက်မသာ ဖြစ်သွားစေလိမ့်မည် မဟုတ်ပါလား။
ရုတ်တရက်ပင် သူ့အိတ်ကပ်ထဲက ဖုန်းတုန်ခါလာခဲ့သည်။
သူ ဖုန်းဖွင့်ကြည့်လိုက်တော့ ရှန်းမူမူထံက မက်ဆေ့ချ်ဖြစ်နေသည်။
“သဘောကျမှု ၆၆+။”
ချီမော့က တောင့်ခဲသွားခဲ့သည်။
သူ့မျက်ဝန်းထဲ အံ့ဩရိပ်တို့ ဖြတ်သန်းသွားပြီးနောက်တွင် နှုတ်ခမ်းများ ကော့တက်အောင် ပြုံးပြီး ရှန်းမူမူကို ကြည့်လိုက်သည်။
“အဟမ်း။”
ရှန်းမူမူက အရှက်ပြေ ချောင်းဟန့်လိုက်သည်။
သူမက ခြေလှမ်းများကို အမြန်လျှောက်သွားလိုက်သည်။
မီးရောင်နှင့် ပိုဝေးသွား၍ အနည်းငယ် မှောင်သွားသော်လည်း သူမရဲ့ နားရွက်လေး နီရဲနေခြင်းက ပိုထင်းလာသည်။
သူမက ပြန်လှည့်ကြည့်ပြီး အရှက်ပြေပြောလိုက်သည်။
“သွားမယ်လေ၊ ကျောင်းအနောက်ဂိတ်က ရေခဲမုန့်စားချင်သေးတယ်။”
ယခု အနည်းငယ် ပူနေသည်ဟု သူမ ခံစားရသည်။
ချီမော့က မျက်မှောင်ကြုတ်ပြီး ပြန်ဖြေလိုက်သည်။ “အင်း။”
သူ၏ရှည်လျားသည့် ခြေတံများဖြင့် ရှန်းမူမူအား ခဏအတွင်း အမှီလိုက်နိုင်ခဲ့သည်။
အမှတ်တိုးသွားသည့် ချီမော့က ပိုသတ္တိရှိလာပုံရကာ ရှန်းမူမူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်လေသည်။
ရှန်းမူမူ၏ကိုယ်ခန္ဓာက တောင့်တင်းသွားပြီး လက်ကောက်ဝတ်က နွေးထွေးမှုကို ခံစားနေရပြီး သူ့သဘောအတိုင်း ပေးကိုင်ထားခဲ့သည်။
သို့သော် ချီမော့က လက်ကောက်ဝတ်ကိုသာ ကိုင်ထားသော်လည်း အဘယ်ကြောင့် လည်ပင်းညှစ်ခံထားရသည်ဟု သူမ ခံစားနေရသနည်း။
သူမက အနည်းငယ် အသက်ရှူကြပ်နေသည်။
သူမရဲ့ နှလုံးခုန်သံကိုပင် သူမ ပြန်ကြားနေရသည်။
သူမ၏ ဂုဏ်သိက္ခာကို ထိန်းသောအားဖြင့် သူမရင်ထဲက လှိုင်းထနေသည့် ခံစားချက်ကို ဖုံးကွယ်ထားလိုက်လေသည်။
မသေချာမရေရာသည့် ခံစားချက်ကို သူမ သေချာရှင်းလင်းချင်ခဲ့သည်။
ချစ်ခြင်းမေတ္တာသည် မခန့်မှန်းနိုင်သော အခြေအနေတစ်ခုတွင် ဖြစ်လာမည်ဟု သူမ အမြဲထင်ခဲ့သည်။
မည်သည့် အခြေအနေမျိုးတွင်မဆို သူနှင့်အတူရှိချင်မည်ဖြစ်သည်။
ထိုအခြေအနေက နီးကပ်လာပြီဟု သူမ ခံစားရသည်။
ထိုအရာက လေညှင်းနှင့်အတူ လမ်းကြားေလးမှတစ်ဆင့် သူမရဲ့ ဘေးကို ရောက်ရှိလာပြီ ဖြစ်သည်။
***