← Chapters

ကလေးဆန်လိုက်တာ

Vol. 12 Ch. 142

ကလေးဆန်လိုက်တာ

Vol. 12 Ch. 142

ချီရှောင်ပိုင်က အနောက်ပေါက် ဖြတ်လမ်းမှ သွားခဲ့သည်။

စာသင်ဆောင်၏ ပင်မ‌အဆောက်အဦးတွင် နာရီ အကြီးကြီး ရှိသည်။

နာရီလက်တံက ည ဆယ်နာရီကို ညွှန်ပြနေသည်။

ချီရှောင်ပိုင်က ဖုန်းသုံးရင်း ပျင်းရိစွာဖြင့် ခြေလှမ်းလှမ်းနေသည်။

“ဟေး ခဏလေး၊ မင်းက ဘယ်အတန်းကလဲ။”

ရုတ်တရက်ပင် သိပ်မဝေးသည့်နေရာက အသံတစ်သံကြားလိုက်လေသည်။

ကျောင်းနောက်ဂိတ်စောင့်သည့် အစောင့်က သံဂိတ်ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ ကျောင်းသူတစ်ဦးကို မေးနေခြင်း ဖြစ်သည်။

ထိုကျောင်းသူကို ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းက ကျောင်းသူ မဖြစ်နိုင်ဘူးဟု သူ သံသယရှိနေခြင်း ဖြစ်သည်။

ချီရှာ့က အလွန်အမင်း နောင်တရနေသည်။

သူမ သူငယ်ချင်းက သူ သဘောကျရသည့် ကောင်လေးကို ရှာတွေ့သွားပြီး ပျော်ရွှင်စွာ စကားပြောနေပြီ ဖြစ်သည်။

သူမ သူငယ်ချင်းရဲ့ အချက်ပြမှု မပါဘဲ သူမက အလိုက်တသိ ရှောင်ထွက်ပေးခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ထားစွာပင် အရာအားလုံး မှားယွင်းကုန်ပြီ ဖြစ်သည်။

သူမက လူအုပ်နှင့်အတူ အနောက်ဂိတ်ကို လိုက်ခဲ့သည်။

အနောက်ဂိတ်မှ ထွက်သည့် လူတွေက အရှေ့ဂိတ်မှ ထွက်သည့် လူတွေလောက် မများပေ။

သူမက ကျောင်းဝတ်စုံ မဝတ်ထားသဖြင့် လူအုပ်ကြားထဲ ထင်းနေသည်။

သူမကို သိမ်းငှက်လိုအမြင်စူးရှသည့် ဂိတ်စောင့်က ဖမ်းမိသွားခဲ့သည်။

“ကျောင်းသူလေး ဘယ်အတန်းကလဲ။”

ဂိတ်စောင့်က သင်္ကာမကင်းဖြင့် သူမကို အထက်အောက် အစုန်အဆန် ကြည့်နေသည်။

ချီရှာ့သည် မည်သည့်ကြောက်စိတ်ကိုမှ မပြဘဲ အေးအေးဆေးဆေး ပြန်ဖြေပေးခဲ့သည်။

“သိပ္ပံတန်းက။”

သူမ စကားဆုံးသည်နှင့် လေထုက ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

ဂိတ်စောင့်ဦးလေးက ရှုပ်ထွေးနေလသည်။

သူက တွေးလိုက်သည်။ ‘’ငါမေးတာ အဲဒါ ဟုတ်လို့လား၊ ဒီကလေးက သဘောပေါက်တဲ့စွမ်းရည် နည်းပါးတာပဲ။”

ဂိတ်စောင့်ဦးလေး စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်နေသည်ကိုမြင်တော့ ချီရှာ့က သူမ၏ ဗလုံးဗထွေးစကားဖြင့် လှည့်စားလိုက်နိုင်ပြီဟု သူမ ထင်နေသည်။

သူမက ဂိတ်စောင့်ကို ယဉ်ကျေးစွာ ရယ်ပြပြီး ထွက်ပြေးရန် ကြံရွယ်လိုက်သည်။

သူမ လှုပ်ရှားလိုက်သည်နှင့် ဂိတ်စောင့်ထံမှ သံသယအမေးသံ ထပ်မံ ထွက်ပေါ်လာသည်။ “နေပါဦး၊ ဘယ်အတန်းရဲ့ ဘယ်အခန်းကလဲ။”

ချီရှာ့၏ ခြေလှမ်းများ ရပ်တန့်သွားပြီး အဖြေမျိုးစုံကို တွေးတောနေသည်။

ဂိတ်စောင့်က ပို၍ သံသယဝင်လာပြီး အကယ်၍ သူမသာ အတန်းတစ်ခုခုကို ပြောလျှင်တောင် နောက်ထပ် မေးခွန်းများ ထပ်မမေးနိုင်ဘူးဟု အာမ မခံနိုင်ပေ။

ချီရှာ့သည် မည်သို့ ပြန်ဖြေရမည်ကို တွေးနေသည့်အချိန်တွင် သူမရဲ့ ဘေးမှ ပျင်းရိနေသည့် အသံတစ်သံထွက်လာလေသည်။

“ဟေး... မင်း အလုပ်မပြီးခင် ထွက်ပြေးမလို့လား။”

ချီရှာ့ လှည့်ကြည့်လိုက်သည့်အခါ အံ့ဩသွားခဲ့သည်။

ထိုချောမောကာ ရင်းနှီးနေသည့် မျက်နှာနှင့် လူက ချီရှောင်ပိုင် ဖြစ်နေသည်။

သူက မျက်လုံးဖြင့် အချက်ပြပြီး စိတ်မရှည်စွာ ပြောလေသည်။ “ခုံတွေကို ငါပဲ သိမ်းခဲ့ရတာ၊ မင်း မရှက်ဘူးလား။”

ချီရှာ့၏ မျက်လုံးတွေက ဖြည်းညှင်းစွာ ပြူးကျယ်သွားခဲ့သည်။

စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက်တွင် ချီရှာ့က နားလည်သွားခဲ့သည်။

သူမက ချီရှောင်ပိုင်နှင့် အပြိုင် သရုပ်ဆောင်ခဲ့သည်။ “နင် တစ်ယောက်တည်း ရွှေ့ရတော့ ဘာဖြစ်လဲ၊ ပြီးခဲ့တဲ့တစ်ခေါက် သန့်ရှင်းရေးလုပ်ရတုန်းက နင်အစောကြီးပြန်သွားတော့ ငါဘာမှမပြောခဲ့ဘူးလေ။”

ထိုစကားကြားတော့ ချီရှောင်ပိုင်က အံ့ဩသွားပြီး သူမကို ကြည့်လိုက်သည်။

သူ့မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြစ်ပေါ်နေသည်။

ချီးပဲ။

သူမက သူ့ထက်ပင် အလိမ်အညာစကားကို ချောမွေ့စွာ ပြောနိုင်သည်။

ဂိတ်စောင့်က သူတို့နှစ်ဦးကို အပြန်ပြန် အလှန်လှန် ကြည့်နေသည်။

သူ့ရှုပ်ထွေးမှုတို့က ပပျောက်သွားခဲ့သည်။

ကျောင်းဝတ်စုံ မဝတ်ထားသည့် ထိုကျောင်းသူလေးကို သူ မသိသော်လည်း ချီရှောင်ပိုင်ကို သူ မှတ်မိသည်။

သူက နာမည်ကြီးစီနီယာကျောင်းသားဖြစ်ရုံသာမက ကျောင်းသူကျောင်းသား အများစုက သူ့အကြောင်း ပြောကြသည်။

အထူးသဖြင့် သူ၏ စူပုတ်နေသည့် မျက်နှာထားကြောင့် ဖြစ်သည်။

တခြားသူများက သူ့အပေါ် အကြွေး ( ၅ ) သန်းလောက် တင်နေသကဲ့သို့ သူ့မျက်နှာက အမြဲ မောက်မာနေသည်။

ထို့ကြောင့် သူ့ကို မှတ်မိရန် မခက်ပေ။

သူတို့နှစ်ဦးက ဂိတ်စောင့်ကို ကောင်းကောင်း လှည့်စားနိုင်ခဲ့ကာ ထွက်သွားနိုင်ခဲ့သည်။

ဂိတ်စောင့်က ခေါင်းပြူထွက်ကာ အနောက်မှ လမ်းအော်လေသည်။

“ကျောင်းသူလေး နောက်တစ်ခါကျရင် ကျောင်းဝတ်စုံဝတ်ဖို့ မမေ့နဲ့၊ အမှတ်လျှော့ခံရမှာနော်။”

ချီရှာ့က ပြန်လှည့်ကြည့်ပြီး ချိုမြစွာ ပြုံးပြခဲ့သည်။ “ဟုတ်ကဲ့‌၊ သေချာမှတ်ထားပါ့မယ်။”

ချီရှောင်ပိုင်က ရယ်လျက် ဘေးကိုကြည့်ပြီး ထေ့ငေါ့စွာ ပြောလိုက်သည်။ “လမ်းတောင် မမှတ်မိတာ တခြားဟာဆိုရင် ဘယ်လိုမှတ်မိမှာလဲ။”

ချီရှာ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားကာ သူ့ကို လှည့်ကြည့်လိုက်သည်။ “....”

ဟမ်။

သူမ လမ်းမမှတ်မိလို့ လှောင်နေတာလား။

သူမ ပြန်ပြောတော့မည့်အချိန်တွင် ချီရှောင်ပိုင်က လက်ယမ်းပြကာ ပြောလိုက်သည်။ “သွားတော့မယ်။”

ထို့နောက် သူက တခြားလမ်းတစ်ဖက်ကို ဦးတည်လိုက်သည်။

“ခဏလေး ချီရှောင်။”

သူမ၏ ခေါ်သံကြောင့် ချီရှောင်ပိုင်က ဆွံ့အသွားသည်။

အတန်းဖော်တွေခေါ်သည့် ချီရှောင်ဟူသော နာမည်ပြောင်ကို သူမ မည်သို့ သိနေသနည်း။

ချီရှောင်ပိုင်က ဖြစ်နိုင်ခြေ တစ်ခုကို‌ တွေးလိုက်သည်။

သူတို့တွေ့ဆုံမှုက တိုက်ဆိုင်တာ မဟုတ်ဘူးလား။

ထိုအတွေးက ခဏတာမျှ ဖြစ်ပေါ်ပြီး ပြန်ပျောက်သွားခဲ့သည်။

တခြား မဖြစ်နိုင်ပေ။

ထိုမိန်းကလေးက ထိုမျှလောက်အထိ တွေးရန် ဉာဏ်ကောင်းပုံ မရပေ။

ချီရှာ့က လက်တစ်ချောင်းထောင်ကာ ပြောလိုက်သည်။ “တစ်မိနစ်လောက် စောင့်ပေးဦး။”

သူမက စကားပြောပြီးသည်နှင့် လမ်းထိပ်က စတိုးဆိုင်ကို ပြေးသွားလိုက်သည်။

ထို့နောက် ဆိုဒါ နှစ်ဗူးဖြင့် ပြန်ရောက်လာသည်။

“ကျေးဇူးတင်ပါတယ်။” သူမက ပြုံးကာပြောလိုက်သည်။ “နင် လိမ်ညာတာ ညံ့ပေမယ့် ငါ့ကို ဂိတ်စောင့်လက်ကနေ ကယ်နိုင်ခဲ့ပါတယ်။”

ချီရှောင်ပိုင်က မျက်မှောင်ကြုတ်နေသည်။

ဆိုဒါဗူးက ရေခဲငွေ့ရိုက်ကာ ရေစက်များ ကျနေသည်။

တိုက်ဆိုင်စွာပင် သူကြိုက်သည့် စပျစ်အရသာဆိုဒါဖြစ်နေသည်။

မုန့်ဆိုင်၏ အနီးက လမ်းတစ်ခုတွင် ဖြစ်သည်။

အနက်ရောင် Rolls-Royce ကားက လမ်းမီးအောက်တွင် ရပ်ထားသည်။

ချီမော့က ကားရှေ့တွင် မှီရပ်နေပြီး ခါးကိုင်းထားသဖြင့် ရှန်းမူမူနှင့် အရပ်တူနေသည်။

ရှန်းမူမူက ဘေးတွင်ရပ်ကာ ရေခဲချောင်းစားနေသည်။

ကျောင်း‌အနောက်ဂိတ်က ဆိုင်ရှင်အန်တီ လုပ်‌ရောင်းသည့် ပဲရေခဲချောင်းက စူပါမားကတ်တွင် ရောင်းချသည့် ရေခဲချောင်းလို မဟုတ်ပေ။

အရသာက အလွန်ကောင်းမွန်ကာ ဆင်တူရှာ၍ မရနိုင်ပေ။

ချီရှောင်ပိုင် ရောက်လာသည့်အခါ သူမက ရေခဲချောင်း နောက်ဆုံးအလုတ်ကို ကိုက်ပြီး အမှိုက်ပုံးထဲ တုတ်ကို ပစ်ကာ ကားထဲဝင်ဖို့ ပြင်လိုက်သည်။

ရှန်းမူမူက သူ့လက်ထဲက ဆိုဒါဗူးကို တွေ့သွားခဲ့သည်။

သူမက ပြောလိုက်သည်။ “မင်း တစ်ယောက်တည်းပဲ စားရလား။”

ဘာလို့ တစ်ဗူးပဲ ဝယ်လာရတာလဲ။

ချီရှောင်ပိုင်က ကားနောက်ခန်းထဲ ဝင်ရန် သွားနေရင်း ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြရမည်ကို ပျင်းရိနေသဖြင့် သူက ပြန်ချေပလိုက်သည်။

“ခင်ဗျားလည်း ရေခဲချောင်းကို တစ်ယောက်တည်း စားတာပဲလေ။”

ရှန်းမူမူက ကြက်သေသေသွားခဲ့သည်။ “....”

သူမ ပြန်မချေပရသေးခင်မှာပင် ချီမော့၏ အသံက ထွက်လာခဲ့သည်။ “မတူဘူး။”

ကားတံခါးဖွင့်နေသည့် ရှန်းမူမူနှင့် ချီရှောင်ပိုင်က ရပ်တန့်သွားပြီး ယာဉ်မောင်းနေရာသို့သွားနေသည့် ချီမော့ကို ကြည့်လိုက်သည်။

ချီမော့က ချီရှောင်ပိုင်ကို ကြည့်လိုက်သည်။ “ငါက မစားချင်လို့၊ သူတစ်ယောက်တည်း စားရတာ မဟုတ်ဘူး။”

သူက ချီရှောင်ပိုင်ကို ကြည့်နေသည်။ “စကားဆင်ခြင်။”

ချီရှောင်ပိုင်။”....”

ကားထဲရောက်သည့်အခါ ချီရှောင်ပိုင်က တိတ်ဆိတ်နေသည်။

အရှေ့တွင် ချီမော့က ကားမောင်းနေပြီး ရှန်းမူမူက ဖုန်းဖြင့် အနီးအနားက စားသောက်ဆိုင်ကို ရှာနေသည်။

သူမက မုန့်တွေသာ စားထားပြီး ညစာကို သေချာ မစားရသေးသဖြင့် အနည်းငယ် ဗိုက်ဆာနေသည်။

သူမက အနောက်ဘက်ကို လှည့်ကာ မေးလိုက်သည်။ “ချီရှောင် ဘာစားချင်လဲ။”

ချီရှောင်ပိုင်က ကားပြတင်းပေါက်အပြင်က ရှူခင်းကိုကြည့်ကာ ဘာတွေးနေမှန်း မသိပေ။

သူမ အသံကြားတော့ ချီရှောင်ပိုင်က လှည့်ကြည့်လိုက်သည်။ “ဟမ်။”

သူမ၏ စကားကို သူ ကြားလိုက်ပုံ မရပေ။

“ညစာ သွားစားမလို့၊ ဘာစားချင်လဲလို့။”

ချီရှောင်ပိုင်။ “ခင်ဗျားတို့ ကျွေးထားတဲ့ ခွေးစာနဲ့တင် ဗိုက်ပြည့်နေပြီ။”

ရှန်းမူမူ။ “....”

ချီမော့က မီးပွိုင့်မိနေသဖြင့် လက်ကို စတီယာတိုင်ပေါ် ခေါက်နေသည်။

ချီရှောင်ပိုင်၏စကားကိုကြားသည့်အခါ သူက ရပ်တန့်လိုက်သည်။

သူက စနောက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “ဒါဆို မင်းကို အိမ်အရင်ပြန်လိုက်ပို့ပေးမယ်၊ ပြီးမှ သွားစားမယ်။”

“ဟမ်။” ချီရှောင်ပိုင်က ဆွံ့အသွားပြီ အရှေ့ခုံနှစ်ခုကြား ခေါင်းပြူထွက်ကာ ပြောလိုက်သည်။ “အဖေ ကျွန်တော်က စတာလေ။”

ချီမော့က အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ သူ့မျက်နှာက နူးညံ့နေကာ စိတ်ကြည်နေပုံရပြီး ရယ်သံဖြင့် ပြောလိုက်သည်။ “ငါလည်း စတာပါကွာ။”

ချီရှောင်ပိုင်။ ”....”

ချီရှောင်ပိုင်က မယုံကြည်နိုင်စွာဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။

သူ နားကြားမှားတာလား။

သူ့အဖေက စနောက်လိုက်တာ ဟုတ်လား။

သူက သက်ပြင်းချပြီး နောက်ခန်းပြတင်းပေါက်နား ပြန်သွားထိုင်လိုက်သည်။

အင်း...။

ဘာမှမဟုတ်ဘဲ သူ ပြဿနာ ရှာမိခဲ့တာ။

သူ့ဖခင်၏ စနောက်မှုတွေကို နေသား မကျသေးပေ။

ရှန်းမူမူက ကလေးဆန်သည့် စကားဝိုင်းကို သက်ပြင်းချလိုက်သည်။

သူမက စိတ်ထဲက ပြောလိုက်လေသည်။ “ကလေးဆန်လိုက်ကြတာ။”

***

All Chapters