ချီမော့မှာ စိတ်ဖတ်နိုင်စွမ်း ရှိနေတာများလား
Vol. 12 Ch. 143
နံနက်ခင်းတွင် ဖြစ်သည်။
ရှန်းမူမူက အအိပ်ကြမ်းနေဆဲ ဖြစ်သည်။
သူမ ခြေထောက်ဖြင့် ကန်ထုတ်ထားသဖြင့် စောင်က အောက်လျှောကျနေပြီဖြစ်သည်။
ချီမော့က အကျင့်အတိုင်း ပုံမှန်အချိန်တွင် နိုးနေပြီဖြစ်သည်။
သူက စောင်ကို လက်ဖြင့် ဆွဲယူကာ သေချာလေး ပြန်ခြုံပေးခဲ့သည်။
ထို့နောက် သူက မျက်နှာသစ်၊ ရေမိုးချိုးပြီး အဝတ်လဲလိုက်သည်။
ချီမော့က အဝတ်အစားလဲပြီးသည့်အခါ နာရီကို ရွေးချယ်ပြီး ဝတ်ဆင်ခဲ့သည်။
သူ အကြည့်ရွှေ့လိုက်သည့်အခါ သူ့မျက်နှာထက်တွင် ရယ်မြူးစိတ် ဖြစ်ပေါ်သွားခဲ့သည်။
ရှန်းမူမူကို သူ ခြုံပေးခဲ့သည့် စောင်က အောက်သို့ ပြန်ထွက်ကျနေပြီဖြစ်သည်။
သူက ကုတင်းနားသို့ လျှောက်သွားပြီး ကုတင်အစွန်းတွင် ထိုင်လိုက်သည်။
ထို့နောက် သူမကို စောင် သေချာ ပြန်ခြုံပေးခဲ့သည်။
ရှန်းမူမူ၏ အသက်ရှူသံက ခပ်ဖွဖွနှင့် တည်ငြိမ်နေသည်။ သူမက ပြုံးနေခြင်းကြောင့် အိပ်မက်လှလှလေး မက်နေဟန်တူသည်။
သူမက မျက်လုံးမှိတ်ထားသဖြင့် အသက်ရှူလိုက်တိုင်း မျက်တောင်ရှည်များက တုန်ခါနေသည်။
သူမ၏ ဆံနွယ်အရှည်များက ခေါင်းအုံးထက် ဖြာကျနေကာ ခေါင်းကုတ်ထားသည့် ကြောင်စုတ်ဖွားလေးနှင့် တူနေသည်။
ချီမော့က သူမ၏ မျက်နှာကို အသေးစိတ် ကြည့်နေခဲ့သည်။
ထို့နောက် သူက လက်ကို ဆန့်တန်းလိုက်သည်။
သူ၏ လက်ချောင်းများက ရှန်းမူမူ၏ ဖြူဖွေးသည့် မျက်နှာနှင့် လည်တိုင်ကို ထိတော့မည့် အချိန်တွင် ရှန်းမူမူက မျက်မှောင်ကြုတ်ကာ ဗလုံးဗထွေး ရေရွတ်လာလေသည်။ “အမ်..အင်း..”
ချီမော့၏ လက်က လေထဲတွင် ရပ်တန့်သွားခဲ့သည်။
ချီမော့က ရှန်းမူမူ အိပ်ပျော်နေကြောင်း သေချာမှ သူမ၏ မျက်နှာကို ထိတွေ့ခဲ့လေသည်။
ရှန်းမူမူ၏ မျက်နှာတွင် တင်နေသည့် ဆံနွယ်များကို ဖယ်ရှားပေးခဲ့သည်။
ထိုအရာက သူမ၏ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်နေတာ ဖြစ်နိုင်သည်။
ထိုအချိန်တွင် ချီမော့၏ ဖုန်းက တုန်ခါလာခဲ့သည်။
လက်ထောက်တုန်းက နံနက် ( ၈ ) နာရီတိုင်းတွင် တစ်နေ့တာ အချိန်ဇယား ပေးပို့တတ်သည်။
ချီမော့က ဖုန်းကောက်ကိုင်လိုက်သည်။
လက်ထောက်တုန်း။ “ဥက္ကဌချီ ဒီနေ့မနက် ( ၉ ) နာရီ အစည်းအဝေးရှိတဲ့အကြောင်းကို ဌာနအားလုံးကို အကြောင်းကြားထားပါတယ်၊ နေ့လည် ( ၂ ) နာရီကျရင် တန်ယွင်းစားသောက်ဆိုင်မှာ ယာ့ဟုန်ကုမ္ပဏီရဲ့ ဥက္ကဌကျီနဲ့ တွေ့ဖို့ ရှိပါတယ်…”
ချီမော့က အကုန်မဖတ်ဘဲ အကြမ်းဖျင်းသာ ဖတ်လိုက်သည်။
ချီမော့က စာရိုက်လိုက်သည်။ “အစည်းအဝေးကို ရွှေ့လိုက်။”
သူက ဖုန်းကိုချပြီး ရှန်းမူမူကို ပြန်ကြည့်လိုက်သည်။
ရှန်းမူမူက မျက်မှောင်ကြုတ်ထားသည်။
ချီမော့က အနားကပ်ပြီး ရှန်းမူမူ၏ ကျောပြင်ကို တစ်ချက်ချင်း ပွတ်သပ်ပေးခဲ့သည်။
တစ်မိနစ်လောက်ကြာသည့်အခါ သူမ အသက်ရှူသံ ပုံမှန်ဖြစ်သွားမှ သူ အလုပ်သွားရန် ထသွားခဲ့သည်။
သူ အခန်းထဲမှ ထွက်ခါနီးတွင် ရှန်းမူမူ၏ စကားသံကို ကြားလိုက်လေသည်။
ရှန်းမူမူက ခေါင်းအုံးထက် ပါးတစ်ခြမ်း ဖိအိပ်ကာ မပီမသ ပြောလာလေသည်။
“ရွက်လှေ…”
ချီမော့က မျက်ခုံးပင့်လိုက်သည်။
ရွက်လှေလား။
ရွက်လှေကို အိပ်မက်မက်နေတာလား။
အဲဒါကို ကြိုက်လို့လား။
နောက်တစ်စက္ကန့်တွင် ရှန်းမူမူ၏ အသံ ထပ်ထွက်လာခဲ့သည်။ “အီကြာကွေးကြော်။”
ချီမော့က ရှုပ်ထွေးသွားခဲ့သည်။
ရွက်လှေနဲ့ အီကြာကွေးကြော်။
သူက စိတ်ရှုပ်ထွေးစွာ အလုပ်သွားလိုက်သည်။
သူ အလုပ်သွားပြီး နာရီဝက်အကြာတွင် ရှန်းမူမူ အိပ်ရာနိုးလာသည်။
သူမက အိပ်ရာထချိန်တွင် မျက်လုံးပွတ်ပြီး ခေါင်းကုတ်ကာ အိပ်မက်အကြောင်း ပြန်စဉ်းစားလိုက်သည်။
သူမက တီးတိုးပြောလိုက်သည်။ “အိပ်မက်က ဗရမ်းဗတာနိုင်လိုက်တာ။”
သူမက ချီမော့ကို အိပ်မက် မြင်မက်ခဲ့ခြင်း ဖြစ်သည်။
အိပ်မက်ထဲတွင် သူတို့က အထက်တန်းကျောင်းသားများ ဖြစ်သည်။
သူတို့က စက်ဘီးဖြင့် ကျောင်းအတူသွားပြီး ကြက်ဥပန်ကိတ်ဝယ်ရန် မနက်စာဆိုင်ကို သွားခဲ့ပြီး ကျောင်းပစ္စည်းဝယ်ရန် စာရေးကိရိယာဆိုင်ကို သွားခဲ့ကြသည်။
သူမ အတွေးထဲ အကုန်မှတ်မိနေသည်။
အိပ်မက်တွေက လက်တွေ့နှင့် ကွာခြားသည်။
အိပ်မက်ထဲမှာ သူတို့ဟာ လူကြီးတွေလိုပါပဲ။
သို့သော် သူမတို့သည် ပန်းရောင်တောက်တောက် အထက်တန်းကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
ဒါက အလွန် ထူးဆန်းသည်။
သူမ အိပ်ရာမနိုးခင် မက်သည့် အိပ်မက်ထဲတွင် ကာယအချိန် ဖြစ်နေသည်။
ချီမော့က ချွေးတွေစိုနေကာ သူမကို ရေဘူးဖွင့်ပေးနေသည်။
သူမသည် တစ်ခုခုမှားယွင်းနေပြီး အိပ်မက်မက်နေတာ ဖြစ်နိုင်ကြောင်း သတိထားမိကာ ချီမော့ကို ပြုံးရယ်ကာ စနောက်လိုက်သည်။ “အီကြာကွေးချောင်း နင် ဘာလို့ ဒီလိုမျက်စိနောက်စရာကောင်းတဲ့ ပန်းရောင်ကို ဝတ်ထားရတာလဲ။”
အိပ်မက်ထဲတွင် ချီမော့က မျက်နှာထားတင်းတင်းဖြင့် မျက်မှောင်ကြုတ်ရင်း ပြောခဲ့သည်။ “အီကြာကွေးချောင်း ဟုတ်လား။”
သူမက ခေါင်းငြိမ့်ကာ ပြန်ဖြေခဲ့သည်။ “အင်း အီကြာကွေးချောင်း။”
ရှန်းမူမူက စောင်ကို ခေါင်းအထိခြုံကာ ခေါင်းခါလိုက်သည်။
ဒီအဓိပ္ပာယ်မရှိတဲ့ အိပ်မက်ကို စိတ်ထဲထားမနေတော့ဘူး။
ရှန်းမူမူသည် ရေမိုးချိုးသန့်စင်ပြီးသည့်နောက်တွင် ထမင်းစားခန်းထဲ ဝင်ခဲ့သည်။
အိမ်အကူပေးသည့် နွားနို့ကို သူမက သောက်လိုက်သည်။
အိမ်တော်ထိန်းကျန်းကို မတွေ့သဖြင့် မနက်စာ ဘာလုပ်ထားကြောင်း မေးဖို့ ပြင်လိုက်သည့်အချိန်တွင် အိမ်တော်ထိန်းကျန်းက လင်ဗန်းဖြင့် ထွက်လာကာ စားပွဲထက် ချပေးလိုက်သည်။
အိမ်တော်ထိန်းကျန်းက အဖုံးများကို ဖယ်ပြီး လေးစားစွာ ပြောလိုက်သည်။
“သူဌေးကတော်အတွက် မနက်စာပါ။”
ရှန်းမူမူက မနက်စာကို စိုက်ကြည့်ပြီး ရင်တုန်သွားသည်။
အီကြာကွေးကြော်လား။
အီကြာကွေးကြော်လို့ပြောတုန်း အီကြာကွေးကြော် ရောက်လာတယ်။
အိမ်တော်ထိန်းကျန်းက ပြုံးကာ ပြောလိုက်သည်။ “ဥက္ကဌက အလုပ်မသွားခင် သူဌေးကတော်အတွက် မနက်စာစားဖို့ အီကြာကွေးကြော် ပြင်ထားဖို့ မှာခဲ့ပါတယ်။”
ရှန်းမူမူ။ “.....”
ရှန်းမူမူ၏ အမူအရာကို မဖတ်တတ်သဖြင့် အိမ်တော်ထိန်းကျန်းက သူ၏ လုပ်သက်အတွေ့အကြုံကို အခြေခံကာ အိမ်အကူကို ပြောလိုက်သည်။ “ပဲနို့ ယူခဲ့။”
“အီကြာကွေးနဲ့ စားရအောင်။”
ရှန်းမူမူ။ “....”
ရှန်းမူမူသည် နံနက်စာစားပြီးသည့်အခါ အလုပ်သွားခဲ့သည်။
သူမ၏ အတွေးထဲ အီကြာကွေးကြော်က တဝဲလည်လည်ဖြစ်နေသည်။
တိုက်ဆိုင်လိုက်တာ။
ချီမော့မှာ စိတ်ဖတ်နိုင်စွမ်း ရှိနေတာလား။
အဆုံးမှာတော့၊ သူမကိုယ်တိုင်ကလည်း စာအုပ်ထဲ ကူးပြောင်းလာတာဆိုတော့ စိတ်ဖတ်နိုင်စွမ်းရှိတယ်ဆိုတာကလည်း မဖြစ်နိုင်သည့် အရာ မဟုတ်ပေ။
“ဒေါက် ဒေါက်။”
သူမ အတွေးများနေစဉ်မှာပင် ရုံးခန်းတံခါးခေါက်သံကို ကြားလိုက်လေသည်။
သူမ လှမ်းကြည့်လိုက်တော့ ချန်ကျိုးက ပြုံးရွှင်စွာဖြင့် တံခါးဖွင့်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ချန်ကျိုးက အရောင်းစာရင်းများကို စားပွဲပေါ်တင်ပေးပြီး ထွက်မသွားသေးဘဲ စကားပြောလိုက်သည်။ “အစ်မ၊ ဘာတွေးနေတာလဲ။”
ရှန်းမူမူက မေးထောက်ကာ တွေးတောနေသည်ကို သူ တွေ့လိုက်သည်။
ရှန်းမူမူက ပြုံးပြီး ခေါင်းခါလိုက်သည်။ “ဘာမှ မဟုတ်ဘူး။”
အခြေအမြစ်မရှိတဲ့ အတွေးတွေပါပဲ။
သူမ အတွေးတွေက မဖြစ်နိုင်ပေ။
သူမ၏ အဖြေကို ကြားသော်လည်း ချန်ကျိုးက ထွက်မသွားဘဲ ခုံယူကာ ထိုင်ပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ “ဟုတ်သား၊ ဒါနဲ့ အစ်မ ကျွန်တော်ပြောတာ မှတ်မိလား။”
ရှန်းမူမူက မျက်တောင်ခတ်လိုက်သည်။ “ဘာကိုလဲ။”
ချန်ကျိုး။ “ကျွန်တော့်မှာ မူမူဆိုတဲ့ နာမည်ပါတဲ့ အစ်မ ရှိတဲ့ အကြောင်းလေ။”
“ဪ...။” သူမက ပြန်အမှတ်ရသွားသည်။
ချန်ကျိုး ဖုန်းလာလိုက်သဖြင့် သူတို့ စကားစပြတ်သွားခြင်း ဖြစ်သည်။
ထိုအချိန်က ချန်ကျိုး ထိတ်လန့်သွားခဲ့သည်ကို ပြန်အမှတ်ရမိတော့ သူမ၏ စပ်စုချင်စိတ်က အသက်ဝင်လာလေသည်။
“ဘာဖြစ်လို့လဲ၊ အဲနေ့က ဘယ်သူ ဖုန်းခေါ်လို့ အရမ်းကြောက်နေတာလဲ။”
ချန်ကျိုး၏ မျက်လုံးတွေက တောက်ပသွားသည်။
သူက ယခုအချိန်က အချိန်ကိုက်ဟုထင်ကာ ကွမ်းတုံစကားဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး။”
ရှန်းမူမူ၏ ငယ်ဘဝ မှတ်ဉာဏ်များ ပြန်အမှတ်ရမလားဟု သူက တမင်ပြောလိုက်ခြင်း ဖြစ်သည်။
သူတို့ ငယ်စဉ်က အစ်ကိုဖြစ်သူကို ထိုသို့ ခေါ်ခဲ့ကြသည်။
ရှန်းမူမူက ကြက်သေ သေသွားသည်။
အစ်ကိုကြီး။
ထို့နောက် သူ့အစ်ကိုကို ပြောကြောင်း နားလည်သွားခဲ့သည်။
သူမက မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် ပုံရိပ်နှစ်ခု သူမ အတွေးထဲ ပေါ်လာခဲ့သည်။
ပြီးခဲ့သည့် အချိန်တုန်းက ချန်ကျိုးက စံအိမ်တစ်ခုထံ ဇိမ်ခံကားဖြင့် သွားခဲ့သည်။
ရုပ်ရှင်ပြပွဲနေ့ကလည်း ချန်ကျိုးက ဇိမ်ခံကားကြီးထဲ ရှိနေခဲ့သည်။
သူမရဲ့ပန်းဆိုင်မှာ အလုပ်လုပ်သည့် ချန်ကျိုးက အဘယ်ကြောင့် ထိုကားမျိုး ဝယ်နိုင်ရသနည်း။
ယခုတော့ သူမ သဘောပေါက်သွားခဲ့သည်။
အစ်ကိုကြီး ဟူသော လူထံမှ ဖုန်းခေါ်တာကို လက်ခံရရှိသည့်အခါတုန်းက ချန်ကျိုးက အလွန်ကြောက်နေခဲ့သည်။
ရှန်းမူမူက မေးစေ့ကို တို့ထိရင်း စဉ်းစားနေသည်။
သူမရှေ့က ချန်ကျိုးက စိတ်လှုပ်ရှားစွာ ထိုင်နေသည်။
ရှန်းမူမူက သူမျှော်လင့်ထားသည့် အချက်တစ်ခုခု ပြသဖို့ စောင့်စားနေသည်။
“ချန်ကျိုး၊ ချန်ကျိုး။”
ရှန်းမူမူက ပြောလိုက်သည်။ “နင့်မိသားစုက အမှောင်ဂိုဏ်းရဲ့ လုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီး နင်က အစ်ကိုကြီးဆိုတဲ့လူအတွက် အလုပ်လုပ်ပေးနေတာကိုး။”
ချန်ကျိုး။ “ဟမ်...။”
ရှန်းမူမူက ဆက်လက်ကာ စိတ်ကူးယဉ်ခဲ့သည်။ “နင်က ငွေမည်းတွေ ခဝါချဖို့အတွက် ငါ့ပန်းဆိုင်မှာ ရိုးသားကြိုးစားတဲ့ လူတစ်ဦးလို အလုပ်ဝင်နေတာကို၊ ဟုတ်တယ်မလား။”
“မဟုတ်ဘူး အစ်မ၊ ကျွန်တော်ပြောတာကို နားထောင်ပါဦး။” ထိုနားလည်မှုလွဲနေသည့် ကိစ္စကို ရှင်းပြရန်အတွက် ချန်ကျိုးက ထရပ်ကာ စားပွဲစွန်းကို ကိုင်ထားသည်။
“မပြောနဲ့။” ရှန်းမူမူက ကျယ်လောင်စွာ ဖြတ်ပြောလိုက်သည်။ “ငါရုပ်ရှင်တွေထဲမှာ တွေ့ဖူးတယ်၊ ဒါမျိုးတွေက မသိရလေ ကောင်းလေပဲ။”
သူမက ချန်ကျိုးအနောက်မှ မာဖီးယားဂိုဏ်းခေါင်းဆောင်အကြောင်းကို မသိချင်ပေ။
သူမက နားတွေကို ပိတ်လိုက်သည်။
ချန်ကျိုး၏ အမူအရာက နာကျင်ကာ မချိမဆန့် ဖြစ်နေသည်။ သူက ရှန်းမူမူ၏ ပခုံးကို ဆွဲကာ “ကျွန်တော် ရှင်းပြတာကို နားထောင်ဦး” ဟုသာ အော်ဟစ်ပစ်ချင်တော့သည်။
ရှန်းမူမူက ရှင်းပြဖို့ အခွင့်မပေးဘဲ သူ့ကို ချော့မော့၍ ရုံးခန်းအပြင်သို့ ပထုတ်ခဲ့သည်။
ထို့နောက် ရှန်းမူမူက ရုံးခန်းတံခါးကို ပိတ်လိုက်လေသည်။
ရှန်းမူမူက ရင်ဘတ်ကိုပုတ်ကာ သက်ပြင်းချလိုက်သည်။
“ဟူး နီးနီးလေးပဲ လိုတော့တာ။”
သူမက နိုင်ငံသားကောင်း ပီသချင်ကာ တရားမဝင်ကိစ္စများနှင့် မပတ်သက်ချင်ပေ။
ထိုအချိန်တွင် သူမ၏ စားပွဲထက်မှ ဖုန်းက တုန်ခါလာခဲ့သည်။
ချီမော့ထံက ဝီချက်မက်ဆေ့ချ်ဖြစ်ကာ ဖွင့်ကြည့်လိုက်တော့ ပုံတစ်ပုံ ဖြစ်နေသည်။
ပုံက ကမ်းခြေတွင် ကပ်ထားသည့် ဇိမ်ခံရွက်လှေပုံ ဖြစ်သည်။
သူမက ကွက်ရှင်မတ် ပို့မည့်အချိန်တွင် မက်ဆေ့ချ် ထပ်ဝင်လာခဲ့သည်။
ချီမော့။ “မင်းကြိုက်တဲ့ ဟာ၊ မင်းအတွက်။”
***